(မိုးမခ) မတ်လ ၁၇၊ ၂ဝ၁၉
ကြက်တွန်သံနဲ့မိုးလင်းရတဲ့ ရွာလေးဟာ အိမ်တအိမ်က အောက်အီးအီးအွတ်လိုက်တာနဲ့ ကျန်အိမ်တွေကလည်း အားကျမခံ အောက်အီးအီးအွတ်တော့တာဘဲ။
ကြက်တွန်ပြီဆို လူတွေကလည်း နိုးထ ဆိုင်ကယ်တွေကလည်း နိုးထနဲ့ ရွာလေးရဲ့  ရင်ခုန်သံက စပါပြီ။
မနက်စောစောမှာ အိမ်ဆိုင်လေးထဲကို သုတ်သီးသုတ်ပြာနဲ့ ရောက်လာတဲ့ ကလေးတယောက်က ဆန် (၁) ပြည်၊ ငပိ (၁ဝ)သား၊ ဘဲဥ (၃) လုံး၊ ကွမ်းရွက်ပုံ (၁) ထုပ်လို့ ဆိုင်ရှင်ကို သူလိုချင်တာတွေကို ရေရွတ်ပြတယ်။
ဆိုင်ရှင်အမျိုးသားက ကလေးကို “မင်း အမေ အဖေတွေ ခြံထဲသွားကြပြီလား” လို့ ကရင်လိုမေးတော့ “သွားပြီ” လို့ ကလေး က ဗမာလို ပြန်ဖြေတယ်။
ဆိုင်ရှင်က “ကရင်လိုပြောလေကွာ မင်းကို ငါ ကရင်လိုမေးနေတာ” လို့ပြောတော့ (၉) နှစ်အရွယ်ကောင်လေးက ဆိုင်ရှင်ကို မျက်လုံးစိမ်းကြီးတွေနဲ့ကြည့်တယ်။
နောက်တော့ ဆိုင်ရှင်ကဘဲ အလျော့ပေးလိုက်ရတယ်။
ကဲကဲ.. ဒီမှာ ဆန်၊ ဒီမှာ ငါးပိ စသည်ဖြင့် ကောင်လေးဝယ်တာတွေကို ငွေယူ ငွေအမ်းလုပ်ပြီးတဲ့နောက် “အိမ်ကို တန်းတန်း မတ်မတ်ပြန်နော်” လို့လည်း မှာလိုက်သေးတယ်။
အဲ့ဒီနောက်မှာ ဆိုင်ရှင်က ကိုယ်တွေဘက်လှည့်ပြီး “ကျနော်နဲ့ တူဝမ်းကွဲတော်တယ်။ ဒီကောင်တွေ ဗမာလိုဘဲ ပြောပြောနေ တယ်။ ကြာရင် ကရင်စကားမပြောတတ်မှာကို ကျနော်စိုးရိမ်တယ်” လို့ ပြောပါတယ်။
“ကျနော်က ဆိုင်ကိုလာတဲ့ကလေးတွေကို ကရင်လို အမြဲပြောပြောပေးတယ်။ တချို့က ကျနော် ကရင်လိုပြောရင် သူတို့က ကျနော့်ကို ကရင်လို ပြန်ပြောတယ်၊ တချို့ကတော့ ပြန်မပြောကြဘူး”
“ဒါ.. မိဘတွေနဲ့လည်း အများကြီးဆိုင်တယ်။ တချို့မိဘတွေက ကရင်လိုပြောပြောပေးတော့ ကလေးတွေက ကရင်စကားရ တယ်။ အိမ်မှာ ကရင်လိုပြော၊ ကျောင်းရောက်တော့ ဗမာလိုပြောပေါ့။ တချို့မိဘတွေကတော့ မပြောပေးကြဘူး။ ကိုယ့် ဘာသာစကားကို အလေးအနက် မထားတာလည်းပါတယ်။ စားဝတ်နေရေးကလည်း ကြပ်တည်းကြတော့ ကလေးတွေကို ထိန်းကြောင်းဖို့ လည်း အချိန်မရကြဘူးလေ” လို့ သူက အခြေနေတွေကို နားလည်သဘောပေါက်ဟန်နဲ့ ဆိုပါတယ်။
အရင်က ဗမာစကားကို ဗမာစစ်တပ်လာမှ မဖြစ်မနေပြောကြတဲ့ ကရင်ရွာလေးဟာ အခုတော့ ဗမာစကားသံတွေကိုဘဲ ပလူ ပျံအောင် ကြားရပါတယ်။ အခုဆိုရင် ရွာမှာ လူကြီးပိုင်းတွေလောက်သာ ကရင်စကားကိုပြောကြပြီး လူငယ်တွေ၊ ကလေးတွေ ကတော့ ဗမာလိုဘဲ ပြောဆိုနေကြတာကို ကိုယ်တွေလည်း သတိထားမိတယ်။
“သူတို့ကို ဗမာစကားပြောလို့ ဗမာတွေလို့ လူကြီးတွေက နာအောင်ပြောတော့လည်း သူတို့က မကြိုက်ကြဘူး။ ငါတို့ ဗမာ မဟုတ်ဘူး ကရင်တဲ့” လို့တော့ ပြန်ပြန်ပြီးပြောကြတယ်။
ရွာမှာက ဗမာစကားတင် မဟုတ်ဘူး၊ နောက်ပိုင်း လူငယ်တွေ ကလေးတွေရဲ့ နာမည်တွေကလည်း ဗမာ နာမည်တွေချည်းဘဲ။ တချို့မိဘတွေကတော့ သူတို့ကလေးတွေကို ကရင်နာမည်တွေ ပေးကြတယ်။ နော်ကညော၊ နော်စေးမူဖော၊ စောလားက ပေါ်၊ စောတာအယ်စိုး ဆိုတဲ့နာမည်လေးတွေ ကြားနေရသေးတယ်လို့လည်း သူက ပြောပါတယ်။
ဒါပေမဲ့ အဲ့ဒီကရင် နာမည်တွေ ရှေ့မှာ “မောင်” တို့ “မ” တို့ ထည့်ထည့်ပြီး ခေါ်ကြတယ်။ ဗမာတပိုင်း ကရင်တပိုင်းနဲ့ကြားရတာ နားထဲမှာ တမျိုးကြီးဘဲ၊ ရင်ထဲလည်း မကောင်းဘူးတဲ့။
ဒီအချိန်မှာဘဲ အသက် (၄ဝ) ကျော်အရွယ်လောက်ရှိတဲ့ အမျိုးသမီးတဦး ဆိုင်ထဲဝင်လာတယ်။ နေကောင်းလား ကျန်းမာ လားဆိုတဲ့ နှုတ်ခွန်းဆက်စကားကို ဆိုင်ရှင်အမျိုးသားနဲ့ ကရင်လို ပြောကြတယ်။
အတော်ဘဲ နင့်သမီးရဲ့ “မ” တလုံး အကြောင်းလေးလည်း ဒီဆရာမကို ပြောပြလိုက်ပါဦးလို့ ဆိုင်ရှင်က ဆိုင်းမဆင့် ဗုံမဆင့်နဲ့ ဇာတ်ပို့လုပ်တော့ ဈေးဝယ်လာသူ အမျိုးသမီးရော ကိုယ်ပါ နည်းနည်းကြောင်သွားတယ်။
နောက်တော့မှ အမျိုးသမီးက ကျမသမီးရဲ့ “မ” တလုံးကိစ္စက ဒီလိုဆရာမရေလို့ စိတ်ရှည် လက်ရှည်နဲ့ ဇာတ်စုံခင်းပြတယ်။
သူမရဲ့ သမီးလေးနာမည်က နော်ဝါးဝါးထူး (အမည်ရင်းမဟုတ်) လို့ ခေါ်ပါတယ်။ ရွာက မူလတန်းကျောင်းမှာ (၄) တန်းကို ထူးချွန်စွာနဲ့ အောင်မြင်သူလေးပါ။ ကလေးကစာတော်တော့ မိဘတွေက ကလေးကို ကျောင်းဆက်ထားချင်တယ်။ ကလေး ကလည်း ပညာလိုလားသူမို့  ကျောင်းဆက်တက်ဖို့ ဆန္ဒပြင်းပြပါတယ်။
ဒါကြောင့် သမီးလေးကို ပညာဆက်သင်ဖို့မိဘတွေက နည်းလမ်းရှာကြတယ်။ နောက်ဆုံးတော့ ကွင်းဘက်က အမျိုးတွေရှိမှာ ကျောင်းဆက်ထားဖို့ ဆုံးဖြတ်ကြတယ်။
အဲ့ဒီ ရွာက အလယ်တန်းကျောင်းမှာ သူတို့ပြောတဲ့ နော်ဝါးဝါးထူးရဲ့ “မ” တလုံး ဇာတ်လမ်းက စတာပါဘဲ။
နော်ဝါးဝါးထူးကို အတန်းပိုင်ဆရာမက မနော်ဝါးဝါးထူးလို့ ကင်မွန်းတပ်တယ်။ ကျောင်းခေါ်ချိန်တွေမှာ မနော်ဝါးဝါးထူး။ စာ သင်ချိန်တွေမှာလည်း မနော်ဝါးဝါးထူး။ ဒါကို ကလေးကမကြိုက်ပေမဲ့ ဆရာမကို မပြောရဲဘူး။
(၃-၄) လ တခါ အမေဖြစ်သူလာတော့ ကလေးက အမေကိုပြောတယ်။ “ မိုးမိုး (မေမေ) သမီးနာမည်မှာ မတလုံးပိုနေတယ်” တဲ့။
အမေက ဘယ်လိုဖြစ်တာလဲ ဖိုးမူ (သမီး) ဘာညာနဲ့မေးတော့ ကလေးက ဖြစ်ပုံကိုရှင်းပြတယ်။ ဒီကိစ္စကို ဆရာမကို ပြောပေး ဖို့ကိုလည်း အမေကိုပူဆာတယ်။ အမေက ကလေးစိတ်ချမ်းသာအောင် “အော် အေးအေး” နဲ့ နှစ်သိမ့်တယ်။ အမေကိုယ် တိုင်ကလည်း ဆရာမကို မပြောရဲဘူး။
မပြောရဲတာက ဆရာ၊ ဆရာမဆိုတဲ့ နာမအပေါ်မှာ ကြောက်တာကတပိုင်း၊ ကိုယ့်ရွာ ကိုယ့်ဒေသမဟုတ်တော့ မရင်းနှီးတာ ရှိန်တာလည်း တပိုင်းပေါ့။
ဒီလိုနဲ့ဘဲ နော်ဝါးဝါးထူး အလယ်တန်းအောင်တယ်။ ဒီကျောင်းမှာလည်း ကလေးကစာတော်တယ်၊ လိမ်မာရေးခြား ရှိတယ် ဆိုတဲ့ နာမည်ကောင်းလေးရတယ်။
အဲ့ဒီကနေ တဆင့် အထက်တန်းကျောင်းရှိရာကို တခါ ပြောင်းကြပြန်တာပေါ့။ ဒီလိုပြောင်းတော့ နော်ဝါးဝါးထူးရဲ့  “မ” လုံးက လည်း အထက်တန်းကျောင်းရှိရာကို လိုက်ပါလာတယ်။
(၈) တန်း၊ (၉) တန်း၊ (၁ဝ) တန်းကို မနော်ဝါးဝါးထူးဆိုတဲ့ နံမည်နဲ့ စခန်းသွားနေလိုက်တာ (၁ဝ) တန်း စာမေးပွဲဖြေဖို့ လျှောက်လွှာတင်တော့မှ “မ” တလုံးကိစ္စ ပြဿနာတက်တော့ဘဲ။
အိမ်ထောင်စုစာရင်းမှာ “နော်ဝါးဝါးထူး” မှတ်ပုံတင်မှာ “နော်ဝါးဝါးထူး” မူလတန်း အောင်လက်မှတ်မှာလည်း “နော်ဝါးဝါးထူး” ဆယ်တန်းဖြေဖို့ ဝင်ခွင့်ဖြည့်တော့မှဘဲ “မနော်ဝါးဝါးထူး” နာမည်တွေ မကိုက်ဘူး။ လွဲနေတယ်။ စာမေးပွဲဖြေလို့မရဘူး ဆို တာတွေဖြစ်လာတော့မှ ကလေးရော မိဘပါ စိတ်တွေပူကြ၊ ဘယ်လိုတွေလုပ်ရမလဲ၊ ကူပါကယ်ပါ ဖြစ်ကြတော့တယ်။
အဲ့ဒီအချိန်ကြမှ မနော်ဝါးဝါးထူးဖြစ်လာပုံကို ကလေးရော မိဘတွေကပါ ကျောင်းအုပ်ဆရာကြီးကို ရှင်းပြတယ်။ ဒါဆိုရင်ဖြင့် ကလေးလာတဲ့ ကျောင်းက ကျောင်းအုပ်နဲ့ ဆရာမရဲ့ထောက်ခံစာ လိုတယ်။ ဒါကို ယူလာပြနိုင်မှ အဆင်ပြေနိုင်မယ်တဲ့။
ဒါနဲ့ ကွင်းရွာက အလယ်တန်းကျောင်းကို ပြန်သွား၊ ဒီလို ဒီအကြောင်းပြောပြတော့ အဲ့ဒီကျောင်းက ကျောင်းအုပ်ကြီးက နော် ဝါးဝါးထူးရဲ့အတန်းပိုင်ဆရာမက ရာထူးတိုး အလယ်တန်းကျောင်းအုပ်အဖြစ်နဲ့ ဒီရွာနဲ့ဝေးလံတဲ့ကျောင်းကို ပြောင်းသွားပါပြီ တဲ့ ဒီဆရာမနဲ့ဖြစ်တဲ့ ကိစ္စမို့  ဒီဆရာမသာ အသိဆုံးနဲ့ ဒီဆရာမသာ တာဝန်အရှိဆုံးလို့လည်း ဆိုပြန်တယ်။
ကဲ.. ဘယ်လိုလုပ်ကြမလဲ၊ စာမေးပွဲဖြေဖို့ကလည်း ကပ်နေပြီ၊ စိုးရိမ်စိတ်နဲ့ ကလေးကလည်း တငိုငို တယိုယို၊ မိဘတွေက လည်း ရင်တွေ တပူပူ။ မိဘတွေ ခင်မျာမှာလည်း ကျားကုပ်ကျားခဲနဲ့ သမီးလေးကို မျှော်လင့်ချက်တွေ ပုံထားခဲ့ရတာဆိုတော့ ဆရာမရှိရာ လိုက်ကြပေါ့။
အမျိုးတွေ လာကြပါ။ ရွာက ကျောင်းဆရာလေး တယောက်ကိုပါ အကျိုးသင့်အကြောင်းသင့် ပြောပြဆိုပြဖို့ပါ အကူအညီ တောင်း၊ ဆိုင်ကယ် ၃-၄ စီးနဲ့တောင်ပေါ် ကရင်ရွာလေးကနေ ကွင်းရွာက ဆရာမရှိရာ ကျောင်းကို ကုန်းတတန်၊ ရေ တတန် နဲ့ ချီတက်ကြတာပေါ့။
ရွာကနေ ဝေလီဝေလင်း ဆိုင်ကယ်တွေနဲ့ထွက်၊ စစ်တောင်းမြစ်ကိုဖြတ်တော့ စက်လှေစီး၊ စက်လှေကြီးတွေပေါ် ဆိုင်ကယ် တွေ တင်။ စက်လှေသမားကလည်း လူခရော ဆိုင်ကယ်ခကိုပါ တောင်းတော့လည်း ပေးပေါ့။ ရွာနဲ့ လမ်းတည့်မဲ့နေရာကို ဟိုမေး ဒီမေးပြီး တဖက်ကမ်းရောက်တော့ စက်လှေပေါ်ကနေ ဆိုင်ကယ်တွေချ၊ ဆရာမရှိရာရွာကိုရောက်ဖို့ ရိုးဖြတ်တွေ ကိုကျော်၊ ကန်စင်းရိုးတွေကို ပတ်၊ လှည်းလမ်းကြောင်းတွေပေါ်မှာ ဖုန်လုံးကြီးတွေ တလိပ်လိပ်နဲ့။
နေကလည်း ပူ၊ ဖုန်ကလည်း ထူ၊ သောက်ရေတွေလည်း ပြတ်၊ အာခေါင်တွေလည်း ခြောက်၊ “အဲ့ဒီရွာကိုရောက်တော့ ဖုန် တွေ အလိမ်းလိမ်းနဲ့ ကျမတို့ပုံတွေဆိုတာလေ ဇာတ်ထဲက မျောက်မျက်ကွင်းညိုတွေလိုဘဲ” လို့ နော်ဝါးဝါးထူးရဲ့ အမေက ရယ်ရယ်မောမောနဲ့ပြောတယ်။
အဲ့ဒီအချိန်တုန်းကတော့ သူမ အခုလို ဘယ်ရယ်မောနိုင်ပါ့မလဲ။ စိုးရိမ်စိတ်တွေနဲ့ ကျောင်းကိုရောက်သွားတယ်။ ဆရာမကြီး နဲ့တွေ့တော့ ဒီလို ဒီအကြောင်း တယောက်တပေါက် ဝိုင်းပြောပြတော့ “အော် ဟိုစာတော်တဲ့ ကရင်မလေးလား” လို့ ဆရာမ က သတိတယနဲ့ ပြောတယ်။
ဟုတ်ပါတယ်၊ အဲ့ဒီ ကရင်မလေး နော်ဝါးဝါးထူးကို “မ” တလုံး အပိုဆောင်းလိုက်တာကြောင့် အခုလို လိုက်လာကြတာပါ။ “နော်” ဆိုတာ ဗမာလို “မ” ပါဘဲ ဆရာမရယ်လို့ဝိုင်းရှင်းပြတော့မှ “အော် ဒီလိုလား ကျမက သိမှမသိဘဲ” လို့ဆရာမက ပြော ပါတယ်တဲ့။
ဒါဆိုရင်တော့ စိတ်မပူပါနဲ့ သူထောက်ခံစာရေးပေးလိုက်ပါ့မယ်ဆိုတော့မှ သူတို့ အားလုံး အပူလုံးကြီးတွေကျပြီး ပျော်ခဲ့ရတာ လို့ နော်ဝါးဝါးထူးရဲ့အမေက ပြောပြပါတယ်။
အဲ့ဒီနှစ် ဆယ်တန်းအောင် စာရင်းထွက်တော့ နော်ဝါးဝါးထူး ဂုဏ်ထူး (၁) ဘာသာနဲ့အောင်မြင်ပါတယ်။
ကလေးကတော့ ဂုဏ်ထူး (၃) ခုလောက် မှန်းခဲ့တယ်လို့ဆိုပါတယ်။ စာမေးပွဲနီးမှ အကြောင်းတွေ အကျိုးဖြစ်လာတော့ စိတ် ပန်း လူပမ်းနဲ့ မှန်းသလောက် မဖြစ်ခဲ့ပေမဲ့လည်း မိဘတွေကတော့ ကျေနပ်ဝမ်းမြောက်ကြပါတယ်။
ရွာသူရွာသားတချို့ကတော့ နော်ဝါးဝါးထူးရဲ့  “မ” တလုံး ဇာတ်လမ်းက သူတို့ကို သင်ခန်းစာအများကြီးပေးတယ်လို့လည်း ဆိုကြပါတယ်။
အဲ့ဒီညက တိမ်တိုက်တွေကြားက ထိုးထွက်လာတဲ့ ပုခက်ပုံ လခြမ်းလေးဟာ မှုန်မှုန်လေးသာလို့။ နော်ဝါးဝါးထူးရဲ့ရွာလေးက တော့ လခြမ်းလေးအောက်မှာ ပင်ပမ်းကြီးစွာနဲ့ အိပ်မောကျလို့ နေပါတော့တယ်။
ခိုင်မာကျော်ဇော
မတ်လ ၁ဝ၊ ၂ဝ၁၉။