ရသဆောင်းပါးစုံ အတွေးအမြင် ခေတ်ပြိုင်အတွေ့အကြုံ

စံလှကြီး – မြန်မာ့ ယဉ်ကျေးမှု ဆိုတာကြီးနဲ့ ကိုင်ပေါက်မလို့လား

စံလှကြီး – မြန်မာ့ ယဉ်ကျေးမှု ဆိုတာကြီးနဲ့ ကိုင်ပေါက်မလို့လား
(မိုးမခ) ဖေဖော်ဝါရီ ၁၇၊ ၂၀၁၅

ပြီးခဲ့တဲ့ နှစ်က ဂျာနယ်များတွင် ချစ်သူများနေ့အတွက် ပြင်ကြ ဆင်ကြ အရောင်းမြှင့်တင်ရေးတွေ အကြီးအကျယ် လုပ်ကြသော သတင်းများ ဖတ်လိုက်ရဖူးသည်။ ဒါနဲ့ တဆက်တည်း ပါလာသည်က စုံတွဲများအတွက် အခန်းများဌားခြင်း သတင်းများ ဖြစ်သည်။ အခန်းတွေတောင် နေရာလွတ်မရှိတော့လို့ ပြောသည့်လူများတောင် ရှိသည်။ ဒီကိစ္စနဲ့ ပက်သက်ပြီး စိုးရိမ်သော အချို့ ဆောင်းပါးရှင် စာရေးဆရာများ၏ လူငယ်များကို ဆင်ခြင်ဖို့ တိုက်တွန်းသော ဆောင်းပါးတွေလည်း တွေ့လိုက်ရဖူးသည်။ ဒီနှစ်တော့ အဲဒီ ဆောင်းပါးတွေ သတင်းတွေ အရင်နှစ်ကထက်စာရင် ကျဲပါးသွားသလို ထင်ရသည်။ ဗိုလ်ချုပ်ရာပြည့်ပွဲရှိလို့ပဲ အဲဒီဘက်ကို သတင်းသမားတွေ အာရုံများနေကြသလား ဒါမှမဟုတ် ကျနော်ဖတ်တဲ့ စာစောင်တွေထဲမှာပဲ မပါလို့လား မသိ။

အဲဒီတုန်းက ကျနော်နဲ့ သိသော မိတ်ဆွေအချို့နှင့် ထိုကိစ္စအကြောင်းကို စကားဝိုင်းဖွဲ့ကြည့်ရာ အတော်လေး စည်ကားသော စကားဝိုင်းတခု ဖြစ်သွားဖူးသည်။ ပါဝင်ဆွေးနွေးတဲ့ မိတ်ဆွေတွေက ၁၀ယောက်တောင် ကျော်သည်ဟု ထင်ပါသည်။ သူတို့ထဲတွင် လူစုံပါသည်။ နိုင်ငံခြားမှ ပြန်လာသူလည်း ပါသည်။ စာတွေ ပေတွေ ရေးနေတဲ့လူတွေလည်း ပါသည်။ နားထောင်သမားတွေလည်း ပါသည်။ ပြောတာတွေလည်း စိတ်ဝင်စားစရာ ကောင်းသည်။ ဒီကိစ္စမျိုးကလည်း နှစ်တိုင်းလိုလို ရှိနေတော့မှာကိုး။

အဲဒီလူစုထဲမှာ သုံးယောက် လေးယောက်လောက်ကတော့ နိုင်ငံခြားပြန်များ လစ်ဘရယ်ဒီမိုဆိုသူတွေ ဖြစ်ပြီး ကျန် ၆ ယောက် ၇ ယောက်လောက်ကတော့ ကွန်ဆာဗေးတစ်(လစ်ဘရယ်ဒီမိုတွေက သူတို့ကို ခေါ်သော အမည်) မြားဖြစ်သည်။ သူတို့ထဲမှာ အယူအဆ နှစ်မျိုးပဲတွေ့ရသည်။ ပထမအုပ်စုက ဒီလို လူငယ်တွေ လက်မထပ်ရသေးပဲ လိင်ဆက်ဆံတာ မကောင်း ခွင့်မပြုသင့် မြန့်မာ့ယဉ်ကျေးမှုနဲ့ မညီ တားဆီးသင့်သည်။ ဒုတိယအုပ်စုက လစ်ဘရယ်ဝါဒီဆိုသူတွေ ဖြစ်ပြီး သူတို့ ပြောတာတွေက ပိုစုံသည်။ မြန်မာ့ယဉ်ကျေးမှု ဆိုတာကြီးနဲ့ မကိုင်ပေါက်နဲ့ မြန်မာ့ယဉ်ကျေးမှုလည်း ခေတ်အဆက်ဆက် ပြောင်းခဲ့တာပဲ။ သူတို့အဆိုအရ လိင်ကိစ္စနဲ့ ပက်သက်ပြီး လက်မထပ်ပဲ ကိုယ့်ဘာသာကိုယ် ပွင့်ပွင့်လင်းလင်း ဆက်ဆံတာ အပြစ်လည်းမဟုတ် ရှက်စရာလည်း မဟုတ် ဒါကို ရှက်စရာလို့ ထင်နေသူများဟာ လူအခွင့်အရေးအရ အခြေခံကျကျ မှားနေသူများ ဖြစ်ကြောင်း ကိုယ့်ဘာသာကိုယ် သဘောတူမျှလို့ ပွင့်ပွင့်လင်းလင်း လုပ်တာကို ဘေးက အပြစ်ဆို နှိပ်ကွပ်သူသာ မှားတယ်ဆိုပဲ။ ယူအက်စ်က ပြန်လာတဲ့ လူတယောက် ဆိုရင် ကိုယ့်ပစ္စည်းနဲ့ကိုယ် ကာမအရသာ လွတ်လွတ်လပ်လပ် ခံစား စံစားတာ လူသားဆန်ခြင်း တမျိုး ဖြစ်ကြောင်းပါရယ် ဆိုပြီး ပြောလိုက်သေးသည်။

မြန့်မာ့ယဉ်ကျေးမှုနဲ့ မကိုင်ပေါက်နဲ့ ဆိုမှ အဲဒီစကားကို ကျနော် ကြားခဲ့ဖူးတာလေး သတိရမိသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက (ကျနော့်စိတ်ထင် အနှစ်နှစ်ဆယ်လောက်က) ဆရာ တက္ကသိုလ်ဘုန်းနိုင်၏ ဝတ္ထု တပြည်သူ မရွှေထားကို ရုပ်ရှင် အဖြစ် ရုံတင်ခဲ့ဖူးသည်။ မင်းသားနှင့် မင်းသမီးမှာ ရုပ်ရှင်မင်းသား (ဦး) ကျော်သူ နှင့် ရုပ်ရှင်မင်းသမီး (ဒေါ်) မေသန်းနုတို့ ဖြစ်သည်။ သူတို့ နှစ်ယောက်စလုံး ထိုစဉ်က ခေါင်းဆောင်မင်းသား မင်းသမီး နာမည်အကြီးဆုံးတွေ ဖြစ်သည်။ ထားပါတော့ အဓိကက သူတို့အကြောင်း ပြောလိုခြင်း မဟုတ်။ ထိုရုပ်ရှင်ထဲတွင် သူတို့ နှစ်ယောက် သရုပ်ဆောင်သွားသည့် စိတ်ဝင်စားစရာ အခန်းလေး တခုပါသည်။ ထိုဇာတ်ဝင်ခန်းမှာ မင်းသမီးက ပွတ်သဘင်ဟု ခေါ်သည့် အမျိုးသားနှင့် အမျိုးသမီး တွဲကရသည့် ကပွဲမှ ပြန်အလာတွင် မင်းသားကို ပြောသောအခန်း ဖြစ်သည်။

“ထား ဒီနေ့ကတာကို ယူ မကြိုက်ဘူး မဟုတ်လား”

“ကိုယ့်မှာ ကန့်ကွက်ခွင့် မရှိပါဘူး ထား”

“ရိုက်တ် ယူအာရိုက်တ် ဘတ် ဟန်နီ ထား နည်းနည်း ရှင်းပြချင်တယ်”

“ကိုယ် နားထောင်ပါမယ်”

“ထား ငယ်ငယ်လေးကတည်းက ကျောင်းမှာ အကသင်ရတယ် ထား ၁၆ နှစ်ပြည့်တော့ ဒယ်ဒီက ထားကို ယောကျာင်္းလေးတွေနဲ့ ကခွင့်ပြုတယ်။ ဒယ်ဒီလဲ ကတယ်။ မာမီလဲ ကတယ်။ ထားတို့ ဆိုဆိုက်တီမှာ ဒါက အဆန်းမဟုတ်ဘူး ယဉ်ကျေးမှု တခုပဲ”

“တွဲကတာဟာ ယဉ်ကျေးမှု တခုဆိုတာ ကိုယ်လက်ခံတယ် ဒါပေမယ့် အဲဒီယဉ်ကျေးမှု ဆိုတာ ဘယ်သူ့ ယဉ်ကျေးမှုလဲ”

“ယူက မြန်မာ့ယဉ်ကျေးမှု ဆိုတာကြီးနဲ့ ကိုင်ပေါက်မလို့လား မပေါက်နဲ့ မြန်မာ့ယဉ်ကျေးမှု ဆိုတာကို ထားက အကုန်လုံး လက်မခံနိုင်သေးဘူး”

“ဟင်”

“ဟုတ်တယ် အထူးသဖြင့် မိန်းမတွေနဲ့ ပက်သက်တဲ့ မြန်မာ့ယဉ်ကျေးမှု လင်မရခင် ဗိုင်းကောင်းကျောက်ဖိနေ လင်ရတော့ ကျွန်လိုကျင့် ဘဝကို အားလုံး အရှုံးပေးထား ယောကျာ်းပညာရှိတွေ ရေးထားတဲ့ နီတိဆိုတာတွေကို ထိပ်မှာပန် ရပ်ဘစ်ရှ် ဟန်နီ အောရပ်ဘစ်ရှ်”

“ထားပါတော့လေ လက်တွေ့ပိုင်း ပြောကြရအောင် အဲဒါတွေကို မခံချင်လို့ ရွဲ့ရင် ဘယ်သူ နစ်မွန်းမလဲ”

အဓိကက မင်းသမီးက မြန်မာ့ယဉ်ကျေးမှု ဆိုတာကြီးကို သူလက်မခံချင်။ ဒီတော့ မင်းသားက ပြန်မေးသည်။ အဲဒါကို မလိုက်နာရင် ဘယ်သူ ဒုက္ခရောက်မှာလည်း ဆိုသော မေးခွန်းဖြစ်သည်။ ကျနော့် အမြင်အရ တကယ့် အသက်ဖြစ်နေသော မေးခွန်းဖြစ်သည်။ ဆရာ တက္ကသိုလ်ဘုန်းနိုင်ကလည်း တကယ့် အတွေးအခေါ် ပညာကောင်းသူ ဖြစ်ပါသည်။

ကျနော် ပြောလိုသည်မှာ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းရမယ်တို့ လက်မထပ်ခင် လိင်ကိစ္စလုပ်တာ မြန်မာ့ယဉ်ကျေးမှုနဲ့ မညီဘူးတို့ နိုင်ငံခြားက ယဉ်ကျေးမှုတွေ မှားတယ် တို့ဟာက မှန်တယ် ဆိုတာတွေ ပြောချင်တာ မဟုတ်။ ရှင်ဘုရင်တို့ အစိုးရအဖွဲ့တို့က ဥပဒေထုတ်ပြီး လုပ်ခိုင်းတာ မဟုတ်ပဲ လူ့အဖွဲ့အစည်းက အများ သဘောတူ ကျင့်သုံးနေသော ဓလေ့ထုံးစံ များတွင် အစွမ်းထက်သော အရာတစ်ခု ရှိသည် ဆိုသည့် အကြောင်း ဖြစ်သည်။ ဘာလည်းဆိုတော့ ထိုဓလေ့ထုံးစံကို မလိုက်နာပဲ တော်လှန်သူကို ဓလေ့ထုံးစံ ကပင် ပညာသားပါပါ ဒဏ်ပေးတတ်သည့် အကြောင်း ဖြစ်သည်။

ဆိုပါစို့။ ကျနော်တို့ ရှေးဘိုးဘေးများ၏ ပေါင်တွင် ထိုးကွင်းမင်ကြောင်များ အပြည့် ရှိခဲ့ဖူးကြောင်း ကြားဖူးကြလိမ့်မည်။ စာအုပ်များတွင်လည်း ရှေးမြန်မာများပေါင်တွင် ထိုးကွင်းမင်ကြောင်များ အပြည့်ရှိကြောင်း ရေးထားသည်ကို တွေ့ဖူးကြလိမ့်မည်။ ကျနော်ကိုယ်တိုင်လည်း မြင်ဖူးပါသည်။ ကျနော်တို့ ငယ်ငယ်က အဘယွန်းဟုခေါ်သော ရှေးအဘိုးကြီး တယောက်၏ပေါင်တွင် ထိုးကွင်းများ အပြည့်ရှိသည်ကို မြင်ဖူးသည်။ အဲဒီဓလေ့သည် မြန်မာနိုင်ငံသမိုင်းတွင် အလွန် သက်တမ်း ရှည်ခဲ့သည်။ စာထဲတွင် တောင်ငူဘုရင် နတ်ရှင်နောင်၏ ပေါင်တွင် မင်သေ့ခေါ် ထိုးကွင်းများ အလွန်လှကြောင်း ရေးထားသည်ကို ဖတ်ဖူးသည်။ ဒီတော့ အနည်းဆုံး တောင်ငူခေတ်မှ ကိုလိုနီခေတ်ဦးအထိ ရာစုနှစ်များစွာ ထွန်းကားခဲ့ကြောင်း သိသာသည်။ အမှန်က တောင်ငူခေတ်ထက်တောင် စောမှာ သေချာပါသည်။

ဒီတော့ အဲဒီခေတ်မှာ လူသွားဖြစ်တဲ့ မြန်မာယောကျာ်းများ အားလုံး ထိုးကွင်းထိုးကြရသည်ပေါ့။ မထိုးတော့ ဘာဖြစ်မလည်း ဆိုရင် မထိုးရင် ယောကျာ်းဖြစ်ရှုံးပြီ ဆိုတဲ့ သဘော ဆိုပါတော့။ မထိုးသူကို မိန်းမသားများကပင် အထင်သေးသည်။ လင်ယောကျာ်းအဖြစ် မရွေးဟု ဆိုသည်။ ပေါင်ဖြူကြီး မိန်းမပေါင်ကြီးဆိုပြီး အထင် အရမ်းသေးသည်ဟု စာတွေထဲတွင် တွေ့ရသည်။ အဲဒီခေတ်က ထိုးကွင်းမရှိတဲ့ မြန်မာယောကျာ်း ဆိုတာလည်း အလွန်ရှားသည်ပေါ့။ ထိုးကွင်း မရှိရင်တော့ ကိုယ်ချစ်တဲ့ မိန်းကလေးကို မမျှော်မှန်းနဲ့တော့ပေါ့။ ဒီလိုကျတော့လည်း တို့အဘွား မြန်မာအမျိုးသမီးတွေက တို့အဘိုး မြန်မာအမျိုးသားတွေကို နှိမ့်ချ ဆက်ဆံပြီး လူအခွင့်အရေး ချိုးဖောက်လာခဲ့တာ ရာစုနှစ်ပေါင်းများစွာ ကြာပြီလို့တောင် ပြောရမလို ဖြစ်နေသည်။ ထိုးကွင်း ထိုးခါနီး ချစ်သူကိုတောင် နာရင်လည်း မအော်ပါနဲ့ ကိုရင် ယောကျာ်းပဲ ဟောဒီကွမ်းသီးလေး ကိုက်ထားပြီး အောင့်ခံနော်လို့တောင် မှာသေးသည် ဆိုပဲ။

ဒါဆိုရင် မြန်မာပြည်မှာ အဲဒီခေတ်က လူမဖြစ်ရင်တော့ ထိုးစရာမလို။ အလောင်းဘုရားကို လာတွေ့သော ဗြိတိသျှ သံအမတ်တွင် ထိုးကွင်းမရှိသဖြင့် အလောင်းဘုရား အလွန် အံ့အားသင့်ကြောင်း ပြောသည်ဟု ဆိုသည်။ ကျနော်တို့ ခေတ်မှနေပြီး အဲဒီကိစ္စဟာ မတရားတာလို့ အော်လို့ ရချင်ရမည်။ ဒါပေမယ့် အဲဒီခေတ်မှာ လူသွားဖြစ်တဲ့ မြန်မာယောကျာ်း အတွက်တော့ ထိုးကွင်းမရှိရင် အရင် ဒုက္ခရောက်မှာက သူကိုယ်တိုင် ဖြစ်သည်။

ဒီနေ့ခေတ်ကျတော့ ဘယ်မြန်မာယောကျာ်းမှ ထိုးကွင်း မရှိတော့။ ဒီတော့ ထိုးကွင်းမထိုးလည်း ဘာပြဿနာမှ မရှိ။ တကယ်တော့ မြန်မာ့လူ့အဖွဲ့အစည်း အတွက် မလိုတော့သဖြင့် ပျောက်သွားခြင်း ဖြစ်ပါသည်။ ဟိုတုန်းကတော့ လိုအပ်နေသဖြင့် ရှိခြင်း ဖြစ်ပါသည်။ စဉ်းစားကြည့် ရှေးခေတ်က ကုလသမဂ္ဂတို့ ဘာတို့ဆိုတာ မရှိ။ အင်အားကြီးသည့် နိုင်ငံ၏ ဘုရင်က အချိန်မရွေး ဝင်တိုက်တာ ဖြစ်သည်။ ဒီတော့ ကိုယ့်ကိုကိုယ် ခုခံကာကွယ်ရမည်။ ဒီမှာ ယောကျာ်းတွေရဲ့ ခံနိုင်ရည်ရှိမှုတို့ ရဲစွမ်းသတ္တိရှိမှုတို့ အကြမ်းခံနိုင်မှုတို့က စကားပြောလာပြီ။ မရှိရင်တော့ ခံပေတော့ပေါ့။ မြန်မာနိုင်ငံသည် ရှေးခေတ်က လူဦးရေ နည်းပေမယ့် အိမ်နီးချင်းနိုင်ငံကြီးများကြားတွင် လွတ်လပ်ရေး မဆုံးရှုံးအောင် ထိန်းနိုင်ခဲ့ခြင်း ကိုယ်ကပင် အင်အားကောင်းပါက သွားရောက်တိုက်ခိုက်နိုင်ခြင်းမှာ မြန်မာယောကျာ်းများ ခံနိုင်ရည်ရှိအောင် ထိုဓလေ့ဖြင့် လေ့ကျင့်ခဲ့လို့ ဖြစ်သည်။ ခလုပ်တချက် ညှစ်လိုက်ရုံဖြင့် ကျည်ဆန်အမြောက်အမြား ထွက်လာသည့် လက်နက်များ ပေါ်လာသည့်အခါ အဲဒီခေတ်ကလို အကြမ်းပတမ်း ခံနိုင်ရည် ရှိစရာ မလိုတော့သဖြင့် ပျောက်သွားခြင်း ဖြစ်ပါသည်။

ယဉ်ကျေးမှု ဓလေ့ထုံးစံ တခုသည် လူ့အသိုင်းအဝိုင်းအတွက် အသုံးမဝင်တော့ ဆိုပါက အလိုအလျောက် ပျောက်ကွယ်သွားတတ်သည်။ သို့သော် ဘယ်တော့လောက် ပျောက်သွားမလည်း ဘယ်လောက်ကြာရင် ပျောက်သွားမှာလည်း ဆိုတာကတော့ မသေချာ။ ပျောက်ချင်လည်း ပျောက်မည်။ မပျောက်ပဲ ရာစုနှစ်ပေါင်းများစွာ ကြာချင်လည်း ကြာမည်။ မပျောက်သေးဘူး ဆိုရင်တော့ ကိုယ်က အဲဒီ ယဉ်ကျေးမှုထဲမှာ နေသူ ဖြစ်လျှင် အဲဒီအတိုင်း နေနိုင်အောင်ကြိုးစား။ ဒါမှမဟုတ် မနေချင်ဘူး ဆိုပါကလည်း ကိုယ်နေချင်သော ယဉ်ကျေးမှု ရှိတဲ့နေရာ ရောက်အောင်လုပ်။ အဲဒီလို မလုပ်ဘူး အရွဲ့တိုက်မယ် ဆိုရင်တော့ ကိုယ်ပဲ ဒုက္ခရောက်ဖို့ ရှိသည်။

ဆိုပါတော့ အခု ခေတ်မီတဲ့ စာရေးသူအချို့ ရေးသလို လက်မထပ်ခင် လိင်ကိစ္စလုပ်တာဟာ ကမ္ဘာမှာလည်း လုပ်တာဖြစ်တယ်။ ရှက်စရာလည်း မဟုတ်ပါဘူး။ ကိုယ့်သဘောနဲ့ကိုယ် ကာမအရသာ ခံစားတာ လူသားဆန်တာ ဖြစ်ပါတယ် ဆိုတာကို အားကျတယ် ဆိုပါတော့။ ကျနော်လည်း ယူအက်အေလို တိုင်းပြည်ကို မရောက်ဖူးလို့ အဲဒီအတိုင်း ဟုတ် မဟုတ်တော့ မပြောနိုင်ပါ။ ဒီတော့ အဲဒီ ဓလေ့ထုံးစံကို ကျင့်သားမရတဲ့ မြန်မာပြည်မှာ လျှောက်လုပ်ရင်တော့ နောက်ပိုင်း ကိုယ်ဒုက္ခရောက်ဖို့ ကိစ္စ ဖြစ်လာနိုင်တာပေါ့။ ကံကောင်းလို့ ဘာမှ မဖြစ်ရင်တော့ ဘာမှမဖြစ်ဘူးပေါ့။ ဖြစ်ပြီဆိုရင်တော့ ဖြစ်ပြီလို့သာ မှတ်လိုက်ပေတော့။ မြန်မာလူငယ်များ မိန်းကလေးများလည်း အဲဒီလို မြှောက်ပေးတဲ့ စာတွေကို ဖတ်မိရင် သတိထားဖို့လိုသည်။ တကယ် ဒုက္ခရောက်သူများ ရှိကြောင်းလည်း ကြားဖူးသည်။ (စကားချပ် ဒီကိစ္စမှာ မြန်မာပြည်က လူငယ်များ အတွက်သာ ရည်ရွယ်ခြင်း ဖြစ်ပါသည်။ နိုင်ငံခြားမှာ နေသူ ဆိုရင်လည်း မြန်မာလူမျိုးအသိုင်းအဝိုင်းနှင့် မကင်းနိုင်သူများအတွက် ရည်ရွယ်ပါသည်။)

ဟာ ဒါကတော့ သက်သက် မတရားတာပဲ။ လူငယ်ထု အခွင့်အရေး ပိတ်ပင်တာပဲ။ အမျိုးသမီး အခွင့်အရေး ပိတ်ပင်တာပဲ။ ဒါတွေကို လက်မခံနိုင်ဘူး အဲဒါတွေကို တိုက်ဖျက်ရမယ် ဆိုရင်တော့ တားစရာ မရှိပါ။ လောလောဆယ်တော့ လူတွေကို အမြင်ပြောင်းအောင် လုပ်ဖို့မလွယ်။ ကိုယ့်လက်ထက်မှာတော့ ရဖို့မလွယ်။ ကိုယ့်သားသမီး လက်ထက်ကျရင်တော့ ရချင်ရမည်။ အဲဒီအချိန်ကျတော့ လုပ်ခွင့်ပေးချင် ပေးပေါ့။ ဒါပေမယ့် အဲဒီအချိန်ကျတော့ ကိုယ့်သားသမီး အဲဒီလို လုပ်မယ်ဆိုရင် ကိုယ်က လက်ခံနိုင်ပါ့မလား ဆိုတာလည်း မသေချာ။ တခါတရံ လူဆိုတာက ကိုယ်ပြောတာနဲ့ ကိုယ်တိုင် ခံစားရတာ အချိန်ကွာသွားရင် တထပ်တည်း မဖြစ်တာလည်း ရှိသည်။

ဟိုတုန်းက မြန်မာပြည်က ကွန်မြူနစ်ဝါဒီ အချို့မှာ တက္ကသိုလ် ပညာရေးကို ချိုးချိုးဖဲ့ဖဲ့ ပြောဖူးသည်။ ဒါပေမယ့် တကယ်တမ်း သူတို့ သားသမီး တက္ကသိုလ်ရောက်လာတော့ သူတို့ကိုယ်တိုင် ဆရာတွေထံ လိုက်အပ်ကာ စောင့်ရှောက်ဖို့ ပညာသင်ပေးဖို့အကြောင်း ပြောကြသည်ဟု ဆိုသည်။ သူတို့ကတောင် တခြားလူထက် ပိုသဲနေသေးသည်။ အဲဒီခေတ်က ရန်ကုန် တက္ကသိုလ်က သင်ပေးလိုက်သော ပညာကလည်း ကမ္ဘာမှာ မျက်နှာမငယ်ရအောင် တန်းမီသည်။ မိဘမေတ္တာဆိုတာ ဒါပဲ မဟုတ်လား။ အဲဒါကို ကွယ်လွန်သွားပြီ ဖြစ်သော ဆရာဦးအောင်သင်း ဟောပြောပွဲ တခုမှာ ပြောတာ နားထောင်ဖူးသည်။

ဒီတော့ မြန်မာ့ ယဉ်ကျေးမှု ဆိုတာကြီးနဲ့ ကိုင်ပေါက်မလို့လား ဆိုရင်တော့ ဟုတ်ကဲ့ ကိုင်မပေါက်ပါဘူး ဒါပေမယ့် အဲဒါကို မလိုက်နာရင် ဘယ်သူ ဒုက္ခရောက်မှာလဲ ဟုသာ မေးစရာ ရှိပါတော့သည်။

(ဝေဖန် အကြံပြု မှတ်ချက်ပေးလိုပါက sanhlagyi@gmail.com သို့လည်း စာရေးသား ပေးပို့နိုင်ပါသည်။)

(Photo – Aung Htet)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “စံလှကြီး – မြန်မာ့ ယဉ်ကျေးမှု ဆိုတာကြီးနဲ့ ကိုင်ပေါက်မလို့လား
  1. မှန်ကန်တဲ့ထောက်ပြချက်ပါ။
    ၅၉ခုနှစ်လောက်က ဒေါ်မာမာအေးဆိုခဲ့တဲ့ ” ဘောလ်ဒန့်စ် ပွတ်သဘင် ဖန်ရှင်ပွဲတွေရယ်၊ မြန်မာအမျိုးသမီးများပျက်စီးစရာ လမ်းစဖြစ်ပေတယ်၊ ဒါကြောင့်မို့ ဆိုရှယ် မလိုတယ်”၊ ဆိုတဲ့သီချင်းနဲ့ ဒေါ်သန်းသန်းဆင့်(?) ရဲ့ “ဆိုရှယ်၊ မြင်းပွဲ၊ ပွတ်သဘင်၊ ဖဲ၊ အရက်နဲ့မော်၍ပျော်မွေ့ရာဝယ်။ တနေ့မှာ ဒုက္ခဘေးကောင်းကောင်းတွေ့လိမ့်မယ်။ ဒါကြောင့် အစ်ကိုကြီးကိုကွယ် ညီမလေးလဲစိုးရိမ်မိသေးတယ်” ဆိုတဲ့သီချင်းတွေဟာ ဗေဒင်ဟောခဲ့သလို အခုခေတ်မှာတော့ လက်တွေ့ဖြစ်လာပါပြီ။ လင်ကောင်မပေါ်ဘဲမွေးတဲ့ကလေးတွေနဲ့ HIV positve တွေ များလာပါပြီ။ မြန်မာ့ယဉ်ကျေးမှုနဲ့ဆိုင်တာမဆိုင်တာထက် အန္တရာယ်က ကြီးသထက်ကြီးနေတာကလက်တွေ့ပါ။ ဒီကိစ္စကို ကျား၊ မ တန်းတူအခွင့်အရေးထဲရောချလို့မရပါဘူး။ ကျား၊ မ မဟူ အားလုံးက တတ်နိုင်သလောက် ကြည့်ထိန်းပေးကြရပါမယ်။

  2. ဝင်ရောက် ဆွေးနွေးတဲ့ အတွက် ကျေးဇူးပါ ဘဘကြီး ခင်ဗျား။ ကိုယ်နေထိုင်တဲ့ နေရာရဲ့ ဓလေ့ထုံးစံနဲ့ ကိုယ်လုပ်တာဟာ ပြောင်းပြန် ဖြစ်နေရင် ကိုယ့်အတွက် အခက်အခဲ ဖြစ်လာနိုင်တယ် ဆိုတာ သိစေချင်လို့ပါ။

  3. ဆိုပါတော့။ နှုတ်ခမ်းချင်း လူမြင်ကွင်းမှာ စုပ်နမ်းတာကို အထူးအဆန်း မဟုတ်တဲ့ ပတ်ဝန်းကျင်မှာ အဲဒီလို လုပ်လို့ ဘာမှ မဖြစ်ပေမယ့် အဲဒါကို မြင်နေကျ မဟုတ်တဲ့ ပတ်ဝန်းကျင်မှာ အဲဒါသွားလုပ်မိရင် ဝိုင်းကြည့်တာနဲ့တင် ဒုက္ခရောက်နိုင်တယ်။ မြန်မာပတ်ဝန်းကျင်မှာ ပုဆိုးဝတ်တာ ဘာမှ မဖြစ်ဘူး။ ဒါပေမယ့် အဲဒါကို မမြင်ဘူးတဲ့ ပတ်ဝန်းကျင်မှာ သွားဝတ်မိတဲ့ မြန်မာတယောက်ကတော့ နောက်ကလူတွေ လိုက်ကြည့်တာနဲ့တင် ထွက်ပြေးရဖူးတယ်လို့ ဖတ်ဖူးတယ်။ ကာလ ဒေသ ကွာသွားတာကို သတိမမူမိလို့ပါ။ ဒါက တကယ်တော့ အသေးအဖွဲလေးပဲ ရှိသေးတယ်။ မိန်းမ ယောကျာ်း တန်းတူ အခွင့်အရေးကတော့ ပညာသင်တဲ့နေရာတို့ စီးပွားရှာတဲ့ နေရာတို့မှာ တောင်းတာပိုကောင်းပါတယ်။ မြန်မာအမျိုးသမီးများအတွက်ပါ။ မိန်းကလေးနဲ့ ယောကျာ်းလေးကတော့ မြန်မာ့လူမှုပတ်ဝန်းကျင်မှာ ထိခိုက်ပွန်းပဲ ခံနိုင်မှုချင်း မတူတဲ့အတွက် မြန်မာမိဘတွေကတော့ သမီးမိန်းကလေးကို ပိုပူပန်တတ်တာ သဘာဝပါပဲ။

Comments are closed.