ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

ပြည်တွင်းမှ မီးလောင် ဒဏ်ရာများကို ပြည်ပမှ ငြိမ်းသပ်ပေးခြင်း

ဇူးဇူး (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဇန်န၀ါရီ ၁၅၊ ၂၀၁၃

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် မိမိတို့၏ အကျိုးမပါဘဲ အများပြည်သူအတွက် စဉ်ဆက်မပြတ် စွန့်လွှတ် အနစ်နာခံကာ ပရဟိတလုပ်ငန်းကို တစိုက်မက်မက် လုပ်ကိုင်နေလျှက် ရှိသောကြောင့် မြန်မာနိုင်ငံရှိ အလှူရှင်များသာမက ပြည်ပမှ အလှူရှင်များကိုလည်း လက်ခံ၍ လှူဒါန်း နေလျှက်ရှိသည်။ ထိုကဲ့သို့ အများပြည်သူအတွက် စွန့်လွှတ် အနစ်နာခံ ကျင့်သုံးလာခြင်းမှာ ဗုဒ္ဓဟောကြား ခဲ့သော မြတ်တရားထဲမှ အမှန်တရားတစ်ခုကို လက်ကိုင်ကျင့်သုံး ခဲ့ခြင်းကြောင့်ပင် ဖြစ်သဖြင့် နာရေး ကူညီမှုလုပ်ငန်းနှင့် ဆေးကူညီမှုလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဗုဒ္ဓမြတ်စွာဘုရား၏ သားတော်များ ဖြစ်ကြသော သံဃာတော်များ သည် ဗုဒ္ဓဘာသာ ဝင်များ၏ အထွဋ်အမြတ်ထားရာ ရတနာသုံးပါး(ဘုရား၊ တရား၊ သံဃာ)ထဲမှ တစ်ပါး အပါအဝင် ဖြစ်သည်။ ထို့ပြင် ခေတ်အဆက်ဆက် ၌လည်း ဗုဒ္ဓဓမ္မ(တရား)အတိုင်း ကိုယ်ကျိုးမဖက် အများအတွက်သာ အနစ်နာခံကြသူ များလည်း ဖြစ်သည်။ ထိုသို့ မြင့်မြတ်လှသော သံဃာတော်များသည် အများအကျိုးအတွက် ဟုဆိုကာ အနစ်နာခံခဲ့ကြသည်။ မီးလောင်စေသော ဓါတုလက်နက်ကြောင့် မီးလောင်ဒါဏ်ရာများစွာ ရရှိခဲ့ခြင်းအပေါ် အများပြည်သူတို့သည် ရဟန်း သံဃာတို့အပေါ် အလွန့်အလွန် စိတ်မကောင်း ဖြစ်ခဲ့ကြရသည်။

ထိုကဲ့သို့ ကိစ္စရပ်များ ဖြစ်ပေါ်လာခဲ့ပြီး နောက်ပိုင်းတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှလည်း ဒဏ်ရာ ပြင်းထန်ခဲ့သော သံဃာတော်များနှင့် ပြည်သူတို့အား အများပြည်သူမှ လှူဒါန်းထားသော အလှူငွေတို့ဖြင့် ကုသရန် ဆေးဝါးနှင့် ကုသစရိတ်များအား မီးလောင်မှုဖြစ်ပွားမှု(၂)ကြိမ်တွင် နှစ်ကြိမ် လုံးလုံး လှူဒါန်းကူညီကာ သံဃာတော်များနှင့် အများပြည်သူတို့၏ အပူများကို ငြိမ်းပေးခဲ့သည်။ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူသည် လှူဒါန်းမှု နှစ်ကြိမ်လုံးတွင် အများပြည်သူ သာဓု ခေါ်စေရန်အတွက် အင်တာနက် ၌ “ကူညီပါရစေ”နှင့်“ဒုတိယမ္ပိ မြတ်စွာဘုရားရှင်အား စောင့်ရှောက်ကူညီခြင်း”ဟူသော သတင်းခေါင်းစဉ်ဖြင့် ပေးပို့ခဲ့သည်။

ထိုအတွက်ကြောင့် ပြည်တွင်း အလှူရှင်များသာမက အမေရိကန်နိုင်ငံရှိ ဆန်ဖရန်စစ္စကိုရောက် မြန်မာများ(San Francisco Bay Area Burmese Community Organizer)မှ မကြာသေးမီက ဖြစ်ပွားခဲ့သော စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ လက်ပန်းတောင် တောင် ကြေးနီစီမံကိန်း သပိတ်စခန်း ဖြိုခွဲမှုကြောင့် မီးလောင်ဒဏ်ရာ များရရှိခဲ့သော သံဃာတော်အပေါင်းနှင့် ပြည်သူတို့အား ဆေးဝါးကုသရန်(၃၁.၁၂.၂၀၁၂)ရက်နေ့တွင် အမှတ်(၁၃/က) ဗိုလ်မှူးဗထူးလမ်း၊ ၄၂ရပ်ကွက်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)သို့  ယူအက်စ် ဒေါ်လာ(US$ 4000/-)အား လာရောက် လှူဒါန်းခဲ့ကြသည်။

မြတ်စွာဘုရားကိုယ်တော်တိုင် သာဝတ္တိပြည် ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးတော်မှုစဉ် ကျောင်းတိုက်ကြီးအား တစ်နေ့နှစ်ကြိမ် လှည့်စစ်စဉ် တိဿ ဆိုသော ရဟန်းကြီး တစ်ပါးသည် အနာတွင်ပြည်များ စိုရွှဲပြီး မြင်မကောင်းအောင် ဒုက္ခရောက်နေသည်ကို တွေ့တော်မှုသည်။ ဆိုးဝါးသော အနံ့သည် တော်တော်နဲ့ မပျောက်နိုင်တော့သည့် အတွက် သီတင်းသုံးဖော် ရဟန်း(ပုထုဇဉ် ရဟန်း)တွေက မပြုစု၊ မကုသပေးတော့ဘဲ စွန့်ခွာထားခဲ့ကြသည်။ ထိုရဟန်းကို မြတ်စွာဘုရား ကိုယ်တော်တိုင် မီးဖိုထဲဝင် ရေနွေးကျိုပြီး တိဿ ရဟန်းကြီးရဲ့ အလိမ်းလိမ်းဖြစ်နေသော အနာစိမ်းကြီး တွေကို ဖန်ရေဆေးပေး တော်မှုပြီ မဟာဂရုဏာ အပြည်ဖြင့် ရောဂါဝေဒနာကို ကုစား ပေးခဲ့ပါတယ်။

မြတ်ဘုရား မှာကြားတော်မှုသော “မာမကျန်းသော ဂီလာန သံဃာလူပုဂ္ဂိုလ်တို့အား ပြုစု စောင့်ရှောက်ခြင်းသည် ငါဘုရားအား ပြုစုစောင့်ရှောက်ခြင်း မည်ပေ၏ ” ဆိုသည့်အတိုင်း မြတ်စွာဘုရား၏ တရားတော်နှင့်အညီ ပြုမှုဆောင်ရွက်နေသော နာရေးကူညီမှုအသင်း (ရန်ကုန်)မှတဆင့် ပြည်ပနိုင်ငံရှိ ဆန်ဖရန်စစ္စကို(San Francisco Bay Area Burmese Community Organizer)ရောက် မြန်မာများမှ ပြည်တွင်းတွင် ဖြစ်ပွားနေသော သံဃာတော်များ အတွက် ပြည်ပမှနေ၍ ကူညီလှူဒါန်းမှုကို နတ်လူသာဓု ခေါ်စေနိုင်ရန်နှင့် အများပြည်သူတို့ စိတ်ဝယ် ဂရုဏာ တရားအပြည့်ဖြင့် သာဓု ခေါ်နိုင်စေရန် အများပြည်သအတွက် အများပြည်သူအများပြည်သူ လှူဒါန်းမှု အစုစုကို နာရေးကူညီမှု အသင်း(ရန်ကုန်)မှ သာဓု … သာဓု … သာဓု  ဟု သာဓု (၃)ကြိမ် ခေါ်ဆိုလိုက်ရပါတော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts