Nyi Saw Lwin – Articles

ဟံသာဝတီ ဦးဝင်းတင် (သို့မဟုတ်) အရေးတော်ပုံ တပ်သား (၃)
ညီစောလွင်
ဇူလိုင် ၂၉၊ ၂၀၁၃


မေး။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကျရင် ဆရာတို့ ပါတီက အများစု နိုင်မယ်လို့ ဘယ်လောက်အထိ ယုံကြည်ထားလဲ။ 
ဖြေ။ ကျနော်တို့ နေရာအများစုမှာ အနိုင်ရမယ်လို့ ယုံကြည်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်း ကျနော်တို့ နေရာအများစုမှာ အနိုင်ရခဲ့တယ်။ အဲဒီအချိန်တုန်းက ကျနော်တို့ ပါတီက ဖွဲ့စည်းခါစ၊ အခြေတည်ခါစ၊ သက်တမ်းက အလွန် နုသေးတယ်။ ကျနော်တို့ဆီမှာ အဖွဲ့အစည်းနောက်ခံဆိုလို ဘာဆို ဘာမှ မရှိသေးတဲ့အချိန်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလမှာ ပါတီကို ဖွဲ့ခဲ့တယ်။ ရွေးကောက်ပွဲက ၁၉၉၀ မှာ ကျင်းပတယ်။ အချိန်က အရမ်းတိုတယ်၊ ဒါပေမယ့် ကျနော်တို့ နိုင်ခဲ့တာပဲ။ 
အဲဒီအချိန်တုန်းက ကျနော်တို့ကို ဘယ်သူမှ မသိသေးဘူး။ ကျနော်တို့ရဲ့ နိုင်ငံရေး အမြင်တွေကိုလည်း လူတွေက ဘာမှ သေချာဘာမှ မသိသေးဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို တောင်မှ လူတွေ ကောင်းကောင်း သိသေးတာမဟုတ်ဘူးဗျ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည် ဆိုတာလောက်ပဲ နာမည်ကို သိကြတာ။ ဒါတင်မကသေးဘူးဗျ။ အဲဒီအချိန်တုန်းက ကျနော်တို့တွေ ထောင်ထဲမှာ၊ သံတိုင်တွေ နောက်ကို ရောက်နေတယ်။ ကျနော်၊ ဦးတင်ဦးနဲ့ ခေါင်းဆောင်တော်တော်များများ သံတိုင်နောက်ကို ရောက်နေတယ်။ ခေါင်းဆောင်မှုဆိုလို ဘာမှ မရှိဘူး၊ ဒီလို အခြေအနေနဲ့ပဲ ကျနော်တို့ အနိုင်ရခဲ့တယ်။ 
ဒါကြောင့် ၂၀၁၅ မှာလည်း ကျနော်တို့ နိုင်မယ်လို့ မျှော်လင့်တယ်။ ကျနော်တို့ နိုင်မှာပါ။ ကျနော်တို့ သိတယ်။ တောင်ပြိုကမ်းပြို အနိုင်ရချင်မှ ရမယ်။ ဒါပေမယ့် ကျနော်တို့ နိုင်မှာပါ။ 
မေး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ တကယ်ပဲ အပြောင်းအလဲတွေကို မြင်ရမယ်လို့ မျှော်လင့်ထားလား၊ 

ဖြေ။ ၂၀၀၈ ခုနှစ်မှာ ကျနော်ထောင်ကနေ ထွက်လာတော့ မီဒီယာတွေ အများကြီးနဲ့ တွေ့ခဲ့တယ်။ ပထမဦးဆုံး ကျနော်ပြောတဲ့စကားက မြန်မာပြည်ဟာ ထောင်ထဲမှာ ကျနေတုန်းပဲ။ ပြည်သူလူထုတွေ အားလုံး ထောင်ကြီးထဲမှာ ရောက်နေတယ်လို့ ကျနော်ထင်တယ်။ နိုင်ငံရေး အကျဉ်းသားတွေ အများကြီးလည်း သံတိုင်တွေနောက်မှာ၊ ထောင်ထဲမှာ ကျန်နေသေးတယ်။ ဒါကြောင့် အခုအထိ ကျနော် ထောင်ဝတ်စုံကိုပဲ ဆက်ဝတ်နေတာ။ အနည်းဆုံး ထောင်ဝတ်စုံ အရောင် အပြာရောင်ကို ကျနော် ဆက်ဝတ်နေတယ်။ 
အဲဒီအချိန်မှာ မီဒီယာကို ကျနော်ပြောခဲ့တာက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တစစီ ဖျက်ပစ်ရမယ်။ အသစ်ပြန်ရေးရမယ်။ အဲ့သလို ကျနော်ပြောခဲ့တာ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက။ အခုအထိလည်း မအောင်မြင်သေးဘူး။ အခုလည်း ဒီအမြင်ပေါ်မှာပဲ ကျနော် ဆက်ပြီး ရပ်တည်တယ်။ 
ဒါပေမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဘယ်လို ပုံစံနဲ့ ပြောင်းလဲ မလဲဆိုရင်တော့ ပြောင်းဖို့ အလွန်ခက်ခဲတဲ့၊ အလွန်ပြင်းထန်တဲ့ ပုဒ်မတွေ ရှိတယ်။ ဥပမာဆိုရင် တပ်မတော်က နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်ရေးဆိုတဲ့အ ချက်ကို ပြင်ဆင်ဖို့ အလွန်ခက်တယ်။ ပြီးတော့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဆိုတဲ့အခန်းဆိုတာ ရှိတယ်။ အဲဒီ အခန်းမှာ ပြဌာန်းချက်တွေအရဆိုရင် စစ်တပ်အနေနဲ့ တိုင်းပြည်မှာ အရေးပေါ်အခြေအနေလို့ ယူဆတဲ့ အခြေအနေမှာ အာဏာကို အချိန်မရွေး သိမ်းနိုင်တယ်လို့ ပြဌာန်းထားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သမတမဖြစ်နိုင်အောင် ပိတ်ပင်ထားတဲ့ ပြဌာန်းချက်တွေလည်း ရှိတယ်။ ဒါကြောင့် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာကြီးကို မပြောင်းဘဲနဲ့ မြန်မာပြည်မှာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်ပေါ်နိုင်ဖို့ အခွင့်အလမ်းရှိလိမ့်မယ်လို့ ကျနော် မထင်ဘူး။ 
မေး၊ မြန်မာပြည်မှာ ဒီမိုကရေစီအရေးတောင်းဆိုတဲ့ အာရတ်နွေဦးလှုပ်ရှားမှုလိုမျိုး ပေါ်ပေါက်လာ နိုင်တယ်လို့ မျှော်လင့်လား။ 
ဖြေ။ ကျနော်တို့မှာလည်း ၁၉၈၈ တုန်းက ကျနော်တို့ရဲ့ နွေဦး အရေးတော်ပုံ ရှိခဲ့တယ်။ လူသန်းနဲ့ ချီပြီးတော့ စစ်တပ်ကို ဆန့်ကျင်အုံကြွခဲ့ကြတယ်။ ကျနော်တို့မှာ အရေးတော်ပုံ အတွေ့အကြုံက ရှိပြီးသားပဲ။ အဲဒီနောက်ပိုင်းမှာလည်း ကျနော်တို့မှာ နွေဦးတွေ အများကြီး ရှိခဲ့တယ်။ ကျနော်တို့တွေ နွေဦးတွေ တခုပြီး တခု၊ နွေဦးပေါင်း မြောက်မြားစွာကို ဖြတ်သန်းရမယ်။ တခုပဲ ရှိတာက ကျနော်တို့တွေ ရုန်းကန်ခဲ့ပေမယ့် အဲဒီနိုင်ငံရေး အင်အားတွေက နောက်ပြန်လန်ကျ နေတယ်။ ပြည်သူတွေ နည်းနည်းတော့ ပင်ပမ်းနေတယ်လို့ ကျနော် ထင်တယ်။ 
နောက်တခုကတော့ ကျနော်တို့ မီဒီယာလွတ်လပ်ခွင့်ဆိုတာက တခါမှ မရခဲ့ဖူးဘူး။ လွတ်လပ်စွာ တွေးခေါ်စဉ်းစားခွင့်ဆိုတာ တခါမှ မရခဲ့ဘူး။ နှစ်ပေါင်း ၅၀ လောက် ဒီလို အခွင့်အရေးတွေ တခါမှ မရခဲ့ဘူး။ အခုတော့ ကျနော်တို့ စပြီးတော့ တွေ့နေရပြီ၊ တခါတလေကျတော့ အစိုးရက ၀ါဒမှိုင်းတိုက်တာတွေကို ပြည်သူတွေက တကယ်ထင်ပြီးတော့ တက်တက်ကြွကြွနဲ့ မရုန်းကန်ချင်ကြတော့ဘူး။ ဒါလည်း ပြသနာ တရပ်ပဲ။ ဒါပေမယ့် ကျနော်တို့ဆီမှာ အရေးတော်ပုံ စိတ်ဓာတ်တွေက ရှိပြီးသားပဲ၊ ဒါကြောင့် နောက်ထပ် အရေးတော်ပုံတွေ လာပါလိမ့်မယ်။ 
မေး။  ပါတီဝင်သစ်တွေကို စုဆောင်းတဲ့ ကိစ္စရော ဘယ်လိုရှိလဲ။ 
ဖြေ။ မျိုးဆက်အပြောင်းအလဲ၊ မျိုးဆက်အဆင့်ဆင့် ဖြစ်ပေါ်တိုးတက်မှုဆိုတာမရှိရင် ကျနော်တို့ပါတီက ဘယ်တော့မှ အောင်မြင်မှာမဟုတ် ဘူး။ ဒေါ်အောင်ဆန်းစုကြည်တောင်မှပဲ အခုဆိုရင် အသက် ၆၈ နှစ်ထဲကိုရောက်နေပြီ။ ၆၈ နှစ်ဆိုတာ မြန်မာပြည်မှာ အဖွားကြီး ဖြစ်ပြီဗျ။ ဒါကြောင့် ကျနော်တို့ မျိုးဆက်သစ်တွေ လိုအပ်နေတယ်။ 
ကျနော်တို့ မူဝါဒနဲ့ စည်းမျဉ်းစည်းကမ်းအရလည်း ခေါင်းဆောင်မှု အဆင့်မှာ (ယေဘုယျ) အနေနဲ့ အသက် ၅၀ တန်းကို လျှော့ချဖို့ရှိတယ်။ ဒါပေမယ့် အခုအထိတော့ ကျနော်တို့ မလုပ်နိုင် သေးဘူး။ လောလောဆယ် ကျနော်တို့ရဲ့ ခေါင်းဆောင်တွေက ၇၀ ကျော်တွေချည်းပဲ။ ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်တုန်းက သူနဲ့ သူ့ သူငယ်ချင်းတွေရဲ့ အသက်က ၃၀ တန်းတွေ ချည်းပဲ။ ကျနော်တို့ဆီမှာ အတွေ့အကြုံရှိတယ်၊ သမိုင်းကြောင်း ရှိတယ်၊ ဒါပေမယ့် ဒီနေ့မှာတော့ အားလုံးက အိုကုန်ကြပြီ။

(A prisoner’s pursuit of democracy in Burma by Lillian Cunningham, July 17, 2013)