ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ ● အသက်က စကားပြောလာလို့

ဆောင်းယွန်းလ ● အသက်က စကားပြောလာလို့
(မိုးမခ) မတ်လ ၁၇၊ ၂၀၁၉

အသက်က စကားပြောလာပြီဆိုတော့
အသည်းက စကားပြောမလာလို့လားလို့ မေးစရာဘဲ
အသက်က စကားပြောလာလို့
ဘေးကင်းရာအရပ်ကို ရှောင်ထွက်လည်း
ကမ္ဘာကြီးကကျဉ်းလွန်းပြီး အဖြစ်အပျက်တွေက ကျယ်ပြန့်လွန်းနေတော့
သံသရာနဲ့ ကံကြမ္မာဟာ
အရေးအခင်းအထပ်ထပ်နဲ့ မလွတ်မလွဲတဲ့ ဇာတာဘဲ
အသက်က စကားပြောလာပြီဆိုတော့
အာဂျီနိုမိုတိုများများပါတဲ့ အစာကိုစားရင် အာခေါင်တွေခြောက်ပြီး
ဆီများများပါတဲ့ ဟင်းတွေစားရင် ချွဲကပ်တယ်
အသက်ကစကားပြောလာလို့ နွေနံနက်ခင်းသီချင်းထဲကလိုမျိုး
ဂီတာကောက်ပြီးသီချင်းဆိုတော့ အာခေါင်ခြောက်ပြီးချွဲကပ်တယ်
အသက်က စကားပြောလာလို့
နားက တဖက်တည်းကြားပြီး
မျက်လုံးတွေက လေးဖက်လေးတန်ကိုမြင်နေရတယ်
အသက်က စကားပြောလာလို့
မှန်ကိုကြည့်ရင် အသံတွေကြားရပြီး
ရေပြင်ကိုငေးတော့ အရုပ်တွေရေးရေးပေါ်တာကို မြင်ရပြန်တယ်
အသက်က စကားပြောလာလို့
ဘေးဒဏ်ပေါင်းစုံထည့်ထားခဲ့ဖူးတဲ့ ခြေထောက်တွေက လေးကန်လွန်ပြီး
နှလုံးခုန်သံတွေက စည်းချက်မမှန်ချင်တော့ပြန်ဘူး
အသက်က စကားပြောလာလို့
ကားကိုဖြေးဖြေးမှန်မှန်မောင်းရင်း
သီချင်းကို တိုးတိုးအေးအေးနားထောင်ရတာ အရသာတခုဖြစ်လာတယ်
အသက်က စကားပြောလာလို့
အရွယ်တင်အောင် မျက်နှာပြင်ပေါ်တက်တူးထိုးလည်း
လေအမှောင်မှာ နေရောင်ဟာ နှင်းဆီပန်းခြောက်တွေကိုမလန်းစေနိုင်ဘူး
အသက်က စကားပြောလာလို့
ထောင်အချခံထားရတဲ့ ရုပ်ရှင်ပိတ်ကားကြီးနဲ့
အမှောင်ချခံထားရတဲ့ ပရိသတ်တွေကြားမှာ
ကိုယ့်တရားကိုယ်နာခံရင်း ကိုယ့်သီချင်းကိုယ်ဆိုငြီးခဲ့မိတယ်
ဒီလိုနဲ့ ကိုယ့်ကဗျာတွေ ကိုယ်ပြန်တွေးငေးဖို့ 
အသက်က စကားပြောလာခဲ့တယ်။

ဆောင်းယွန်းလ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts