ညီစောလွင်

Nyi Saw Lwin – Essay

တောက သပိတ်
ညီစောလွင်
သြဂုတ် ၈၊ ၂၀၁၃


၈၈ မှာ မြို့ပ်ါမှာ ဆူပူနေတာနဲ့ ကျနော်တို့ မောင်နှမတတွေ ရွာမှာ ပြန်နေကြတယ်။ မြို့ပေါ်မှာတော့ ၀မ်းကွဲအစ်ကိုတွေက သပိတ်ခေါင်းဆောင်တွေ လုပ်ကြတယ်၊ ခေါင်းပတ်အနီတွေ စည်းလို့တဲ့၊ ကြားရတယ်။ တနေ့ကျတော့ ရွာက ကျနော့်အစ်မဆီကို စာပို့လာတယ်။
“နင်တို့လည်း သပိတ်လုပ်ကြ၊ မလုပ်ရင် ငါတို့ လာလုပ်မယ်” ဆိုတာမျိုး ရေးလာတယ်။
ဒါနဲ့ပဲ ရွာမှာ သပိတ်ကော်မတီ တခု ဗြုန်းကနဲ့ပေါ်လာတယ်၊ ဆယ်တန်းကျောင်းသူ ကျနော် အစ်မကြီးနဲ့ သူ့ငယ်ချင်း တယောက် သပိတ်ခေါင်းဆောင် လုပ်ကြတယ်။ ကျနော် ဦးလေးတို့လည်း ရွာက သပိတ်မှာ အရမ်းတက်ကြွတယ်။
ညဘက်ကျတော့ အိမ်မှာ မီးခွက်ကလေး ထွန်းပြီး ကျနော့် အဖေက မိန့်ခွန်းရေးပေးတယ်။ အဖေက တောကျောင်းက ကျောင်းဆရာဟောင်း၊ အဖေရေးပေးတဲ့ မိန့်ခွန်းကို အစ်မကြီးနဲ့ သူ့သူငယ်ချင်းက အပြောကျင့်ကြတယ်။ အဲဒီတုန်းက ကျနော့် အသက်က ၈ နှစ်ဆိုတော့ အစ်မကြီးက အသက် ၂၀ အရွယ်ပေါ့။
နောက်တော့ မြို့ပေါ်က သပိတ်ခေါင်းဆောင် ၀မ်းကွဲအစ်ကိုတွေလည်း သူငယ်ချင်းတွေနဲ့အတူ ရွာကို ရောက်ချလာတယ်။ ရွာထိပ်က စာသင်ကျောင်းမှာ မိန့်ခွန်းတွေ ပြောတယ်၊ ဒို့အရေး .. ဒို့အရေးတွေ အော်ကြတယ်။ ကျနော်တို့ ကလေးတသိုက်ကတော့ ကြံစားရင်း၊ ပြောင်းဖူးစားရင်း အနားမှာ ဝေလေလေ လုပ်နေတာပေါ့၊ လူစုစု စုစု နဲ့ဆိုတော့ ပျော်တာပေါ့။
နောက်တော့ ဘာဖြစ်တယ်မသိပါဘူး။ တညနေမှာ အိမ်နောက်ဘက်မှာ မုန့်ဟင်းခါး ချက်စားဖို့ ပြင်ဆင်နေတုန်းမှာ ရေဒီယိုကနေ စစ်ချီသီချင်းတွေ တောက်လျှောက်ဖွင့်တော့တာပဲ။ လူကြီးတွေပြောတာကတော့ အာဏာသိမ်းလိုက်ပြီးတဲ့။ နောက်ရက်ပိုင်းတွင်းမှာ ရွာထိပ်မှာ ခွေးသံတွေ တစီစီကြားတယ်၊ နောက်တော့ ဘွတ်ဖိနပ်သံ တဂွပ်ဂွပ်ကြားတယ်၊ စစ်ကြောင်းတွေ ၀င်လာတယ်၊ စစ်ဗိုလ်က သပိတ်တုန်းက ခေါင်းဆောင်လုပ်တာ ဘယ်သူလဲလို့ မေးတယ်၊ ခေါ်တယ်။ ကျနော့်အစ်မကြီးက မိန်းကလေးဆိုတော့ ဘာမှ မလုပ်ဘူး။ အစ်မကြီးရဲ့ သူငယ်ချင်းကိုတော့ ရင်ဘတ်ကို လက်သီးနဲ့ ဖွဖွ ထိုးပြီး “ အေး.. မင်း သတိထား” လို့ ပြောလွှတ်လိုက်တယ်တဲ့။ သူတို့ နှစ်ယောက် ပြန်လာမှပဲ လူကြိးတွေက သက်ပြင်းချနိုင်ကြတယ်။ မြို့ ပေါ်က ကျနော့် ၀မ်းကွဲအစ်ကိုတွေလည်း ပုန်းနေရတယ်လို့ နောက်ရက်တွေမှာ သတင်းကြားရတယ်။ 
နောက်ရက်တွေကျတော့ ဘာဖြစ်တယ်မသိပါဘူး။ လူကြီးတွေက ကျိတ်ကျိတ်ကျိတ်ကျိတ်နဲ့၊ ပြီးတော့ အမေတို့ အဒေါ်တို့တွေ ထမင်းတွေ ဟင်းတွေ ချက်ကြတယ်၊ ပြီးတော့ အိုးကြီး အိုးငယ်နဲ့ ထည့်ကြတယ်၊ ပြီးတော့ အ၀တ်တွေနဲ့ အုပ်ကြတယ်၊ ပြီးတော့ ရွာပြင်ကို ထွက်သွားကြတယ်။ ပြီးတော့ ပြန်လာကြတယ်။ ပြီးတော့ တိုးတိုးပြောကြတယ်။ 
“ ငယ်ငယ် ဖြူဖြူလေးတွေ. .ရေချိုးပြီး အင်္ကျီချွတ်လေးတွေနဲ့ .. ဘောင်ဘီတိုလေတွေနဲ့ .. သနားလိုက်တာ။ သူတို့ အမေတွေ စိတ်ပူနေမှာပဲ” 
အဖေတို့၊ ဦးလေးတို့လည်း စုပ်တသပ်သပ်နဲ့ပေါ့။ 
နောက်ရက်တွေမှာလည်း သူတို့တွေ တအိမ်ဝင် တအိမ်ထွက်၊ တိုးတိုးတိုးတိုးနဲ့။ အထုပ်အပိုးတွေ သယ်ပြီး၊ နေ၀င်ရီတရောဆိုရင် ရွာပြင်ထွက်သွားကြပြန်တယ်။ 
တကယ်တော့ မြို့ကနေ ထွက်ပြေးလာတဲ့ သပိတ်မှောက် ကျောင်းသားတွေက ရွာပြင် သိမ်ဟောင်းတခုမှာ ပုန်းနေကြတယ်၊ သူတို့တွေ နယ်စပ်ကို ထွက်ကြတော့မယ်လေ။ သိမ်မှာ နှစ်ရက်သုံးရက်လောက် ကြာတယ်ထင်တယ်၊ တယောက်စ၊ တယောက်စနဲ့ တရွာလုံး သိကြတယ်၊ ကျနော်တို့ ကလေးတွေက အစ သိကြတယ်၊ “ဘယ်သူ့မှ လျှောက်မပြောရဘူး”လို့ ဘယ်သူမှ ဘယ်သူ့ကို မပိတ်ကြပါဘူး။ စစ်ကြောင်းတွေက ရွာနားက ဖြတ်သွား ဖြတ်လာပါပဲ၊ ဒါပေမယ့် ဘယ်သူမှ သတင်းမပေးကြဘူး။ နောက်တော့ တောကျွမ်းတဲ့ ဦးလေးကြီး တယောက်က လမ်းပြပြီး တနေရာကို ပို့ပေးလိုက်တယ်။ တရွာလုံးလည်း လမ်းပြ အပြန်ကို စောင့်ကြတယ်၊ စိတ်ပူကြတယ်။ ပုဆိန်တလက်နဲ့ လမ်းပြ ပြန်ရောက်လာပြီး အားလုံး ဘေးကင်းတယ်လို့ ပြောတော့မှ စိတ်အေးကြတယ်။ တောခိုကျောင်းသားတွေ သွားပြီး အတန်ကြာတဲ့အထိ ရွာထဲ အမျိုးသမီးကြီးတွေက အဲဒီအကြောင်းပဲ ပြောကြတယ်။
“ ကလေးတွေ တောထဲ ထောင်ထဲမှာ ဒုက္ခရောက်မှာပဲ ”
နောက်တော့ ရွာထဲကို မဲစွယ်တဲ့ အဖွဲ့တွေ တဖွဲဖွဲနဲ့ရောက်လာတယ်။ အဖွဲ့တိုင်းလိုလို အိမ်မှာပဲ တည်းတယ်၊ ပြီးတော့ ပြန်သွားကြတယ်၊ ရွာကလူတွေက စာအများကြီး မတတ်ပါဘူး၊ နိုင်ငံရေးလည်း အများကြီး မသိပါဘူး။ ဒါပေမယ့် ရွေးကောက်ပွဲမှာ ဘယ်သူ့ကို မဲပေးရမလဲဆိုတာကို သူတို့က ဆုံးဖြတ်ပြီးသား၊ ဒီလိုနဲ့ ရွေးကောက်ပွဲကျတော့ ကျနော်တို့ရွာမှာ ခမောက်ကိုပဲ အပြတ်အသတ်နိုင်တယ်။ 
“ ခမောက်နိုင်မှ ဟိုကလေးတွေ ပြန်လာလို့ ရမှာ” တဲ့လေ။ 

ရွာက စာမတတ်တဲ့ အဒေါ်ကြီးတွေက ..။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts