သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး ● ၂၁ ပင်လုံ ဒုတိယနေ့ အနှစ်ချုပ်

 
ငြိမ်းချမ်းအေး ● ၂၁ ပင်လုံ ဒုတိယနေ့ အနှစ်ချုပ်
(မိုးမခ)စက်တင်ဘာ ၁၊ ၂၀၁၆

စစ်တပ်နဲ့ ကြံ့ခိုင်ရေး ပါတီက ဖက်ဒရယ် စကားလုံးရှောင်တယ်။  (လွှတ်တော်က ပင်လုံ ထောက်ခံအဆိုမှာဆိုရင်လည်း စစ်တပ်ကိုယ်စားလှယ်တွေက တရားဝင်ကန့်ကွက်ခဲ့တယ်။)

စစ်အုပ်စု (တပ် + ပါတီ) အလိုအရ ဖက်ဒရယ် ဆိုတာ တောင်းစရာမလို၊ ၂၀၀၈ ဖွဲ့စည်းပုံဟာ ဖက်ဒရယ်တောင်းဆိုတဲ့ အတိုင်း တန်းတူညီမျှမှုကို အပြည့်အဝပေးပြီးသားလို့ ဆိုတယ်။  ၂၀၀၈ ဖွဲ့စည်းပုံက မမျှတဲ့ အာဏာခွဲဝေမှု အကြောင်းကို လုံးဝ ထည့်မပြောခဲ့ပါ။  ဖွဲ့စည်းပုံကို ပြင်ရမယ့် သဘောလည်း မပြသေးပါ။

လူမျိုးစုကို အခြေခံတဲ့ ပြည်နယ်ပိုင်းခြားမှုကို စစ်တပ်နဲ့ ကြံ့ခိုင်ရေးက ပြင်းပြင်းထန်ထန်ဆန့်ကျင်တယ်။  ၁၉၆၂ ခုနှစ် ဖြစ်စဉ်၊ စစ်အုပ်ချုပ်မှု ရောက်စေတဲ့ အကြောင်းနဲ့ ပြည်ထောင်စုပြိုကွဲရေး ဒေဝေါကြီး နဲ့ ခြိမ်းခြောက်လိုမှုသာ အထင်အရှားပြခဲ့တယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နဲ့ ဦးဆောင်တဲ့ အစိုးရ ဘက်က တင်သွင်းတဲ့ စာတမ်းမှာ တန်းတူညီမျှမှု၊ သယံဇာတ ခွဲဝေမှု အစရှိတဲ့ အခြေခံ တန်းတူရေး အာမခံချက် မူတွေ အတွက် တိုင်းရင်းသား အစုအဖွဲ့တွေနဲ့ ကွဲပြားမှု မရှိပေမယ့် လူနည်းစု တိုင်းရင်းသား တွေ လိုလားတဲ့ လူမျိုးစု ပုံစံ တော့ ဇောင်းမပေးဘူး။  လူမျိုးစုအားလုံးကို ကိုယ်စားပြုနိုင်တဲ့ အမျိုးသားလွှတ်တော် စုဖွဲ့မှုကိုပဲ ရှေးရှုလိုကြောင်း ထင်ထင်ရှားရှားပြတယ်။  ဗဟိုအစိုးရ (ဖက်ဒရယ် အစိုးရ) နဲ့ ပြည်နယ် အစိုးရ အသွင် နှစ်ရပ် ကို ဟန်ချီညီ တည်ဆောက်နိုင်တဲ့ အခြေခံဥပဒေ ဖြစ်ရမယ်၊ အာဏာခွဲဝေမှု မှန်ရမယ်၊ ပြည်ထောင်စု ဖက်ဒရယ် အစိုးရနဲ့ လူမျိုးစု ဒေသခံ အစိုးရတွေ မျှဝေ ပူးပေါင်းအုပ်ချုပ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခြင်းကိုပဲ လုပ်ရမယ် လို့ ပြောတယ်။

စစ်အုပ်စု နဲ့ NLD သဘောထားကွဲမှုက ၂၀၀၈ ဖွဲ့စည်းပုံ က အာဏာခွဲဝေမှု ပဲ လို့ ဆိုနိုင်တယ်။  သူတို့ အုပ်စု နှစ်စုလုံးက လူမျိုးစု အခြေခံမူကို လက်မခံတာမှာတော့ တူတယ်။

ဒါကို တိုင်းရင်းသား အုပ်စုတွေနဲ့ နောက်ပိုင်း ပင်လုံ ညီလာခံ အဆက်တွေ မှာ ညှိနှိုင်းယူရမယ့် သဘောလို့ ယူဆရမှာပဲ ဖြစ်တယ်။

ပြန်ချုပ်ရရင် —

၁) တိုင်းရင်းသား ပြဿနာ  ဟာ ၁၉၄၇ နိုင်ငံ့အုတ်မြစ် ဖွဲ့စည်းပုံမှာကတည်းက အနှစ်သာရအားဖြင့် တပြည်ထောင် ပုံစံ တည်ခဲ့ခြင်းကြောင့် ဖြစ်ခဲ့တယ်။  နောက်ပိုင်း အဆက်ဆက်လည်း ၂၀၀၈ အခြေခံဥပဒေ အထိလည်း အပေါ်ယံမှာ ဘာပြောပြော တလူမျိုး တဘာသာ တပြည်ထောင် ပုံစံပဲ အခြေခံသဘော ဖြစ်နေတဲ့ အချက်က ပြည်တွင်းစစ်ကို သက်ဆိုးရှည်စေခဲ့တယ်။

၂)  ၂၀၀၈ ဖွဲ့စည်းပုံက မမျှတတဲ့ တပြည်ထောင် ရှေးရှု သဘောတွေ ပြင်နိုင်ရင် ငြိမ်းချမ်းရေး အဆင့်တဆင့်တက်နိုင်ပါမယ်။

၃) သယံဇာတ ခွဲဝေမှုကို အားလုံး လက်တွေ့ မျှမျှတတ လုပ်ပြီး အုပ်ချုပ်ရေး အာဏာခွဲဝေမှု ပုံစံတွေကို လူနည်းစု လူများစု ညှိနှိုင်းနိုင်ရင် ရေရှည်ခံမယ် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မယ် မျှော်လင့်ရပါတယ်။

၎) အချိန်ယူရမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်စဉ်တလျှောက် လူနည်းစု တိုင်းရင်းဒေသတွေမှာ သေနတ်သံ တိတ်ဖို့ အတွက်လည်း အစိုးရအနေနဲ့ စစ်တပ်ကို ညှိနှိုင်း ထိန်းကျောင်းမှုတွေ လုပ်ဖို့ လိုအပ်ပါမယ်။

နိဂုံး – ၂၁ ပင်လုံ ငြိမ်းချမ်းရေး ခရီးရှည် မှာ ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်များ ပါလာမယ့် နောက်ပိုင်း ကာလများက အဆုံးအဖြတ်ပေးမယ့် အရေးကြီး အချိန်များ ဖြစ်ကြောင်းပါ။

ငြိမ်းချမ်းအေး

စက်တင်ဘာ ၀၁၊ ၂၀၁၆

ကာတွန်း –ဖိုးတုတ်ကလေး(သံတွဲ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts