မိုးမခကို ပေးတဲ့စာ သူတို့အာဘော်

အရှင်စန္ဒိမာ (မွန်စိန်တောရ) – မြေခွေးရဲ့ တရားမျှတမှုနဲ့ အလှူခံပြည်သူများရဲ့ဘဝတွေ ဆက်စပ်မှု ရှိနေပါသလား

အရှင်စန္ဒိမာ (မွန်စိန်တောရ)  –  မြေခွေးရဲ့ တရားမျှတမှုနဲ့ အလှူခံပြည်သူများရဲ့ဘဝတွေ ဆက်စပ်မှု ရှိနေပါသလား
သြဂုတ် ၂၁၊ ၂၀၁၄

ဘာသာရေးဆိုင်ရာ ယုံကြည်မှုတွေ ဘယ်လိုပင်ရှိသည်ဖြစ်စေ အများအားဖြင့် လူတွေဟာ လက်ငင်းပစ္စုပ္ဗန်ဘဝကိုသာ အဓိကထား ဦးတည်စဉ်းစား လုပ်ကိုင်ဆောင်ရွက်နေကြတာပါ။ ဒါကြောင့်မို့ ပစ္စုပ္ဗန်အခြေအနေကို ဦးတည်စဉ်းစားတာဟာ လူမျိုးဘာသာမရွေး လူတိုင်းနဲ့ အကျုံးဝင်သက်ဆိုင်ပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ အရေးကို စဉ်းစားတဲ့အခါမှာလည်း သာမာန်ပြည်သူလူထုရဲ့ အရေးကို ပထမဦးစားပေး စဉ်းစားသင့်ပါတယ်။ ပြည်သူလူထုရဲ့ စားဝတ်နေရေး၊ ဘဝရပ်တည်ရေး၊ ကျန်းမာရေး၊ ပညာရေး စတာတွေကို ပထမဦးစားပေး ဖြေရှင်းသင့်ပါတယ်။ ဒီအရေးကိစ္စတွေမှာ အဓိကတာဝန်ရှိသူဟာ အစိုးရသာ ဖြစ်ပါတယ်။

တစ်ဖက်အိမ်နီးချင်းနိုင်ငံရဲ့ နယ်စပ်မြို့တစ်မြို့မှာ နှစ်စဉ်ပြုလုပ်နေကျ ဘာသာရေးအရ အလှူပေးပွဲကို မြန်မာနိုင်ငံသားတွေ သောင်းဂဏန်းချီပြီး သွားရောက်အလှူခံယူနေကြရတာဟာ နိုင်ငံနဲ့ လူမျိုးရဲ့ ဂုဏ်သိက္ခာအရ အရှက်ရစရာပါ။ အဲဒီနိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စရာပါ။ ဒီလို အဖြစ်မျိုးတွေကို ကြည့်ရင် သာမာန်ပြည်သူလူထုအတွက် အစိုးရအနေနဲ့ ရေတိုရေရှည် ဆောင်ရွက်ပေးသင့်တာတွေကို ထိရောက်စွာ အမြန်လက်တွေ့ အကောင်အထည်ဖေါ် ဆောင်ရွက်ပေးသင့်ပြီဆိုတာကို မီးမောင်းထိုးပြနေတာပါ။

ရေတိုရေရှည်လို့ ဆိုရာမှာ ရေရှည်အရ ဆောင်ရွက်ပေးနိုင်ဖို့ နိုင်ငံရဲ့ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ရပါမယ်။ နိုင်ငံစီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်နိုင်ဖို့ နိုင်ငံငြိမ်းချမ်းမှ ဖြစ်နိုင်မှာပါ။ နိုင်ငံငြိမ်းချမ်းဖို့ နိုင်ငံရေး တည်ငြိမ်ဖို့ လိုအပ်ပါတယ်။ နိုင်ငံရေးတည်ငြိမ်ဖို့ နိုင်ငံရေးအရ တရားမျှတမှု ရှိကို ရှိရပါမယ်။ နိုင်ငံရေးအရ တရားမျှတမှု မရှိခဲ့တာကြောင့် တိုင်းရင်းသားများရဲ့ ရပိုင်ခွင့်တွေနဲ့ နိုင်ငံရေးပြဿနာတွေကို စားပွဲဝိုင်းထိုင် မဖြေးရှင်းနိုင်ခဲ့မှုမှတဆင့် လက်နက်စွဲကိုင်တော်လှန်မှု၊ ပြည်တွင်းစစ်ရှည်ကြာမှု၊ နိုင်ငံမငြိမ်းချမ်းမှုနဲ့ နိုင်ငံစီးပွါးရေးချွတ်ခြုံကျမှုတွေရဲ့ ဒဏ်ကို ခါးစည်းခံစားနေကြရသူတွေဟာ သာမာန်တိုင်းရင်းသားပြည်သူလူထုပါ။ ဒီသံသရာကို အမြန် အဆုံးသတ်သင့်ပါပြီ။

စစ်အစိုးရအဆက်ဆက်ရဲ့ လှည့်စားမှုတွေကို ခံခဲ့ရဖူးတဲ့ တိုင်းရင်းသားတွေဟာ လက်ရှိအစိုးရရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှု ရည်ရွယ်ချက်ကို သံသယကြီးကြီးနဲ့ အကဲခတ်လေ့လာနေကြပါတယ်။ နှစ်ပေါင်း ၆၀ ကျော် ရှည်ကြာခဲ့တဲ့ ပြည်တွင်းစစ်ပဋိပက္ခကို နေ့ချင်းညချင်း မဖြေရှင်းနိုင်ပါဘူးလို့ ပြောကြတယ်။ အချိန်ယူရမယ်လို့လည်း ဆိုကြတယ်။ မှန်ပါတယ် အချိန်ယူရပါမယ်။ အချိန်ယူရမယ် မှန်သော်လည်း အချိန်ဆွဲရမယ့် အရာမဟုတ်ပါ။ နိုင်ငံရေးကစားကွက်တွေနဲ့ အချိန်ဖြုန်းရမယ့် အရာလည်း မဟုတ်ပါ။ ကစားတယ်ဆိုတာ အသိဥာဏ်နုနယ်ကြသေးတဲ့ လူမမယ်ကလေးငယ်တွေရဲ့ အရာသာ ဖြစ်ပါတယ်။ ယောကျာင်္းရင့်မကြီးတွေရဲ့ အရာမဟုတ်ပါ။ တကယ်တော့ နိုင်ငံရေးကစားတယ်ဆိုတာ မရိုးသားမှုရဲ့ စရိုက်လက္ခဏာတစ်ခုသာ ဖြစ်ပါတယ်။ နိုင်ငံရေးကစားတာကို ရပ်ကြပါ။ သူများနိုင်ငံမှာ သွားရောက်တောင်းရမ်း အလှူခံစားနေကြရတဲ့ ပြည်သူတွေကို ပြန်ငဲ့ကြပါ။

ယုံကြည်မှုတည်ဆောက်ရမယ်လို့လည်း ပြောကြတယ်။ သိပ်မှန်တဲ့ စကားပါ။ ဒါပေမယ့် ပြည်သူတွေ အစိုးရကို မယုံရဲပါဘူး။ မယုံရဲတာကို အပြစ်မဆိုသင့်ပါ။ ခံခဲ့ရပေါင်းလည်း များခဲ့ပြီလေ။ လက်ငင်းလည်း ခံနေရဆဲပါ။ လယ်သမားများကို မတရားဖမ်းဆီးထောင်ချမှုတွေ၊ နစ်နာကြရသူ ပြည်သူများအတွက် ဦးဆောင်ဆန္ဒထုတ်ဖေါ်ပေးခဲ့ကြသူတွေကို ပုဒ်မအမျိုးမျိုးတပ် ဖမ်းဆီးထောင်ချနေမှုတွေဟာ အစိုးရနဲ့ စစ်တပ်ရဲ့ စိတ်စေတနာမဲညစ်မှု သရုပ်မှန်ကို လှစ်ထုတ်ဖေါ်ပြမှုတွေပါ။ ဒီလိုအစိုးရကို ယုံကြည်ဖို့ မဖြစ်နိုင်ပါဘူး။

နိုင်ငံရေးပါတီတွေလည်း အလားတူ။ အစိုးရကို အပြည့်အဝ ယုံကြည်နိုင်ဖို့ ခက်မှာပါ။ ၉၀ ရွေးကောက်ပွဲရလဒ်က ပူပူနွေးနွေးပဲ ရှိနေပါသေးတယ်။ အေးစက်မသွားသေးပါဘူး။ ညောင်နှစ်ပင်ညီလာခံကို ဘယ်လိုလုပ်ခဲ့တယ်။ ၂၀၀၈ အခြေခံဥပဒေကို ဘယ်လိုအတည်ပြုခဲ့တယ်။ ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လိုကျင်းပခဲ့တယ်။ ဒါတွေဟာ အစိုးရအပေါ်ရှိနေတဲ့ သံသယကို ပယ်စွန့်ဖို့ ခက်ခဲစေတဲ့ အရာတွေပါ။

ဒီလို အရုပ်ဆိုးအကျည်းတန်တဲ့ အခြေခံအကြောင်းတရားတွေနဲ့ ယုံကြည်မှုကို ဘယ်လို တည်ဆောက်နိုင်ပါ့မလဲ။ ယုံကြည်မှုကို ရိုးသားမှုနဲ့သာ တည်ဆောက်နိုင်ပါလိမ့်မယ်။ ရိုးသားမှုကို လက်တွေ့လုပ်ဆောင်မှုနဲ့ သက်သေပြရပါမယ်။ လက်တွေ့လုပ်ဆောင်စရာများစွာထဲမှ တစ်ခုက တရားမျှတမှုကို လက်တွေ့လုပ်ဆောင်ပြရပါမယ်။ စစ်လေယာဉ်တွေ စစ်သဘောင်္တွေ သံချပ်ကာယာဉ်တွေ ပိုင်ဆိုင်ထားပြီး လက်နက်ကိုင်အင်အားသိန်းချီရှိတဲ့ အဖွဲ့အစည်းက အဆီအသားတွေကို အကုန်ယူပြီး အဆိုပါ အကြီးစားစစ်လက်နက်ကိရိယာတွေ မပိုင်ဆိုင်ထားနိုင်ဘဲ အင်အား ထောင်ဂဏန်းရာဂဏန်းလောက်သာရှိတဲ့ အဖွဲ့အစည်းတွေက တောင်ပံနဲ့ အမြီးလောက်ပဲ ရရင်တော့ အဆိုပါတရားမျှတမှုဟာ မြေခွေးရဲ့ တရားမျှတမှုပဲ ဖြစ်မှာပါ။

ဒါကြောင့် ယနေ့ ငြိမ်းချမ်းရေးစင်တာမှာ ပြောဆိုဆွေးနွေးနေမှုတွေဟာ မဲဆောက်မြို့ဘုံကျောင်းမှာ ဆန်တွေ ခေါက်ဆွဲထုတ်တွေ သွားရောက်အလှူခံယူနေကြရတဲ့ ပြည်သူလူထုရဲ့ ဘဝတွေနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်ဆိုတာကို မမေ့သင့်ပါ။ ငြိမ်းချမ်းရေးစင်တာက လူတွေ နိုင်ငံရေးကစားကွက်တွေနဲ့ အချိန်ဆွဲလေ နယ်စပ်က မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူတွေရဲ့ တောင်းရမ်းအလှူခံစားကြရမယ့် ဘဝသက်တမ်း ရှည်ကြာလေပဲဆိုတာ တာဝန်ရှိကြသူများ မမေ့ကြစေချင်ပါ။ မျက်နှာအောက်ချ တောင်းရမ်းအလှူခံနေကြရသူ ပြည်သူများရဲ့ လူမှုဘဝဒုက္ခတွေနဲ့ မြေခွေးရဲ့ တရားမျှတမှုဆိုတာဟာ တိုက်ရိုက်ဆက်သွယ်မှု ရှိနေတာလည်း အမှန်ပင် ဖြစ်ပါတယ်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts