ဇင်လင်း သူတို့အာဘော်

ဇင်လင်း ● မြန်မာနိုင်ငံနှင့် စတုတ္ထစက်မှုတော်လှန်ရေး အသွင်ကူးပြောင်းမှုကာလ

ဇင်လင်း ● မြန်မာနိုင်ငံနှင့် စတုတ္ထစက်မှုတော်လှန်ရေး အသွင်ကူးပြောင်းမှုကာလ
(မိုးမခ) စက်တင်ဘာ ၂၄၊ ၂၀၁၈


မကြာသေးမီက World Economic Forum on ASEAN ဆိုသော ကမ္ဘာ့ အထင်ကရ အစည်းအဝေးတစ်ရပ်ကို ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့၌ စက်တင်ဘာ ၁၁ ရက်မှ ၁၃ ရက်နေ့အထိ ကျင်းပသွားခဲ့သည်။ ထို စီးပွားရေးဖိုရမ်သို့ အာဆီယံ(၁၀) နိုင်ငံမှ ခေါင်းဆောင်များ စုံညီစွာ တက်ရောက်၍ အသီးသီး မိန့်ခွန်းများပြောကြားသွားသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံ၏ ကိုယ်စားပြုခေါင်းဆောင်အဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြား သွားကြောင်း တွေ့ရသည်။

ယခု ညီလာခံသို့ ကမ္ဗာဒီးယားဝန်ကြီးချုပ် တေချိုဟွန်ဆင် (Techo Hun Sen)၊ အင်ဒိုနီးရှား သမ္မတ ဂျိုကို ၀ီဒိုဒို (Joko Widodo)၊ လာအိုဝန်ကြီးချုပ် ထုန်လွန်ဆီဆူလစ်သ် (Thongloun Sisoulith)၊ မလေးရှားဝန်ကြီးချုပ် ဒေါက်တာ မဟာသီယာဘင်မိုဟာမက် (Dr Mahathir bin Mohamad)၊ စင်္ကာပူ ၀န်ကြီးချုပ် လီရှင်လွန်း (Lee Hsien-Loong)၊ ဖိလိပိုင်သမ္မတ ရိုဒရီဂို ရိုအာ ဒူတာတေး (President Rodrigo Roa Duterte)၊ ဗီယက်နမ် ၀န်ကြီးချုပ် ငုယင် ဇွန်ဖုခ် (Nguyễn Xuân Phúc)၊ သီရိလင်္ကာ ၀န်ကြီးချုပ် ရာနီးလ်ဝစ်ကရာမဆင်း (Ranil Wickremesinghe)၊ တောင်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီး ကန်ကျွန်းဝှာ (Kang Kyung-Wha)၊ ချီလီနိုင်ငံခြားရေးဝန်ကြီး ရောဘာတိုအမ်ပွေရို အက်စ်ပီနိုဇာ (Roberto Ampuero Espinoza)၊ စသော ပုဂ္ဂိုလ်များ၊ ထိပ်တန်း နိုင်ငံရေး စီးပွားရေး လူမှုရေးပညာရှင်များနှင့်အတူ စွန့်ဦးတည်ထွင်လုပ်ငန်းရှင် ၇၅ ဦးနအပါအ၀င် ဧည့်ပရိသတ် ၉၀၀ ခန့်တက်ရောက် ကြောင်း တွေ့ရသည်။

World Economic Forum (WEF) ကို စတင်ထူထောင်ခဲ့သူမှာ  ကလော့စ် မာတင် ရှဝက်ဘ် (Klaus Martin Schwab) ဆိုသူ ဂျာမန်အင်္ဂျင်နီယာနှင့် စီးပွားရေးပညာရှင်ဖြစ်သည်။  ကလော့စ် မာတင် ရှဝက်ဘ်သည် ၁၉၃၈ ခုနှစ်တွင် မွေးဖွားခဲ့ သူဖြစ်၍ ယခုနှစ်ဆိုလျှင် အသက် ၈၀ ပြည့်ပေပြီ။ ရှဝက်ဘ်သည် WEF ကို ၁၉၇၁ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည်။ ရည်ရွယ်ချက်မှာ ကမ္ဘာ့ဒေသအသီးသီးမှ နိုင်ငံရေး စီးပွားရေး ထိပ်သီးခေါင်းဆောင်းများအား ဖိုရမ်၌ ပါဝင်ဆွေးနွေးစေခြင်း ဖြင့် မတူသော သဘောထားအမြင်များကို ညှိနှိုင်းစေပြီး၊ တင်းမာမှုများလျော့ကျကာ ပြန်လည် သင့်မြတ်စေရန် ဖြစ်သည်ဟု သိရသည်။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ National Convention Center၌ ကျင်းပသည့် အာဆီယံဒေသဆိုင်ရာ (၂၇) ကြိမ်မြောက် ကမ္ဘာ့ စီးပွားရေးဖိုရမ်ဖွင့်ပွဲနှင့် မျက်နှာစုံညီအစည်းအဝေးသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက် အမှာစကားပြောကြားခွင့် ရရှိခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စတုတ္ထ စက်မှုတော်လှန်ရေး (The Fourth Industrial Revolution) အသွင်ကူးပြောင်းမှုကာလတွင် မြန်မာနိုင်ငံနှင့် အာဆီယံတို့၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြသည်ဟု သိရသည်။ စတုတ္ထစက်မှုတော်လှန်ရေး အသွင်ကူးပြောင်းမှုကာလ၌ မြန်မာနိုင်ငံအနေဖြင့် လျင်မြန်စွာ တိုးတက် ပြောင်းလဲနေသော နိုင်ငံများနှင့်အတူ လိုက်ပါဆောင်ရွက်ရာတွင် ထိုးဖောက် ဆောင်ရွက်ရန်လိုအပ်‌သည်ဟု ဆိုသည်။ မြန်မာနိုင်ငံ၌ မိုဘိုင်းဆင်းကဒ်သုံးစွဲမှုမှာ လွန်ခဲ့သည့် ငါးနှစ်ခန့်က တစ်ရာ ရာခိုင် နှုန်း အောက်သာ ရှိခဲ့သော်လည်း ယခုအခါ ၁၀၅ ရာခိုင်နှုန်းခန့်အထိ တိုးတက်လာ၍၊ ယှဉ်ပြိုင်မှုများအား စိုးရိမ်ရန်မလိုဘဲ၊ စိန်ခေါ်မှုများအား ရင်ဆိုင်ကြရမည်ဟု ဆိုသည်။ စက်မှုအသွင်ကူးပြောင်းရေး ဆောင်ရွက်ရာတွင် လက်တွေ့ကျသည့် အရေးကြီးဆုံး အချက် တစ်ချက်မှာ လူသားတို့၏ အခန်းကဏ္ဍဖြစ်ပြီး၊  စတုတ္ထစက်မှုတော်လှန်ရေး အသွင်ကူးပြောင်းမှု ကာလသို့ ချဉ်းကပ်ကြိုးပမ်းရာတွင် မိမိတို့အနေဖြင့် တီထွင်နိုင်စွမ်းရှိမှု၊ မျှဝေခံစားမှု၊ ခေါင်းဆောင်မှုတို့ ကို အခြေခံရမည် ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

စတုတ္ထစက်မှုတော်လှန်ရေး အသွင်ကူးပြောင်းမှုသို့ ကူးပြောင်းရာတွင် လူငယ်များနှင့် အဓိက သက်ဆိုင်သည်ဟု မကြာ ခဏ ပြောနေကြသော်လည်း လူသားအားလုံးနှင့် သက်ဆိုင်သည်ဟု ယူဆကြောင်း၊ ယခုအခါ ပေါင်းစည်းဆက်နွယ်မှုနှင့် ပတ်သက်၍ ပြောဆိုရာတွင် လူငယ်များအတွက် သာမက၊ လူကြီး၊ လူငယ်၊ လူရွယ်အားလုံးအတွက် ထည့်သွင်းစဉ်းစား ကြရမည်ဖြစ်ဟု ဆိုသည်။ ထို့အပြင်ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွင် လူကြီး၊ လူငယ်၊ လူရွယ်အားလုံး အချင်းချင်း ချိတ်ဆက်မှုသည် အရေးကြီးသောကြောင့် လူသားအားလုံးအတွက် စတုတ္ထစက်မှုတော်လှန်ရေး အသွင်ကူးပြောင်းမှုကာလ အောင်မြင်စေရန် အားလုံးကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။  လူသားစွမ်းရည် ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံမှုကို တတ်နိုင်သမျှ ဆောင်ရွက်ရမည်ဖြစ်သည်ဟုလည်း ဆိုသည်။

မိမိတို့အနေဖြင့် လူငယ်၊ လူကြီးအားလုံးအတွက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်သင့်ကြောင်း၊ စွမ်းရည် ဖွံ့ဖြိုးတိုး တက်ရေးအတွက် ရင်းနှီးမြှုပ်နှံရာတွင် လူငယ်၊ လူကြီးအားလုံးအတွက် ပညာရေးတွင် လက်တွေ့ကျသောစွမ်းရည်မှာ အရေးကြီးသည်ဟု ဆိုသည်။ ခေါင်းဆောင်မှုသည် တီထွင်နိုင်မှု၊ မျှဝေခံစားမှုနှင့် ဆက်စပ်လျှက်ရှိသောကြောင့်  စက်မှုအသွင်ကူးပြောင်းမှု တိုင်းတွင် ကျွမ်းကျင်မှုနှင့် ပတ်သက်၍ ပြောင်းလဲဆောင်ရွက်ရန်လိုသည်။ ထို့ကြောင့် ပြည်သူများအား နည်းပညာ အသစ်များ သင်ကြားပေးရန် လိုအပ်သည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆွေးနွေးပြောဆိုခဲ့သည်ဟု ဆိုသည်။

နည်းပညာသစ်များကို သင်ကြားရာတွင် စိန်ခေါ်မှုများကို ရဲဝံ့စွာရင်ဆိုင်၍ အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည် ဟုလည်း တိုက်တွန်းထားသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အထူးသဖြင့် ဖွံ့ဖြိုးမှုပိုမိုနည်းပါးနေသောနိုင်ငံများအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်ရန် ကျွမ်းကျင်မှုနည်းပါးသောလုပ်သားများအပေါ် တစ်ချိန်က တည်မှီခဲ့ရသည်။ ယခုအခါ အာဆီယံနိုင်ငံများအနေဖြင့် ကျွမ်းကျင်မှုနှင့် နည်းပညာ တိုးတက်ရေးအတွက် ပြင်ဆင်ထားရမည်ဖြစ်သည်ဟု  ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။  နိုင်ငံတစ်နိုင်ငံ၏ ပညာရေးစနစ်သည် စိန်ခေါ်မှုများရင်ဆိုင် ဖြေရှင်းရေးအတွက် အရေးကြီးကြောင်း၊ ပညာရေးကို ပညာရှင်အဆင့် အရည်အချင်းရှိမှုထက် လက်တွေ့ကျသည့် အရည်အချင်းရှိမှုသို့ ပြောင်းရန် အလေးပေးဆောင်ရွက်သင့်သည်ဟု ၎င်းက ဆိုသည်။ လူငယ်များအား တီထွင်ကြံဆနိုင်မှု အတွေးအခေါ်များ ကို တွန်းအားပေးဆောင်ရွက်ရမည်ဖြစ်သည်ဟု လည်းပြောကြားသည်။ စာရင်းအချက်အလက်များအရ နည်းပညာသစ်များ ၏ ၅၀-၇၅ ရာခိုင်နှုန်းမှာ အရည်အသွေးနည်းပါးကြောင်း၊ စွန့်ဦးတီထွင်မှုနှင့်ပတ်သက်၍ ကူးသန်းရောင်းဝယ်မှု၊ စက်မှု၊ ကုန်သွယ်မှုတို့ သာမက၊ ကဏ္ဍစုံ ဖွံဖြိုး တိုးတက်မှုအတွက် ပျိုးထောင်ပေးကြရမည် ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။

ခေါင်းဆောင်မှုသည် တီထွင်နိုင်မှု၊ မျှဝေခံစားမှုနှင့် ချိတ်ဆက် ဆောင်ရွက်ရမည် ဖြစ်သည်။ တီထွင်မှုမရှိပါက ယခုခေတ် သစ်၏ စိန်ခေါ်မှုများကို ဖြေရှင်းရန် ခက်ခဲမည်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။  မြန်မာနိုင်ငံတွင် လူငယ်များ တီထွင်မှုစွမ်းအားရှိကြောင်း၊ တီထွင်မှုအား လက်တွေ့ဆောင်ရွက်မှု စွမ်းရည်နှင့် ချိတ်ဆက်ပြီးတီထွင်မှု၊ စွမ်းဆောင်မှု၊ ဈေးကွက်ယှဉ်ပြိုင်နိုင်မှုတို့အတွက် ချဉ်းကပ်ဆောင်ရွက်ကြရမည်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည် က နှိုးဆော်ပြောကြားသည်။

အာဆီယံဒေသနိုင်ငံများအကြား ဖွံဖြိုးတိုးတက်မှုကွာဟမှုကျဉ်းမြောင်းအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့အပြင် ဒေသတွင်းတည်ငြိမ်မှု၊ လုံခြုံမှုမှာလည်း အရေးကြီးကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စတုတ္ထစက်မှုတော်လှန်ရေး အသွင်ကူး ပြောင်းမှုကာလသို့ ကူးပြောင်းရန် ဆောင်ရွက်ရာတွင် ပြည်သူများအတွက် ငွေကြေးဆိုင်ရာလုံခြုံမှု သာမက အခြားသော လုံခြုံမှုများကိုပါ ဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်းလည်း ဖိုရမ်သို့တင်ပြပြောဆိုခဲ့သည်ကို တွေ့ရသည်။ ဤဆွေး နွေးပွဲဖိုရမ်မှ စတုတ္ထစက်မှုတော်လှန်ရေး အသွင်ကူးပြောင်းမှု ကာလသည် စီးပွားရေးအရ ပိုမိုအကျိုးအမြတ် ဖြစ်ထွန်း စေရေးထက် ပိုမိုကောင်းမွန်သော ကမ္ဘာကြီးဖြစ်ပေါ်လာရေးအတွက် အထောက်အကူပြုဆောင်ရွက်နိုင်မည့် နည်းလမ်း များကို ဆွေးနွေးနိုင်မည့် အခွင့်အရေးရရှိမည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

World Economic Forum  သည် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်၍ ဆွစ္ဇာလန်နိုင်ငံရှိ အဲ့လ်ပ် (Alps) တောင်တန်းပေါ် မှ ဒါဗို့စ် (Davos)မြို့၌ အခြေစိုက်သည်။ WEF က နှစ်စဉ်ကျင်းပသော ဒါဗို့စ် ညီလာခံသည် ထင်ရှားသည်။ ဒါဗို့စ်ညီလာခံ သို့ ကမ္ဘာ့ထိပ်သီးခေါင်းဆောင်များ၊ စီးပွားရေးပညာရှင်များ၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်၊ သတင်းမီဒီယာနယ်ပယ်အသီး သီးမှ ခေါင်းဆောင်များ တက်ရောက်၍ မျက်မှောက်ကမ္ဘာ့ရေးရာများကို ဆွေးနွေးသုံးသပ်လေ့ရှိသည်။ ကမ္ဘာတွင် အလွန် သြဇာကြီးသော အစိုးရမဟုတ်သည့် နိုင်ငံတကာ အဖွဲ့အစည်းဖြစ်သည်။ ယခုနှစ် ဟနွိုင်းမြို့တွင် ကျင်းပသည့် World Economic Forum on ASEAN ညီလာခံသည်  ASEAN ဒေသဆိုင်ရာ ညီလာခံဖြစ်သည်။

ထူးခြားချက်မှာ WEF အစည်း အဝေးအတွက် အိမ်ရှင်နိုင်ငံအဖြစ် ဗီယက်နမ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ဗီယက်နမ်က အာဆီယံဒေသတွင် တစ်ဟုန်ထိုး စီးပွားရေးဖွံ့ဖြိုးတိုးတက်နေသည်။ ၁၉၇၅ ခုနှစ် ဗီယက်နမ်စစ်ပြီးစက ဗီယက်နမ်နိုင်ငံ သည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများ အနက် တနိုင်ငံဖြစ်၍ တနှစ် တဦးချင်းဝင်ငွေ ဒေါ်လာ ၁၀၀ အောက်တွင်ရှိသည်။ ၂၀၁၃ ခုနှစ်တွင်မူ တနှစ်လျှင် တဦးချင်း ၀င်ငွေ ဒေါ်လာ ၁,၉၁၀ ဖြစ်လာသည်။ ကမ္ဘာ့ဘဏ်အစီရင်ခံစာအရ ၂၀၁၆ ခုနှစ် ဗီယက်နမ်နိုင်ငံ၏ GDP သည် အမေရိကန် ဒေါ်လာ ၂၀၂.၆ ဘီလီယံ ရှိကြောင်း သိရသည်။ ထိုသို့ စီးပွားရေးဖွံ့ဖြိုးလာ သည့် အချက်က “အာဆီယံဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်” ကို ဗီယက်နမ်တွင် ကျင်းပရန် ဖြစ်လာခဲ့သည်ဟု ဆိုရ မည်။ ၂၀၁၆ ခုနှစ်က မြန်မာနိုင်ငံ၏ GDP သည် အမေရိကန် ဒေါ်လာ ၆၇.၄၃ ဘီလီယံ မျှသာ ရှိသည်။

လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေး မတည်မငြိမ် ဖြစ်နေရသည့် ကိစ္စသည် နိုင်ငံရေး မတည်ငြိမ်မှုနှင့် တိုက်ရိုက် အချိုးကျနေ သည်။ တနည်းပြောရလျှင် နှစ်ပေါင်း ၇၀ မျှ ရှည်ကြာခဲ့ပြီဖြစ်သော ပြည်တွင်းစစ်ကို ယနေ့တိုင် မရပ်နိုင်သေး၍ ဖြစ်သည်။  အကျိုးဆက်အဖြစ် တိုင်းရင်း သားစည်းလုံးညီညွတ်ရေးလည်း ယခုထိ မရရှိဘဲ ဖြစ်နေသည်။ ထို့ကြောင့် ငြိမ်းချမ်းရေး လည်း အလှမ်းဝေးနေဆဲ ဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံကို ဘေးကျပ်နံကျပ်ဖြစ်စေသည့် အနောက်တံခါး ကျိုးပေါက်မှုကိစ္စ သည် အကျင့်ပျက်လာဘ်စားသော အစိုးရအမှုထမ်းများကြောင့်ဟု ဆိုနိုင်သည်။ လုံခြုံရေးအရ တာဝန်ရှိ ၀န်ထမ်းပိုင်းက လာဘ်ငွေယူပြီး အနောက်တံခါးကတဆင့် လူကုန်ကူးမှု (Human Trafficking)တွင် ပါဝင်ပတ်သက်ခဲ့ကြသဖြင့်  အနောက် တံခါးနှင့် အရှေ့မြောက်တံခါးများ ကျိုးပေါက်ခဲ့ရသည်။ မူးယစ်ရာဇာများနှင့် လူကုန်ကူးသူများကြောင့် လုံခြုံရေးအရ တာဝန်ရှိတဲ့ ၀န်ထမ်းပိုင်း အကျင့်ပျက်ခဲ့ကြသည်။ ရလဒ်မှာ အနောက်ဖက်တွင် ဘင်္ဂလီများ ခိုးဝင်ခံရသည်။ မန္တလေးနှင့် တကွ အရှေ့မြောက် မြန်မာပြည်အတွင်းသို့ တရုတ်လူမျိုး အမြောက်အများ စီးဝင်နေရာယူခဲ့ကြသည်။ သက်ဆိုင်ရာ တာဝန်ရှိသူများ လက်ပိုက်ကြည့်နေခဲ့ကြသည်။

ထို ကိစ္စရပ် အားလုံး တိုင်းပြည်၏ နိုင်ငံရေး စီးပွားရေး လူမှုရေးစသည်တို့ ကို မတည်မငြိမ် ဖြစ်စေခဲ့သည်။ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကဏ္ဍ အသီးသီးမှ တာဝန်ရှိသူ အရာထမ်း အမှုထမ်းအချို့ နိုင်ငံအပေါ် သစ္စာမရှိမှု ကြောင့်၊ အကျင့်ပျက် လာဘ်စားမှုများကြောင့်၊ အခြားလူမျိုးခြားများ စိမ့်ဝင်မှုနှင့်အတူ ငွေမည်းပမာဏလည်း အမြောက် အများ စီးဝင်ခဲ့သည်။ ငွေမည်းထုထည် ကြီးလေ ငွေကြေးဖေါင်းပွမှုနှုန်း မြင့်တက်လေ ဖြစ်သည်။ အကျင့်ပျက်ခြစားမှု (Corrupting) လျော့ပါးသွားအောင် မလုပ်နိုင်ခြင်း၊  အကျင့်ပျက်ဝန်ထမ်းများကို အရေးယူမှု လျော့ရဲခြင်း တို့ကြောင့် တိုင်း ပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆုတ်ယုတ်ရရုံမက၊ တရားမ၀င် လူမျိုးခြားတို့ဝင်ရောက် နေထိုင်မှုကိုလည်း ထိန်းမရဘဲ ဖြစ်ခဲ့ရသည်။ ၎င်းအနေအထားက မြန်မာနိုင်ငံသည် ဆင်းရဲမွဲတေမှုလျှော့ချနိုင်ခြင်း မရှိသေးကြောင်း ပေါ်လွင်စေသည်။ ထို့ကြောင့် ကမ္ဘာ့အဆင်းရဲဆုံးနဲ့ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ(Least Developed Country-LDC) အဖြစ်က ရုန်းထွက်နိုင်ရေး အတွက် မြန်မာနိုင်ငံဟာ ဘက်ပေါင်းစုံက ကြိုးစားရမည် ဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံရေးတည်ငြိမ်မှု(Political Stability) သည် စီးပွားရေးမူဝါဒချမှတ်ရာတွင် အလွန်အရေးပါရုံမက လူမှုစီးပွားရေးဘ၀ တိုးတက်ဖွံ့ဖြိုးရေး (Socio-economic Development) ကို ဆောင်ရွက်ရာတွင်လည်း ပဓါနကျပေသည်။ လက်ရှိအခြေအနေတွင် NLD အစိုးရက တိုင်းရင်းသား စုံညီ ပါဝင်သော ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေး ညီလာခံ ကျင်းပပြီး နိုင်ငံရေး တည်ငြိမ်မှုရှိရေး ဦးစားပေး ဆောင်ရွက်ခြင်း သည် မှန်ကန်သည့် လမ်းစဉ်ဖြစ်သည်။

“စတုတ္ထစက်မှုတော်လှန်ရေး အသွင်ကူးပြောင်းမှုသို့ ကူးပြောင်းရာတွင် လူငယ်များနှင့် အဓိက သက်ဆိုင်သည်ဟု မကြာ ခဏ ပြောနေကြသော်လည်း လူသားအားလုံးနှင့် သက်ဆိုင်သည်ဟု ယူဆကြောင်း၊ ယခုအခါ ပေါင်းစည်းဆက်နွယ်မှုနှင့် ပတ်သက်၍ ပြောဆိုရာတွင် လူငယ်များအတွက် သာမက၊ လူကြီး၊ လူငယ်၊ လူရွယ်အားလုံးအတွက် ထည့်သွင်းစဉ်းစား ကြရမည်ဖြစ်သည်။” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဟနွိုင်းတွင်ပြုလုပ်သော WEF ညီလာခံတွင် ဆွေးနွေးပြောဆိုခဲ့ သည်။ ထို့အချက်သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်သာမက၊ ပြည်ထောင်စုအတွင်း တိုင်းရင်းသားဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတွင်လည်း အကျုံးဝင်ပေသည်။ လူကြီး၊ လူငယ်၊ လူရွယ်အားလုံး အချင်းချင်း ချိတ်ဆက်မှုသည် အရေးကြီးသောကြောင့် လူသားအားလုံးအတွက် ‘စတုတ္ထစက်မှုတော်လှန်ရေး’ အသွင်ကူးပြောင်းမှုကာလ အောင်မြင်စေ ရန် အားလုံးကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။  ထိုလမ်းညွှန်သဘောတရားသည် မြန်မာနိုင်ငံအတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာ၌လည်း အသုံးတည့် လိမ့်မည်ဟု ယူဆသည်။ ထို့ကြောင့် “စတုတ္ထစက်မှုတော်လှန်ရေး အသွင်ကူးပြောင်းမှု ကာလ” တွင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံဒေသ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ လိုက်ပါနိုင်ရန် မိမိနိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေးကို ဦးစွာကြိုးပမ်းကြရပေ မည်။ စတုတ္ထစက်မှုတော်လှန်ရေး အသွင်ကူးပြောင်းမှုကာလ၌ မြန်မာနိုင်ငံအနေဖြင့် လျင်မြန်စွာ တိုးတက် ပြောင်းလဲနေ သော နိုင်ငံများနှင့်အတူ လိုက်ပါဆောင်ရွက်ရာတွင် လူကြီး၊ လူငယ်၊ လူရွယ်အားလုံး ညီညီညွတ်ညွတ် လက်တွဲကာ ထိုးဖောက် ဆောင်ရွက်ရန်ကြရန်လိုသည်ကို အထူးအလေးဂရုပြုကြရပေမည်။

စက်တင်ဘာလ ၂၄ ရက်၊ ၂၀၁၈၊ တနင်္လာနေ့ထုတ် ဒီလှိုင်းဂျာနယ်တွင် ဖေါ်ပြခဲ့သည့် ဆောင်းပါး။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts