သတင်းပဒေသာ

ညောင်တုန်းမြို့နယ်ရှိ တောင်သူများ၊ ရေလုပ်သားများ ဆန္ဒထုတ်ဖော်မည်

ညောင်တုန်းမြို့နယ်ရှိ တောင်သူများ၊ ရေလုပ်သားများ ဆန္ဒထုတ်ဖော်မည်

ညောင်တုန်းမောင် (မိုးမခ)၊ ဇန်န၀ါရီ ၁၅၊ ၂၀၁၃

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ်အတွင်းရှိ ကျေးရွာအသီးသီးမှ တောင်သူလယ်သမားများ၊ ရေလုပ်သားများ သည် အင်အား(၅၀၀)ခန့်ဖြင့် ကိုယ်ကျိုးနစ်နာဆုံးရူံးမှုများအတွက် ဆန္ဒဖော်ထုတ်ရန် စီစဉ်နေကြောင်း သတင်းရရှိပါသည်။

ညောင်တုန်းမြို့နယ်အတွင်း ညောင်တုန်းကျွန်းပတ်တာနှင့် ဆက်စပ်လျှက်ရှိသော ရေသွင်း၊ရေနုတ်မြောင်းများကို အင်းလေလံဆွဲလုပ်ကိုင်နေသူ ဦးထိန်လင်းနှင့် တဆင့်ခံ ၀ယ်ယူလုပ်ကိုင်နေသူများသည် ရေချိုငါးလုပ်ငန်း ဥပဒေ၊ အင်းသားကြီးစဉ်းမျဉ်းစည်းကမ်း နှင့် တူးမြောင်းအက်ဥပဒေများကို ချိုးဖောက်နေကြကြောင်း သိရှိရပါသည်။

အော့(ဒ်)ချက်ကုမ္မဏီ၏ အင်းသားကြီး ဦးထိန်လင်းသည် ဆည်မြောင်းပိုင် ရေသွင်းရေနုတ်မြောင်းများအား သူပိုင်ဆိုင်သည်ဟု ဆိုပြီး အဆင့်ဆင့်ရောင်းချလျှက်ရှိခြင်း၊ ဆည်မြောင်းဦးစီးဌာနမှ ထိန်းသိမ်းထားရှိသော ရေသွင်းရေနုတ်မြောင်းများအတွင်း ယင်းကာပိတ်ဆို့၍ ငါးဖမ်းခြင်း၊ ရေစီးရေလာ အနှောက်အယှက်ဖြစ်စေသော လုပ်ငန်းများအား ဆောင်ရွက်လျှက်ရှိကြောင်း သိရပါသည်။

ထို့ပြင် လယ်သမားများရေသွင်းရေနုတ်ရန်အတွက် အားထားနေရသော ထိုမြောင်းများအား တမံတုတ်၍  ရေခန်းအောင် စက်ဖြင့်စုပ်ထုတ်ကာ ငါးဖမ်းခြင်း၊ ရေသွင်းရေနှုတ်မြောင်းများအတွင်း၌ ရှော့ခ်ရိုက် ငါးဖမ်းခြင်း၊ ရေစီးရေလာပိတ်ဆို့စေသော ချူံချခြင်း၊ ဗေဒါမွေးခြင်းများ ပြုလုပ်၍ ငါးဖမ်းခြင်းများကို လုပ်ဆောင်နေသောကြောင့် တောင်သူများမှာ လယ်ယာမြေများအတွက် ရေစီးရေလာ မကောင်းတော့ပဲ များစွာဆုံးရူံးမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။ တပိုင်တနိုင် ငါးဖမ်းစားသောက်နေရသော ဆင်းရဲသားရေလုပ်သားများကိုလည်း ရေနှုတ်မြောင်းကို ပိုင်ဆိုင်သည် ဆိုသူများက မြို့နယ်အတွင်းရှိ ရဲများကိုခေါ်လာပြီး သေနတ်ဖြင့်ချိန်ကာ ငါးဖမ်းခြင်းပြုနေသူများကို ခြိမ်းခြောက်ပြောဆိုမှုများလည်း မကြာခဏဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။

ထို့အတွက်ကြောင့် နစ်နာဆုံးရူံးမှုများပြားနေသော တောင်သူများ၊ ရေလုပ်သားများ စုပေါင်းကာ အော့(ဒ်)ခ်ျကုမ္မဏီ၊ အင်းသားကြီး ဦးထိန်လင်းနှင့် တဆင့်ခံလုပ်ကိုင်နေသူများအား ရေချိုငါးလုပ်ငန်းဥပဒေနှင့် မြန်မာနိုင်ငံတူးမြောင်း အက်ဥပဒေ အခန်း(၈)၊ ပုဒ်မ(၆၀)၊ မြန်မာနိုင်ငံတူးမြောင်း အက်ဥပဒေ အခန်း(၁၁)၊ ပုဒ်မ(၇၅)အောက်ရှိ ပြစ်မှုများ အလိုက် အရေးယူပေးပါရန် သက်ဆိုင်ရာသို့ ဇန်န၀ါရီလ(၁၁)ရက်နေ့တွင် တိုင်ကြားထားကြောင်း၊ ထို့ပြင် တရားဝင်ဆန္ဒထုတ်ဖော်ခွင့်ကိုလည်း မြို့နယ်ရဲတပ်ဖွဲ့မှူးထံ တင်ပြ တောင်းခံထားပြီး ခွင့်ပြုချက်ကျပါက ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts