မေငြိမ်း – ကျမ နဲ့ မြန်မာစာ
(သူ့ဖေ့စ်ဘွတ်) ဖေဖော်ဝါရီ ၁၇၊ ၂၀၁၅
(၁)
ကျမက မြန်မာစာရေးရာ အာဏာပိုင် မဟုတ်သလို မြန်မာစာကျွမ်းကျင်သူကြီးလည်း မဟုတ်ပါ။ အဲလိုပဲ မြန်မာနိုင်ငံမှာ မြန်မာစာ ကထိက ဘ၀နဲ့ နေခဲ့တုန်းကလည်း ထူးချွန်ကျော်ကြား မြန်မာစာဆရာများ ထဲမှာ မပါပါ။ စာလေးပေလေး မတောက်တခေါက်စရေး.. မဂ္ဂဇင်းတွေ တပျော်တပါးပို့ကြည့်ရင်း အယ်ဒီတာ များ(အထူးသဖြင့် ဦးဝင်းငြိမ်း နဲ့ ကိုမျိုးမြင့်ငြိမ်း) တို့က ကျမ စာမူတွေကို တကယ်ဖတ်ပြီး တောက်လျှောက် ရွေးခဲ့ကြလို့သာ ‘မေငြိမ်း’ ရယ်လို့ ဖြစ်လာတာမို့ ခု မြန်မာစာသတ်ပုံနဲ့ ၀ါကျ အထားအသို အမှားတွေ အကြောင်း ပြောရာမှာ မြန်မာစာကို ချစ်လို့ တစိုက်မတ်မတ် ကြိုးစား မွမ်းမံထိန်းသိမ်းလာတဲ့ .. ပြီးတော့ တသက်လုံး မြန်မာစာ နဲ့ပဲ အသက်မွေးဝမ်းကျောင်းခဲ့.. ထမင်းစားခဲ့တဲ့ မြန်မာစာသမားတစ်ယောက် အနေနဲ့ပဲ ပြောမှာ ဖြစ်ပါတယ်။
တကယ်တော့ မြန်မာစာ သတ်ပုံမှာ ကျမကိုယ်တိုင် လက်မခံချင်တဲ့ စာလုံးပေါင်းတွေလည်း ရှိတာပါပဲ။ ဥပမာ.. ကျွန်မ ၊ ကျွန်တော် ဆိုတာကို ကျမ လုံးဝ လက်မခံချင်တာမို့ ကျမ .. ကျနော်.. လို့ အဓိပ္ပါယ် တခြား အထူး မရှိတဲ့ .. နာမ်စားမျိုးအနေနဲ့ပဲ သုံးချင်ပါတယ်..။
ပြီးတော့ အရပ်မျက်နှာတို့ Side တို့ကို ဘက် လို့ ရေးပြီး 2 sides ဘက် နှစ် ဘက် ကျတော့ နှစ်ဖက် လို့ရေးရမယ်.. ကိန်းဂဏန်းရဲ့ နောက်မှာ ရှိလို့ဆိုတာမျိုး သတ်မှတ်တာကို မကြိုက်ပါဘူး။ အဆိုးဆုံးက တခု တကောင် ကို တစ်လို့ ပြင်တာမျိုး.. မလိုအပ်ဘူးလို့ထင်ပါတယ်။ (ဦးနေ၀င်းပြင်လို့ မကြိုက်ဘူး ဆိုတာမျိုး မဟုတ်ပါဘူး။ အဓိပ္ပါယ် မရှိလို့ပါ)။
ဂဏန်းအရေအတွက်ကို ပြောချင်လို့ ပန်းတစ်ပွင့်.. ရေတစ်ခွက်.. အုပ်စု တစ်စု ဆိုတာမျိုးကို ကျမ လက်ခံနိုင်ပါသေးတယ်။ တစ်မနက်တို့ တစ်ညနေတို့ကျတော့ မလိုအပ်ဘဲ သုံးတယ်လို့ ထင်ပါတယ်။ အဆိုးဆုံးက တစ်ဖက်သတ်.. တစ်သဝေမတိမ်း.. တစ်စုံတစ်ရာ.. တစ်ရှိန်ထိုး.. ဆိုတဲ့စကားလုံးမျိုးတွေဆို ကျမ အတော်ကို စိတ်ပျက်တာပါ။ ကျမစဉ်းစားတာက တဘက်တည်း က ခံစားတာမို့ တဘက်သတ် သာ ဖြစ်သင့်တယ်.. ပြီးတော့ နှစ်သဝေမတိမ်း သုံးသဝေမတိမ်းမှ မရှိဘဲ.. ဘာလို့ တစ်ရတာလဲ.. ဆိုပြီး..။ တော်တော်ကို စိတ်ပျက်တာပါ။
ပြီးတော့ ‘သူမ’ .. အသုံးကိစ္စ… ။ ကျမ အင်မတန်ချစ်ကြည်ညိုတဲ့ ဆရာအေး (မောင်ခင်မင်-ဓနုဖြူ) နဲ့တောင် ပြောခဲ့ဖူးပါတယ်။ ၀တ္ထုမှာဖြစ်ဖြစ် .. ဘယ်မှာဖြစ်ဖြစ် အမျိုးသား အမျိုးသမီး ဇာတ်ဆောင် နှစ်ယောက်ကို အလွယ်တကူခွဲသိအောင်.. 3rd Person နေရာက ရေးရင်တော့ သူမ လို့ သုံးတာ ကျမက ကြိုက်တယ်လို့။ (ဆရာအေးကတော့ ‘သူမ’ အသုံးကို သိပ် သဘောမတွေ့ပါဘူး)
ဥပမာ.. နှင်းတွေကြားမှာ သူ လမ်းလျှောက်လာနေတာကို သူမ လှမ်းမြင်သည်.. ဆိုတာမျိုးက အဆင်ပြေ တယ်.. ပိုရှင်းလင်းတယ်လို့ မြင်ပါတယ်..။ ဒီနေရာမှာ ဇာတ်ဆောင် နာမည် ထည့်သုံးရင် ရတယ်ဆိုပေမဲ့ တခါတလေမှာ နာမ်စားအသုံးက ပိုလိုက်ဖက်တာမျိုး ရှိပါတယ်။ ဒါပေမဲ့ ကျမလည်း ဒေါ်အောင်ဆန်းစုကြည် အကြောင်းပြောနေတဲ့ သတင်းထဲ နောက်ထပ် ရည်ညွှန်းစရာ တစ်ယောက်မှ မပါတဲ့ နေရာမှာ သူမ.. လို့ ပြန်ပြန်ညွှန်းတာမျိုးကို မကြိုက်ပါဘူး။ ခုနောက်ပိုင်း သတင်းအများစုမှာ အဲလို ရေးကြပါတယ်။
ဒါပေမဲ့ စာပေ စကားသုံးရဲ့ ရွေ့လျားပြောင်းလဲမှု ၊ ဆန်းသစ်နေမှု သဘာဝအရ ကျမက လက်ခံနိုင်ပါတယ်။ ကျမတို့ တသက်လုံး အဓိပ္ပါယ် ခပ်ရိုးရိုးနဲ့ တင်စားပြောလာတဲ့ သမင်လည်ပြန် ကို ခြင်္သေ့လည်ပြန်လို့ အဓိပ္ပါယ် ပို လေးလေးနက်နက် နဲ့ ဆရာခမ်းလိတ်က ရေးလိုက်တော့ ကျမတို့ လှိုက်လှိုက်လှဲလှဲ လက်ခံခဲ့ကြတာပဲ။ ဒါက စကား အသုံးအနှုန်းကိစ္စပါ။ စာလုံးပေါင်း ကိစ္စ .. သဒ္ဒါအထားအသို ကိစ္စ မဟုတ်သေးပါဘူး။
များသောအားဖြင့် မြန်မာစကားလုံးတွေရဲ့ စာလုံးပေါင်းက အဓိပ္ပါယ်တွေနဲ့ ဆက်စပ်နေပါတယ်။ ဥပမာ – ရည်းစား ဆိုတဲ့ စကားလုံးဆိုရင် ရည်-ရည်း (ရည်ညွှန်းခြင်း၊ ရည်ရွယ်ခြင်း)၊ စား (အထူးတလည်)။ ဒါကြောင့် အထူးတလည် ရည်ရွယ်ထားသူကို ရည်းစားလို့ ခေါ်တာမျိုးပါ။ တကယ်လို့ တလုံးချင်း အဓိပ္ပါယ် အထူး မရှိရင်တော့လည်း စာလုံးပေါင်းအမှားက ရုပ်မဆိုးရင် ပြောမနေချင်တော့ပါဘူး။ ဥပမာ- ခြွင်းချက် ကို ချွင်းချက်လို့ပေါင်းတာမှာ အဓိပ္ပါယ် လွဲနိုင်စရာ သိပ်မရှိတာကြောင့် ပြောမနေချင်တော့ပါဘူး။ ဒါပေမဲ့ ကြိုးစား (အထူးကြိုးပမ်းခြင်း) ဆိုတဲ့ အဓိပ္ပါယ်ကို ကျိုးစား(အထူးကျိုးပဲ့ခြင်း) နဲ့ မှားနိုင်ရင်တော့ ဂရုစိုက် စေချင်တာပါပဲ။ (ခက်တာကို ကျိုးတာပဲ့တာကို ဘယ်လိုပေါင်း မှန်းတောင် မသိကြတော့လည်း.. အားလုံးကောင်းပါသည် ခင်ဗျား .. လို့သာ အော်ချင်ပါတော့တယ်)။
နေ့ရဲ့ အလယ်ခေါင်မို့ နေ့လယ် ခေါ်ပါတယ်။ နေ့လည် .. ဆိုရင်တော့ နေ့မှာ အလည်အပတ်သွားတာလား လို့ အဓိပ္ပါယ်ဖြစ်မှာလို့ သေချာ ရှင်းပြလည်း မှားသူတွေကတော့ ခပ်တည်တည်ပါပဲ။ စကားအဆက်အစပ်နဲ့ လူတိုင်းသိတယ်လို့တောင် ပြန်ပြောပါသေးတယ်။
နောက်တစ်ခု.. ပညာတတ် ကို ပညာတက် .. လို့ ရေးကြတာ။ ပညာကို တတ်မြောက်လို့ ပညာတတ်လေ.. တက် ဆိုတာက အပေါ်ကို တက်တာ.. ။ မှားစရာ မရှိဘူးလို့ ရှင်းပြတာကိုတောင် နားမလည်ဘူးဆိုတဲ့ သတင်းထောက်မျိုးနဲ့လည်း ကြုံဖူးပါတယ်။
လဲ နဲ့ လည်း ကိစ္စလည်း အဲလိုပါပဲ။ လဲ .. ကို မေးခွန်း နဲ့ ချော်လဲ တာမှာပဲ သုံးတယ်။ လည်း.. ကျတော့ သူလည်းပဲ ငါလည်းပဲ.. လို့ အတူတူဖြစ်တဲ့ သဘောတွေမှာ သုံးတယ်လို့ ရှင်းပြလည်း မသိကြဆဲပါ။ (ကျမကျောင်းသား အမေရိကန်တွေတောင် မမှားတော့ပါဘူး)
ပြဿနာက ကိုယ့်စာရဲ့ အဓိပ္ပါယ်ကိုတောင် ပြန်မစစ်တာပါ။ အပစ်အခတ်ရပ်စဲ ကို အပြစ်အခတ်ရပ်ဆဲ လို့ ရေးတဲ့ နာမည်ကြီး သတင်းဌာနတွေ အပုံ..။ သတင်းတစ်ပုဒ်ထဲမှာကိုပဲ ပထမအပိုဒ်မှာ အပြစ်အခတ်၊ ဒုတိယပိုဒ်မှာ အပစ်အခတ် လို့ မသေမချာ ရေးတာကျတော့ ဆိုးလှပါတယ်။ ကျမ ကျောင်းသားတွေကတော့ စာဖတ်ရင်း အဲဒါမျိုးတွေ့ရင် အမှားတောင် Consistent မဖြစ်ဘူးလို့ ရယ်ပါတယ်။
ကျောင်းသားတွေကို နိုင်ငံတကာသတင်း၊ မြန်မာသတင်းတွေ Authentic News သင်ရတာမို့ ကျောင်းသား တွေကတောင် ဘယ်သတင်းဌာနက အချက်အလက်မှား အများဆုံး၊ ဘယ်သတင်းဌာနက စာလုံးပေါင်းအမှား အများဆုံး၊ ဘယ်သတင်းဌာနက သတင်းဘာသာပြန်အကောင်းဆုံး၊ ဘယ်သတင်းဌာနက စာလုံးပေါင်း အမှန်ဆုံး ဆိုတာ သိနေကြပါပြီ။
တော်တော် ဆိုးတဲ့ အမှားတွေ့ရင်တော့ သူတို့က ခေါင်းရမ်းပြီး သတင်းထောက်တွေ စာမဖတ်ဘူးလား.. အယ်ဒီတာတွေ မစစ်ဘူးလား လို့ ကျမကို မေးတတ်ပါတယ်။ ခက်တာက အမေရိကန်သံတမန် ဆိုသူတွေက Harvard တို့ Princeton တို့ ကနေ အနိမ့်ဆုံး Master လောက် ဘွဲ့ရထားပြီး အနည်းဆုံး ဘာသာစကား ၃မျိုး တတ်ပြီးသား လူတွေမို့ သူတို့က ပညာရပ်တစ်ခုကို စနစ်တကျ လေ့လာကြတာပါ။ ကျမမှာ သူတို့ မေးခွန်းတွေရှေ့ ချွေးပြန်ရတဲ့ အကြိမ်တွေလည်း မနည်းမနောပါ။
ဒီတော့ ခုနောက်ပိုင်း သူတို့ကို သင်ဖို့ သတင်းတွေ ရွေးတဲ့အခါ အမှားအနည်းဆုံး သတင်းကို ရွှေရှာသလို ရှာရပါတော့တယ်။ ဒါမှ ကျမလည်း ချွေးအပြန် သက်သာ.. ကိုယ့်သတင်းထောက်တွေလည်း သိက္ခာ သိပ်မကျ ဘူးပေါ့။ ကျမကတော့ ကိုယ့်သက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်ရင် ဂုဏ်သိက္ခာကို တန်ဖိုးထားတာ တစ်ခုတည်း ကြောင့်သာ ကြိုးစားတာပါ။ ငါ ဘယ်လို လုပ်လုပ် ပိုက်ဆံရပြီးသားပဲလို့ ခံယူသူတွေအတွက်တော့ ပြောစရာစကားမရှိတော့ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ ကျမကိုယ်တိုင် အဖေ က ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူး .. အင်္ဂလိပ်စာ ကောင်းသူ၊ အမေက အင်္ဂလိပ်စာဆရာမ .. ကိုယ်တိုင်လည်း အင်္ဂလိပ်စာ သိပ်မညံ့သူလို့ ထင်ခဲ့တာတောင်၊ ကျမ ပြည်ပကို စထွက်စ ၂၀၀၅ ခုနှစ် ထိုင်းနိုင်ငံကိုရောက်ချိန်မှာ ကိုယ့်ကိုယ်ကို မိတ်ဆက်ရင် My name is May Nyane လို့ ပြောရမှာလား.. I am May Nyane လို့ ပြောရမှာလား မသေချာလို့ အဲလောက်ကိုတောင် အနားမှာ ရှိတဲ့ သူငယ်ချင်းတွေက ပြောပေးခဲ့ရတာပါ။
မြန်မာစာ ဆရာမ ဘ၀ အင်္ဂလိပ်စာကို တစ်လုံးမှ မကြည့်ခဲ့တဲ့အကျိုးဆက်ကြောင့်.. သတင်းထောက် ညီလာခံ တစ်ခုမှာ ကိုယ်ပြောတဲ့ အလှည့်.. မေးခွန်း အမေးခံ ရချိန် မှာ မေးသူက Comedian တွေရဲ့ နိုင်ငံရေး တာဝန် ကျေမှု အကြောင်း မေးတာမှာ Comedian ဆိုတာ ဘာမှန်းတောင် မသိခဲ့တဲ့ မြန်မာစာကထိက စာရေးဆရာမ အဖြစ် ကျမ သိမ်ငယ်ခဲ့ဖူးပါတယ်။ ဒါနဲ့ပဲ ကျမ ကလေးတွေ လေ့လာသလို အင်္ဂလိပ်စာကို အစက ပြန်စ လေ့လာ ခဲ့တာ… ခုချိန်ထိလည်း နေ့တိုင်း လေ့လာနေရဆဲပါပဲ။ ဒါကြောင့်ပဲ ခု သံတမန်တွေ အတွက် မြန်မာစာဆရာမအလုပ်ကို ချောချော မွေ့မွေ့ လုပ်နိုင်ခဲ့တာ ခုဆို ၃နှစ်ကျော်ပါပြီ။ (ကျမ ဒီအလုပ်ရတော့လည်း ကျမ အင်္ဂလိပ်စာ ညံ့တဲ့ကြားက ကံကောင်းလွန်းလို့ ရတာလို့တောင် အပြောခံခဲ့ရတာပါ)။ ကျမ ပြောပြချင်တာက လေ့လာရင် ရတယ်ဆိုတဲ့ သတင်းစကားပါ…။
(နောက်အပိုင်းတွေမှာ မီဒီယာထဲက သတ်ပုံအမှား၊ သဒ္ဒါအမှားတွေ နေ့တိုင်းရေးတင်သွားမှာဖြစ်ပါတယ်)
မေငြိမ်း
ဖေဖော်ဝါရီ ၁၇၊ ၂၀၁၅
ကျေးဇူးပဲ ဆရာမ မေငြိမ်းရေ ..။ အဲဒိအကြောင်း ကျနော် ဆောင်းပါးရေးပြီး ပြောချင်နေတာ ကြာပြီ။ အငြင်းပွားစရာတွေ အပြည့်နဲ့  မြန်မာသတ်ပုံကျမ်းကို စိတ်ပျက်မိရဲ့။ ဦးနေဝင်း လူတတ်ကြီးလုပ်ပြင်သွားတာတွေကလည်း ခုထိ ဒုက္ခပေးဆဲ။ ဆရာမခုလိုရေးလို့  ကျေးဇူးအထူးပါ။ မလိုအပ်ဘဲ စာမှာ စပိတ်ခြားတာတွေကလည်း ဆိုးပါရဲ့။ မြန်မာသတ်ပုံကျမ်းကလည်း ကိုယ်ရှာချင်တဲ့ သတ်ပုံတွေတောင် မပြည့်မစုံ။ အိတ်ဆောင်ရော၊ အကြီးရော ပေါင်းကြည့်တာတောင် မရှိတဲ့ စာတွေ ကျန်နေသေးရဲ့။ (လည်း)စာဆက်။ (လဲ) အမေး။ဆိုတာတွေ ရောသုံးနေတာ။ (လည်းကောင်း) စာဆက်။ (၄င်း) စာပုဒ်အစသုံးတွေ ခွဲ မသိတာ။ ပြောရရင် စုံလို့ ပဲ။ ခု ကျနော်ထုတ်မယ့် ကဗျာစာအုပ်မှာတောင် အမှားတွေပါတာ အများကြီး။ ကိုယ်က ပြင်ပေးဖို့ ကလည်း PDF ဖြစ်နေတော့ ပြင်လို့ မရ။ ဒါနဲ့  မှားမှန်းသိလျက် လွှတ်လိုက်ရတယ်။ သိသလောက် ဆက်ရေးပါဦးလို့  အကြံပြုပါရစေ။ (ကျော်ဟုန်း)
To be fair, English-language articles have similar problems, albeit more so in the local publications than national and international publications. For example, a lot of native English speakers and writers regularly mix up your and you’re. Another source of confusion is they’re, there and their. Parts of the English speaking world have been dropping apostrophes in everyday communications. Eg. NZ Post recommends the spelling “St Johns Park” (a place name) over grammatical sound “St John’s Park”, on envelopes.
ဆရာမပေးတဲ့ဥပမာ.. နှင်းတွေကြားမှာ သူ လမ်းလျှောက်လာနေတာကို သူမ လှမ်းမြင်သည်.. ဆိုတာမျိုးက အဆင်ပြေ တယ်.. ပိုရှင်းလင်းတယ်လို့ မြင်ပါတယ်..။ ဒီနေရာမှာ ဇာတ်ဆောင် နာမည် ထည့်သုံးရင် ရတယ်ဆိုပေမဲ့ တခါတလေမှာ နာမ်စားအသုံးက ပိုလိုက်ဖက်တာမျိုး ရှိပါတယ်။
ဒီနေရာမှာ ကျွန်တော်ကတော့ ဆရာဦးခင်အေး (မောင်ခင်မင်၊ဓနုဖြူ) နဲ့သဘာထားချင်း တိုက်ဆိုင်ပါတယ်။ ဣထ္ထိလိင်၊ ပုလ္လိင် တိကျတဲ့နာမ်စားအသုံး လိုချင်ရင်လည်း “မောင်”၊ “မယ်” စတဲ့နာမ်တွေကို နာမ်စားအဖြစ်သုံးနိုင်ပါတယ်။ ဥပမာ၊ “မောင် နှင်းတွေကြားမှာ လမ်းလျှောက်လာနေတာကို မယ် လှမ်းမြင်တယ်” ပေါ့။
အင်္ဂလိပ်ခေတ်ကရော အခုခေတ်မှာပါ တချိ့က အနောက်တိုင်းသဒ္ဒါကိုလိုက်ပြီး “သူမ”လို့သုံးနေကြပါတယ်။ ဒါပေမဲ့ အဲဒီလူကို “ခင်ဗျားမိန်းမဘယ်မှာလဲ” လို့ မေးလိုက်ရင် “သူဈေးသွားတယ်” လို့ “သူ”ကိုသာသုံးပါလိမ့်မယ်။ “”သူမဈေးသွားတယ်”လို့ ဘယ်သူမှမပြောပါဘူး။
ဆရာမလည်းသိတဲ့အတိုင်းဘယ်ဘာသာစကားမှာမဆို အပြောစကား(Spoken language) နဲ့ စာစကား (Written language) နှစ်ခုမှာ အပြောစကား(Spoken language) ကသာရှေးဦးပေါ် တတ်လေတော့ grammatical analysis လုပ်ရာမှာ အပြောစကား(Spoken language) ကိုမေ့ထားလို့မရပါဘူး။