တူမောင်ညို သူတို့အာဘော်

တူမောင်ညို – ပြန်လည်သင့်မြတ်ရေး၊ ကာလုံဥပဒေကြမ်းနဲ့ ဒီမိုကရေစီပဝါ

တူမောင်ညို – ပြန်လည်သင့်မြတ်ရေး၊ ကာလုံဥပဒေကြမ်းနဲ့ ဒီမိုကရေစီပဝါ
ဒီဇင်ဘာ ၂၈၊ ၂၀၁၅

မြန်မာ့ “ဒီမိုကရေစီအပြောင်းအလဲ” ဆိုတာက ကျန်တခြားနိုင်ငံတွေရဲ့ အပြောင်းအလဲဆိုတာတွေနဲ့ တထေရာထဲ မဟုတ် ဘူးဆိုတာ အားလုံးသိတာပဲ။ စည်းနဲ့ကမ်းနဲ့ အညီပြောင်းရတာဖြစ်တယ်။ “၂၀၀၈ အခြေခံဥပဒေ” ဆိုတဲ့ ဘောင်ထဲကနေ ပြောင်းရတဲ့ အပြောင်းအလဲသာဖြစ်တယ်။ ဒီမိုကရေစီဆိုတာကိုယ်၌က “စည်းကမ်းပြည့်ဝသောဒီမိုကရေစီ” ဖြစ်ပါတယ်။ ဒီစည်း၊ ဒီဘောင်တွေကို ကျော်လွန်ပြီးပြောင်းတဲ့အပြောင်းအလဲမဟုတ်ဘူး။ ဒီစည်း၊ ဒီဘောင်တွေကိုထိန်းသိမ်းကာကွယ် လေးစားလိုက်နာပါ့မယ်ဆိုတဲ့ ကျမ်းသစ္စာကျိန်ဆိုမှုနဲ့ အညီပြောင်းလဲရတဲ့ အပြောင်းအလဲဖြစ်တယ်။

အထင်ကြီးလွန်းလို့မဟုတ်ပါ။
သိမ်းပိုက်ထားတဲ့ “အာဏာ”ကို လက်ထဲကနေ လွတ်ထွက်မသွားအောင် (အကြမ်းဖက်ဖိနှိပ်မှုကို မဏ္ဍိုင်အဖြစ်ထားပြီး အခြား ညစ်ပတ်လှည့်စားတဲ့နည်းလမ်းတွေနဲ့အခြေအနေနဲ့အချိန်အခါပေါ်မူတည်ပြီး အပြန်အလှန်ဆက်စပ်ကျင့်သုံးခဲ့တယ်) နည်းပေါင်းစုံနဲ့ ထိန်း သိမ်းကာကွယ်ထားနိုင်တဲ့ နေရာမှာတော့ “စစ်အုပ်စု” ကို ဘယ်လိုမှ အထင်သေးလို့မဖြစ်နိုင်ပါဘူး။ သူတို့လက်ထဲကအာဏာကို လက်လွတ်မသွားအောင် စစ်အုပ်စုမျိုးဆက် တစ်ဆက်ပြီး တစ်ဆက် ထိန်းသိမ်းလာခဲ့တာ ကိုတော့ ကျနော်တို့ (အောင့်သီးအောင့်သက်) အသိ အမှတ်ပြုကြရလိမ့်မယ်။

ဒီကနေ့ကာလစစ်အုပ်စုအဖို့ သူတို့ သိမ်းပိုက်ထားတဲ့အာဏာကို အလွယ်တကူစွန့်လွှတ်ပေးစရာ ပြည်တွင်းပြည်ပ ဖိအားက မရှိသလောက်ဖြစ်နေတယ်။ “၂၀၀၈ အခြေခံဥပဒေ” ကို အတည်ပြုပြီး (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ တက်လာကတည်းကနေ ယနေ့ အထိ သူတို့အပေါ်ရှိနေတဲ့ ပြည်တွင်းပြည်ပဖိအားတွေဟာ တရွေ့ရွေ့ကျဆင်းလာနေတာကို မြင်ရလိမ့်မယ်။

ပြည်တွင်းဒီမိုကရေစီအတိုက်အခံအင်အားစုကို “၂၀၀၈အခြေခံဥပဒေ” ကို လက်ခံသူနဲ့ လက်မခံသူတွေအဖြစ် ကွဲပြဲသွား အောင် လုပ်နိုင်ခဲ့သလို။ လက်နက်ကိုင်အင်အားစုတွေကိုလည်း (NCA) စာချုပ်ကို လောလောဆယ်လက်မှတ်ထိုးသူနဲ့ လောလောဆယ်လက်မှတ် မထိုးနိုင်သေးသူတွေအဖြစ်ခွဲပစ်နိုင်လိုက်တယ်။ ပြည်ပနိုင်ငံတွေရဲ့“ဖိအား” ဆိုတာမရှိသ လောက် နည်းပါးဖြစ်သွားခဲ့ပြီဖြစ်တယ်။

ဒီလိုပြည်တွင်းပြည်ပ ဖိအားတွေတရွေ့ကျဆင်းလာရတာရဲ့ ပထမဆုံးအချက်ကတော့ “၂၀၀၈ အခြေခံဥပဒေ” ကို (NLD) က လက်ခံလိုက်တာပဲဖြစ်တယ်။ ဒါရဲ့အမှတ်အသားက “၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ” ကို (NLD) ပါတီက ဝင်ရောက် ယှဉ်ပြိုင်ပြီး လွှတ်တော်ထဲဝင်သွားတဲ့ဖြစ်ရပ်ဖြစ်တယ်။ ဒီဖြစ်ရပ်က (NLD) ပါတီနဲ့ အခြားဒီမိုကရေစီအင် အားစုတွေကို ခွဲခြားပစ်လိုက်နိုင်တာဖြစ်ပြီး တပြိုင်နက်ထဲမှာလည်း စစ်အုပ်စုစိတ်ကြိုက်ရေးဆွဲထားတဲ့ “၂၀၀၈ အခြေခံဥပဒေ” ကို သိဒ္ဓိတင်လိုက်နိုင်တဲ့ကိစ္စလည်းဖြစ်တယ်။ ခဲတစ်လုံးထဲနဲ့ ငှက်နှစ်ကောင်ကို ထိအောင်ပစ်လိုက်နိုင်တာဖြစ်တယ်။ နည်းပရိယာယ် အရ “ဝင်- ပြင်နဲ့ ပြင်-ဝင်” မှာ “ဝင်-ပြင်” အုပ်စု ဘက် က အရေးသာသွားပါတော့တယ်။ ဒီကြားထဲမှာ “ပြင်-ဝင်” သမားတွေအ တွက် အရေးမလှစေတာက “ပြင်- ဝင်” လမ်းကြောင်းရဲ့ပဲ့ကိုင် ဗျူဟာမှူး ဦးဝင်းတင် ကွယ်လွန်သွားတာဖြစ်ပါတယ်။

အခု ၂၀၁၅ ရွေးကောက်ပွဲမှာ တခဲနက်အနိုင်ရလိုက်ပြန်တော့ “ဝင် – ပြင်”  သမားတွေအဖို့ ပိုပြီး လက်မထောင်စရာ ပိုပြီး ဖြစ်လာပါတော့တယ်။

စစ်အုပ်စုထဲမှာလည်း မေးစရာဖြစ်လာတာက သူတို့စိတ်ကြိုက် ချမှတ်ရေးဆွဲထားတဲ့ စည်းတွေဘောင်တွေထဲက အနိုင်ရ သွား တဲ့ ပါတီကို “ အာဏာ” အတိုင်းအတာထိ ပေးမလဲဆိုတာပါပဲ။ အခု အသံအထွက်ဆုံး ဖြစ်နေတာက ပုဒ်မ ၅၉ (စ) ကို “ဆိုင်းငံ့”ထားပြီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတပေးပြီး ချွေးသိပ်တဲ့လမ်းကြောင်းဖြစ်ပါတယ်။ (NLD) ကလည်း “အာ ဏာ” ကို “တာဝန်” လို့ သုံးစွဲနေလေတော့ စစ်အုပ်စုအတွက်အကြိုက်တွေ့နေစေပါတယ်။  ပြန်ကြားရေးဝန်ကြီးကတောင် ပြည်ပမီဒီယာတစ်ခုက “အာဏာ” လွှဲပြောင်းရေးလို့သုံးနှုန်းလာလို့ (NLD) ဥက္ကဋ္ဌရဲ့ပြောစကားတစ်ခုကို ကိုးကားပြီး၊ “တာ ဝန်” လွှဲပြောင်းတာလို့ ပြင်ပေးသွားသေးတယ် မဟုတ်လား။

ပုဒ်မ ၅၉ (စ) ကို ယာယီ “ဆိုင်းငံ့” ဖို့ ကိစ္စ ဆိုတာ မဖြစ်နိုင်စရာမရှိပါဘူး။ စစ်အုပ်စုဟာ သူတို့အကျိုးစီးပွား တည်တံ့ခိုင်မြဲမယ် ဆိုရင်ဘာမဆိုလုပ်မှာဖြစ်ပါတယ်။ ပြီးတော့ ဒီလမ်းကြောင်းကိုစပြောသူက စစ်အုပ်စုထဲကပျော့ပြောင်းသူတွေပါလို့ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အလွမ်းသင့်သူတွေဖြစ်သလို “သြဂုတ် ၁၂ ရက်နေ့”  ကြံ့ဖွံ့ပါတီဌာနချုပ်ထဲက သန်းခေါင်ယံဇာတ် လမ်းမှာ အပယ်ခံထားရတယ်ဆိုတဲ့အုပ်စုရဲ့ အာဘော်ဖြစ်နေပါတယ်။ ဒါဟာ ဒီကနေ့စစ်အုပ်စုကို ကိုယ်စားပြုနေတဲ့ အာ ဘော်လို့ယူဆပါတယ်။ သြဂုတ်လ ၁၂ ရက် ဖြစ်ရပ်ကိုလည်း စစ်အုပ်စုရဲ့ အကြီးစားလှည့်ဖြားလုပ်ကြံဖန်တီးမှုလို့ ယူဆတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ သူသမ္မတဖြစ်ရေးမဖြစ်ရေးထက် တိုင်းပြည်မှာ စစ်မှန်တဲ့ဒီမိုကရေစီ၊ စစ်မှန်တဲ့ငြိမ်းချမ်းရေး၊ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တိတိကျကျ အာမခံနိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ စစ်မှန်တဲ့တရား ဥပဒေ စိုးမိုးရေးတွေကို လိုလားသူဖြစ်ပါတယ်။

သူလိုလားတာတွေကို “၂၀၀၈ အခြေခံဥပဒေ” နဲ့ ရာစုနှစ်ဝက်ကျော်ကြာ အခြေချထားတဲ့ စစ်ဗျူရိုကရေစီ ယန္တယားကို မဖျက်သိမ်းနိုင်ဘဲ  အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ပါဘူး။  စစ်အုပ်စုကတော့ ပုဒ်မ ၅၉ (စ) ကို ယာယီ“ဆိုင်းငံ့”လိုက်ခြင်းအားဖြင့် သူတို့ ထိန်းသိမ်းထားတဲ့ အာဏာရေရှည်ထိန်းသိမ်း ထားနိုင်ပြီး သားလည်းဖြစ်၊ နှစ်ပေါင်းများစွာ စုပ်ပြတ်ပုပ်သိုးနေတဲ့ နာမည်ဆိုး ကိုလည်း ခေတ္တခဏဖြစ်ဖြစ် မှုံနံ့သာခြယ်နိုင်မှာ၊ အဖတ်ဆယ်နိုင်မှာဖြစ်တယ်၊ ဒါကြောင့် ဒီလမ်းဟာ ဖြစ်နိုင်စရာရှိတယ်လို့မြင်ပါတယ်။

ပြည်သူလူထုအဖို့ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီအလံကိုင်ဖြစ်သလို၊ စစ်အုပ်စုအဖို့လည်း စစ်အုပ်စုအကျိုးစီးပွားကို ရေရှည်မှာ အာမခံချက်ရှိစွာထိန်းသိမ်းပေးမယ့် အဓိကသော့ချက်ဖြစ်နေပြန်ပါတယ်။ တကယ်တော့ ဒီနှစ်ခုဟာ ဒင်္ဂါးပြား တစ်ချပ်ရဲ့ ခေါင်းနဲ့ပန်းလို ဘယ်လိုမှထပ်တူမကျနိုင်ပါဘူး။ ပြည်သူလူထုအကျိုးစီးပွားကိုမျက်နှာမူမယ်ဆိုရင် စစ်အုပ်စု အကျိုးစီးပွားကို ကျောခိုင်းရမှာ သဘာဝပါ။ ဒါပေမယ့် အခုပြောနေကြတာ အာဘော်ဖန်တီးနေကြတာက win – win နှစ် ဖက်နိုင်၊ နှစ်ဖက်အကျိုးရှိရေးတဲ့။  ဒါကြောင့် ဒီနှစ်ခုကို ဘယ်လိုရောသမမွှေကြမလဲဆိုတာ ၂၀၁၆ ခုနှစ် အတွက် အဓိက ဇာတ်ကွက်သစ် ဖြစ်ဖွယ်ရှိပါတယ်။

ဒေါ်အောင်ဆန်းကြည် သမ္မတဖြစ်သွားတဲ့အခါမှာ (NLD) အစိုးရဖြစ်လာတဲ့အခါမှာ တချိန်က စစ်အစိုးရမဖြေရှင်းနိုင်တဲ့ မ ဖြေရှင်းခဲ့တဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ (NLD) ခေါင်းပေါ်ပုံချလိုက်နိုင်မှာဖြစ်ပါတယ်။ အရင်အစိုးရ အဆက်ဆက်ရဲ့ပြဿနာပါလို့ ဘယ်လိုပင်ဆိုနေစေကာမူ လက်ရှိရင်ဆိုင်ရမှာတော့ ဒေါ်အောင်ဆန်းစုကြည် အမှူးပြုတဲ့ (NLD) အစိုးရ သစ်ရဲ့တာဝန်ဖြစ်လာမှာပါ။ ဒီနည်းလမ်း [ပုဒ်မ ၅၉(စ) ကို ဆိုင်းငံ့တဲ့ နည်းလမ်း] ကို ပြည်တွင်း ပြည်ပက သဘောကျမှာ သေချာပါတယ်။

ဒီလိုအခင်းအကျင်းတွေအတွက် “ကာလုံဥပဒေကြမ်း” ကို ဖုတ်ပူမီးတိုက် ပြဋ္ဌာန်းဖို့ထုတ်ပြန်လာတာလို့မြင်ပါတယ်။

ကာလုံဥပဒေကြမ်းကို ဖတ်ကြည့်လိုက်တာ အစိုးရအပေါ်မှာ၊ လွှတ်တော်အပေါ်မှာ၊ အခြေခံဥပဒေအပေါ်မှာ “ကာလုံ”ရှိနေ တယ်။ ဒါ့အပြင်“ကာလုံ”ထဲမှာ တကယ့်အာဏာရဲ့အညှာကိုကိုင်ထားသူတွေဟာစစ်တပ်ချုပ်ကိုင်ထားသူတွေသာဖြစ်တယ်ဆိုတဲ့ အချက် ကိုလည်း ဘယ်တုန်းကထက်မဆို ရှင်းလင်းစွာမြင်တွေ့နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အပေါ်ယံသဏ္ဍာန်အရ ဘယ်လို အစိုးရမျိုးပဲ တက် တက် အနှစ်သာရအရတော့ စစ်တပိုင်းအစိုးရ၊ စစ်အုပ်စုကိုယ်စားအစိုးရ၊ စစ်အုပ်စုအကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ပေး နေရတဲ့/ ရမယ့် အစိုးရတွေပဲဖြစ်နေမှာပါ။

“ကာလုံဥပဒေကြမ်း” ဆိုတာမှာ မှာ အခန်း ၆ ခန်း၊ ပုဒ်မပေါင်း ၁၉ ခုပါရှိပါတယ်။ အဲဒီထဲမှာ အခန်(၃) “ကောင်စီ၏ လုပ်ငန်း တာဝန်များ”ဆိုတဲ့အခန်း၊ ပုဒ်မ ၅ မှာ ပုဒ်မခွဲ (က) မှ (ဖ) အထိ တာဝန် (၂၂)  ခုရှိပါတယ်။ အဲဒီတာဝန် (၂၂) ခုဆိုတာ ၂၀၀၈ အခြေခံ ဥပဒေ၊ အခန်း (၁၁) မှာ ရှိတဲ့ ပုဒ်မအားလုံး (ပုဒ်မ ၄၁၀ မှ ၄၃၂အထိ) အတွက်ဖြစ်ပါတယ်။ ကာလုံရဲ့ တာဝန် (၂၂) ခု ထဲမှာ အများစုက ကာချုပ်နဲ့စစ်တပ်ကပဲ ဆောင်ရွက်ရမယ့်ကိစ္စတွေသာဖြစ်ပါတယ်။ စုစုပေါင်း (၁၄) ခုရှိတယ်။  ကျန် ပုဒ်မခွဲ (၈) ခု ကလည်း ကာချုပ်နဲ့ စစ်တပ်နဲ့ ကင်းလွတ်လို့မရတဲ့ တာဝန်တွေသာဖြစ်ပါတယ်။

ဒါ့အပြင် “ကာလုံ” ဟာ ကာချုပ်ကို ခန့်နိုင်သလို၊ သမ္မတဟာ  “ကာချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး” တို့နဲ့ ညှိ နှိုင်းပြီး “အရေးပေါ်အခြေအနေ” ကြေညာနိုင်ပါတယ် [ကာလုံဥပဒေကြမ်း ပုဒ်မ ၅ ပုဒ်မခွဲ (ဌ)]။ ဒါ့အပြင် အခြေခံဥပဒေပုဒ်မ ၄၁၂ (က) နဲ့သက်ဆိုင်တဲ့ အရေးအခြေအနေကြေညာတဲ့ကိစ္စမှအပ ကျန်ကိစ္စများ စည်းဝေးရာတွင် ကာလုံကောင်စီအဖွဲ့ဝင် သုံးပုံနှစ်ပုံထက် မနည်း တက်ရောက်ရင် အစည်းအဝေးအထမြောက်ပါတယ် [ကာလုံဥပဒေကြမ်း ပုဒ်မ (၁၀) ကိုကြည့်]။  ထို့အပြင် ကောင်စီအတွင်း “သဘောထားကွဲလွဲမှုများရှိပါကများရာမဲဆန္ဒဖြင့်ချမှတ်ရမည်၊ ဆန္ဒမဲယူရာ၌နိုင်ငံတော်သမ္မတ သည် ဆန္ဒမဲမပေးရ၊ဆန္ဒမဲတူညီနေမှသာ နိုင်ငံတော် သမ္မတသည် “အဆုံးအဖြတ်မဲ” ကိုပေးရမည်” ဟု  ကာလုံဥပဒေကြမ်း ပုဒ်မ (၁၄) တွင်ဖော်ပြထားပါတယ်။

ဒါကြောင့် တိုင်းပြည်ကိုနေ့စဉ် စီမံခန့်ခွဲအုပ်ချုပ်နေသူ၊ တကယ့် အစိုးရဆိုတာဟာ “ကာလုံ” ပဲဖြစ်ပါတယ်။
အစိုးရနဲ့လွှတ်တော်ဆိုတာ “ကာလုံ” က စီမံရေးဆွဲပေးတဲ့ ဇာတ်ကွက်/ဇာတ်လမ်းမှန်သမျှကို အချိန်နဲ့တပြေးညီ တင်ဆက် ကပြ နေရသူတွေ/စင်မြင့်တွေသာဖြစ်တယ် ဆိုတဲ့ အချက်ကို အထင်အရှားတွေ့မြင်နိုင်စေပါတယ်။ ဒါကြောင့် ဒီနေ့ကာလမှာ သမ္မတတာဝန်ပေးပြီး သမ္မတကို ချုပ်ကိုင်ထားနိုင်ဖို့လိုပါတယ်။

ဒါကြောင့် “ပုဒ်မ ၅၉(စ) ကို ယာယီဆိုင်းငံ့ခြင်း” ဟာ စစ်အုပ်စု အဖို့ သားရွှေအိုးထမ်းတဲ့ကိန်းဖြစ်ပါလိမ့်မယ်။ စစ်အုပ်စုရဲ့ အတိတ်-ပစ္စုပ္ပန်- အနာဂတ်အကျိုးစီးပွားကို ပုဂ္ဂိုလ်အရပြောပြော၊ ပေါ်လစီအရဆိုဆို ဒေါ်အောင်ဆန်းစုကြည် တည်းဟူ သော  ဒီမိုကရေစီပဝါနဲ့ ထုတ်ပိုးထားခြင်းကသာ ရေရှည်တည်မြဲဖို့ အာမခံချက်ရှိနိုင်ပါလိမ့်မယ်။

ဒါကြောင့် စစ်အုပ်စုအဖို့ “ပြန်လည်သင့်မြတ်ရေးနဲ့ရင်ကြားစေ့ရေး” ဆိုတာ ဆုပ်ကိုင်ထားတဲ့အာဏာကို ဒေါ်အောင်ဆန်း စုကြည်ဆိုတဲ့ “ဒီမိုကရေစီပဝါ” နဲ့ မလွဲမသွေ စည်းနှောင်ပေးနိုင်ဖို့သာဖြစ်တယ်။

photo source : AFP


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts