ဘာသာပြန်ကဏ္ဍ အခန်းဆက်များ

မာန်သီဟထွန်း – ဆေပီယန်စ် (၁၉) – ရှေးခေတ်လူတွေကို အားကျစရာလား

 

မာန်သီဟထွန်း – ဆေပီယန်စ် (၁၉) – ရှေးခေတ်လူတွေကို အားကျစရာလား

Sapiens – A Brief History of Humankind by Yuval Noah Harari

(မိုးမခ) မတ် ၁၆၊ ၂၀၁၉ 

စာရေးသူ၏ ဖေ့စ်ဘွတ်မှ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။

ဆေပီယန်စ် – ၁၉

ဆေပီယန်စ်တို့ဟာ အစားအစာနှင့် အခြားပစ္စည်းတွေပဲ ရှာဖွေစုဆောင်းခဲ့ကြတာ မဟုတ်ပါဘူး။ အသိပညာဗဟုသုတတွေကိုလည်း ရှာဖွေစုဆောင်းခဲ့ကြပါတယ်။ အသက်ရှင်သန်ဖို့အတွက် သူတို့ကျက်စားတဲ့နယ်မြေအသေးစိတ်ကို စိတ်ထဲမှာ အလွတ်ရထားဖို့လိုတယ်။ ပြီးတော့ နေ့စဉ်အစာရှာဖွေရာတဲ့အခါမှာ အထိရောက်ဆုံးဖြစ်ဖို့အတွက် အပင်တစ်ပင်ချင်းစီရဲ့ ရှင်သန်ကြီးထွားတဲ့ပုံစံ၊ တိရိစ္ဆာန်တစ်ကောင်းချင်းစီရဲ့ အလေ့အထ စတဲ့အရာတွေကိုလည်း သူတို့အနေနဲ့ သိထားဖို့လိုတယ်။ ဘယ်အစားအစာက လူကိုအာဟာရဖြစ်စေပြီး ဘယ်အရာကတော့ နေမကောင်းဖြစ်စေတယ်။ တခြားဘယ်အရာတွေကို ဆေးအဖြစ်ဘယ်လိုသုံးရတယ်ဆိုတာတွေ သိထားဖို့ လိုပါတယ်။ ရာသီတွေရွေ့လျားပြောင်းလဲတာ၊ ဘယ့်ရှေ့ပြေးလက္ခဏာတွေက မိုးကြိုးမုန်တိုင်းတွေ၊ မိုးခေါင်ခြင်းတွေကို သတိပေးနေတယ်ဆိုတာတွေ သိထားဖို့လိုပါတယ်။ သူတို့ကျက်စားတဲ့နယ်မြေက ရှိရှိသမျှသော မြစ်ချောင်းတွေ၊ သစ်ကြားပင်တွေ၊ ဝက်ဝံဂူတွေ၊ မီးသင့်ကျောက်တွေရှိတဲ့နေရာ စသည်ဖြင့် အားလုံးကို သိထားရပါတယ်။ ကျောက်ဓားတစ်ခု ဘယ်လိုလုပ်ရတယ်၊ စောင်ကို ဘယ်လိုဖာရမယ်၊ ယုန်ထောင်ချောက်တစ်ခု ဘယ်လိုဆင်ရတယ်၊ မြေပြိုတာ၊ မြွေကိုက်ခံရတာ နှင့် ဗိုက်ဆာနေတဲ့ခြင်္သေ့စတဲ့ အရာတွေကို ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာ အယောက်တိုင်းက သိနားလည်ထားရပါတယ်။

အခုလိုများမြောင်လှတဲ့ တတ်ကျွမ်းစရာအမျိုးမျိုးကို ပိုင်နိုင်ဖို့ဆိုတာ နှစ်ပေါင်းများစွာ တပည့်ခံသင်ယူဖို့၊ လေ့ကျင့်ဖို့ လိုအပ်ပါတယ်။ ရှေးခေတ် သာမန်ရှာဖွေစားသောက်သူတစ်ယောက်ဟာ မီးသင့်ကျောက်တစ်ခုကို မိနစ်ပိုင်းအတွင်း လှံထိပ်တစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်တယ်။ သူတို့လုပ်သလိုမျိုး ကျွန်တော်တို့ လုပ်ကြည့်တော့ ပုံမကျပန်းမကျနဲ့ သနားစရာပဲဖြစ်နေပါတယ်။ ကျွန်တော်တို့အများစုမှာ မီးခတ်ကျောက်နှင့်ချော်ကျောက်နက်တွေရဲ့ အလွှာအကြောသဘာဝကို ကောင်းကောင်းနားလည်တဲ့ ဗဟုသုတ မရှိဘူး။။ ဒါ့အပြင် အဲဒီအရာတွေကို တိတိကျကျ လိုသလိုထုထွင်းတဲ့ လက်သမားစွမ်းရည်လည်း မရှိကြဘူး။

နောက်တစ်နည်းနဲ့ပြောရရင် အနာဂတ်မျိုးဆက် အများစုနှင့်နှိုင်းယှဉ်တဲ့အခါ သာမန်ရှာဖွေစားသောက်သူတစ်ယောက်မှာ သူနေထိုင်ရာပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး ပိုမိုနက်နဲကျယ်ပြန့်တဲ့ ဗဟုသုတအမျိုးမျိုး ရှိတယ်ဆိုတာပါပဲ။

ဒီနေ့ခေတ်ဖြစ်တဲ့ စက်မှုခေတ်လူ့အသိုင်းအဝိုင်းအများစုဟာ အသက်ရှင်သန်ဖို့အတွက် သဘာဝကမ္ဘာကြီးအကြောင်းကို သိဖို့မလိုဘူး။ ကွန်ပျူတာအင်ဂျင်နီယာ တစ်ယောက်၊ အာမခံကုမ္ပဏီအေးဂျင့်တစ်ယောက်၊ သမိုင်းဆရာတစ်ယောက်၊ စက်ရုံအလုပ်သမားတစ်ယောက်.. စတဲ့လူတစ်ယောက်အနေနဲ့ ဘဝမှာရှင်သန်ရပ်တည်ဖို့အတွက် ဘာတွေသိနားလည်ထားဖို့ လိုအပ်ပါသလဲ။ ကိုယ်ကျင်လည်ရတဲ့ ဒီကျဉ်းမြောင်းတဲ့နယ်ပယ်လေးနှင့်ပတ်သက်ပြီး ကျွမ်းကျွမ်းကျင်ကျင်သိထားဖို့ပဲ လိုတယ်။ အလွန်တရာ များမြောင်ကျယ်ပြောလှတဲ့ လူ့ဘဝရဲ့လိုအပ်ချက်အမျိုးမျိုးနှင့်ပတ်သက်လာရင်တော့ တခြားသောကျွမ်းကျင်သူတွေရဲ့ အကူအညီကိုပဲ မျက်စိမှိတ် ယုံကြည်အားကိုးရပါတယ်။ သူတို့ရဲ့ ကျွမ်းကျင်မှုဆိုတာလည်း သူတို့ကျင်လည်တဲ့နယ်ပယ်အတွင်းမှာပဲ အကန့်အသတ်ရှိတယ်။ ဒီနေ့ခေတ်လူတွေရဲ့ စုပေါင်းအသိပညာဟာ ရှေးခေတ်လူအုပ်စုတွေထက် အဆမတန် သာလွန်ပါတယ်။ ဒါပေမယ့်လည်း တစ်ဦးချင်းအဆင့်မှာဆိုရင်တော့ ရှေးခေတ်ရှာဖွေစားသောက်သူတွေဟာ သမိုင်းမှာ ဗဟုသုတအများဆုံးနှင့်ကျွမ်းကျင်မှုအရှိဆုံး လူသားတွေဖြစ်ကြပါတယ်။

ရှာဖွေစားသောက်တဲ့ခေတ်နောက်ပိုင်းမှာ ဆေပီယန်စ်တို့ရဲ့ ဦးနှောက်အရွယ်အစား တကယ်ပဲသေးငယ်လာတယ်ဆိုတဲ့ အထောက်အထားအချို့ကိုတွေ့ရပါတယ်။ အဲဒီခေတ်မျာ အသက်ရှင်သန်ဖို့အတွက် လူတိုင်းမှာ စူပါစိတ်စွမ်းအားတွေရှိဖို့ လိုအပ်ခဲ့တယ်။ စိုက်ပျိုးရေးနှင့်စက်မှုထုတ်လုပ်မှုတွေရှိလာတဲ့အခါ လူတွေဟာ အသက်ရှင်ကန်ဖို့အတွက် တခြားသူတွေရဲ့ ကျွမ်းကျင်မှုအပေါ် အရင်ကထက်ပိုပြီး မှီခိုလာကြတယ်။ အဲဒါကြောင့် ‘တုံးအပြီး ဉာဏ်မရှိသူတွေအတွက်လည်း နေရာသစ်တွေ’ ပွင့်လာခဲ့တယ်။ လူတစ်ယောက်အနေနဲ့ ရိုးရိုးရေထမ်းသမား ဒါမှမဟုတ် ရိုးရိုးစက်ရုံအလုပ်သမားအဖြစ် လုပ်ကိုင်ရှင်သန်ပြီး ဘာစွမ်းရည်ထူးခြားမှုမှမရှိတဲ့ သူ့ရဲ့မျိုးရိုးဗီဇကို နောက်မျိုးဆက်တစ်ဆက်တစ်ခုကို လက်ဆင့်ကမ်းပေးလို့ ရလာပါတယ်။

ရှာဖွေစားသောက်သူတွေဟာ ပြင်ပကမ္ဘာပတ်ဝန်းကျင်မှာရှိတဲ့ သတ္တဝါတွေ၊ အပင်တွေ၊ အရာဝတ္ထုတွေကို နှံ့နှံ့စပ်စပ် သိရုံတင်မက အတွင်းကမ္ဘာဖြစ်တဲ့ သူတို့ရဲ့ကိုယ်ခန္ဓာ၊ စိတ်အာရုံခံစားမှုတွေ စတဲ့အရာတွေကိုပါ ပိုင်နိုင်စွာသိထားရပါတယ်။ သူတို့ဟာ မြက်တောထဲမှာ နည်းနည်းလေးလှုပ်သွားသည်ကိုနားထောင်ပြီး အဲဒီနေရမှာ မြွေရှိမရှိ သိနိုင်တယ်။ အပင်တစ်ပင်ရဲ့ သစ်ရွက်တွေကိုသေချာဆန်းစစ်ကိုင်ကြည့်ရုံနဲ့ အဲဒီအပင်က အသီးတွေ၊ ပျားအုံတွေ၊ ငှက်သိုက်တွေ ရှာဖွေနိုင်ကြတယ်။ နည်းနည်းလေးအားစိုက်ရုံနဲ့ တောထဲမှာ အသံမထွက်အောင် သွာလာနိုင်ကြပြီး တောထဲမှာ အမြန်ဆုံးနဲ့အထိရောက်ဆုံး ဘယ်လို ထိုင်ရမယ်၊ လမ်းလျှောက်ရမယ်၊ ပြေးလွှားရမယ်ဆိုတာ သိကြတယ်။ သူတို့ရဲ့ကိုယ်ခန္ဓာဟာလည်း ပုံစံအနေထားမျိုးမျိုးနဲ့ မနားတမ်းလှုပ်ရှားရတာကြောင့် မာရသွန်အပြေးသမားတွေလို ကြံ့ခိုင်သန်စွမ်းခဲ့ကြတယ်။ ဒီနေ့ခေတ်လူတွေ နှစ်ပေါင်းများစွာ ယောဂကျင့်တာ၊ ထိုက်ချိကျင့်တာကို လုပ်သည့်တိုင်အောင် ရှေးခေတ်လူတွေရဲ့ ကျွမ်းကျင်သွက်လက်စွာ ကိုယ်ခန္ဓာကို လှုပ်ရှားနိုင်မှုမျိုး မလုပ်နိုင်ကြပါဘူး။


အမဲလိုက်ရှာဖွေစားသောက်သူတွေရဲ့ ဘဝနေမှုပုံစံဟာ တစ်နေရာနှင့်တစ်နေရာ၊ တစ်ရာသီနှင့်တစ်ရာသီ မတူဘဲ အလွန်ကွဲပြားခြားနားပါတယ်။ ဒါပေမယ့် ဒီအမဲလိုက်ရှာဖွေစားသောက်သူအားလုံးကို ခြုံကြည့်မယ်ဆိုရင် သူတို့ရဲ့ခြေရာနောက်လိုက်လာတဲ့ နောင်လူသားမျိုးဆက်တွေဖြစ်တဲ့ စိုက်ပျိုးရေးလယ်သမားတွေ၊ သိုးထိန်းသမတွေ၊ အလုပ်ကြမ်းသမားတွေ၊ ရုံးစာရေးတွေထက် သာပြီး အမှန်တကယ်သက်သာပြည့်စုံတဲ့လူနေမှုပုံစံကို စံစားခဲ့ကြတယ်လို့ သတ်မှတ်လို့ရပါတယ်။

ဒီနေ့ခေတ် ပေါကြွယ်ဝပါတယ်ဆိုတဲ့ လူ့အဖွဲ့အစည်းမှာ လူတွေ တစ်ပတ်ကို နာရီ ၄၀ မှ ၄၅ အထိ အလုပ်လုပ်ရတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ တစ်ပတ်မှာ နာရီ ၆၀ ကနေ ၈၀ အထိတောင် အလုပ်လုပ်ကြရတယ်။ ဒီနေ့ခေတ် အမဲလိုက်ရှာဖွေစားသောက်သူတွေဟာ ကလဟာရီသဲကန္တာရလို အလွန်တရာကြမ်းတမ်းခက်ခဲတဲ့ ဒေသတွေမှာ နေကြပေမယ့်လည်း တစ်ပတ်မှာ ပျမ်းမျှ ၃၅ မှ ၄၅ နာရီအထိပဲ အလုပ်လုပ်ကြတယ်။ သူတို့ဟာ သုံးရက်တစ်ကြိမ်ပဲ အမဲလိုက်ထွက်ကြတယ်။ နေ့စဉ်အစာရှာဖွေစုဆောင်းမှုက ၃နာရီကနေ ၆နာရီပဲ ကြာတယ်။ သာမန်အချိန်တွေမှာ အဲဒီအချိန်ပမာဏက အုပ်စုတစ်ခုလုံးကို ကျွေးမွေးဖို့လုံလောက်ပါတယ်။ ဖြစ်နိုင်တာက ရှေးခေတ်ရှာဖွေစားသောက်သူတွေဟာ ကလဟာရီသဲကန္တာရထက် ပိုမိုမြေသြဇာဖြစ်ထွန်းတဲ့ ဒေသတွေမှာ နေထိုင်ခဲ့ကြတယ်ဆိုတော့ အစားအစာတွေရဖို့၊ ကုန်ကြမ်းပစ္စည်းတွေရဖို့ ဒီ့ထက်အချိန်နည်းနည်းပဲ ကြာခဲ့မှာပါ။ ဒါတင်မက ရှာဖွေစားသောက်သူတွေဟာ အိမ်မှုကိစ္စအနည်းငယ်ပဲ လုပ်ကိုင်ရပါတယ်။ သူတို့မှာ ဆေးစရာပန်းကန်တွေမရှိ၊ ဖုန်စုပ်စရာ ကော်ဇောတွေလည်းမရှိ၊ အရောင်တင်စရာ ကြမ်းခင်းတွေမရှိ၊ ကလေးအနှီးတွေလည်းလဲစရာ မလိုသလို ဆောင်စရာဘေလ်တွေလည်း မရှိပါဘူး။

စိုက်ပျိုးရေး နှင့် စက်မှုထုတ်လုပ်ရေး စီးပွားရေးတွေထက် ရှာဖွေစားသောက်သူတွေရဲ့ စီးပွားရေးက လူသားတွေကို ပိုစိတ်ဝင်စားစရာကောင်းတဲ့ဘဝကို ပေးပါတယ်။ ဒီနေ့ခေတ်မှာ တရုတ်စက်ရုံအလုပ်သမတစ်ယောက်ဟာ မနက် ၇နာရီဝန်းကျင် အိမ်ကထွက်တယ်။ ညစ်ပတ်နေတဲ့လမ်းတွေကိုဖြတ်ပြီး စက်ရုံသို့အရောက်သွားတယ်။ ပြီးရင် ကိုင်နေကျစက်ကို ကိုင်နေကျပုံစံအတိုင်း တစ်နေ့ပြီးတစ်နေ့ ၁၀နာရီကြာ လူကိုထုံထိုင်းသွားမတတ် လုပ်ကိုင်တယ်။ ပြီးတော့ ညနေ ၇နာရီဝန်းကျင်မှာ အိမ်ပြန်ပြီး ပန်းကန်တွေဆေးကြော၊ အဝတ်လျှော်ရတယ်။ လွန်ခဲ့သောနှစ်ပေါင်း ၃၀,၀၀၀ ကတော့ တရုတ်လူမျိုးရှာဖွေစားသောက်သူတစ်ယောက်ဟာ အပေါင်းအဖော်တွေကို စခန်းမှာထားခဲ့ပြီး မနက်၈နာရီဝန်းကျင်မှာ အိမ်မှထွက်မယ်။ အနီးဝန်းကျင်က တောအုပ်တွေ၊ မြက်ခင်းလွင်ပြင်တွေမှာ လှည့်လည်သွားလာပြီး မှိုတွေရှာမယ်၊ စားသောက်လို့ရတဲ့အမြစ်တွေတူးမယ်၊ ဖားတွေဖမ်းမယ်။ တစ်ခါတစ်လေ ကျားတွေနဲ့ဝေးဝေး ထွက်ပြေးရတာတွေ ပြုလုပ်ခဲ့ကြမှာပါ။ မွန်းလွဲချိန်အစောပိုင်းမှာတော့ နေ့လည်စာလုပ်ဖို့ စခန်းသို့ပြန်ရောက်လာကြတယ်။ အဲဒီအချိန်မှာ သူတို့တွေ အတင်းပြောဖို့၊ ပုံပြင်တွေပြောဖို့၊ ကလေးငယ်တွေနဲ့ဆော့ကစားပြီး သူငယ်ချင်းတွေနဲ့အတူအချိန်တွေဖြုန်းဖို့ အချိန်တွေအများကြီးရပါတယ်။ ဒါပေမယ့်လည်း တစ်ခါတစ်လေ သူတို့တွေ ကျားစာဖြစ်သွားတာတို့ ဒါမှမဟုတ် မြွေကိုက်ခံရတာတို့လည်း ရှိပါတယ်။ တခြားတဖက်မှာတော့ သူတို့အနေနဲ့ မတော်တဆယဉ်တိုက်မှုတွေ၊ စက်ရုံတွေရဲ့ညစ်ညမ်းမှုတွေ မကြုံရဘူးပေါ့။

နေရာဒေသတော်တော်များများနှင့် အချိန်ရာသီတော်တော်များများမှာ ရှာဖွေစားသောက်ခြင်းက အကောင်းဆုံးသောအာဟာရကို ပေးစွမ်းပါတယ်။ အဲဒီအချက်ဟာ အံ့သြစရာ မဟုတ်ပါဘူး။ အဲဒါဟာ လူသားတွေရဲ့ စားသောက်မှုပုံစံဖြစ်နေတာ နှစ်ပေါင်းရာထောင်ချီကြာနေပြီ ဖြစ်ပြီး လူ့ခန္ဓာကိုယ်မကလည်း အဲဒါနဲ့ ကောင်းကောင်းအသားကျနေပါပြီ။ ရုပ်ကြွင်းအဖြစ်ကျန်ခဲ့တဲ့ ကျောရိုးအထောက်အထားတွေက ညွှန်ပြနေတာတော့ ရှေးခေတ်ရှာဖွေစားသောက်သူတွေဟာ အာဟာရချို့တဲ့ခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်း စတာတွေ ခံစားရနိုင်ခြေ နည်းပါတယ်။ ဒါတင်မက သူတို့ရဲ့နောင်လာနောက်သားတွေဖြစ်တဲ့ စိုက်ပျိုးရေးလယ်သမားတွေထက် အများအားဖြင့် ပိုအရပ်ရှည်၊ ပိုကျန်းမာကြတယ်။ အမဲလိုက်ရှာဖွေစားသောက်သူခေတ်က ပျမ်းမျှလူ့သက်တမ်းဟာ နှစ် ၃၀၊ ၄၀ ပဲရှိပေမယ့်လည်း အဲဒီလိုဖြစ်ရတာက အများစုဟာ ကလေးဘဝမှာသေဆုံးမှု အလွန်မျာတာကြောင့် ဖြစ်ပါတယ်။ လူ့ဘဝရဲ့အန္တရာယ်များတဲ့ ကနဦးနှစ်တွေကို ကျော်လွန်နိုင်တဲ့ ကလေးငယ်တွေဟာ အသက် ၆၀ အရွယ်အထိ အသက်ရှင်နိုင်တဲ့ ကောင်းမွန်တဲ့အခွင့်လမ်းတွေ ရှိပါတယ်။ တစ်ချို့ဆို အသက် ၈၀ အထိ အသက်ရှင်ခဲ့ကြတယ်။ ဒီနေ့ခေတ် ရှာဖွေစားသောက်သူတွေအကြားမှာ အသက် ၄၅နှစ်ရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာ နောက်ထပ် ၂၅နှစ်လောက် အသက်ရှင်ဖို့မျှော်လင့်နိုင်ပြီး သူတို့ရဲ့ လူဦးရေ ၅ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းဟာ အသက်၆၀နှင့်အထက် ဖြစ်ပါတယ်။

ရှာဖွေစားသောက်သူတွေကို အာဟာရချို့တဲ့ခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်း တွေကနေ ကာကွယ်ပေးခဲ့တဲ့ သူတို့ရဲ့ အောင်မြင်မှုလျှို့ဝှက်ချက်ကတော့ သူတို့ရဲ့ကွဲပြားစုံလင်တဲ့ အစားအစာပဲ ဖြစ်ပါတယ်။ စိုက်ပျိုးရေးလယ်သမားတွေဟာ အလွန်တရာမှပဲ အကန့်သတ်ရှိပြီး အမျိုးစားမစုံလင်တဲ့ အစားအစာကိုပဲ စားလေ့ရှိတယ်။ အထူးသဖြင့် ဒီနေ့လိုခေတ်မျိုးရောက်ခင်က စိုက်ပျိုးလုပ်ကိုင်တဲ့လူထုစားသုံးတဲ့ ကယ်လိုရီအများစုဟာ ဂျုံ၊ အာလူး၊ စပါး စတဲ့ သီးနှံတစ်ခုခုကနေပဲ လာပါတယ်။ အဲဒီအစားအစာတွေမှာ လူသားတွေလိုအပ်တဲ့ တခြားအာဟာရပစ္စည်းတွေ၊ ဓာတ်သတ္တုတွေ၊ ဗီတာမင်တွေ မရှိပါဘူး။ တရုတ်ကျေးလက်က သာမန်လယ်သမားတစ်ယောက်ဟာ ထမင်းကို မနက်စာ၊ နေ့လယ်စာ၊ ညစာ အဖြစ်စားပါတယ်။ တကယ်လို့ကံကောင်းတယ်ဆိုရင် နောက်ရက်တွေမှာလည်း အဲဒီလိုပဲ စားရဖို့မျှော်လင့်နိုင်တယ်။ ရှေးခေတ်ရှာဖွေစားသောက်သူတွေကတော့ အဲဒီလိုမဟုတ်ဘဲ ပုံမှန်အားဖြင့် ဒါဇင်နဲ့ချီကွဲပြားတဲ့ အစားအစာအမျိုးမျိုးကို စားသောက်ခဲ့ကြတယ်။ အဲဒီတရုတ်လယ်သမားရဲ့ ရှေးဘိုးဘေး ရှာဖွေစားသောက်သူကတော့ ဘယ်ရီသီးနှင့်မှိုတွေကို မနက်စာအဖြစ်စားမယ်။ တခြားအသီးတွေ၊ ခရုပက်ကျိတွေ၊ လိပ်တွေကို နေ့လည်စာအဖြစ်စားပြီး ယုန်သားကို ကြက်သွန်ရိုင်းနဲ့ကင်ထားတာကို ညစာအဖြစ် စားကောင်းစားခဲ့မှာပါ။ နောက်တစ်နေ့မှာ စားသောက်မယ့်အရာတွေကလည်း လုံးဝကွဲပြားတဲ့စားစရာတွေ ဖြစ်မှာပါ။ အခုလို ကွဲပြားစုံလင်တဲ့အစားအစာတွေက ရှေးခေတ်ရှာဖွေစားသောက်သူတွေကို လိုအပ်တဲ့အာဟာရဓာတ်အားလုံးကို ရရှိစေခဲ့ပါတယ်။

ဒါတင်မက ဘယ်အစားအစာတစ်ခုတည်းအပေါ်မှ မူတည်မှီခိုတာ မရှိတာကြောင့် သူတို့မှာ အစားအရင်းအမြစ်တစ်ခု ပြတ်လတ်သွားရင်လည်း ဒုက္ခရောက်နိုင်ချေသိပ်မရှိပါဘူး။ မိုးခေါင်တာ၊ တောမီး ဒါမှမဟုတ် ငလျင် စတဲ့အရာတွေက တစ်နှစ်တာ စပါးခင်းတွေ၊ အာလူးခင်းတွေကို ဖျက်ဆီးသွားရင် အငတ်ဘေးဆိုက်တာကြောင့် စိုက်ပျိုးရေးလူ့အသိုင်းအဝိုင်းတွေ အကြီးအကျယ်ပျက်စီးကြတယ်။ ရှာဖွေစားသောက်သူအသိုင်းအဝိုင်းတွေလည်း သဘာဝဘေးအန္တရာယ်တွေကို ကြုံတွေ့ခဲ့ကြပြီး အစာစားချင်တာ၊ အစာငတ်မွတ်တာ စတဲ့အရာတွေ ခံစားခဲ့ကြရမှာပါ။ ဒါပေမယ့် သူတို့ဟာ အခုလို သဘာဝဘေးအန္တရာယ်တွေကို ပိုမိုလွယ်ကူစွာ ရင်ဆိုင်ကိုင်တွယ်နိုင်ခဲ့ကြတယ်။ တကယ်လို့ သူတို့ စားနေကျအစာရင်းမြစ်တချို့ ဆုံးရှုံးရဆိုရင် တခြားသတ္တဝါတွေကို အမဲလိုက်တာ၊ တခြားအရာတွေရှာဖွေစားသောက်တာ ဒါမှမဟုတ် ဘေးအန္တရာယ် သက်ရောက်မှုနည်းပါးတဲ့နေရာကို ပြောင်းရွှေ့ခြင်းစတာတွေ ပြုလုပ်နိုင်ပါတယ်။


ရှေးခေတ်ရှာဖွေစားသောက်သူတွေဟာ ကူးစက်ရောဂါတွေကိုလည်း အနည်းငယ်ပဲ ခံစားခဲ့ကြရပါတယ်။ စိုက်ပျိုးရေး နှင့် စက်မှုထုတ်လုပ်ရေး လူ့အဖွဲ့အစည်းတွေကို ကပ်ဆိုးဆိုက်ဒုက္ခပေးတဲ့ ရေကျောက်၊ ဝက်သက်၊ တီဘီအဆုတ်နာ စတဲ့ကူးစက်ရောဂါအများစုဟာ လူတွေမွေးမြူထားတဲ့ တိရိစ္ဆာန်တွေက အစပြုခဲ့တာပါ။ အဲဒီကနေတဆင့် စိုက်ပျိုးရေးပြောင်းလဲမှုကြီးနောက်ပိုင်း လူသားတွေကို ကူးစက်ခဲ့တာဖြစ်တယ်။ ခွေးတွေသာမွေးမြူခဲ့ကြတဲ့ ရှေးခေတ်ရှာဖွေစားသောက်သူတွေဟာ အဲဒီလိုကပ်ဘေးဆိုးတွေနဲ့ ကင်းဝေးခဲ့ကြတယ်။ ဒါ့အပြင် စိုက်ပျိုးရေးနှင့်စက်မှုထုတ်လုပ်ရေး လူ့အဖွဲ့အစည်းတွေဟာ လူနေထူထပ်ပြီး သန့်ရှင်းမှုမရှိတဲ့ အတည်တကျအခြေချတဲ့နေရာတွေမှာ နေထိုင်ကြတယ်။ အဲဒီလိုနေရာတွေဟာ ကပ်ရောဂါတွေပေါက်ဖွားပြန့်ပွားဖို့ အကောင်းဆုံးနေရာတွေ ဖြစ်ပါတယ်။ ရှာဖွေစားသောက်သူတွေဟာ ကမ္ဘာပေါ်မှာ အုပ်စုငယ်တွေနဲ့လှည့်လည်သွားလာခဲ့ကြတဲ့အတွက် ကူးစက်ကပ်ရောဂါတွေ မဖြစ်နိုင်ခဲ့ပါဘူး။

ကွဲပြားစုံလင်ပြီး ပြည့်စုံတဲ့စားသောက်မှုပုံစံရှိတာ၊ တစ်ပတ်တာအတွင်းအလုပ်ချိန်အနည်းငယ်ပဲရှိတာ၊ ကူးစက်ရောဂါဖြစ်ပွားမှုရှားပါးတာ စတဲ့အရာတွေကြောင့် ကျွမ်းကျင်ပညာရှင်အများစုက စိုက်ပျိုးရေးမတိုင်မီ ရှာဖွေစားသောက်သူတွေရဲ့ လူ့အသိုင်းအဝိုင်းကို အလျှံပယ်ကြွယ်ဝတဲ့ မူလလူ့အဖွဲ့အစည်းလို့ သတ်မှတ်ကြတယ်။

ဒါပေမယ့်လည်း ဒီရှေးခေတ်လူတွေရဲ့ဘဝကို အားကျအတုခိုးမယ်ဆိုရင်တော့ အမှားတစ်ခုပဲ ဖြစ်မှာပါ။ သူတို့ဟာ စိုက်ပျိုးရေးနှင့်စက်မှုထုတ်လုပ်ရေး လူ့အဖွဲ့အစည်းက လူတွေထက် ပိုကောင်းမွန်တဲ့ဘဝတွေအဖြစ် နေထိုင်ခဲ့ကြပေမယ့်လည်း သူတို့ရဲ့ကမ္ဘာဟာ ခက်ထန်ကြမ်းတမ်းလှတယ်။ မကြာခဏပဲ ရှန်သန်ဖို့ခက်ခဲတာ၊ လိုအင်ဆန္ဒမပြည့်ဝတာတွေ ရှိခဲ့သလို ငယ်ရွယ်စဉ်ကလေးသေဆုံးမှုလည်း များခဲ့တယ်။ ဒီနေ့ခေတ်အတွက် မတော်တဆဒဏ်ရာလေးတစ်ခုဟာ အဲဒီခေတ်က လူကိုသေဆုံးစေတဲ့အထိ ဖြစ်ခဲ့နိုင်ပါတယ်။ လူအများစုဟာ လှည့်လည်သွားလာတဲ့လူအုပ်စုရဲ့ ရင်းနှီးချစ်ခင်မှုကို ခံစားခဲ့ကြရပြီး အုပ်စုအဖွဲ့ဝင်တွေရဲ့ မလိုမုန်းတီးတာ၊ ပမာမခန့်တာ ခံရတဲ့ကံမကောင်းသူအချို့ကတော့ ဆိုးရွားတဲ့ကံကြမ္မာနဲ့ကြုံတွေ့ကြရပါတယ်။ ဒီခေတ်ရှာဖွေစားသောက်သူတွေလည်း လူအုပ်နဲ့မလိုက်နိုင်တော့တဲ့ သက်ကြီးရွယ်အိုတွေ၊ နေမကောင်းဖြစ်သူတွေကို တစ်ခါတစ်လေ ချန်ထားခဲ့တာ၊ သတ်ခဲ့တာတွေ ရှိပါတယ်။ မလိုချင်တဲ့မွေးကင်းစကလေးတွေ၊ ကလေးသူငယ်တွေကို အဆုံးစီရင်တာတွေအပြင် ကိုးကွယ်ယုံကြည်မှုတွေကြောင့် လူတွေကို ယဇ်ပူဇော်တာတွေလည်းရှိခဲ့ပါတယ်။

ဘာသာပြန် – မာန်သီဟထွန်း

ဆေပီယန်စ်ကို တစ်ပတ်တစ်ကြိမ် တင်ပေးပါတယ်။ စာဖတ်သူ အားလုံး ကိုယ်ချမ်းသာပြီး စိတ်ချမ်းမြေ့ပါစေ။ ကျေးဇူးတင်ပါတယ်..

ပုံတွေကို အောက်ပါလင့်တွေကနေ ယူပါတယ်။

https://www.dailymail.co.uk/…/How-FARMERS-fitter-athletes-H…
http://sapiencia.eu/pichona-istoria-de-lumanitat-1-ledat…/…/
http://sapiencia.eu/pichona-istoria-de-lumanitat-1-ledat…/…/


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts