ဖုဏ်းမြတ်သာ ● ကျွန်တော်သိသော ရဲဘော်ဦးတင်

March 17, 2019

ဖုဏ်းမြတ်သာ ● ကျွန်တော်သိသော ရဲဘော်ဦးတင်
(မိုးမခ) မတ်လ ၁၇၊ ၂၀၁၉


(၁)
တခါတုန်းက ဆင်းရဲတဲ့မိသားစု ထမင်းဝိုင်းမှာ သားသမီးတွေက အဖေကို ပူဆာသတဲ့။ “အဖေရယ် သားတို့ နေ့တိုင်းချဉ်ပေါင် ကြော်၊ ပဲဟင်းချည်းပဲ စားနေရတယ်။ တခါတလေ ကြက်ကောင်လုံးကြော်၊ ဘဲကောင်လုံးကင်တွေ စားချင်တယ်အဖေရယ်” လို့ပြောတော့ ဖခင်က “ကောင်းပြီ။ ခုချိန်ကစပြီး ဒီခရမ်းသီးကို ဆင်ကောင်လုံးကြော် အမှတ်ထားပြီး စားကြပေတော့”

ဒီတော့ သားသမီးတွေက “စားပြီအဖေရေ။ ဟောဒီမှာ ဆင်ကောင်လုံးကြော်”

ခဏကြာတော့ သားဖြစ်သူက “ကြက်ကောင်လုံးကြော်လဲပြောဦးလေ အဖေရဲ့” လို့ပြောတော့ ဖခင်ဖြစ်သူက “ဟာ မင်းတို့ ကလဲ ဆင်ကောင်လုံးကြော်ကိုပဲ ကုန်အောင်စားစမ်းပါဦး” လို့ ပြောလိုက်တယ်။

သားသမီးတွေက နောက်ထပ် အကောင်လုံးကြော်တောင်းတိုင်း ဖခင်လုပ်သူက မင်းတို့ကလဲ ဆင်ကောင်လုံးကြော်ပဲ ကုန် အောင် စားစမ်းပါဦးလို့ ပြန်ပြောတော့ သားသမီးတွေက ဘာအကင် ဘာအကောင်မှ မတောင်းတော့ဘူးတဲ့။

ကျနော့်စကားဆုံးတော့ ဦးတင်က မျက်လုံးပိတ်မတတ် ရယ်တယ်။

“အေးဗျာ ဗမာပြည်က ဆင်းရဲတဲ့တိုင်းပြည်ဆိုတော့ အဲဒီလို အဖြစ်အပျက်လေးတွေ နေရာတကာ ပေါ်တတ် ပြောတတ်ကြ တယ်။ ကျနော်တို့လူမျိုးက ဆင်းရဲကျပ်တည်းတာကို ဟာသနဲ့ ဖြေဖျောက်တတ်ကြတယ်ဗျ”

(၂)
ဧရာဝတီမြစ်ကမ်းဘေးက အိမ်ရာမရှိတဲ့ မိသားစုတစုဟာ မြစ်ကမ်းပေါ်က သင်္ဘောဘွိုင်လာအိုးအဟောင်းကြီးကို အိမ်လုပ် ပြီး နေကြသတဲ့။ ဖခင်က လက်သမားဆရာ။ မနက်ဆို  မြစ်ဘေးကနေ မြို့ထဲထွက် ကျပန်းအလုပ်လေး ရှာဖွေလုပ်ရပြီး ည မှောင်မှ ကမ်းနံဘေးကို ပြန်ရောက်သတဲ့။ မိသားစုလေးယောက်ဟာ သင်္ဘောဘွိုင်လာအိုးကြီးထဲမှာ ဝါးကပ်လေးခင်းပြီး အိပ်ကြရတယ်ဆိုပဲ။

တနေ့ လက်သမားဆရာ မြို့ထဲကလုပ်ပြီးလို့ ပြန်အလာ မိန်းမနဲ့ကလေးနှစ်ယောက် အထုပ်အပိုးတွေနဲ့ မြစ်ကမ်းဘေးမှ ရပ် လျက်သားတွေ့လိုက်ရတယ်။ အနီးအနားမှာတော့ သူတို့ရဲ့ ဘွိုင်လာအိုးကြီးကိုတော့ မမြင်ရတော့ဘူး။ ဘွိုင်လာအိုး အိမ်ကြီး ကို လူမျိုးခြားတွေက ပိုင်ရှင်ဆီကနေ ၁၃ သိန်းနဲ့ဝယ်သွားလို့ မရှိတော့တဲ့အကြောင်း မိန်းမကပြောတော့ ယောကျာ်းက “ဟာ -သွားပါပြီကွာ။ ငါတို့နေစရာ အိမ်မရှိတော့ဘူး။ ဒီလို ဘွိုင်လာ အဟောင်းကြီးမျိုး ကမ်းစပ်မှာ ရှာတွေ့ဖို့ မလွယ်ဘူး” လို့ ပြောပြီး စိတ်ပျက်ညည်းညူတယ်တဲ့။ ဒီတော့ မိန်းမက “ယောကျာ်းဘာမှ စိတ်မပျက်နဲ့ တခြားနေစရာ ရှာကြတာပေါ့။ ကျုပ် ကတော့ ၁၃ သိန်းတန်အိမ်ကြီးမှာ နေလိုက်ရလို့ ကျေနပ်တယ်”

ဆရာမခင်ခင်ထူး၏ ဝတ္ထုတိုကို မှတ်မိသလောက် ပြောပြနေခြင်း ဖြစ်ပါတယ်။ ကျနော့်စကားဆုံးတော့ ဦးတင်က ထုံးစံ အတိုင်း လက်ညှိုးလေးထိုး မျက်လုံးမှိတ်ကာ ရယ်တယ်။

“ကြံကြံဖန်ဖန်ဗျာ။ ရယ်အားထက် ငိုအားသန်ဆိုတာ ဒါမျိုးပဲ”

(၃)
“ဒါလောက်ဆင်းရဲပြီး ရောဂါသည်ဘဝနဲ့ ဒီလောကထဲ မနေချင်ဘူး။ သေဖို့ပဲ ဆုံးဖြတ်တယ်။ ဒါကြောင့်လည်း နေ့ခင်းက တည်းကထွက်လာတာ ညနေစောင်းမှ သာကေတ တံတားပေါ်ရောက်တယ်”

“ဗိုက်က ဟာတာတာရှိတာမို့ မသေခင် တောင်းရမ်းလာတဲ့ ထမင်းတလုတ် ရေတခွက်တော့ စားလိုက်ဦးမယ်ပေါ့ဗျာ”

“ဗိုလ်ချုပ်ဈေးထဲက အနာကြီးရောဂါသည် သူတောင်းစားကြီးက ကျနော့်ကိုပြောပြတာပါအန်ကယ်” သူက ဘယ်လို ဆက် ပြောသလဲဆိုတော့ …

ထမင်းစားပြီး ရေတခွက် မော့သောက်လိုက်တော့ အားပါးပါး အဲဒီနေ့က လပြည့်နေ့၊ လက ကောင်းကင်မှာ ထိန်လင်းနေ တာပဲဗျာ။ လအရိပ်ကလည်း မြစ်ထဲ တလက်လက်ထလို့ပေါ့။ ဒီလောက်အလှအပတွေနဲ့ ပြည့်စုံတဲ့လောကကြီး ငါ မသေသင့် တော့ဘူး။ ရှိတဲ့ဘဝနဲ့ ဖြစ်အောင်နေမယ်ဆိုပြီး အဲဒီညက သာကေတတံတားပေါ်မှာပဲအိပ်လိုက်တယ်။ နောက်နေ့မနက် စောစော ထလာပြီး ဗိုလ်ချုပ်ဈေးထဲက မြောက်ဘက်တန်းမှာပဲ အရင်လို တောင်းရမ်းစားသောက်နေလိုက်တော့တယ်။

ဒီတခါ သူ့ရယ်သံ မကြားရ။ ကုလားထိုင်ပေါ်တွင် မတ်မတ်ကြီးထိုင်နေတယ်။ ဒါကလည်း သူထိုင်နေကျပုံစံ။ ထိုင်လျှင် ဘယ် တော့မှ လျော့လျော့ရဲရဲ မထိုင်တတ်။ လက်နှစ်ဖက် ခုံတန်းပေါ် တင်ပြီး မတ်မတ်ထိုင်တယ်။ ခဏကြာတော့ ခေါင်းလေးငဲ့ကာ မေးခွန်းထုတ်တယ်။

“တံတားပေါ်က ခုန်ချသတ်သေဖို့သွားတဲ့ သူတောင်းစားကြီးက ဒါလောက်ခံစားတတ်သလား။ စကားလုံးတွေ ပြောင်မြောက် တာပဲ။ ပြီးတော့ ဗိုလ်ချုပ်ဈေးကနေ သာကေတကို အနာကြီးရောဂါသည် ခြေမသန်စွမ်းနဲ့ ဘယ်လိုသွားသလဲဗျ”

ကျနော်က ပြန်ရှင်းပြရတယ်။

“အဲဒီတုန်းက လိုင်းကားတွေရှိတယ်အန်ကယ်ရ။ နောက်ပြီး စကားလုံးအလှအပတွေကတော့ နားထောင်ကောင်းအောင် ကျနော် ဖြည့်ပြောတာ။ သူတောင်းစားကြီးက တုံးတိတိကြီး ပြောတာပေါ့။ သူတောင်းစားကြီးက ကျနော်စာအုပ်ရောင်းတဲ့ဆိုင်ရဲ့ တဖက်နံရံမှီပြီး စားသောက်နေထိုင်တယ်လေ။ ကျနော်နဲ့လည်း ရင်းနှီးတော့ ရင်ဖွင့်ပြောတာပေါ့”

သူက ကျေနပ်သွားဟန်နဲ့ ကိုယ်လုံးကို လှုပ်ရမ်းလိုက်တယ်။ ဘဝင်တော့ သိပ်ကျပုံမရ။ ကျနော်ပြောပြသည့်အကြောင်း အရာက သူဖတ်ဖူးတဲ့ မို့ပါဆွန်းဝတ္ထုနှင့် ခပ်ဆင်ဆင်ဇာတ်လမ်းမို့ ဝါးတဝါး စဉ်းစားနေပုံရတယ်။

(၄)
ရဲဘော်ဦးတင်နှင့် စကားစမြည် ပြောဖြစ်တဲ့အချိန်တွေဟာ ညနေ ထမင်းစားအပြီး အချိန်များတွင်သာ ဖြစ်တတ်တယ်။ တခြားအချိန်တွေမှာ သူ မအားလပ်။ အချိန်ပြည့် သူ့မှာ အလုပ်တွေ ပိနေတတ်သည်။ သူ့အချိန်ဇယားမှာ အနားယူသည့်အချိန် မရှိသလောက်ပင်။ ဒါကြောင့် သူနှင့်တွေ့လို့ စကားဝိုင်းဖွဲ့လျှင် ပေါ့ပေါ့ပါးပါး ရယ်မောစရာတွေသာ ပြောဖြစ်သည်။ စစ်ဆင် ရေးနဲ့ပတ်သက်လို့ ဆွေးနွေးလျှင်တော့ လေးနက်တည်ကြည်မှုတွေနဲ့ပါ။

ဦးတင်က မနက်အိပ်ရာ ထ ထချင်း ကျန်းမာရေးလေ့ကျင့်ခန်း လုပ်မည်။ ပြီးလျှင် စာရေးစားပွဲထိုင်၍ တကုပ်ကုပ်ရေးတော့ ဖတ်တော့သည်။ သူ့အလုပ်အချိန်အတွင်း ဘေးစကားဝိုင်းတွင် သူဝင်ပြောလေ့မရှိ။ နေ့လည်ထမင်းစားပြီးလျှင် ပက်လက် ကုလားထိုင်တွင် ခဏလေး မှေးသည်။ အိပ်ရာထတာနဲ့ စာရေးစားပွဲသို့ တန်းသွားတော့တာ ညနေ ထမင်းစားချိန်အထိပါပဲ။ ထမင်းစားပြီးရင် အန်တီ (ဒေါ်သန်းစိန်) က အချိုပွဲပြင်ပေးကာ စကားဝိုင်းဖွဲ့ကြသည်။ ပန်ဆန်းမှာ ညဘက်မီးနဲ့ စာဖတ်လို့ မရတော့။ အချိန်ကို အလဟသ မထားတတ်။ သူက ရေဒီယိုမှလာတဲ့ သတင်းပေါင်းစုံ လှိုင်းပေါင်းစုံ နားထောင်သည်။ သူလို ချင်တဲ့ အချက်အလက်တွေ မှတ်ဖို့ ဘောပင်၊ စာရွက် အရန်သင့် ထားတယ်။ သတင်းထဲက ထူးတာ သူလိုချင်တဲ့အချက်တွေရှိရင် ချက်ချင်းလိုက်မှတ်သည်။ နံဘေးရှိ ရဲဘော်ကိုလည်း ပြန်ဖတ်ပြရင်း သူမှတ်ထားတာ မှန်မမှန် အတည်ပြုခိုင်းတတ်သည်။ ဒါကြောင့် အန်တီက ….

“တော်ကလဲ အနားယူတဲ့အချိန် နားစမ်းပါ။ တကတဲ လူရည်ချွန်စာမေးပွဲ ဖြေမယ့် ကျောင်းသားကျနေတာပဲ” လို့ ရယ်ရွှန်း ဖတ်ရွှန်း ပြောတတ်သည်။
“အသက်အရွယ်ရလာတော့ ဦးနှောက်နဲ့မှတ်ရတာ မလွယ်တော့ဘူးဗျ။ မေ့လျော့တတ်လာတယ်” လို့ သူက ပြန်ပြောသည်။

“အန်ကယ်ကလည်း တခြားဟာသာ မေ့ချင်မေ့မယ်။ ဟိုင်နန်ကိုအသွား တိုကျိုဟော်တယ်မှာ ခဏတည်းတုန်းက ဧည့်ခံတဲ့ အမျိုးသမီးနာမည်တော့ မမေ့ဘူးမဟုတ်လား” လို့ ကျနော်ပြောလိုက်သည်။

“ဟုတ်တယ်။ ဟုတ်တယ်။ ထူးထူးခြားခြားကို မှတ်မိနေတယ်ဗျာ။ အဲသူတို့ နှစ်ယောက်နာမည်က ‘အေးဟိကော့’ နဲ့ ‘ဟီရော့ ကော့’ လေ”

အန်တီက မျက်စောင်းလေးဖြင့် ရယ်လိုက်လေသည်။

(၅)
“ကျနော့်ကို ချိန်းထားတဲ့အိမ်ထဲရောက်တော့ အတော်လေးမှောင်နေပြီဗျ။ နှစ်ယောက်အိပ် ကုတင်အောက်က ဂျပန်ရေတပ် အင်္ကျီယူမလို့ လက်နဲ့စမ်းလိုက်တော့ ခုတင်အောက်မှာ လူတယောက်ဗျ။ ကျနော်တို့ နှစ်ယောက် ပြိုင်တူမေးလိုက်တယ်။

“ခင်ဗျားဘယ်သူလဲ”

“အေးဗျ။ သူ့အသံ ကျနော်မှတ်မိနေတယ်။ သခင်သန်းတင်ပေါ့။ သူကလဲ ကျနော့်အသံ မှတ်မိသွားပြီး သခင်ရွှေ၊ ကိုရွှေမ ဟုတ်လား” လို့ ပြောလိုက်တယ်။ “ဝမ်းသာလိုက်တာဗျာ။ ကျနော်တို့ နှစ်ယောက်လက်ဆွဲနှုတ်ဆွဲတာ အကြာကြီးပဲ၊ တယောက် လက် တယောက် ဖိကိုင်ထားမိတယ်။ သိပ်အားရှိသွားတယ်”

၁၉၄၁ ခုနှစ် ဂျပန်သို့ စစ်ပညာသင်သွားသည့်ညက အတွေ့အကြုံကိုသူက တက်ကြွလန်းဆန်းဆဲ အသံနဲ့ ပြောတတ်သည်။

“ကျနော် တိုကျိုမှာတွေ့ခဲ့ရတဲ့ဂျပန်လူမျိုးတွေဟာ ယဉ်ကျေးကြပါတယ်။ ရင်းနှီးပျူငှာကြပါတယ်။ ဗုဒ္ဓဘာသာ ကိုးကွယ်တာ ကြောင့်လည်း ဖြစ်နိုင်တယ်”

“ဒါပေမဲ့ ဖက်ဆစ်ဝါဒ အပြည့်အဝကျင့်သုံးတဲ့ဟိုင်နန်ကျွန်းပေါ်က စစ်ရေးလေ့ကျင့်ရေးစခန်း အတွေ့အကြုံကတော့ ခါး သီးရိုင်းစိုင်းလှတယ်” လို့လည်း ပြောပြပါသည်။

နောက်ပိုင်း ဂျပန်တွေကို သူတို့ရဲဘော်သုံးကျိပ်က မယုံတော့ဘူး။

“ထိုင်းရောက်တော့ ဘီအိုင်အေဖွဲ့ပြီး တပ်သားစုဆောင်းတယ်။ အင်္ဂလိပ်နယ်ချဲ့ကို ပြန်တိုက်ပြီး တိုင်းပြည်လွတ်လပ်ရေး ရအောင်ယူမယ်လို့ စည်းရုံးတော့ လူနှစ်ရာလောက် စုဆောင်းမိတယ်။ ထိုင်းရောက်နေတဲ့ ဗမာ၊ မွန်၊ ရှမ်းလူမျိုး လူငယ်တွေ တပ်ထဲဝင်လာကြတယ်။ သူတို့ကို ရက်တိုစစ်သင်တန်းပေးတယ်။ နောက် တပ်ထွက်တယ်။ လူမျိုးပေါင်းစုံဆိုလို့ ကျနော်အုပ် ချုပ်ရတဲ့တပ်စုမှာ ဓားပြတောင်ပါလိုက်သေးတယ်။ အဲဒီဓားပြတွေက ကျနော့်ကို ဖြောင်မယ်လုပ်လို့ လက်ဦးမှုရှိရှိ ရှင်းခဲ့ရ သေးတယ်”

သူက ဂျပန်လှံစွပ်ထိုးပုံကို လက်ဟန်ပန်ဖြင့် လုပ်ပြသည်။ အဲဒီတုန်းက အသက် ၂၀ အရွယ် ဗိုလ်ကျော်ဇောသွင်ပြင်ပါပဲလားလို့ ကျနော်ကစိတ်ကူးဖြင့် ပုံဖော်ကြည့်မိသည်။

“ခင်ဗျားတို့ အသက်ငယ်သေးတယ်။ လုပ်စရာအများကြီးရှိသေးတယ်။ အချိန်ကိုတန်ဖိုးရှိအောင် အသုံးချကြ” လို့ ပြောတတ် သည်။

သူ့အတွက်ကတော့ ရှိတဲ့အချိန်ပင် မလောက်ငချင်။ အလုပ်ဇောကြီးလှသည်။ နားချိန်မရှိ၊ စားချိန်မထား။ သူ့မှာ အလုပ်ကြွေး တွေ အများကြီးရှိသေးတယ်ဆိုပြီး ညည်းတတ်သည်။ ကျနော်တို့မှာ ရဲဘော်ဦးတင်ကိုကြည့်ပြီး ရင်မောရသည်။ အန်ကယ် ရယ် ၁၉ နှစ်သားထဲက တိုင်းပြည်အတွက်လုပ်လာခဲ့တာ ခုထိမရပ်မနားရသေးဘူး။ တိုင်းပြည်လွတ်လပ်ရေးရဖို့၊ ပြည်တွင်း စစ်ကြီး ချုပ်ငြိမ်းဖို့၊ အာဏာရှင်စနစ်ဖျက်သိမ်းဖို့၊ တိုင်းပြည်ထူထောင်ဖို့ သူ့ဘဝတသက်စာမက ပေးဆပ်နေရဆဲပါလား။

“ကျနော်တို့ နိုင်ငံထူထောင်ဖို့ဆိုရင် နိုင်ငံတကာ တော်လှန်ရေးအတွေ့အကြုံတွေကို အခုကတည်းက လေ့လာစုဆောင်း ထားရမယ်။ ဒါမှ သူတို့လိုအမှားတွေ ကျနော်တို့ မမှားတော့ဘူးပေါ့။ ပြီးတော့ သူတို့သမိုင်းထဲက အမှန်တွေကို ကျနော်တို့ တော်လှန်ရေးအတွက် အသုံးချနိုင်မယ်”

သူက စကားကို ဖောဖောသီသီပြောတတ်သူမဟုတ်။ ဆိုခဲစေမြဲစေဆိုသလို ပြောလိုက်သည့်စကားတိုင်းသည် ကျနော်တို့ အတွက် အလုပ်လမ်းညွှန်ပင်။

“မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်ဆိုတာ လူမျိုးတိုင်းရှိကြတာပဲ။ ကွန်မြူနစ်ကျတော့ မျိုးချစ်စိတ် တိုင်းပြည်ချစ်စိတ်အပြင်၊ နိုင်ငံတကာချစ်စိတ်နဲ့ တိုက်ပွဲဝင်ရတာ ပိုပြီးမြင့်မြတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ခေါင်းဆောင်လုပ်တဲ့သူတိုင်းမှာ မျိုးချစ်စိတ် တိုင်းပြည်ချစ်စိတ်လေးတော့ အခြေခံရှိသင့်တယ်”

ဆောင်းနှင်းငွေ့ငွေ့၊ မြူနှင်းမှုန်မှုန်၊ မီးဖိုနဘေး သူနဲ့စကားလက်ဆုံကျခဲ့တဲ့ ညတညက သူ့စကားသံကို ယခုတိုင် ကျနော် ကြားယောင်နေဆဲပင်။

(၆)
“ဒီမြေပုံပေါ်က တောင်ကုန်းပေါ်မှာ လက်နက်ကြီးတင်လို့ ရနိုင်မလား”

“ရန်သူ့တပ်တည်အရ ဒီပွိုင့်ကုန်းမှာ တပ်ခွဲတခွဲရှိနိုင်မလား”

“အခုတိုက်ပွဲကို ကျနော်တွက်တာ ကျနော်တို့ဖက်က ၁ ရန်သူ ၃ ဖြစ်နိုင်တယ်”

“အရေးကြီးလူနာတွေအတွက် တောတောင်ထူထပ်တဲ့နေရာမှာ ဆေးရုံဆောက်မယ်။ ရန်သူ့လေယာဉ် မမြင်နိုင်တဲ့ ကျည် ကွယ်မျက်ကွယ်နေရာ ရွေးချယ်ပေးပါ”

“သံလွင်မြစ်ကို တပ်ရင်းတရင်းဖြတ်ရင် ဘယ်လောက်ကြာနိုင်သလဲ။ ရေစီးနဲ့ ရေစုန်မျှောရင် အချိန်ပိုမြန်နိုင်တယ်”

“ရဲဘော်တွေအတွက် စားဝတ်နေရေး လုံလောက်မှုရှိရဲ့လား။ ရိက္ခာဘယ်အထိပို့ထားသလဲ။ မိုးကာအင်္ကျီ ဆေးဝါး လုံ လောက်အောင်ပို့ထားပြီးပြီလား”

“တောင်တန်းဒေသ တိုက်ပွဲတွေမှာ လက်နက်ကြီးနဲ့ မြေပြင်တပ် ပေါင်းစပ်တာ ကျနော်တို့တပ် အကောင်းဆုံးပဲ”

“ကျနော်တို့မှာ နောက်တန်းထောက်ပို့ ကောင်းကောင်းရှိတယ်။ ပြောက်ကျားငယ်ကနေ ပြောက်ကျားကြီးအထိ တိုက်ပွဲကို တိုးချဲ့သင့်တယ်”

ကျနော်တို့ ရှေ့တန်းသွားခါနီးအချိန်နှင့် နောက်တန်းကို ပြန်ရောက်တိုင်း သူမေးလေ့ရှိတဲ့ မေးခွန်းတွေပါ။ သူ့မေးခွန်းတွေကို တိတိကျကျဖြေမှ ကြိုက်သည်။ ဖြီးဖြန်း၍မရ။ သူလည်း အဖြီးအဖြန်းသမားမဟုတ်။ လက်တွေ့နှင့် သီအိုရီပေါင်းစပ်သူ။ တိ ကျသူ။ သူကိုယ်တိုင် တိုက်ပွဲနှင့် အနီးကပ်ဆုံးနေရာမှာ ရှိသည်။ လက်နက်ကြီးတင်ရန်နေရာ တောင်ကုန်း သူကိုယ်တိုင် ရောက်အောင်သွားသည်။ တဖက်ရန်သူအနေအထား မှန်ပြောင်းဖြင့် အကဲခတ်ကြည့်သည်။ တိုက်ပွဲဖြစ်ပြီဆိုသည်နှင့် မြေပုံ ပေါ်တွင် သူ့မျက်နှာအပ်ပြီးသား။
သူ့ဘဝတလျှောက် ဖက်ဆစ်တော်လှန်ရေး အတွေ့အကြုံ၊ တရုတ်ဖြူတိုက်ခိုက်ရေး အတွေ့အကြုံ၊ ရန်ကုန်အစိုးရ နှလုံးခုန်ရပ် အံ့ဆဲဆဲ အသက်ဆက် သွေးဖြည့်ပေးခဲ့သူမဟုတ်လား။

တရုတ်ဖြူတပ်ကို မြန်မာမြေပေါ်က မောင်းထုတ်ခဲ့သော ဘုရင်နောင်စစ်ဆင်ရေးတွင် အခက်အခဲဆုံးလုပ်ရသည်မှာ သံလွင် တဖက်ကမ်းသို့ လက်နက်ကြီး ပို့ဆောင်ရခြင်းဖြစ်သည်လို့ သူက ဆိုသည်။ ဆင်များပေါ်တွင် လက်နက်ကြီးများတင်၍ရရန် ကြိမ်ဖြင့် ဆင်ကုန်းနှီး ရက်ရသည်။ ကြိမ်ရက် ကျွမ်းကျင်သူ ရွာသားများ ရှာဖွေစုဆောင်းထားရသည်။ လက်နက်ကြီး တင် ထားသောဆင်ကို ဖောင်ပေါ်တင်၍ တဖက်ကမ်းသို့ ကူးကြရသည်။

စစ်ဆင်ရေးမစတင်မီ သံလွင်မြစ်ကြောင်းတလျှောက် ဖောင်နှင့် မိမိစစ်သည်များ အလွယ်တကူ ဖြတ်ကူးနိုင်မည့် နေရာအား တပ်မတော်လေယာဉ်ဖြင့် ရှာဖွေကြသည်။ ဖြတ်ကူးမည့်နေရာနှင့် အနီးဆုံးနေရာတွင် ရေစီးနှေးသွားရန် မြစ်ညာမှ မြစ်ကျဉ်း နေရာထိ သစ်တုံးများ မျှောချပိတ်ဆို့ စေသည်ဟု ဆိုသည်။

အဲဒီတုန်းက တိုင်းမှူးဘဝ၊ စစ်ဆင်ရေးမှူးဘဝနှင့် ခြေလျင်တဖုံ၊ မြင်းနှင့်တမျိုး၊ လက်နက်ကြီးပစ်ခတ်သည့်နေရာအထိ အောက်ခြေတပ်များနှင့်အတူ သွက်လက်ဖျတ်လတ်စွာ တိုက်ပွဲဝင်ခဲ့သော သူ့ပုံရိပ်ကို မြင်ယောင်နေမိသည်။

(၇)
၁၉၈၀ ခုနှစ် ရန်သူ့ မင်းရန်အောင်ထိုးစစ် ပြီးသွားသည်။ ၁၉၈၁ နှစ်လယ်ပိုင်းတွင် မင်းရန်အောင်စစ်ဆင်ရေးအပြီး ရန်သူ လုပ်ဆောင်လာနိုင်သော စစ်ဆင်ရေးနှင့် မိမိမှ တန်ပြန်လုပ်ဆောင်မည့်စီမံချက်စာတမ်းကို ရဲဘော်ဦးတင်က ဗဟိုစစ်ကော် မရှင်သို့ တင်ပြသည်။

ထိုစာတမ်းအတွက် ကျနော်နှင့်ရဲဘော်မေစီတို့ကို အကူအညီတောင်းခံလာသဖြင့် ရက်တချို့လုပ်ဆောင်ပေးခဲ့ရသည်။

စာတမ်းမူရင်း ရေးအပြီး သူလိုချင်သော မိတ္တူများပွားကူးစေသည်။ စာအုပ်ချုပ် မျက်နှာဖုံးရေးရသည်။ အားလုံး စိတ်ကျေ နပ်ပြီဆိုတော့မှ မလိုသော စာမူများ၊ မင်ခံစာရွက်များ၊ အကြမ်းရေးခြစ်စာရွက်များအားလုံးကို သူကိုယ်တိုင် မီးရှို့ဖျက်ဆီးသည်။ တိကျသေချာပြီး အတွေ့အကြုံများသော သူ့အတွက် အသေးအဖွဲပင်ဖြစ်ပါစေ စေ့စပ်မှုကို လိုလားသူဖြစ်လေသည်။

ထိုတနေ့က သူနဲ့ကျနော် စစ်ဒေသ စစ်ဦးစီးဌာနသို့ ထိုစာတမ်းကို သွားပို့ရမည်ဖြစ်သည်။ သူနေထိုင်သော ဗဟိုဌာနချုပ်နှင့် စစ်ဒေသ စစ်ဦးစီးဌာနသည် ၂၀ မိနစ်ခရီးဖြစ်သည်။

သူက စာတမ်းကို လက်ဆွဲအိတ်ထဲတွင် သေချာစွာထည့်သွင်းလိုက်သည်။ လက်ဆွဲအိတ်ကို သော့သေးသေးလေးဖြင့် ခတ်လိုက်သည်။ အိမ်ကထွက်သည်။ အိမ်တံခါးသော့ကို သေချာစွာခတ်လိုက်သည်။ သော့ခလောက် ဆွဲကြည့်သည်။ သေ ချာပြီဆိုမှ –

“ရဲဘော် သွားရအောင်” တဲ့။

ကျနော်တို့နှစ်ယောက် လမ်းမြှောင်လေးအတိုင်း ထွက်ခဲ့ကြသည်။

သူက ပြည်သူ့တပ်မတော် အစိမ်းရောင် ယူနီဖောင်းဝတ်ထားသည်။ ကြယ်နီတပ်ထားသော ဦးထုပ်အစိမ်းရောင် ဆောင်း ထားပြီး ခါးတွင် ပစ္စတိုချိတ်လျက်သား။ လမ်းလျှောက်လျှင်တော့ ခါး အနည်းငယ်ကိုင်းသည်။

ရှေ့မှ ခြေလှမ်းမှန်မှန်ဖြင့် တရွေ့ရွေ့သွားနေသော ရဲဘော်ဦးတင်နောက်မှ ကျနော်သည် ခြေရာထက်ကြပ်လိုက်နေမိတော့ သည်။

ဖုဏ်းမြတ်သာ

မှတ်ချက်
သူတို့ရင်ထဲက ဗိုလ်ကျော်ဇော။ အတွဲ (၁)။ နှာ (၂၆၂)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Tags: , , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

Archives