Poems

Thit Kaung Eain – There Come Saffron Peacocks at the front ….

တပ်တော်ဦးဆီမှာ ရွှေဝါရောင် ဥဒေါင်းတွေ တွန်ကျူးနေပြီ ညီမလေး….


သစ်ကောင်းအိမ်၊ စက်တင်ဘာ ၂၂၊ ၂၀၁၃
(သူ့ဖေစ့်ဘွတ်က ယူတယ်။ ရွှေဝါရောင်အရေးတောပုံ အထိမ်းအမှတ် ပြန်လည် တင်ဆက်ပါတယ်)

ရွှေဝါရောင်ဥဒါန်း

သာသနာတော်တောင်သွေးစွန်းခဲ့ရ
ဟောဒီကာလဟက်တက်ကြီးထဲ
အလွန်းကိုလည်းတကျွန်းပို့ထားရပေါ့
မောင့်ဂူစတီနာ
မီးသဂြုင်္ိဟ်စက်တလုံးလို
ကိုယ့်ကိုယ်ကိုလောင်ကျွမ်းကြ
ပက်ပက်စက်စက်လောင်ကျွမ်းကြ
ဒါ …နှင်းဆီရောင် အလှတရားလား
စုန်းမအိုရဲ့မြည်တွန် တောက်တီးသံတွေလား
ဒါမှမဟုတ်သွေးနံ့ရတဲ့ ပင်လယ်လား
ငါတို့ရေနန်းယာဉ်သာ သင်္ဘောကို မမျှော်နဲ့
ငါတို့ကောင်းဘွိုင်ကြီး ဂျွန်ဝိန်းကို မမျှော်နဲ့
ဝါးလုံးဆွေးကိုအလံထောင်လို့
မိစာကဟားတိုက်ရယ်နေရဲ့
ငါတို့ဖိနပ်သာငါတို့သေနတ်ဖြစ်တယ်
သွေးကြွေးဆိုတော့
ဆွေးနွေးဖို့မရှိတော့ပါ။ ။

သစ်ကောင်းအိမ်
(၁၁၊၁၀၊၂၀၀၇)

သေစာရှင်စာ

နိုင်ငံကူးလက်မှတ်မရှိဘူး
ဘ၀ကူးလက်မှတ်တော့ရှိတယ်
နေ့ကိုစွဲသေပြီးနေ့စွဲဖြစ်ခဲ့
နေ့စွဲလေးတစွဲပါပဲ
သီတင်းကျွတ်လပြည့်ည ကောင်းကင်မှာ
မီးပုံးပျံတွေမြင်မှ
ဘယ်တုံးကမှမှိုင်းမ၀ဘူးတဲ့
ကိုယ်နှလုံးသားကိုလည်းသတိတရနဲ့
ပီကာဆိုလွှတ်လိုက်တဲ့ ချိုးငှက်
ပီကာဆိုလက်ထဲပြန်မရောက်နိုင်ခဲ့
တရား…တရားဆိုလား
ဘုရား…ဘုရားဆိုလား
မျှပြီးတကြရ
ကြားဖူးတယ်
ကြားဖူးတယ်
တရားဆိုတာ
မျှတမှုပဲဆိုလား
ကြားဖူးတယ်
ငါ့ ဘောပင်လေးကိုတော့ခွေးစာမကျွေးနိုင်ပါ
ဟဲလို…..
၃၁ဘုံခင်ဗျား
ရမ္မက်ကြီးလွန်းလို့
အရင်းအတိုင်းထိုင်မြည်းနေတာ။ ။

သစ်ကောင်းအိမ်
(၂၅၊၁၀၊ ၂၀၀၇)

ငွေကြာယံ

သရဏဂုံကို
သရဏဂုံပြန်တင်နေရတဲ့ခေတ်
ဒေါင်းသင်္ကန်းတွေနဲ့
သူပုန်အလံကိုဥုံခံကာ လွှင့်ကြ
အစွယ်ဖွေးဖွေးစစ်ခွေးအုပ်ကြား
အောင်ခြင်းကိုးပါးမြတ်တရားနဲ့ 
ဗုဒ္ဓပွင့်တော်မူခဲ့ပြီ… ။

သစ်ကောင်းအိမ်
(၂၅၊ ၁၀၊၂၀၀၇)

သားပျောက်တေး

 သွေးနဲ့ရေးမှ ဆေးမှင်ကြောင်
ရင်နဲ့သွေးခဲ့တယ် ရင်သွေး
အချစ်များစွာနဲ့ ပြစ်မှားမိခဲ့ပါတယ်
ကဗျာနဲ့ငါ
အဖန်ငါးရာငါးကမ္ဘာ
သို့ …
မိစ္ဆာအတွက်ဖိတ်စာ
အ၀ီစိရဲ့အောက်
ငရဲကိုနောက်တထပ် တိုးဖို့
ပဉ္စမမျိုးဆက်သွေးနဲ့
ဒီကဗျာကိုငါရေးတယ် ။ ။

သစ်ကောင်းအိမ်
(၃၀၊ ၁၀၊၂၀၀၇)

စိန်ပန်းပွင့်ချိန်မှသင်္ကန်းပွင့်ချိန်ညီမလေး

ဇီဝဇိုးငှက်တကောင်ရဲ့အန်ဖတ်လို
မေတ္တာတရားမှာလည်း
သွေးစသွေးနတွေနဲ့
သမိုင်းပျို့တယ်
သင်္ကန်းကိုမီးလောင်လို့
ခွေးတွေကတခေတ်လုံးဟောင်တယ်
ဟောင်ဖွာဟောင်ဖွာတွေနဲ့
မီးမညှိလေနဲ့ညီမလေး
ရတာ ခဲထားကြတာလည်း
ရခဲခြင်းပါပဲ
နောက်ကျောကဓားနဲ့
ကျောခိုင်းရပ်ခဲ့တယ်
အနီးကြီးနီးဖို့
အဝေးကြီးအဝေးကြီး ဝေးခဲ့တယ် ။ ။

သစ်ကောင်းအိမ်
(၃၀၊၁၀၊ ၂၀၀၇)

ရွှေဝါရောင်စပါးတွေရင့်မှည့်နေပြီညီမလေး

ငါတို့ကိုးကွယ်တဲ့ဆင်းတုကို
ခေါင်းရိုက်ခွဲသူ
ငါတို့ဦးညွှတ်တဲ့ တရားကို
လှံစွပ်နဲ့ထိုးသူ
ငါတို့ဝပ်တွားတဲ့ ၀တ္တကမြေကို
ကျည်ဆံနဲ့မီးလောင်တိုက်သွင်းသူ
လမ်းဘေး
တွေ့ရာအုတ်ခဲနဲ့ငါတို့ ပြန်ထုတယ်
ဒါ …အကြမ်းဖက်မှုလား
ကြမ်းကြမ်းဖက်ထားကြ
ငါတို့ရွက်တွေကို
ကြမ်းကြမ်းဖက်ထားကြ
ကြမ်းကြမ်းဖက်ထားကြ
ငါတို့တက်တွေကို
ကြမ်းကြမ်းဖက်ထားကြ
ရန်သူကိုရန်သူလို့ မခေါ်နဲ့ဆို
ငယ်ငယ်ကဖတ်ဖူးတဲ့ ကာတွန်းထဲက လူရိုင်းတွေလို
“ ယူသန်… ယူသန်..” လို့ အော်မယ်
မစ္စတာဘန်ကီမွန်းရေ ….
အသက်ကယ်ဘောမပါတဲ့ ကမ္ဘာကြီးထဲ
ဘီကီနီမ၀တ်ဘဲ
ရေနစ်နေတဲ့ခေတ်တစ်ခေတ်ဟာ
ငါတို့ဖြစ်တယ်
မြင်ကွင်းတွေဟာဟင်းလင်းပဲ
ဆောင်းဦးပေါက်ကွင်းပြင်မှာတော့
ရွှေဝါရောင်စပါးတွေ
ဝင်းမှည့်နေပြီညီမလေး ။ ။

သစ်ကောင်းအိမ်
(၀၄၊၁၁၊ ၂၀၀၇)

ကျွန်းရွက်များအကြောင်းအောက့်မေ့မှု

ပြားချပ်သွားတဲ့ကမ္ဘာကြီးပေါ်က
ဖိနောင့်ပါးနေတဲ့
ပြားချပ်ချပ်ဖိနပ်တရံပေါ် ရပ်ရင်း
ငါ …ဆွေးနေမိရဲ့ ။
မျက်ရစ်မပါတဲ့အချစ်နဲ့ 
ထူထောင်ခဲ့တဲ့ခေတ်တခေတ်ဟာ
မင်းဖြစ်ခဲ့ပေါ့
ဂန္ဓာလရာဇ်သွေးနဲ့
ငါ့ သားလေးရေ။
မင်းတို့လူမျိုးတွေဟာ
လူတော်တွေပါ
လူပေါ်လူဇော်မလုပ်မိစေနဲ့။
မင်းတို့လူမျိုးတွေဟာ
လူတော်တွေပါ
လူယုတ်မာတွေမဖြစ်မိစေနဲ့။
မင်းတို့လူမျိုးတွေဟာ
လူတော်တွေပါ
သူတပါးတိုင်းပြည်ရဲ့  အသွေးအသား
မပြစ်မှားမိစေနဲ့။
သမိုင်းဆိုတာ
သားကြောဖြတ်လို့ရတဲ့အရာ မဟုတ်ခဲ့
တို့နိုင်ငံရဲ့ “ရွှေဝါရောင် တော်လှန်ရေး”
သွေးနဲ့လက်ခမောင်းခတ်ခဲ့ပြီ
“ပုရွက်ဆိတ်တွေရဲ့ဘုံဝါဒ … အဓွန့်ရှည်ပါစေ
ခွေးအတွေရဲ့ဘုံဝါဒ … ကျဆုံးပါစေ”
တိန့်ရှောင်ဖိန်က
တိန်အန်မင်အရေးအခင်းကို
ရူးချင်ယောင်ဆောင်ခဲ့တယ်။

သစ်ကောင်းအိမ်
(၀၇၊၁၁၊ ၂၀၀၇)


ဆောင်းသစ်ပင်

ဆံပင်ရှည်ဖြတ်လိုက်တယ်
ကိုယ်ပေါ်ကသစ်ရွက်တွေ
တပင်လုံးလှုပ်ခါချလိုက်တယ်။
ပိတောက်သစ်ပွင့်ဖို့
အမြစ်
မြေမှာ
စွဲတယ်… ။ ။

သစ်ကောင်းအိမ်
(၀၇၊နိုဝင်ဘာ၊ ၂၀၀၇)

ရေတံခွန်

အမေ့ရဲ့
မေတ္တာတရားလို
ချောက်ကမ္ဘားအစွန်းမှာ
လေဟာနယ်ထဲ
ခြေတဖက်နင်းခဲ့တယ် … ။

သစ်ကောင်းအိမ်
(၀၉၊၁၁၊ ၂၀၀၇)

အိမ်မက်မြစ်

မြောက်လေရိုင်းတွေက
အထီးကျန်သစ်ကိုင်းတွေကို
အရိုးပြိုင်းပြိုင်းကျတယ်
စိတ်ထဲ
အဆိပ်တွေစီးကျလာပြန်ပြီ
မတိတ်သေးတဲ့အတိတ်ကို
တိပ်နဲ့ကပ်ပြီး
မတိတ်သေးတဲ့နှင်းတွေ
ပြိုဆင်းလာနေပြီ
မျက်စိမှိတ်လိုက်တယ်
အဝေးအိမ်ဆီ
မြက်ခင်းပေါ်ဒရွတ်ဆွဲ
သွက်ချာပါဒရောဂါသည်လေး
“ခရစ်စ်တီးနားရဲ့ကမ္ဘာ”ပန်းချီကား
ကျနော့ပါးပြင်ပေါ်လိမ့်ဆင်းသွားတယ်
ခင်ဗျားတို့တမလွန်မှာရော
ပွင့်လင်းရာသီရောက်ပါပြီလား
ကျောင်းဆရာ
သွေးကြောထဲ
မြစ်စိမ်းရှင်ရှင်
ပြန်မြင်ချင်လှပြီ
င၀န်…
နှစ်တွေကြမ်းတော့
နှင်းတွေနွမ်းခဲ့တယ် …

သစ်ကောင်းအိမ်
(၀၉၊နိုဝင်ဘာ၊ ၂၀၀၇)


မောရသုတ်

သူရဲကောင်းကို
အကျဉ်းချလို့ရတယ်
သူရဲကောင်းဝိညာဉ်ကို
အကျဉ်းချလို့မရဘူး
၈၈အရေးတော်ပုံကို ချေမှုန်းရင်
ရွှေဝါရောင်မျိုးဆက်ဝိညာဉ်
လွတ်မြောက်တိုက်ပွဲဝင်တယ်
သူရဲကောင်းကို
သတ်ပစ်လို့ ရတယ်
သူရဲကောင်းဝိညာဉ်ကို
သတ်ပစ်လို့မရဘူး
သြဂတ်(စ)လရဲ့ သံခမောက်ကို
ရန်သူ့ကျည်ဆံ ဖောက်တော့
စက်တင်ဘာ တော်လှန်ရေး
သွေးအတွက် သွေးကို စတေးတယ်
သူရဲကောင်းဆိုတာ
ပါးစပ်နဲ့ အမျှဝေသူမဟုတ်
ဘ၀နဲ့ အမျှဝေသူဖြစ်တယ်
ဒေ၀ဒတ်ရဲ့ လှံစွပ်အောက်
သင်္ကန်းနဲ့ဆွဲတဲ့ ခွပ်ဒေါင်းအလံ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဒေ၀ဒတ်ရဲ့သေနတ်ပြောင်းအောက်
သင်္ကန်းနဲ့ဆွဲတဲ့ ခွပ်ဒေါင်းအလံ
ဓမ္မံ သရဏံ ဂစ္ဆာမိ
ဒေ၀ဒတ်ရဲ့ စစ်ဖိနပ်အောက်
သင်္ကန်းနဲ့ဆွဲတဲ့ ခွပ်ဒေါင်းအလံ
သံဃံ သရဏံ ဂစ္ဆာမိ         ။                ။

သစ်ကောင်းအိမ်
(၁၈. ၂. ၂၀၀၈)) 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts