သရော်စာ

နိုင်​ဝင်းသီ – ကြွက်​တစ်​​ကောင်​နှင့်​ စကားစမြည်

နိုင်ဝင်းသီ –  ကြွက်တစ်ကောင်နှင့် စကားစမြည်
(မိုးမခ) စက်တင်ဘာ ၂၊ ၂၀၁၆

တနေ့သ၌ ကျွန်ုပ်သည် လမ်းလျှောက်ရင်း ရုတ်တရက်မိုးရွာလာသောကြောင့် လက်ဖက်ရည်ဆိုင်တဆိုင်သို့ ပြေးဝင်ရလေ၏။ လက်ဖက်ရည်တခွက်ကိုမှာသောက်ပြီး မိုးခိုရလေ၏။

လက်ဖက်ရည်ဆိုင်ထဲမှာတော့ လက်ဘက်ရည်သောက်နေသူ သုံးလေးယောက်မျှသာ ရှိနေလေ၏။
သည်အချိန်မှာပင် မတိုးလွန်းမကျယ်လွန်းသော အသံလေးတသံကို ကြားလိုက်ရလေ၏။

“ဘဏ်ဘယ်အချိန်ဖွင့်မှာလဲဗျ”
ဘယ်သူက ပြောလိုက်မှန်းလည်းမသိ။

အသံကတော့ ကျွန်ုပ်နှင့် အတော်နီးကပ်သောနေရာမှ ထွက်ပေါ်လာသောအသံဖြစ်လေရာ ကျွန်ုပ်မှာ မျက်မှောင်ကုပ်မိလေ၏။

” သူငယ်ချင်း ဘဏ်ဘယ်အချိန်ဖွင့်မှာလဲလို့”
သည်တကြိမ်မှာတော့ အသံကိုသာမက ခြေထောက်ကိုပါ တစုံတခုခုနှင့် ပွတ်တိုက်နေသလို မျိုးဖြစ်နေသောကြောင့် စားပွဲအောက်ခြေကိုငုံ့ကြည့်လိုက်ရာ အမွှေးအမှင်မည်းမည်းနှင့် မြေကြွက်တကောင်ဖြစ်နေလေ၏။ ဘဏ်ဘယ်အချိန်ဖွင့်မှာလဲမေးနေတာကို လူလို့အောက်မေ့နေတာ မြေ ကြွက်တကောင် ဖြစ်နေလေ၏။
စောစောစီးစီး စိတ်ထဲမှာ ထောင်းခနဲ ဒေါသထွက်သွားရလေ၏။
” ဘဏ်ဘယ်အချိန်ဖွင့်ဖွင့်ပေါ့ကွာ၊ သူ့ဟာသူ ဖွင့်ချင်တဲ့အချိန် ဖွင့်မှာပေါ့။ မင်းနဲ့ဘာဆိုင်လို့လဲ”
“ဆိုင်တာပေါ့ဗျ။ ကျွန်တော်က ဒီဘဏ်မှာ အကောင့်ဖွင့်ထားတာဗျ”
ထိုကြွက်၏စကားကိုကြားလိုက်ရသောအခါ ကျွန်ုပ်မှာ ခေါင်းမွေးများပင် ထောင်သွား ရပါလေ၏။

“ဘဏ်ဖွင့်ရင် မန်နေဂျာနဲ့ စကားပြောရမယ်ဗျ။ ကျွန်တော့်အကောင့်ထဲက ငွေတွေကို ကျွန်တော့်မိန်းမ လာထုတ်ရင် မပေးဖို့ သေချာသတိပေးထားရမယ်”
“နေစမ်းပါဦးကွ၊ မောင်ရင့်မိန်းမက ကြွက်ပဲလား။ ပုဂ္ဂလိကဘဏ်တွေဟာ မောင်ရင်တို့လို ကြွက်တွေကိုလည်း အကောင့်ပေးဖွင့်ထားတာပဲလား”
“ဟာ…တောက်တီးတောက်တဲ့ဗျာ။ ဘဏ်တွေက ကြွက်တွေကို အကောင့်ပေးဖွင့်ပါ့မလားဗျ။ ”
“မင်းပဲ ပြောလိုက်တာပဲလေ။ ဒီဘဏ်မှာ အကောင့်ဖွင့်ထားတာဆိုပြီး”

“ဖွင့်ထားတဲ့ အကောင့်ကကျွန်တော်လူ့ဘဝ တုန်းက ဖွင့်ထားတာဗျ။ ဆိုင်ကယ်တိုက်ပြီး ရှော သွားလို့ ကျွန်တော်ကကြွက်ဖြစ်သွားတာ။ ဘာပဲပြောပြောဗျာ ကျွန်တော့်အကောင့်ကို ကျွန်တော်မှတ်မိ တယ်။ ကျွန်တော်သေလို့ တစ်လတောင် မပြည့်သေးဘူး။ နောက်ယောက်ျားယူသွားတဲ့မိန်းမကိုတော့ တစ်ပြားမှ မပေးနိုင်ဘူးဗျာ”

“နေပါဦးသူငယ်ချင်းရ။ မင်းအကောင့်ထဲမှာ ဘယ်လောက်ထည့်ထားလို့လဲ”
“သိန်းသုံးထောင်ကျော်ကျော်လေး ပါဗျာ”
“သိန်းသုံးထောင်ကျော်ဆိုတော့ ဘယ်နည်းလိမ့်မလဲသူငယ်ချင်းရာ။ ဒါနဲ့နေပါဦးကွ။
လူ့ဘဝတုန်းက မောင်ရင်ဘာများလုပ်ခဲ့လဲ။ သိစမ်းပါရစေကွာ”
“ဌာနဆိုင်ရာ ဝန်ထမ်းတယောက်ပါဗျာ။ ဘာဌာနလဲလို့ မမေးပါနဲ့။ နောက်ကြောင်း ပြန်လှည့် လာရင် ဂိသွားမှာ စိုးလို့ပါ”
” ကြွက်ဖြစ်နေပြီပဲကွာ။ ဘာများစိုးရိမ်စရာရှိတော့လို့လဲ”
“ပြောလို့ရမလားဗျ။ ခင်ဗျားတို့ဥပဒေတွေက အခု ရလွတ်ပလွတ် ဥပဒေဖြစ်နေပေ မယ့် နောက်နောင် အပီ အပြင်သမမယ့် ဥပဒေတွေဖြစ်လာခဲ့ရင် ကြွက်ဘဝနဲ့တောင် အင်းစိန်တို့ ဘာတို့ ရောက်ချင် ရောက်သွားနိုင်တာဗျ”

“ပူမနေပါနဲ့ကွာ။ အဲဒီလိုဝင်သွားရင်လည်း မင်းတကောင်တည်းတော့ မဖြစ်နိုင်ပါဘူး။ မင်းနဲ့ အတူတူလုပ်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေ အများကြီးပါလာမှာပါ မောင်မောင်ကြွက်ရာ”

“သေချာတာပေါ့ဗျာ။ ဝိဓူရ မြင်းမြီးဆွဲသလို တန်းလန်းတန်းလန်းနဲ့ အတွဲလိုက်ကြီးပေါ့ဗျာ။ ပဒေသာကပွဲသဘောမျိုး မြိုင်မြိုင်ဆိုင်ဆိုင်ကြီးဆိုတော့ ပျော်စရာတောင် ကောင်းသွားနိုင်တယ်။ ဒါပေမဲ့ အာစရိရယ် ပျော်တာကနောက်ဗျ။ လောလောဆယ်မှာတော့ ကျွန်တော့်မှာ စောစောက ပြောသလို သောကတွေများနေ တယ်ဗျာ”

“ဘဏ်အကောင့်ကိစ္စကို ပြောချင်တာလား”
“သေချာတာပေါ့ဗျာ။ ဘဏ်အကောင့်ကိစ္စကို ရတက်မအေးဖြစ်နေရတာပေါ့။ ညဘက် တွေဆို အိပ်လို့တောင်မပျော်ဘူး။ ဟိုတညတုန်းကတော့ သွားစဉ်းစားမိတယ်အာစိရ။ ရှေ့နေ တယောက်ငှားပြီး နို့တစ်ပေးခိုင်းရင် ကောင်းမလားလို့”
“ဟာ တောက်တီးတောက်တဲ့ကွာ။ ရှေ့နေက မင်းလိုကြွက်တကောင် နို့တစ်ပေးခိုင်းတာကို လုပ်ပါ့မလားကွ”
“ပြောလို့ရမလားဗျ။ မြိုးမြိုးမြက်မြက်ကလေးပေးရင် လုပ်ပေးနိုင်တာပေါ့”
“ငါကတော့ မထင်ပါဘူး မောင်မောင်ကြွက်ရာ”
“ဒါဖြင့်ရင်လည်း ဘဏ်မန်နေဂျာနဲ့ဝင်တွေ့ပြီး အကျိုးအကြောင်းရှင်းပြမယ်ဗျာ။
ရှင်းပြတာကိုမှ လက်မခံဘူးဆိုရင် တကိုယ်တော်ဆန္ဒဖော်ထုတ်မယ်”
“ခြေလှမ်းတွေကလည်း ကြဲလှချည်လားကွ ငါ့ကောင်ရ။ မင်းလိုကြွက်က ဆန္ဒဖော်ထုတ်မယ် ဆိုတော့ လူရယ်စရာ ဖြစ်နေမှာပေါ့ကွ။နည်းနည်းပါးပါးများ စဉ်းစားကြည့်ပါဦးကွာ”

“ဒါဖြင့်ရင်လည်း သတင်းစာရှင်းလင်းပွဲလုပ်မယ်ဗျာ။ အဲဒါက ပိုတောင်ကောင်းလိမ့်ဦးမယ်။ ခင်ဗျားတို့ဆီမှာ သတင်းစာရှင်းလင်းပွဲဆိုတာ တနေ့ကို အနည်းဆုံး လေးငါးခြောက်ခု လုပ်နေကြတာ မို့လား”

“လုပ်လည်းလုပ်လုပ်ပါပဲ ငါ့ကောင်ရာ။ ဘာများထူးလာတာရှိလို့လဲ။ မောင်ရင်လုပ်လည်း အတူတူပဲပေါ့။ ဘာထူးလာမှာမို့လို့လဲ”
“ထူးလာတာ မလာတာက တပိုင်းပါဗျာ။ လောလောဆည်တော့ ကြွက်အခွင့်အရေးတွေ ဆုံးရှူံးနေရတာကို လူတွေသိသွားလိမ့်မယ်ဗျာ။ ဒါသိပ်အရေးကြီးတာပေါ့ အာစိရ”
“ဒါကတော့မောင်ရင့်သဘောပဲလေ။ ဘာမှထူးမလာဘူးဆိုတာ ကိုယ်က ကိုယ့်အတွေ့အကြုံ အရ ပြောနေတာဟ”
“အာစိနဲ့ စကားပြောရတာကောင်းပေမယ့် ဘဏ်ရှေ့မှာ ရုံးစုရုံးစုနဲ့ လူတွေတိုးဝေ့ကုန်ပြီဗျ။ ဘဏ်ဖွင့်တော့မှာနဲ့တူတယ်။ သွားပြီဗျာအာစိ။ နောက်မှတွေ့တော့မယ်”

အလွန်မှပင်လျင်မြန်ဖျတ်လတ်လှသောကြွက်ပင် ဖြစ်လေ၏။ စားပွဲအောက်မှ လှစ်ခနဲထွက်လာပြီး ဘဏ်ရှေ့သို့ ပြေးထွက်သွားပုံမှာ စက္ကန့်ပိုင်းမျှသာ ကြာမြင့်ပါလေ၏။
နောက်ဆက်တွဲသတင်းအနေနှင့် ထိုကြွက်သည် ဘဏ်အဝင်အဝမှာလူတွေနင်းမိလို့ပဲ ပြားချပ် သွားခဲ့ပြီလား။

ဒါမှမဟုတ် ဘဏ်မန်နေဂျာနှင့်တွေ့လို့ပဲ အဆင်ပြေသွားခဲ့လေသလား။

အဆင်မပြေလို့ တကိုယ်တော် ဆန္ဒဖော်ထုတ်ပွဲပဲ မြို့တော်ခန်းမရှေ့မှာ ပြုလုပ်ခဲ့လေသလား။

ဒါမှမဟုတ်စာနယ်ဇင်းတွေကို ဖိတ်ပြီး သတင်းစာရှင်းလင်းပွဲပဲ ကျင်းပပြုလုပ်ခဲ့လေသလား ဆိုတာကိုတော့ ကျွန်ုပ်လည်း ယခုချိန်ထိသေချာစွာ မသိရသေးပါကြောင်း။

နိုင် ဝင်း သီ
၂၄ ၊ ၈ ၊ ၂၀၁၆
၁၄း ၁၈ နာရီ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts