သူတို့အာဘော်

စိန်ဝင်း ● ခါးသီးတဲ့ အရှိတရားတွေ

စိန်ဝင်း ● ခါးသီးတဲ့ အရှိတရားတွေ
(မိုးမခ) ဇွန် ၇၊ ၂၀၁၈
သူ့ဖေ့ဘုတ်ခ်မှ ကူးယူပါသည်။

ကျွန်တော်ရေးခဲ့ဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးရွှေမန်းတိုက်စစ်အတွဲအကြောင်း ၂၀၁၄ လောက်ကရေးထားတဲ့ စာ တစ်ပုဒ်ပြန်ဖတ်မိတော့ ဒီတိုက်စစ်အတွဲနဲ့ပတ်သက်ပြီးနောက်ဆက်တွဲရေးဖို့ ဖြစ်လာတယ်။ ဦးရွှေမန်းနဲ့ပတ်သက်ပြီးပြော ရင် ဦးသိန်းစိန်အကြောင်း ပါလေ့ရှိတယ်။ သူတို့ချင်းမတဲ့ဘူးဆိုပြီး လူအများပြောလေ့ရှိတယ်။ အဲသလိုနဲ့ ကြံ့ခိုင်ရေးကွဲ သွားတယ်။ ဒါပေမယ့် နှစ်ပါတီကွဲထွက်တာမဟုတ်ဘဲ ဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပိုနီးသွားတယ်။ ဒီမိုကရေစီ ချန်ပီယံဘွဲ့ခံတယ်။

ဒီမှာ စပ်မိလို့ပြောရရင် ဦးသန်းရွှေက စစ်အုပ်ချုပ်ရေးပုံကနေ အရပ်သားအုပ်ချုပ်ရေးပုံပြောင်းတော့ နံပါတ် ၃ ဖြစ်တဲ့ ဦးရွှေ မန်းကို သမ္မတအရာမထားဘဲ ဝန်ကြီးချုပ်ဖြစ်တဲ့ဦးသိန်းစိန်ကို သမ္မတအဖြစ်ရွေးတာအပေါ် နိုင်ငံရေးလေ့လာသူတချို့က ဦးရွှေမန်းဟာ ရည်မှန်းချက်ကြီးလို့၊ စီးပွားရေးသောင်းကျန်းလို့ စသဖြင့် ပြစ်ချက်တွေရှိတာကြောင့် ပြစ်ချက်နည်းတဲ့ ဦးသိန်း စိန်ကိုပေးတာဆိုပြီး သုံးသပ်ကြတယ်။ ကျွန်တော့်အမြင်တော့ ဒီအပြောဟာ ရည်ရွယ်ချက်နဲ့လမ်းကြောင်း ချပေးလိုက်တာ ကနေ ပေါ်လာတာလို့ပဲ မြင်ပါတယ်။

ဦးသိန်းစိန်ဟာ စစ်အုပ်ချုပ်ရေးမှာ ဝန်ကြီးချုပ်လုပ်ခဲ့သူဖြစ်လို့ အရပ်ဘက်အုပ်ချုပ်ရေးအတွေ့အကြုံ ရှိပြီးသားဖြစ်တယ်။ ပြီး တော့ သူက DSA အပတ်စဉ် ၉ ဖြစ်တော့ စစ်ဘက်မှာ စီနီယာပိုကျတဲ့သူဖြစ်တယ်။ ဦးရွှေမန်းက Joint Chief of Staff လုပ် ခဲ့တာဆိုတော့ ဦးသန်းရွှေအတွက် အကြံပေးရတယ်။ ဗျူဟာတွေ စဉ်းစားရတယ်။ ဒါပေမယ့် တပ်မရှိတဲ့ဗိုလ်ပါပဲ။ သူဟာ တပ်တွေကို အမိန့်ပေးလို့မရပါဘူး။ စစ်တပ်မှာ နိုင်ငံရေးဆန်တဲ့အလုပ်လုပ်ရတာပါ။

အဲဒီတော့ ဦးသန်းရွှေက အာဏာလွှဲတဲ့အခါ သူ့နေရာနဲ့သူ နေသားတကျလွှဲသွားတာပဲဖြစ်တယ်။ ယန္တရားကြီးနောက် တစ်ခုဖြစ်တဲ့ လွှတ်တော်ကဏ္ဍအတွက် ဥက္ကဌဟာ ဦးရွှေမန်းဖြစ်လာတယ်။ ရှင်းရှင်းလေးကိုပဲ ရှုတ်ရှုတ်ထွေးထွေးဖြစ်အောင် ပြောကြတယ်။

ဒေါ်အောင်ဆန်းစုကြည်ဘက်ကစဉ်းစားရင် တသက်လုံးအတိုက်ခံဘဝ နေအိမ်အကျယ်ချုပ်မှာနေလာခဲ့တဲ့သူဖြစ်တော့ အစိုးရလုပ်မယ်ဆိုတော့ စစ်တပ်နဲ့ပတ်သက်လို့ သူလည်းမသိဘူး။ အန်အယ်ဒီ စီအီးအိုတွေလည်း မသိဘူး။ ပြောရရင် ဘယ်သူမှ မသိဘူး။ အဘ ဦးတင်ဦးတို့ပါတာပဲ ပြောလိမ့်မယ်။ အဲဒီမျိုးဆက်နဲ့ ဦးသန်းရွှေနဲ့ နောက်ပိုင်းမျိုးဆက်က တပ်ရေး ရာတွေက ဘာမှမဆိုင်တော့ဘူး။ ကျန်တဲ့ ငယ်ရွယ်သူတွေကြတော့ ဦးဝင်းထိန်တို့လို ရာထူးငယ်တွေပဲ ဖြစ်ခဲ့ဖူးသူတွေ။ တကယ်တော့ ဦးသန်းရွှေက သူ့လက်ထက်မှာ အတိုက်အခံ နိုင်ငံရေးပါတီနဲ့ မရောမိရလေအောင် တင်းတင်းကြပ်ကြပ်ကို ကိုင်ခဲ့တာ။ သွားနွယ်တဲ့သူ မျိုးကန်းသွားအောင် စော်ပစ်ခဲ့တာ။ ရာထူးကြီးကြီးတွေမပြောနဲ့ အငယ်တွေတောင် မရဘူး။ ကျွန်တော်တို့ ကျောင်းတက်တုံးက သူငယ်ချင်းတစ်ယောက်က ဗိုလ်လောင်းပါသွားတယ်။ ဗိုလ်ဖြစ်ပြီးအစောပိုင်းနှစ်မှာ အိမ် ပြန်လည်ခွင့်ရတဲ့အခါ ပြန်လာရင်း ကျွန်တော်တို့နဲ့ လဘက်ရည်ဆိုင်ထိုင်တယ်၊ ရောက်ရာပေါက်ရာတွေပြောကြပေါ့။ နောက်ပိုင်းနှစ်တွေကြတော့ မလာတော့ဘူး။ ကျောင်းသားလှုတ်ရှားမှုနဲ့ ဆက်စပ်နေတဲ့သူတွေနဲ့ ဆက်ဆံတာမျိုး မလုပ်ဖို့ တပ်ကမှာတယ်တဲ့။ ဦးသန်းရွှေက သွေးအေးတယ်၊ သူလုပ်ရမယ့်ဟာကို ပြတ်ပြတ်သားသားလုပ်ရဲ လုပ်ပစ်တတ်တဲ့ အကျင့် ရှိတယ်။ အဲသလိုနဲ့အုပ်ချုပ်လာလိုက်တာ အရပ်ဘက်အုပ်ချုပ်ရေးပြောင်းလဲ အတိုက်အခံဘက်ကိုကူးလာတဲ့ စစ်ဗိုလ် ချုပ် ကြီးတွေမရှိဘူး။ အဲဒီအထဲက ဗိုလ်ချုပ်ရွှေမန်းကူးမယ်ဆိုတော့ ဒေါ်စုအတွက် ထီပေါက်တာပဲ။ သူရဦးအောင်ကို ကူးမယ် ဆိုတော့ ထီပေါက်တာပဲ။ သူ့နေရာမှာ ကျွန်တော်ဆိုလည်း ဒါကို လုပ်မှာပဲ။ တသက်လုံး စစ်အာဏာသိမ်းပြီးအုပ်ချုပ်လာတဲ့နိုင်ငံ စစ်ဘက်ကို မသိလို့ကို မရတာ။ စစ်ဘက်မပါဘဲ ရွှေ့ရင် (ဝါ) အကန်သက်သက်နဲ့ရွှေ့ရင် ဆီးရီးယားတို့၊ အီရတ်တို့ကြည့် ပေါ့။ ဒါဟာ ခါးသီးတဲ့ အရှိတရားတွေပဲ။

ဒီလိုနဲ့ ပေါင်းတယ်ဆိုတော့လည်း လုပ်ပိုင်ခွင့်ပေးရတယ်၊ နေရာပေးရတယ်။ ကက်ဘိနက်ဖွဲ့စည်းပုံကိုကြည့်ရင် ဒါတွေ မြင် နိုင်တယ်။ လွှတ်တော်မှာ မြင်နိုင်တယ်။ ဒါတွေအကုန်လုံးဟာ အကျိုးသက်ရောက်မှုရှိတယ်။

တိုက်စစ်တွဲ နှစ်တွဲဖြစ်သွားတယ်။ ဒေါ်စု-ဦးရွှေမန်း၊ ဦးသိန်းစိန်-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ပေါ့။

အာဏာလွှဲပြီးနောက်ပိုင်း ဦးသန်းရွှေအတွက် အရေးကြီးဆုံးက ဘာဖြစ်မလဲ။ နောက်ကြောင်း မပြန်ရေးဘဲ။ အန်အယ်ဒီ အနိုင်ရတယ်ဆိုတာ အီလစ်တွေကို အောက်ခြေလူတန်းစားက နိုင်သွားတာပဲ။ အဲသလိုအခြေအနေမျိုးမှာ မထိန်းတတ်ရင် မြေလှန်ခံရတတ်တယ်။ အဲဒီတော့ အစိုးရနဲ့စစ်ဘက် သဘောထားချင်း ထပ်တူမကျနေဘို့ လိုတယ်။ ဒီအတွက် အခြေခံ ဥပဒေအရလည်း စီမံဖို့လိုတယ်။ လူတွေလည်း စီမံထားဖို့ လိုတယ်။ စစ်အာဏာသိမ်းရတာ လွယ်တယ်၊ ပြန်ဆုတ်ရတာ ပိုခက်တယ်။ Divide and Rule တဲ့။

ငြိမ်းချမ်းရေးလား၊ စိတ်တော့ မကောင်းဘူးဗျာ။ အင်း လာမယ် နောက်တော့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts