သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – ဗိုလ်ချုပ် မျှော်မှန်းခဲ့တဲ့ ပြည်ထောင်စုကို တည်ဆောက်ပါ

ငြိမ်းချမ်းအေး – ဗိုလ်ချုပ် မျှော်မှန်းခဲ့တဲ့ ပြည်ထောင်စုကို တည်ဆောက်ပါ
(သည်လေဒီးစ်နယူးစ်/မိုးမခ) ဖေဖော်ဝါရီ ၁၇၊ ၂၀၁၅

ဒါက ပြည်ထောင်စုနေ့နဲ့ ဗိုလ်ချုပ်ရာပြည့်ဆက်စပ် အရင်အပတ်က ရေးဖြစ်တဲ့ (၂) ပုဒ်ထဲက (၁) ပုဒ်ပါ။  အကြောင်းအရာက ကျနော် အရင် ရေးသာဖူးခဲ့တာ ဖန်တရာတေနေပေမဲ့ ပြောဖို့လိုသေးတယ် အထူးသဖြင့် ပုံနှိပ်မှာ ဒါမျိုးတွေ များများ ရေးရမယ် ယူဆလို့ ရေးခဲ့တာပါ။

တိုင်းရင်းသားပြဿနာ အကြောင်း ပြောဖို့ လိုမလိုက အခု လောက်ကိုင်စစ်ကိုပဲ ကြည့်ပါ။  လူအများ မျိုးချစ်စိတ်ထက်သန်တာကလွဲလို့၊ လူမျိုရေး အသာပေး တရုတ်မုန်းတီးရေး လုပ်ကြတာကလွဲလို့ ဘာများ ခြေခြေမြစ်မြစ် လူမျိုးစုရေးရာ ပြဿနာကို စဉ်းစားကြသလဲ။

ဒါကြောင့် ကျနော် အမြဲ ထောက်ပြခဲ့ပါတယ်။  ပဒေသရာဇ် စစ်ဘုရင် သူရဲကောင်း ဝါဒ မှိုင်းတိုက်ခံ ထိထားလို့ စစ်ဘင်ခရာ သံလေးကြား၊ စစ်ချီတေးလေးများ ဟစ်ရင် စစ်သွေးလေး ကြွချင်၊ အလံကလေး တလူလူ လွှင့်ရင် အမျိုးဂုဏ် ဇာတိ မာန် တွေ ထ ချင်၊ ပုဂံ နောက်ခံပုံတွေပြ “ခမ်းနားလေသော သမိုင်းကြောင်းများ..” အော်ရင် “မဟာ မြန်မာ.. ကွ” လို့ ကယောင်ချောက်ချား ကြွေးကြော်ချင်တဲ့ အခြေခံ အတွေးအခေါ် စဉ်းစားပုံ Mindset ကို ပြင်မှ ရပါမယ် ဆိုတာကိုး အကြိမ်ကြိမ် တင်ပြ ဆွေးနွေးဖူးခဲ့ပါတယ်။

သာမန် လူကို ထားပါဦး။  လူအများ ကြိုက်ကြိုက် မကြိုက်ကြိုက် မှန်တာကိုပဲ အသိအမြင် ဖွင့်ပေးဖို့ တာဝန်ရှိတဲ့ စာနယ်ဇင်းများမှာလည်း စာရေးသူတွေကအစ ကိုးကန့် နောက်ကြောင်းလှန်ပြမယ်၊ တရုတ်အနွယ်ကို ရှေ့တန်းတင်မယ်၊ ဗကပ နောက် အစိုးရ စစ်တပ်နဲ့ ပူးပေါင်းမှု၊ ဘိန်းကုန်ကူးမှု ဒါတွေပဲ ရေးတာသားတာ တွေ့ရတယ်။  ကိုးကန့်ကို ဒို့မြန်မာတွေ ပိုင်တယ် အယူအဆ လောင်းရိပ်က မလွတ်သရွေ့ လူမျိုးစုပြဿနာကို စစ်တိုက်ပဲ ဖြေရှင်းနေရမှာပါ။

ဒါမျိုး ဖြစ်စဉ်က ဒီတခုတည်းမဟုတ်၊ ဒါပထမဆုံး မဟုတ်သလို၊ ဒါနောက်ဆုံးလည်း မဟုတ်ပါ။  အခုပဲ ကြည့်ပါ ဗိုလ်မင်းအောင်လှိုင်ရဲ့ လူပါးဝ ပြောစကား ကိုယ့်ဘာသာ “မြန်မာ” လို့ သတ်မှတ်ကြပါတဲ့။  ဒါမျိုး ပဒေသရာဇ်ခေတ် အတွေးအခေါ်၊ လူမျိုးကြီးစိတ်အခံနဲ့ ဘယ်လို ငြိမ်းချမ်းရေး တည်ဆောက်မလဲ။

ဒါမျိုးသဘောတွေချည်း ခေတ်အဆက်ဆက် မြင်ခဲ့ရ၊ လေ့လာခဲ့ရလို့ အခု ဆောင်းပါး ရေးဖြစ်ခဲ့တာပါ။  နောက်ဆုံး ကိုးကန့်ပြဿနာ ဆက်စပ်ကတော့ နောက်ဆောင်းပါး တပုဒ် သီးသန့် ရေးရမှာပါ။

မိုးမခ စာဖတ်သူများလည်း လူမျိုးစုရေးရာပြဿနာ အတွက် ကိုယ်ပိုင် အတွေးအမြင် ပြောစရာရှိရင် မျှဝေပါ။

×××××××××××××

လူမျိုးကြီးဝါဒ စမ်းပေါက်ရာ မျိုးမြင့်စိတ်နေဝါဒ

လူမျိုးတစုက အခြား မတူညီတဲ့ လူမျိုးတစုကို ပြုမူဆက်ဆံရာမှာ ကိုယ့်လူမျိုးရဲ့ ယဉ်ကျေးမှုတန်ဖိုး၊ စံနှုန်းတွေကို အဓိက လက်ကိုင်ထားပြီး စဉ်းစား၊ ဆုံးဖြတ် ပြုမူ လုပ်ဆောင်ခြင်းကို လူမှုနိုင်ငံရေးအတွေးအခေါ်အရ မျိုးမြင့်စိတ်နေဝါဒ (Ethnocentrism) လို့ သတ်မှတ်လေ့ရှိပါတယ်။  ကိုယ့်အုပ်စုကိုသာ ဗဟိုပြုစဉ်းစားပြီး ကိုယ့်လူမျိုးက သူတပါးထက် အရာရာမှာ သာလွန်တယ်၊ ယဉ်ကျေးတယ်၊ မြင့်မြတ်တယ် ဆိုပြီး စိတ်ကြီးဝင်မှုမျိုးပါ။

ယဉ်ကျေးမှု၊ ဓလေ့၊ စံတန်ဖိုးများ မတူရခြင်း အကြောင်း

တကယ်တော့ ယထာဘူတ ကျကျ စဉ်းစားရင် ကမ္ဘာမှာရှိတဲ့ ဘယ်လူမျိုး၊ ဘယ်ယဉ်ကျေးမှုကမှ ပိုကောင်းတယ်၊ ပိုမြင့်မြတ်တယ်၊ ဆိုးတယ်၊ ယုတ်ညံ့တယ်ဆိုပြီး သတ်မှတ်လို့မရပါဘူး။  လူအုပ်စု တခုနဲ့ တခု အစားအသောက်၊ အဝတ်အထည်၊ ဓလေ့ထုံးတမ်း၊ ဘာသာစကား၊ အတွေးအခေါ်၊ တန်ဖိုးထားမှု စတာတွေ မတူညီ နိုင်ခြင်းမှာ ရှင်သန်နေထိုင်ရာ ဒေသ ပထဝီ၊ ရာသီဥတု ဂေဟဗေဒ သဘောနဲ့ ပတ်ဝန်းကျင် လူမှုအသိုင်းအဝန်းရဲ့ လူမှုနိုင်ငံရေး သဘောတွေကြောင့်လို့သာ ဆိုနိုင်ပါတယ်။

ကိုယ့်လူမျိုးကို ဘက်လိုက်ချင်တာ သဘာဝပါ

လူတွေဟာ မတူညီတဲ့ ဓလေ့ထုံးတမ်းတွေနဲ့ ထိတွေ့ဆက်ဆံတဲ့နေရာမှာ ကိုယ်နဲ့ ငယ်စဉ်ကတည်းက ရင်းနှီးကျွမ်းဝင် အသားကျပြီးသား အရာတွေကိုပဲ ပိုမို မွေ့လျော် လက်ခံလိုစိတ်၊ အသားပေး လုပ်ဆောင်လိုစိတ်လည်း ဖြစ်လေ့ရှိပါတယ်။  မှန်တယ်၊ မှားတယ်၊ တရားတယ်၊ မတရားဘူး ဆုံးဖြတ်ရာမှာလည်း ကိုယ်နေထိုင်ကြီးပြင်းလာရာ အုပ်စုဘက်ကိုသာ မသိစိတ်အနေနဲ့ ဖြစ်ဖြစ် ဘက်လိုက် ဆုံးဖြတ်လိုစိတ်တွေ ဖြစ်ပေါ်လာလေ့ရှိတယ်။  အမေရိကန် အမျိုးသားသိပံ္ပအဖွဲ့(NAS) ရဲ့ တွေ့ရှိချက်တခုအရဆိုရင် လူတွေမှာရှိတဲ့ အောက်စီတိုစင်းဟော်မုန်းဟာ အုပ်စုတူ လူချင်း ဓမ္မဓိဋ္ဌာန်ကျကျ မဟုတ်ဘဲ ခံစားချက် အသားပေး ပုဂ္ဂလဓိဋ္ဌာန် သဘောဆောင်တဲ့ မိမိအုပ်စုကို ဂုဏ်မြှင့်ပြောဆိုမှု၊ သူ တပါး အုပ်စုအပေါ် (အနည်းဆုံး စကားအရာမှာ ဖြစ်ဖြစ်) နှိမ့်ချ လိုမှု၊ လူမျိုး၊ အုပ်စုတူ ထောက်ခံ အားပေးမှု၊ ဘက်လိုက် ဆုံးဖြတ် ပြုမူမှု တွေကို ဖြစ်ပေါ်စေတယ်လို့ ဆိုတယ်။

အစွန်းရောက်ပြီဆိုရင်တော့ အန္တရာယ်ပါ

ဒါပေမဲ့ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဝါဒမှ ဆိုတဲ့ မျိုးမြင့်စိတ်နေဝါဒ စစ်စစ်ဖြစ်လာပြီဆိုရင်တော့ ယဉ်ကျေးမှုများ အချင်းဖြစ်တတ်ခြင်း၊ လူမျိုးစုအလိုက် မုန်းတီးခြင်း၊ စစ်ပွဲ စတဲ့ ပြင်းထန်တဲ့ သဘောမျိုးတွေအထိ ဖြစ်ပေါ်လာပါတော့တယ်။

မယဉ်ကျေးနိုင်သေးတဲ့ (၂၁) ရာစု ကျောက်ခေတ်လူသားများ

ဒီလို တလူမျိုး၊ တဘာသာ၊ ယဉ်ကျေးမှု ဓလေ့ထုံး တခုတည်းကိုသာ လက်ကိုင်ပြု ဇောင်းပေးလိုသူ မျိုးမြင့်စိတ်နေဝါဒ သမားများကြောင့် ကမ္ဘာမှာ လူမျိုး/ဘာသာရေးကို အခြေခံတဲ့ မုန်တီးမှုတွေ၊ ခွဲခြား၊ နှိမ်ချ ဆက်ဆံမှုတွေ၊ ရန်ပွဲတွေ၊ စစ်ပွဲတွေ မပြတ်တွေ့နေရပါတယ်။  (၂၁) ရာစု ခေတ်သစ်ကို အချိန်ကာလအားဖြင့် ရောက်ရှိနေထိုင်ခွင့်ရနေပေမဲ့ အတွေးအခေါ်၊ အနေအထိုင်၊ အပြူအမူ၊ အပြောအဆို အားဖြင့် လက်တွေ့ မရောက်နိုင်၊ အတွေးအခေါ် လွတ်လပ် ကျယ်ပြန့်၊ သမမျှတ၊ လူလူချင်း စာနာထောက်ထားမှု မထားနိုင်၊ တနည်းအားဖြင့် မယဉ်ကျေးနိုင်သေးဘဲ အုပ်စု မတူရင် စစ်ဖြစ်ရတဲ့ ကျောက်ခေတ်အတွေးအခေါ်၊ လူမျိုးကြီးဝါဒ ဖော်ဆောင်တဲ့ ဖက်စစ်နာဇီခေတ် ဓလေ့စရိုက်တွေဟာ ရှင်သန်နေဆဲပဲ ဖြစ်တယ်။

ပြည်တွင်းစစ်ရဲ့ရင်းမြစ်

ကျနော်တို့ တိုင်းပြည်ကိုပဲ ကွက်ကြည့်ရအောင်ပါ။  နိုင်ငံရဲ့ အဓိကပြဿနာကြီးတခု ဖြစ်တဲ့ တိုင်းရင်းသားလူမျိုးစု အချင်းချင်းကြား ပဋိပက္ခ ရှေရှည်တည်တံ့ မဖြေရှင်းနိုင်ခြင်း အကြောင်းရင်းဟာ စစ်အစိုးရ အဆက်ဆက် အသားပေး ဖော်ဆောင်ခဲ့တဲ့ မြန်မာ (ဗမာ) လူမျိုးကြီးဝါဒ၊ တနည်းအားဖြင့် အစွန်းရောက် မျိုးမြင့်စိတ်နေဝါဒကြောင့်လို့ ဆိုနိုင်ပါတယ်။  ဒီလို ပြောရင် စစ်အာဏာရှင်စနစ်ကို မလိုလားသူ သာမန်လူထု မြန်မာ (ဗမာ) များ ကိုယ်တိုင် နားခါးလေ့ရှိပါတယ်။  တကယ်တော့ ဒါဟာ ဆေးခါးကြီးမျိုသလို မဖြစ်မနေလက်ခံရမယ့် ခါးသီးတဲ့ အမှန်တရားတခုပါ။

တိုင်းပြည်ရဲ့ အခြေခံဥပဒေ အဆက်ဆက် (၁၉၄၇၊ ၁၉၇၄၊ ၂၀၀၈) ကို လေ့လာကြည့်ပါ။  တပြည်ထောင် (Unitary State) သဘောသာ ပိုဆောင်တဲ့ မညီမျှတဲ့ အာဏာခွဲဝေမှု၊ သယံဇာတ အရင်းအမြစ် ခွဲဝေမှု၊ ဗဟိုချုပ်ကိုင်မှု တွေကို တွေ့ရမှာပါ။  ပညာရေးစနစ်ကို ကြည့်ပါ။  မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာ တခုတည်းကိုသာ ဇောင်းပေးထားတာ တွေ့ရမှာပါ။  တိုင်းပြည်ရဲ့ အနုသုခုမ တင်ဆက်မှုတွေကိုလည်း ကြည့်ကြည့်ပါ။  တလူမျိုး၊ တဘာသာကိုပဲ အများစု အသားပေးတာ တွေ့ရမှာပါ။  ဒီတိုင်းပြည်ဟာ မြန်မာ ဗုဒ္ဓဘာသာဝင်တွေရဲ့ တိုင်းပြည်ဆိုတဲ့ ပဒေသရာဇ်ခေတ် အတွေးအခေါ် လောင်းရိပ်ကို အစိုးရ၊ လူထု၊ စာနယ်ဇင်း အစုစု အားလုံး အခုထိ မကျော်နိုင်သေးကြပါဘူး။

အနှစ်မပါတဲ့ တိုင်းရင်းသား စည်းလုံးရေး

တိုင်းရင်းသား စည်းလုံးရေးဟာ ဒို့တာဝန်အရေးသုံးပါး ဟစ်ကြွေးရုံနဲ့ မရပါဘူး။  ရုပ်သံမှာ လူကြိုက်များတဲ့ ရော့ခ်ကာကြီးက သွေးချင်းညီအစ်ကိုများ စည်းလုံးခြင်းရဲ့အင်အား အော်ပေးရှာပါတယ်။  ဒါပေမဲ့ တဖက်ကလည်း ကြီးမြတ်လေသော သမိုင်းကြောင်းနဲ့ ‘မဟာ မြန်မာ’ ဆိုပြီး ပဒေသရာဇ်ခေတ် လူမျိုးကြီးဝါဒကို ပြန်ဖော် ဇောင်းပေးပါတယ်။  ဒီလိုသဘောနဲ့ ဘယ်လို လူမျိုးစုစုံ  ငြိမ်းချမ်းရေး ရနိုင်ပါမလဲ။  တနှစ်တခါ ပြည်ထောင်စုနေ့အခမ်းအနားမှာ လူမျိုးစုဝတ်စုံတွေ ဟန်ပြဝတ်ခိုင်းရုံနဲ့လည်း သွေးစည်းရေး ဖော်ဆောင်လို့မရပါဘူး။  လူမျိုးစုများ သွေးစည်းညီညွတ်ဖို့က ပြည်ထောင်စုအခြေခံရာ ပင်လုံစိတ်ဓာတ်ကို တိုင်းပြည်ရဲ့အုတ်မြစ် အခြေခံ ဥပဒေမှာ သွတ်သွင်းရမှာ ဖြစ်သလို တိုင်းပြည်ရဲ့ လူမှု၊ စီးပွား၊ ကျန်းမာ၊ ပညာ၊ အနုသုခုမ အသီးသီးမှာ ပင်လုံ ကတိကဝတ် ဝိညာဉ်တွေ ရှင်သန်စေရမှာပါ။

ဗိုလ်ချုပ်အောင်ဆန်းကို သစ္စာဖောက်ခဲ့ကြတယ်

အခုဆိုရင် ဗိုလ်ချုပ်မွေးနေ့ အခမ်းအနားတွေ အရင်ခေတ်တွေထက်စာရင် ပို ကောင်းကောင်းမွန်မွန် ထိုက်ထိုက်တန်တန် ကျင်းပခွင့်ရပါပြီ။  ဗိုလ်ချုပ်ဖော်ဆောင်ခဲ့တဲ့ ပင်လုံညီလာခံကို ဂုဏ်ပြု ပြည်ထောင်စုနေ့လည်း နှစ်စဉ် ကျင်းပခဲ့ပါတယ်။  ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပင်လုံအိပ်မက် ပြည်ထောင်စုစစ်စစ်မူကိုတော့ မျက်ကွယ်ပြုနေဆဲ ဖြစ်ပါတယ်။  ပင်လုံမှာ ဗိုလ်ချုပ်ခေါင်းခံ အခြား လူမျိုးစုတွေကို ကတိပေးခဲ့တဲ့ ခွင့်တူညီမျှဝါဒဖြူစင်တဲ့ တိုင်းပြည်ကို မတည်ဆောက်နိုင်သရွေ့ တိုင်းပြည်ဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်ကို နှောင်းလူများ သစ္စာဖောက်လျက်ပဲလို့ ဆိုရပါမယ်။

မငြိမ်းချမ်းနိုင်တဲ့ ပြည်ထောင်စု

ဒီလို သစ္စာဖောက်ခြင်းဟာ ဗိုလ်ချုပ်ကိုတင် မဟုတ်ဘဲ၊ ဗိုလ်ချုပ်ခေါင်းဆောင်မှုကို ယုံကြည်နောက်လိုက်ခဲ့တဲ့ ရှမ်း၊ ကချင်၊ ချင်း အစရှိတဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်ခြင်းလည်း မည်ပါတယ်။  အကျိုးဆက်ကတော့ တမြေတည်းနေ တရေတည်းသောက် နေရတဲ့ လူမျိုးစု အချင်းချင်း သတ်ဖြတ်နေရတဲ့ ပြည်တွင်းစစ် လွတ်လပ်ရေးနဲ့ အတူ မွေးဖွားခဲ့ပြီး မငြိမ်းချမ်း၊ မဖွံ့ဖြိုး၊ မချမ်းသာ လူစဉ်မမီတဲ့ ပြည်ထောင်စု အမည်ခံ ယိုင်တိုင် ချည့်နဲ့ မျက်မှောက် တိုင်းပြည်ပါပဲ။

အမှီအခိုမကင်း သိက္ခာမဲ့ လူစဉ်မမီတဲ့ လွတ်လပ်ရေး

တိုင်းပြည်မှာ ငြိမ်းချမ်းရေး မတည်ဆောင်နိုင်ခြင်း၊ ငါ့ဖို့ တခုတည်းကြည့် အာဏာတည်မြဲရေးသာ ဇောင်းပေးဖော်ဆောင်တဲ့ စစ်အာဏာရှင်စနစ်ကြီးစိုးမှုနဲ့ အတူ ဗိုလ်ချုပ်တို့ယူပေးခဲ့တဲ့ လွတ်လပ်ရေးရဲ့ တန်ဖိုးဟာလည်း ယုတ်လျော့ခဲ့ရပါတယ်။  ဟိုလူ့ ကြောက်ရ၊ ဒီ လူ့ ကြောက်ရ၊ ဟို လူ၊ ဒီလူကတော့ ကျေးဇူးခံ ကျေးဇူးစားမို့ဆို ပြီး ငဲ့ နေရတဲ့ ခေတ်စနစ်ကြီးကို စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးများ ကိုယ်ကျိုးကိုသာကြည့် ဖန်တီးခဲ့ကြတယ်။  အင်အားကြီးတိုင်းပြည်များရဲ့ ခေတ်သစ်ကိုလိုနီ ကျွန်ပြုခံ ဘဝကို ကျရောက်ခဲ့ရတယ်။  နိုင်ငံတကာ အလယ်မှာ၊ အိမ်နီးချင်း နိုင်ငံတွေ ကြားမှာ လူမလေး ခွေးမခန့် ခဏ ခဏ နားရွက် လာ တံတွေး စွတ် ခံရ၊ ခေါင်းလာ ပုတ်ခံရ၊ ထိကပါး ရိကပါး လုပ်ခံရ သြဇာခံတွေထား မီးတွေပွားခံနေရတယ်။  တိုင်းပြည်မှာ တရားမျှတ လွတ်လပ် ခွင့်တူမှုကို အခြေခံတည်ဆောက်ထားတဲ့ စစ်မှန်တဲ့ သွေးစည်းညီညွတ်မှုမျိုး မရှိတော့ လူမျိုးစုများ ဝါးအစည်းပြေသလိုဖြစ်၊ အိမ်ကြက်ချင်း အိုးမည်းသုတ် တိုက်နေရင်းနဲ့ပဲ လုံးပါးပါးနေရပါတယ်။

ဗိုလ်ချုပ်ရဲ့ သာတူညီမျှ ကောင်းစားရေး စိတ်ဓာတ်ကို အတူယူပါ

အခု ဗိုလ်ချုပ်ရာပြည့်နဲ့အတူ ဗိုလ်ချုပ်အကြောင်းတွေ ပြောကြ၊ ဂုဏ်ပြုကြတာ ကောင်းပါတယ်။  ဒါပေမဲ့ ပြည်တွင်းစစ် နှစ်ပေါင်း (၆၀) ကျော် နှိပ်စက်နေတဲ့ လက်ရှိ တိုင်းပြည်မှာ အပြောသင့်ဆုံးကိစ္စကတော့ ဗိုလ်ချုပ်ရဲ့ လူမျိုးကြီး၊ ဘာသာကြီးဝါဒကို ပြတ်ပြတ်သားသားဆန့်ကျင်တဲ့ စိတ်ဓာတ်၊ တရားနဲ့ လုပ်ရပ်ပါပဲ။  ဥပမာ – နိုင်ငံတော်ဘာသာ ကိစ္စကို လုပ်ဖော်ကိုင်ဖက်များ အပါအဝင် ရဟန်း ရှင်လူ လူအများ ဖိအားတွေကြားက အကျောက်အကန်ငြင်းခဲ့မှုမျိုး၊ ပင်လုံမှာ ခွင့်တူညီမျှ ပြည်ထောင်စုစစ်စစ်မူ ချပြခဲ့ခြင်းမျိုး ကို အခုအချိန်မှာ ပြန်လည် ဖော်ထုတ် အတုယူ ကျင့်သုံးချိန်တန်ပါပြီ။  မတူကွဲပြားမှုကြားက ညီညွတ်မှု အင်အား(Unity in Diversity) ဟာ ဗိုလ်ချုပ်အိပ်မက်ပါ။  ဒါဟာ ဆိုခဲ့တဲ့ မငြိမ်းချမ်းတဲ့ ပြည်ထောင်စုနဲ့ လူစဉ်မမီတဲ့ လွတ်လပ်ရေး ဖြစ်နေတဲ့ တိုင်းပြည်ရောဂါအတွက် တခွက်တည်းသော ဆေးကောင်းပါပဲ။

ငြိမ်းချမ်းရေးလမ်းကြောင်းမှန်

လက်ရှိ မျက်မှောက်မှာ လူအများစု မြန်မာ (ဗမာ) တွေ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ အနုသုခမ၊ စာပေ အားဖြင့် အသာစီးရနေပါတယ်။  ဒါပေမဲ့ ရှေးသမိုင်းအစဉ်အဆက်အရ အခြား တိုင်းရင်းသား လူမျိုးစုတွေဟာလည်း တချို့က မြန်မာ (ဗမာ) တွေထက် အရင်၊ တချို့က မရှေးမနှောင်း ဒီဒေသ၊ ဒီမြေ၊ ဒီရေမှာ ဓားမဦးချ နေထိုင်၊ လုပ်ကိုင်၊ စားသောက်၊ မြို့တည်၊ နန်းတည်လာခဲ့ကြတာပါ။  ဒီနေရာကို ရှေ့က ရောက်ရောက်၊ နောက်ကျမှ ရောက်ရောက်၊ အခုအချိန်မှာ အရေအတွေက် ဘယ်သူ၊ ဘယ်လို၊ ဘယ်လောက် များများ လူမျိုးစု တစုနဲ့ တစုကြား ငါသာတယ်၊ သူညံ့တယ်၊ ငါက အင်အားရှိတဲ့ လူမျိုးကြီး၊ သူတို့က အင်အားနည်းတဲ့ လူမျိုးငယ်တွေဆိုတဲ့ သဘောနဲ့ ခွဲခြား၊ ဖိနှိပ်၊ ခြယ်လှယ် တဲ့ စနစ်ဆိုး ကျင့်သုံးလိုခြင်းမျိုးကို လက်ရှိ အသာရနေတဲ့ လူများစု မြန်မာ (ဗမာ) တွေဘက်က လုံးလုံး ရှောင်ကြဉ် နိုင်ရင် တိုင်းပြည်မှာ နှစ်ရှည်လများ စွဲကပ်နေတဲ့ တိုင်းရင်းသား ပြဿနာဟာ ပြေလည်ဖို့ လမ်းကြောင်းမှန်ပေါ် စရောက်ပြီ ဆိုနိုင်မှာပါ။

လူမျိုးကြီးဝါဒ အန္တရာယ်ကို သိပါ

စစ်အာဏာရှင်စနစ်က လူအများစု ထောက်ခံမှုရအောင် နှစ်ပေါင်းများစွာ တိုင်းပြည်မှာ စနစ်တကျ အင်တိုက်တားတိုက် ဖော်ထုတ်ခဲ့တဲ့ လူမျိုးကြီးဝါဒ (Racial Supremacism / Chauvinism) လို မကောင်းတဲ့ စနစ်၊ သဘောထားတွေ တိုင်းပြည်ရဲ့ စနစ်၊ လူမှု၊ အနုသုခုမ၊ စာပေ အားလုံးမှာ စိမ့်ဝင်စွဲကပ်နေပြီ ဆိုတာကို လူအများစု မြန်မာ (ဗမာ) များ အတ္တစိတ်ဖျောက် အစွဲကင်းကင်းနဲ့ ပကတိ အတိုင်း မျက်မှောက်ပြုနိုင်ရပါမယ်။  ဒီ လူမျိုးကြီးဝါဒရဲ့ ဆိုးကျိုးဆက် များကို မမြင်၊ မသိယောင်ပြု၊ ပြင်ဖို့ မကြိုးစာဘဲ နှစ်ပေါင်း (၆၀) ကျော် လွန်ခဲ့ပြီ ဖြစ်တဲ့ ကိုလိုနီအမွေဆိုးကိုသာ လက်ညှိုးထိုး အပြစ်ပုံချပြီး အင်္ဂလိပ် တွေ သွေးခွဲခဲ့လို့၊ ကိုလိုနီဖြစ်စဉ်ကြောင့် ဆိုကာ တိုင်းရင်းသား မကျေမလည် ဖြစ်နေမှု ပြဿနာ နဲ့ လူမျိုးရေး/ဘာသာရေး အမုန်းတွေကို ကိုယ်လွတ်ရုန်း အဖြေရှာနေရင် တိုင်းပြည်ဟာလည်း တင်းမာမှု၊ ပဋိပက္ခ၊ စစ်ပွဲ နွံထဲမှာ နစ်သထက် နစ်၊ ဆိုးကျိုးဒဏ်ကို ခံသထက် ခံနေရဦးမှာ ဖြစ်ပါတယ်။  လူမျိုးကြီးစိတ် ပြင်းထန်တဲ့ မျိုးမြင့်စိတ်နေဝါဒကို အခြေခံနေသရွေ့ တိုင်းရင်းသားအားလုံး၊ လူမျိုး/ဘာသာ မတူ လူအုပ်စုတွေအားလုံး ခွင့်တူညီမျှမှု အခြေခံ ငြိမ်းချမ်းစွာ အတူရှင်တွဲနေထိုင်နိုင်ဖို့ရာ ခက်နေဦးမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုစစ်စစ် ဖက်ဒရယ် သည်သာ အဖြေမှန်ပါ

တိုင်းရင်းသားလူမျိုးစု ဒေသ ပြည်နယ်တွေအားလုံး ဗဟိုအစိုးရ (Federal Government) ရဲ့ အောက်မှာ အမှီအခိုကင်း ကိုယ်ပိုင်ရပ်တည်နိုင်ခွင့်ရှိ၊ ကိုယ်ပိုင်ပြဋ္ဌာန်းနိုင်ခွင့်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် အပြည့်အဝ ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်နိုင်မှသာ မတူညီကွဲပြားနေတဲ့ လူမျိုးစုတွေ စုစည်းပေါင်းစည်း အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင် လူမှု၊ စီးပွား ချမ်းသာမှုကို ရှေးရှုနိုင်ပါမယ်။  ဖက်ဒရယ်ဆိုတာနဲ့ စစ်အာဏာရှင်များ မှိုင်းတိုက်ခဲ့တဲ့ ခွဲထွက်ရေးမူဆိုတဲ့ ခြောက်လုံးကို နားမယောင်ကြပါနဲ့တော့။  ဖက်ဒရယ်ဆိုတာ ခွင့်တူညီမျှ ဘယ်လိုပူးပေါင်းနေနိုင်တယ်ဆိုတာရဲ့ ပြယုဂ်ပါ။  ဒါကြောင့် မျှတတဲ့ အာဏာ၊ လုပ်ပိုင်ခွင့်၊ အရင်အမြစ် ခွဲဝေမှုတွေ အခြေခံဥပဒေအရ ပြဋ္ဌာန်းထားနိုင်ဖို့ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်တွေ၊ အစိုးရနဲ့ အစိုးရ စစ်တပ် တွေ့ဆုံ ညှိနှိုင်း နိုင်ငံရေးအရ အဖြေရှာနိုင်ဖို့ မဖြစ်မနေ ကြိုးစားရမှာပါ။

သမိုင်းဆိုးသင်ခန်းစာယူပါ

ဒါအပြင့် စစ်အစိုးရအဆက်ဆက် ဖော်ဆောင်ခဲ့တဲ့ အလုပ်မဖြစ်၊ ရေရှည်မတည်တဲ့ တပွဲတိုး ငြိမ်းချမ်းရေးနည်းနာတွေကို ရှောင်ရပါမယ်။  အခု လက်ရှိဖော်ဆောင်နိုင်တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာနဲ့ ဗိုလ်ချုပ်ဟောင်း ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကလည်း အတိတ်ကလိုပဲ အခြေခံမူကိုမပြင်၊ သဘောထားတွေ မပြောင်း၊ အပေါ်ယံ ကားပါမစ်ပဲ ချပေးတဲ့ ချွေးသိပ် ရေတို ငြိမ်းချမ်းရေးပဲ ဖြစ်နေလို့ အခု အချိန်ထိ တိုင်းပြည်မှာ သေနတ်သံတွေညံနေရတာပါ။  အခု ပြည်ထောင်စုနေ့မှာ လူမျိုးစုတချို့နဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်စေဦး ရေရှည်မြဲဖို့တော့ ခဲယဉ်းလှပါတယ်။

စက္ကူငြိမ်းချမ်းရေး မလိုချင်ပါ

တိုင်းပြည်မှာ စာရွက်ပေါ်သာတည်တဲ့ အနှစ်မပါ ငြိမ်းချမ်းရေးတွေ မလိုလားအပ်တော့ပါ။  သဘာဝဓာတ်ငွေ့သိုက်တွေ ပိုက်ရင်း လျှပ်စစ်မီးမရ၊ နိုင်ငံခြားကို ပိုက်လိုင်းဖြတ် ပို့ခံနေရတာကို ထိုင်ကြည့်နေရ၊ သုံးရတဲ့ မဖြစ်စလောက် လျှပ်စစ်မီး အတွက် ဈေးကြီးပေးနေရတဲ့ ရခိုင်ပြည် ဖြစ်နေတဲ့ စနစ်ကို ပြင်မှ တိုင်းရင်းသားသွေးစည်းရေးက အနှစ်ပါ ပါမယ်။  လောပိတ ပိုက်လိုင်းကြီးက ကိုယ့်ဆီကနေ လျှပ်စစ်တွေ သယ်ဆောင်သွား၊ ကိုယ့်ဒေသကို ဖြတ်သာသွားပေမဲ့ မြင်သာမြင် မကြင်ရ၊ ဖြတ်သာသွားတယ် မနားတယ် ဖြစ်နေရတဲ့ ကရင်နီပြည်၊ ရှမ်းပြည်တို့ရဲ့ သမိုင်းဆိုးကို ဖျောက်နိုင်မှ အစစ်အမှန် ငြိမ်းချမ်းရေးက တည်ဆောက်နိုင်ပါမယ်။  လူမျိုးစုခေါင်းဆောင်တွေကို လာဘ်ထိုး၊ လုပ်ပိုင်ခွင့် ချပေးရုံနဲ့တော့ အမှန်တကယ် တိုင်းပြည်မှာ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေ လူမျိုးစုစုံ လူအများစု ခံစားနိုင်မှာမဟုတ်ပါ။

နိဂုံး

နိဂုံးချုပ်ရရင် တိုင်းပြည် ဆင်းရဲတွင်းနက်ရခြင်း အကြောင်းရင်းခံ ဖြစ်တဲ့ စစ်အာဏာရှင်စနစ်၊ သူ့ရဲ့ အကျိုးဆက် လူမျိုးကြီးဝါဒ အမြစ်တွယ်ခြင်း၊ သူ့ရဲ့ နောက်ဆက်တွဲ ပြည်တွင်းစစ်မီး မငြိမ်းနိုင် ဖြစ်နေခြင်းကို အခြေခံကျကျ ပြုပြင် တော်လှန်ပြင်ဆင်နိုင်မှသာ အနာဂတ်မှာ နိုင်ငံတကာ လူတမ်းစေ့ တိုးတက်ဖွံ့ဖြိုးချမ်းသာတဲ့ တိုင်းပြည်သစ်ကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။  ဒါဟာ တိုင်းပြည်ရဲ့ လူမျိုးစုစုံ ခွင့်တူညီမျှ ဝါဒဖြူစင် တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ တကယ် ခံစားရမယ့် ဗိုလ်ချုပ် မျှော်မှန်းခဲ့တဲ့ ပင်လုံအိပ်မက် ပြည်ထောင်စုစုစစ်စစ် တည်ဆောက်ခြင်းလည်း မည်ပါတယ်။

စစ်မှန်တဲ့ ပြည်ထောင်စုနေ့တွေ ကျင်းပနိုင်ဖို့နဲ့ ဗိုလ်ချုပ်ကို အမှန်တကယ် ကျေးဇူးဆပ် ဦးညွတ် နိုင်ဖို့ မျှော်ရည်လျက်..။

ငြိမ်းချမ်းအေး
ဖေဖော်ဝါရီ ၁၂၊ ၂၀၁၅ (စာပြီးရက်စွဲ)

(သည်လေဒီးစ် သတင်းဂျာနယ်၊ အတွဲ (၂)၊ အမှတ်စဉ် (၅၂)၊ (၂၀၁၅) ခုနှစ် ဖေဖော်ဝါရီ (၁၃) ရက်နေ့ သောကြာနေ့ထုတ်၌ မူလ ပုံနှိပ်ခဲ့သည်။  ယခု မိုးမခတွင် အွန်လိုင်း ထပ်မံ ဖြန့်ချိသည်။  ဆောင်းပါး ပါ အာဘော် ကို ဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင်ပါသည်၊ nyeinchanaye81@gmail.com သို့လည်း စာရေးနိုင်ပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts