ကဗျာ ရသဆောင်းပါးစုံ မြန်မာပြည်တွင်း

စိုးရိမ် – မိုနီလီဇာ

မိုနီလီဇာ
စိုးရိမ်
(မိုးမခ) ဇွန် ၂၇၊ ၂၀၁၈

‘မိုနီလီဇာ’ ဟာ အရင်လိုမပြုံးတော့ဘူး

‘ပန်းဆိုးတန်း’ တံတားနားမှာ
သူ့ပါးပေါ်က ကျပျောက်သွားတဲ့ သနပ်ခါးအတွက်
ဒေါသထွက်နေတယ်…
‘မိုနီလီဇာ’ ဟာ အရင်လို မပြုံးတော့ဘူး
သူမ စဉ်းစားတယ်၊ သူမတွေးတယ်
ပွဲသွင်းတဲ့ ပြခန်းပိုင်ရှင်ကို ပြဿနာရှာရမှာလား
‘လှိုင်သာယာ’ ပြန်ပြီး
အလုပ်သမားသပိတ်ထဲ ပြန်ဝင်နေလိုက်ရမှာလား…
‘မိုနီလီဇာ’ ဟာ အရင်လို မပြုံးတော့ဘူး
အညာမှာရေကြီး ‘ယာ’  ပျက်လို့မြို့ပေါ်လွင့်လာတာ
ဓနရှင်ကိုမကြိုက်ပေမယ့်
အိမ်ပြန်ပို့စရာမရှိတော့လို့ သပိတ်စခန်းက ထွက်လာတာ
နောက်ထပ် ဘာတွေပေးဆပ်ရဦးမှာလဲ
မရဲတရဲတွေးတယ် ….
မြန်မာပြည်က ‘မိုနီလီဇာ’ လေ…
အညာကလာတယ်
အခုတော့ ‘ကျောက်တံတား’ စခန်းမှာ ….။ ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts