ကဗျာ ကမာပုလဲ

နှင်းဆီ … ရတု

ကမာပုလဲ
ဇန်န၀ါရီ ၁၅၊ ၂၀၁၃
ရင်ဘတ်ထဲ ကဗျာတွေထည့်သွား လက်ထဲမှာ ကဗျာစာအုပ် တအုပ်လောက် ဆောင်သွား
လမ်းတွေပေါ်မှာ လူထုကဗျာတွေကို ခံစားသွား
ခု ဆို စစ်ကိုင်းတံတားဟာ နှင်းတွေထဲ နစ်နေမလား
လက်ပန်းတောင်း ဒေသဟာ ၀ပ်ကျင်းထဲမှာ
ဝေဒနာနဲ့ တိုက်ပွဲပြန်စဖို့ ပြင်နေသလား
တနှစ်ပြည့် အချစ်ဟာ တသက်စာ ဖြစ်စေ
ဒီနံနက်ခင်းမှာ မောင့်နှင်းဆီ ဘယ်လိုအလွမ်းမျိုးနဲ့ ပွင့်နေမလဲ
ရန်သူနဲ့ စကားပြောပြီးရင် ရန်သူနဲ့ တွဲကတတ်ဖို့
ရက်ဘတ္တလာနဲ့ စကားလက်အိုဟာရာထံမှာ ဝေါ့ဇ်အက သင်တန်းတက်ကြ
အချစ်ရေ
ဒေါသမသင့်ခင် ဒီကဗျာအဆုံးသတ်မှ ဖြစ်မယ် …
မင့်ကို ချစ်ရတဲ့ အထဲမှာ မြေကြီးဆန်တဲ့ မင်းနှလုံးသားကြောင့်လဲ ပါတာပေါ့
ကချင်မှာ ကလေးတွေ နှင်းထဲ အသည်းပါ အေးခဲနေကြ
လေယာဉ်တွေ ပျံလာပြီ
ငြိမ်းချမ်းရေးဟာ တိုက်မှ ရမယ်လို့ ရန်သူက ပြဌာန်းနေတာတောင်
မောင်တို့က လေပြည်ထဲ နှင်းဆီ စိုက်ချင်နေသေး
မင်းလက်ထဲမှာ ဒီမနက် ပေကျံနေမဲ့ တူးစွ မြေသားစတွေဟာ မောင်ဖြစ်စေ
ပွင့်လာမယ့် နှင်းဆီခင်းကို အမည်ပေးဖို့
ကျဆုံးခဲ့ကြတဲ့ ချစ်သူတွေရဲ့ အမည်နာမတွေ
ဒို့ နှလုံးသားထဲ ထွင်းထု ဆောက်တည်ထားလိုက်ကြရအောင် … နော အချစ်ရယ် … ။ ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts