သတင်းပဒေသာ

ခင်နှင်းဝေ (Myanmar Now) ● လူမှုရေးပင်စင် အသက် သတ်မှတ်ချက်ကို ၉ဝ မှ ၈၅ နှစ်သို့ ပြောင်းလဲ

ခင်နှင်းဝေ (Myanmar Now) ● လူမှုရေးပင်စင် အသက် သတ်မှတ်ချက်ကို ၉ဝ မှ ၈၅ နှစ်သို့ ပြောင်းလဲ
(မိုးမခ) အောက်တိုဘာ ၁၊ ၂ဝ၁၈

၈၅ နှစ်နှင့်အထက်ကို ယခုလမှ အစပြုပြီး လူမှုရေးပင်စင် ထောက်ပံ့မည့် အစီအစဉ်တွင် ဘိုးဘွားနှစ်သိန်းကျော် အကြုံးဝင်မည် ဖြစ်သည်။

 

လူမှုရေးပင်စင်ခံစားခွင့်အသက် သတ်မှတ်ချက်ကို အသက် ၉ဝ မှ ၈၅ သို့ ယနေ့ စတင် ပြောင်းလဲလိုက်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနထံမှ သိရသည်။

 

ဤအပြောင်းအလဲသည်သက်ကြီးရွယ်အိုတို့အတွက် ဝမ်းသာဖွယ်သတင်းဖြစ်သည်ဟု လူကယ်ပြန် ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်
ဦးစိုးအောင်က ပြောသည်။

“ငွေရေးကြေးရေးကအဓိကမဟုတ်ပေမယ့် နိုင်ငံတော်ကနေ အဘိုး၊ အဘွားတွေကို အသိအမှတ်ပြုပေးတယ် ဆိုတဲ့ဂုဏ်ကို
အဘိုးအဘွားတွေက လိုချင်ကြတာ”  ဟု ဦးစိုးအောင်က
ပြောသည်။

ယနေ့သည် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ ဖြစ်ရာ အထိမ်းအမှတ် အခမ်းအနားများကို မြန်မာနိုင်ငံမြို့ကြီးတချို့တွင်ကျင်းပခဲ့ကြသည်။ နေပြည်တော်တွင်လည်း အစိုးရက အခမ်းအနားတစ်ခုကို ၂ ရက် ကြိုတင် ကျင်းပခဲ့သည်။

မြန်မာပြည်တွင်အသက် ၈၅ နှစ်နှင့်အထက်  ၂၃၁,ဝ၂၆ ဦး ရှိသည်ဟု၂ဝ၁၄ သန်းခေါင်စာရင်းတွင် ဖော်ပြထားသည်။
သတ်မှတ်ထားသည့်အသက်နှင့် ဘောင်ဝင်သော အဘိုးအဘွားများသည် လူမှုရေးပင်စင်ငွေ ထုတ်ယူရန် နိုင်ငံသားစိစစ်ရေးကတ်
(သို့ မဟုတ်) အိမ်ထောင်စုဇယားဖြင့် သက်ဆိုင်ရာ ရက်ကွက်အုပ်ချုပ်ရေးမှူးထံတွင် တင်ပြရမည်ဖြစ်ကြောင်း၊
ထိုသို့ အထောက်အထား မပြနိုင်ပါက သက်တူအဘိုးအဘွားသုံးဦး၏ ထောက်ခံမှု လိုအပ်ကြောင်း   အဆိုပါ ဝန်ကြီးဌာနမှ
ညွှန်ကြားရေးမှူးချုပ်တစ်ဦးဖြစ်သည့် ဒေါက်တာစန်းစန်းအေးက ပြောသည်။

“အခုစာရင်းကောက်လက်စ ရှိပါသေးတယ်။ ဘက်ဂျက်တင်ထားတာ ဘိုးဘွားဦးရေ တစ်သိန်းလေးသောင်းပါ။
သုံးလတစ်ကြိမ်အနေနဲ့ ကျွန်မတို့ ဒီဇင်ဘာလကုန်မှာ စပေးပါမယ်”ဟု ၎င်းက ပြောသည်။

ယခင်က အသက်ကန့်သတ်ချက်မှာ ၉ဝ ထိုစဉ်က  အဘိုးအဘွားဦးရေလေးသောင်းသုံးထောင်ကို အထောက်အပံ့ပေးခဲ့သည်ဟု ဆိုသည်။
အသက်အရွယ်လျော့ချလိုက်သည့် အဓိကရည်ရွယ်ချက်မှာ အရေအတွက် အများအပြားကို ထောက်ပံ့နိုင်ရေးအတွက်ဖြစ်သည်ဟု သိရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts