လှကျော်ဇော သူတို့အာဘော်

လှကျော်ဇော – ဆရာဦးကိုနီကို ဘာရည်ရွယ်ချက်နဲ့ သတ်သလဲ … အဖြေ

လှကျော်ဇော ● ဆရာဦးကိုနီကို ဘာရည်ရွယ်ချက်နဲ့သတ်သလဲ .. အဖြေ
(မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂ဝ၁၇
၂၉-၁-၂ဝ၁၇ ရက်နေ့က ဆရာဦးကိုနီ သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခံရကြောင်း ကြားကြားချင်း – ကျွန်မ “ဆရာဦးကိုနီကို ဘယ်သူသတ်သလဲ”ဆိုတဲ့ ဆောင်းပါးရေးပြီး ၃ဝ-၁-၂ဝ၁၇ နေ့မှာ မိုးမခမှာ တင်လိုက်ပါတယ်။ စိတ်လှုပ်ရှားမှု၊ စိတ်လော မှုတွေနဲ့ရေးတဲ့အတွက် မပြည့်မစုံ ဖြစ်သွားပါတယ်။

တခါ-၃၁-၁-၂ဝ၁၇ ရက်နေ့မှာ ကျွန်မကို သတင်းဌာနတခုက ဒီကိစ္စနဲ့ပတ်သက်ပြီး လှမ်းမေးမြန်းတာတွေကို ကျွန်မဖြေ လိုက်တာတွေကလည်း အားမရစရာတွေ ဖြစ်သွားပြန်ပါတယ်။ ဒါ့ကြောင့် ကျွန်မဒီဆောင်းပါးကို ထပ်ရေးလိုက်ပါတယ်။

နောက်တကြောင်းကလည်း အခုသတင်းကွန်ရက်များမှာ အာဘော်အမျိုးမျိုး (တမင်အစီအစဉ်ရှိရှိရော မသိသား ဆိုးရွား စွာရော) ပေါ်ထွက်နေမှုများအပေါ် စိုးရိမ်မိတဲ့အတွက်၊ ကျွန်မကတော့ – ဒီပြဿနာကို ဘယ်လိုကြည့်မြင်တယ် ဆိုတာကို လည်းပြောပြချင်လို့ပါ။

ကျွန်မကို သတင်းဌာနကမေးတဲ့အထဲ အဓိက မေးခွန်းကြီး (၂) ခု ပါ ပါတယ်။

၁။ ဗမာပြည်မှာ အခုလိုလုပ်ကြံမှုကြီးမျိုးဟာ ဖြစ်တောင့်ဖြစ်ခဲပါ။ ဘာ့ကြောင့် ဒီလောက်ရက်ရက်စက်စက် လူမြင်ကွင်းကြီးမှာ လုပ်ကြံရတာလဲ။

၂။ ၂ဝဝ၈ ဖွဲ့စည်းပုံကိုပြင်ဖို့ ဖျက်ဖို့ပြောနေတာ ဦးကိုနီတယောက်တည်း မဟုတ်ပါဘူး။ ဘာလို့ သူမှရွေးပြီးသတ်ရသလဲ … … တဲ့။

တကယ်တော့ ဗမာနိုင်ငံမှာ နိုင်ငံရေးအရ လုပ်ကြံမှုတွေဟာ (ဒီလိုပေါ်ထင်ကြီးသာမဟုတ်တယ်) ဖြစ်တောင့်ဖြစ်ခဲ မဟုတ် ခဲ့ပါဘူး။ ၁၉၄၉ ခုနှစ် ပြည်တွင်းစစ်ကြီးစတင်ကတည်းကရော ၁၉၅၈ ခုနှစ်စပြီး မြေစမ်းခရမ်းပျိုး တည်ဆောက်ခဲ့တဲ့၊ စစ် အာဏာရှင်စနစ်ကြီးအောက်မှာရော မနည်းမနော ရှိခဲ့တာပါ။ သိပ်ဝေးဝေးကြည့်စရာမလိုပါဘူး။ နဝတ-နအဖခေတ်က လမ်းမတွေပေါ်၊ ထောင်တွေထဲ တောတောင်တွေထဲ၊ အသက်-သွေး-ချွေး ပေးခဲ့ကြရတဲ့ ပြည်သူ့သူရဲကောင်းတွေ နည်းရော့ လား။ ကုန်မှ မကုန်နိုင်ဘဲကိုး။ ဒီတော့ ဒီလို ပေါ်ထင်ကြီးလုပ်ရတာပေါ့။ ဒါက ဘာကိုပြသသလဲ။ စစ်အာဏာရှင်စနစ် ကာ ကွယ်လိုသူများအနေနဲ့ သွေးရူးသွေးတန်းဖြစ်လာမှု (အချိန်နည်းလာတာ) ကို ပြသပါတယ်။

အာဏာရှင်များဟာ အရှင်ထွက်မထွက်ဘူး … လို့ ဆိုရိုးရှိပါတယ်။ ဟုတ်ပါတယ်။ အသက်ထွက်ခါနီးလေ သွေးရူးသွေး တန်းဖြစ်လေ၊ တွက်ချက်မှုတွေ မှားလေဖြစ်တတ်ပါတယ်။ သူတို့ တသက်လုံးရရှိခဲ့တဲ့ အခွင့်အာဏာ၊ စည်းစိမ်တွေကို မစွန့် လွှတ်နိုင်၊ လူထုအပေါ် ကျူးလွန်ခဲ့သမျှတွေအတွက်လည်း စိတ်မအေး။ ဒါတွေအားလုံး သွားစုစည်းပါတယ်။ ဒီလောက်ဖြစ် လှတာ ဆိုတဲ့ ဒေါသစိတ်နဲ့ ငါတို့ထိရင်တော့ ဒီလိုခံရမယ်။ ကြည့်ထားဆိုတဲ့ ခြိမ်းခြောက်တာပါ ပါပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်စနစ်ရဲ့ အသက်ဘူး ၂ဝဝ၈ ဖွဲ့စည်းပုံကိုပြင်ဖို့ ဖျက်ဖို့ပြောနေသူတွေ အများအပြားရှိလျက်နဲ့ ဘာ ကြောင့် ဦးကိုနီကိုရွေးသတ်ရသလဲ။

ရှင်းပါတယ်။ ဦးကိုနီဟာ (ဦးဝင်းထိန်ပြောတဲ့စကား ယူသုံးရရင်) အမာခံ (Hard Liner) ဖြစ်နေလို့ပါ။ ဒါ့အပြင် ဒီဖွဲ့စည်း ပုံကြီးကို တရားဥပဒေကြောင်းအရ ပြည့်ပြည့်စုံစုံ ခွဲခြမ်းစိတ်ဖြာပြသနိုင်ပြီး ပြင်ဆင်နိုင်တဲ့ (ဖျက်သိမ်းပစ်နိုင်တဲ့) စွမ်းရည် လည်း အပြည့်ရှိနေသူပါ။ (သူရဲ့ ဒီချုပ်ကိုရော- တခြားအဖွဲ့အစည်းများအပေါ်မှာရော ကောင်းမှုပြုချက်များကို ကြည့်ပါ။) ဒါတွေ အပြင် ဦးကိုနီဟာ မွတ်စလင်ဖြစ်နေတဲ့အတွက် ပစ်မှတ်အပျာ့ (Soft Target) ဖြစ်နေပါတယ်။ ဗုဒ္ဓဘာသာဝင်အများစု နေထိုင်တဲ့ ဗမာပြည်ကြီးမှာမွတ်စလင်တယောက် အသတ်ခံလိုက်ရမှုအပေါ် သိပ်စိတ်ထိခိုက်ကြမှာ မဟုတ်ဘူးလို့ (သူတို့ စိတ်ရင်းနဲ့နှိုင်းပြီး) တွက်ပုံရတယ်။ ဘာသာရေးပဋိပက္ခတွေတောင်ဖြစ်လာနိုင်သေးတယ်။ ဒီနေရာမှာတော့ သမ္မတရုံးက ထုတ်ပြန်ချက်မှာပါတဲ့ တိုင်းပြည်မတည်ငြိမ်အောင်လုပ်တာဆိုတာတော့ (တစိတ်တပိုင်း) မှန်တယ်လို့ဆိုရမှာပါ။ သူတို့တွက် ချက်မှု မှားသွားပြန်ပါတယ်။

၃ဝ ရက်နေ့နဲ့ ၃၁ ရက်နေ့များမှာကျင်းပခဲ့ကြတဲ့ ဆရာဦးကိုနီနဲ့ အငှားယာဉ်မောင်းဆရာ ဦးနေဝင်းတို့ရဲ့ဈာပနအတွင်းဖေါ်ပြခဲ့ကြတဲ့ ဘာသာပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံက ပြည်သူလူထုကြီးတရပ်လုံးရဲ့ စည်းလုံးညီညွတ်မှု၊ ရင့်ကျက်မှု၊ သည်းခံနိုင် မှု၊ ရက်ရောမှု (ဦးနေဝင်းရဲ့ကျန်ရစ်သူကလေးများပညာသင်ကြားရေးအတွက် ကူညီနေမှုများ) စတာ စတာတွေဟာ ပြည်သူ့ ရန်သူများအတွက် ကြောက်ဒူးတုန်စရာပါ။

တခါတလေမှာလည်း ငြိမ်းခါနီးမီး ထတောက်တတ်ပါတယ်။ အာဏာရှင်များဟာ အာဏာလက်လွှတ်ရနီးလာပြီလို့ထင် လာရင် ပရမ်းပတာတွေဖြစ်တတ်ပြီး တွက်ချက်မှုတွေ မှားတတ်ပါတယ်။ ဒါတွေကို ပြည်သူတွေက မြင်အောင်ကြည့်ပြီး မိမိတို့ရဲ့အကျိုးစီးပွားကို တိုးချဲ့ရပါမယ်။ သူတို့ရဲ့ရည်မှန်းချက်များ ပြောင်းပြန် (Backfire) ဖြစ်အောင် လုပ်ဆောင်ရပါမယ်။

ဒီနေရာမှာ ကျွန်မ ပထမဆောင်းပါးမှာ ရည်ညွှန်းခဲ့တဲ့ ၁၉၈၃ ခုနှစ်က ဖိလစ်ပိုင်က အတိုက်အခံခေါင်းဆောင် အကွီနို လုပ်ကြံ ခံရမှုရဲ့နောက်ဆက်တွဲဖြစ်ရပ်များကိုကြည့်ပါ။

(၁၉၆၅-၁၉၈၆) ဖိလစ်ပိုင်မှာ သမတအာဏာရှင်အဖြစ် (တခါတရံမာရှယ်လောအကူအညီနဲ့) အုပ်ချုပ်ခဲ့တဲ့ မားကို့စ်ဟာ သူ့ သမ္မတသက်တမ်းတလျှောက် နိုင်ငံရေးအတိုက်အခံအားလုံး (နီးပါး) ကို နည်းပေါင်းစုံသုံးပြီး ဖိနှိပ်ခဲ့ပါတယ်။

လုပ်ကြံသတ်ဖြတ်မှုတွေ အများကြီးလုပ်ခဲ့ပါတယ်။ လမ်းပေါ်ထွက်ဆန္ဒပြတဲ့ပြည်သူတွေကိုလည်း သွေးချောင်းစီးအောင် သတ်ဖြတ်ခဲ့ပါတယ်။ သူသတ်ဖြတ်ဖို့လျာထားသူများစာရင်းမှာ အထက်လွှတ်တော်အမတ် နီနိုအကွီနိုပါပါတယ်။

ဒါပေမယ့် သူ့မှာနှလုံးရောဂါရလိုက်တော့ ကိုယ်ကသတ်စရာမလိုပဲ သူဟာ့သူ သေနိုင်သွားလို့ မသတ်ဘဲ ဆေးကုဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့နိုင်ငံခြား (အမေရိကန်) ကို လွှတ်လိုက်ပါတယ်။ ဒါပေမယ့် အကွီနိုဟာ နှလုံးခွဲစိတ်ကုသပြီး ကျန်းမာစွာနဲ့ တိုင်းပြည်ကို ၁၉၈၃ မှာ ပြန်လာနိုင်ခဲ့ပါတယ်။ ဒီတော့ ဘယ်သူ့သတ်သတ်၊ ဘယ်လောက်သတ်သတ်၊ အေးဆေးခဲ့တဲ့ မာကိုစ်ဟာ လက်ယဉ်ယဉ်နဲ့ အကွီနိုကိုလုပ်ကြံပစ်လိုက်ပါတယ်။ ဒီမှာတင် နဂိုက အတိုက်အခံအင်အားစုဆိုလို့ မဆိုစ လောက် ကလေးပဲရှိတဲ့အဖွဲ့ဟာ (အဓိကခေါင်းဆောင်အရည်အချင်းပြည့်ဝတဲ့ အကွီနိုကိုသတ်လိုက်ရင် အညွန်းကျိုးသွား လိမ့်မယ်လို့ မာကိုစ်က တွက်ဆခဲ့ပေမယ့်) မယုံနိုင်ဖွယ် ရှိရှိသမျှအင်အားစုတွေ (အောက်ခြေလူထုအပြင် အလယ်အလတ် လူတန်းစားတွေ၊ ပညာရှင်တွေ၊ အနုပညာရှင်တွေ၊ ဘာသာရေးအသင်းအဖွဲ့တွေ၊ လူမှုရေးအသင်းတွေ) ပါဝင်လာတဲ့ အကွီ နိုရဲ့ကျန်ရစ်သူဇနီးသည် ကိုရီဇုံအကွီနိုခေါင်းဆောင်တဲ့ အာဏာရှင်ဆန့်ကျင်ရေးတပ်ပေါင်းစုကြီးပေါ်ထွက်လာခဲ့ပါတယ်။

အာဏာမာန်ယစ်မူးနေတဲ့ မာကိုစ်ဟာ နောက်တကွက်ထပ်မှားပါတယ်။ သူ့အစိုးရ တရားဝင်အောင် ကြားဖြတ်သမ္မတ ရွေး ကောက်ပွဲကို ၁၉၈၆ ဖေဖေါ်ဝါရီမှာ (နိုင်လဲနိုင်ရမယ်။ ရှုံးလဲနိုင်ရမယ်ဆိုတဲ့ ခံယူချက်နဲ့) ညစ်ပတ်မှုအပေါင်းနဲ့လုပ်ပေးပြီး သူ အနိုင်ရတယ်လို့ ကြေညာလိုက်ပါတယ်။ ဒီမှာတင် တပြည်လုံးအုံကြွပြီး (ဗိုလ်ချုပ်ရာမိုစ်ဦးဆောင်တဲ့ ဖိလစ်ပိုင်တပ်ရဲ့ အင် အားစုများအပါ) ပြည်သူ့အာဏာတော်လှန်ရေးကြီး (People Power Revolution) ပေါ်ပေါက်လာပြီး မာကိုစ်လည်း တိုင်း ပြည်က ထွက်ပြေးသွားရပါတော့တယ်။ ၂၅-၂-၁၉၈၆ မှာ ကိုရီဇုံ အကွီနို သမတဖြစ်လာပါတယ်။

ဒီနေရာမှာ-မာကိုစ့်ထည့်မတွက်ခဲ့မိတာက သူ့ကို တောက်လျှောက်ထောက်ခံထောက်ပံ့ပေးနေတဲ့ အမေရိကန်က ထောက်ခံ မှုကို လျှော့ချတော့မယ်ဆိုတာပါပဲ။ ဒီလောက်နာမည်ပျက်ပြီး ပြည်သူတွေက ခါးခါးသီးသီးမုန်းနေတဲ့ ပုံရိပ်ဆိုးဝါးလှတဲ့သူကိုဘယ်သူကထောက်ခံရဲတော့မလဲ။ ဖိလစ်ပိုင်ပြည်သူတရပ်လုံး တစည်းတလုံးတည်းဖြစ်လာမှုက အမေရိကန်အတွက် မာကိုစ့် ကိုစွန့်လွှတ်ချိန်တန်ပြီလို့ အချက်ပေးလိုက်ပါတယ်။

ပြည်တင်းရင် မင်းမခံနိုင် ဆိုတဲ့စကား ရှိခဲ့တာဘဲလေ။

နီနိုအကွီနို အသက်ပေးတိုက်ခဲ့တဲ့ အာဏာရှင်စနစ် (သူကွယ်လွန်ပြီး ၂ နှစ်ကျော်အကြာမှာ) ဖိလစ်ပိုင်မှာ အဆုံးသတ်သွားပါ တယ်။ (ဒါပေမယ့် တကယ့်လူသတ်တရားခံကို အခုထိမဖေါ်နိုင်သေးပါဘူး။ ရှုတ်ထွေးနေဆဲပါ။ ဒါပေမယ့် ဒီလူသတ်မှုကြီးရဲ့ နောက်ကွယ်မှာ မာကိုစ်နဲ့ သူအပေါင်းပါတွေရှိတယ်ဆိုတာ လူထုကမြင်ထားပြီးပါပြီ။) သူ့ကိုသတ်လိုက်ရင် မိမိအာဏာစက် ဆက်ရှင်သန်နိုင်မယ်လို့ တွက်ဆခဲ့တဲ့ မာကိုစ့်တိုင်းပြည်ကထွက်ပြေးသွားရပါတယ်။

ဒီအဖြစ်အပျက်ကိုကြည့်ပြီး နိုင်ငံရေးလုပ်ကြံမှုကြီးတွေမှာ ပြောင်းပြန်အကျိုးသက်ရောက်မှုတွေရှိတယ်လို့တော့ အပြတ်မ ပြောနိုင်ပါဘူး။ တခါတရံမှာ ဒီလုပ်ကြံမှုကြီးတွေရဲ့ရည်မှန်းချက်များအောင်မြင်သွားတဲ့အခါတွေလည်း ရှိခဲ့ပါတယ်။

၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံသတ်ဖြတ်ခံရမှုကိုကြည့်ပါ။ လူသတ်တရားခံအဖြစ် ဦးစောကိုဆွဲထုတ်ပြီး သေ ဒဏ်ပေးလိုက်ပြီး ဇာတ်လမ်းဆုံးသွားပါတယ်။ ဦးစောဟာ သူ့ကိုကြိုးပေးဖို့ခေါ်ထုတ်လာတဲ့အချိန်ထိ သူ့ကိုလာကယ်လိမ့် မယ်လို့ ထင်နေခဲ့တာပါ။ ဒီမျှော်လင့်ချက်နဲ့ဘဲ သူဘာမှဖော်ထုတ်ပြောမသွားခဲ့ပါဘူး။ ဦးစောဟာသေတဲ့အထိ ဗမာပြည်ကြီး ကို သစ္စာဖေါက်သွားသူပါ။ သူဒီလိုထင်နေအောင် ဘယ်သူကလုပ်ပေးခဲ့တာလဲ။ အဲဒီအမှုနဲ့ပတ်သက်တဲ့လူအတော်များ များရော၊ ဒီအမှုလိုက်တဲ့ရဲအများအပြားရော ဘယ်လိုသေဆုံးခဲ့ကြသလဲ။ အခုထိ မရှင်းပါဘူး။

ဒါပေမယ့် ဗမာပြည်သူတွေရဲ့ရင်ထဲအသည်းထဲမှာတော့ အဓိကတရားခံဟာ ဗြိတိသျှ နယ်ချဲ့စနစ်ဆိုတာ ရှင်းနေပါတယ်။ ကိုလိုနီနိုင်ငံများရဲ့လွတ်လပ်ရေးလှုပ်ရှားမှုကြီးတခုလုံးကို ခြိမ်းခြောက်လိုက်တာပါ။ လွတ်လပ်ရေးတောင်းဆိုနေတဲ့ အမျိုး သားရေးခေါင်းဆောင်တွေ နိုင်ငံတွေအများကြီးရှိလျှက်က ဘာကြောင့် ဗမာပြည် ဗိုလ်ချုပ်အောင်ဆန်းကို ရွေးသတ်ရတာလဲ။

၁။ ဗိုလ်ချုပ်အောင်ဆန်းက အမာခံ (Hard Liner) ဖြစ်လို့ပါ။ ဗြိတိသျှလက်အောက်က အပြည့်အဝလွတ်လပ်ရေးကို တောင်း ဆိုနေသူပါ။ တပြည်လုံးကိုလည်း (တိုင်းရင်းသားလူမျိုးစုများအပါ) သူ့နောက်မှာ တညီတညွှတ်တည်းစုစည်းထားနိုင်ခဲ့ပါ တယ်။ အမျိုးသားတရပ်လုံး စည်းလုံးညီညတ်လာအောင် လုပ်ဆောင်နိုင်သူပါ။

၂။ ဗမာပြည်ဟာ ပထဝီနိုင်ငံရေးအနေအထားအရ အချက်အခြာနေရာမှာ ရှိပါတယ်။ ဒါ့အပြင်နိုင်ငံရေးအရလည်း နိုးကြား တက်ကြွပြီး (အဲဒီကာလက) လက်ဝဲယိမ်းပါတယ်။ ဗိုလ်ချုပ်ကိုယ်တိုင်က လက်ဝဲသမားများအကြား ညီညွှတ်ရေးကိုကြိုးစားလုပ်ဆောင်နေတဲ့ကာလပါ။ (အဲဒီကာလများက ဗိုလ်ချုပ်ဟာ သူကိုယ်တိုင် ဖဆပလက ထုတ်ပစ်ခဲ့တဲ့ ဗမာ ပြည်ကွန်မြူနစ် ပါတီနဲ့ ပြန်လည်ပူးပေါင်းရေးအတွက် စတင်ဆွေးနွေးနေခဲ့တာပါ။)

ဗိုလ်ချုပ်တို့ကိုလုပ်ကြံလိုက်လို့ ဗြိတိသျှနယ်ချဲ့သမားများ အကျိုးအများကြီးရရှိခဲ့ပါတယ်။ ဗမာပြည်အပါအဝင် ကိုလိုနီနိုင်ငံ အများအပြားကို လျှော့ဈေးနဲ့ဘဲ လွတ်လပ်ရေးတွေပေးလိုက်နိုင်ပါတယ်။ (နု-အက်တလီစာချုပ် ဗြိတိသျှဓနသဟာရအဖွဲ့ စတာတွေကိုကြည့်ပါ)

ကျွန်မတို့ဗမာပြည်အတွက်ကတော့ ပိုနာပါတယ်။ ဗိုလ်ချုပ်တို့ကျဆုံးလိုက်ခြင်းနဲ့အတူ အမျိုးသားစည်းလုံးညီညွှတ်ရေးပြို ကွဲ ပြည်တွင်းစစ်ထောင်ချောက်ကြီးထဲကျရောက်ခဲ့တာ အခုထိရုန်းမထွက်နိုင်သေးပါဘူး။ ဗိုလ်ချုပ်တို့ အသက်ပေးထမ်း ဆောင်ခဲ့တဲ့အရေးတော်ပုံကြီး (လွတ်လပ်ချမ်းသာစည်းလုံးညီညွှတ်တဲ့ ဗမာနိုင်ငံတော်ကြီးအဖြစ် တည်ဆောက်ရေး) ဟာ လည်း ဗိုလ်ချုပ်တို့ကွယ်လွန်ပြီး အနှစ် (၇ဝ) ထိ မအောင်မြင်သေးပါဘူး။ ဒါ့ကြောင့် ဒီသမိုင်းဖြစ်ရပ်တွေကိုလေ့လာပြီး ကျွန် မတို့ ရှေ့ဘယ်လိုခရီးဆက်ကြမယ်ဆိုတာ စဉ်းစားကြည့်ရအောင်ပါ။

၁။ ဆရာ ဦးကိုနီကိုသတ်တဲ့တရားခံ အစစ်အမှန် (ဘယ်တော့မှမပေါ်တာလည်း ဖြစ်နိုင်ပါတယ်) ဘယ်သူလဲ။ ဆိုတာဖေါ် ထုတ်ဖို့ အဆက်မပြတ်ဖိအားပေးနေတာတွေဟာ မှန်ပါတယ်။ ပြစ်မှုကျူးလွန်သူများအဖို့ စိတ်ကွယ်ရာမရှိဘူးဆိုတာ သိနေ ဖို့လိုပါတယ်။ အမှုသွားအမှုလာတွေအကြားထွက်ပေါ်လာတဲ့ အချက်အလက်အကြောင်းအရာများကနေ လူပုဂ္ဂိုလ်အချို့ရဲ့ ရပ်တည်ချက် လက်ရှိအုပ်ချုပ်ရေးစက်ယန္တရား (၂ဝဝ၈ ဖွဲ့စည်းပုံအောက်က) ရဲ့ချို့ယွင်းချက်များ စတာတွေပေါ်ထွက်လာ နိုင်ပါတယ်။

၂။ အရေးကြီးဆုံးကတော့ ဆရာဦးကိုနီကိုလုပ်ကြံသတ်ဖြတ်လိုက်မှုရဲ့ရည်ရွယ်ချက်ဟာ ၂ဝဝ၈ဖွဲ့စည်းအုပ်ချုပ်ပုံပြင်ရေး ဖျက်ရေးလုပ်ငန်းကြီး လမ်းလွှဲသွားရေးဖြစ်တယ်ဆိုတဲ့အချက်နဲ့ ဒီလုပ်ကြံမှုရဲ့နောက်ကွယ်မှာ စစ်အာဏာရှင်စနစ်ရှိတယ်။ ဆိုတာ မမေ့မလျှော့ အမြဲသတိရှိနေဖို့ဖြစ်ပါတယ်။

ကျွန်မတို့ဗမာပြည်ကြီးရဲ့ပြဿနာအရပ်ရပ် ဒုက္ခအဖုံဖုံဟာ စစ်အာဏာရှင်စနစ်မှာ မြစ်ဖျားခံပါတယ်။ ဒါ့ကြောင့် ဒီစစ်အာဏာ ရှင်စနစ်ကို သက်ဆိုးရှည်စေနိုင်တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကြီးကို မုချကိုင်တွယ်ဖြေရှင်းရပါလိမ့်မယ်။ ကျွန်မတို့ တိုင်းပြည်နဲ့ဆီ လျှော်တဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအသစ်တရပ်ပေါ်ပေါက်လာရေး အရေးတော်ပုံကြီး (ဆရာဦးကိုနီ အသက်ပေးလျှောက်ပြသွား တဲ့လမ်း) ကို မျက်ခြည်ပြတ်မခံဖို့ လိုပါတယ်။

ဒီအရေးတော်ပုံကြီးမှာ စစ်အာဏာရှင်စနစ်ကိုလက်မခံတဲ့ မကြိုက်တဲ့ ပြည်သူတရပ်လုံးပါဝင်လာအောင် ကြိုးစားကြရအောင် ပါ။

လှကျော်ဇော

ဖေဖော်ဝါရီ ၃၊ ၂ဝ၁၇။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts