စာစုတို သစ်ကောင်းအိမ်

သစ်ကောင်းအိမ် – ငွေလရောင်ရဲ့တိမ်းရှောင်သူ (အပိုင်း – ၆)

 သစ်ကောင်းအိမ် – ငွေလရောင်ရဲ့တိမ်းရှောင်သူ (အပိုင်း – ၆)
(မိုးမခ) ဖေဖော်ဝါရီ ၁၇၊ ၂၀၁၅

ကျနော် အိမ်နဲ့ ပထမဆုံးအကြိမ် စတင်ခွဲခွာဖူးသည့် နေ့တနေ့သည်လည်း ကျနော့်အရေပြားပေါ်တွင် အရုပ်ဆိုးအကျည်းတန် လွန်းသည့် အမာရွတ်တခုအနေနဲ့ပဲ ဖွဲ့နွဲ့ရမည်လား…။ လှပ၍ ဆွဲဆောင်မှုအားကောင်းလှသော ဆေးမင်ကြောင်တခုအဖြစ် တင်စားရမည်လား မပြောတတ်ပါ။

တမနက်ခင်းတွင် အဖေနဲ့အမေက ကျနော်ကို သပ်ရပ်စွာ ဖီးလိမ်းပြင်ဆင်ပေးလျက် စက်ဘီးနောက်တွင်တင်ကာ ခေါ်ဆောင် သွားပြီး ပုသိမ်ထောင်ကြီးဘေး စစ်သားစုဆောင်းရေး မျက်နှာချင်းဆိုင်ရှိ နေ့ခလေးထိန်းကျောင်းတွင် ကျနော်အား ထားရစ် ခဲ့ကြပါသည်။

သူတို့ထွက်သွားတော့ ဆရာမတယောက်က ကျနော့်အား အတင်းဆွဲခေါ်ထားကာ တခါးကို ပိတ်ပစ်လိုက်ပါသည်။

ကျနော်ကား ဆရာမလက်ထဲမှ အတင်းရုန်းကန်ပြေးထွက်လျက် ကျောင်းရှေ့သံတိုင်နှစ်ဖက်ကို ဆုပ်ကိုင်ရင်း ထောင်ကုန်း လမ်းမဘက်ကို မျက်နှာတူရှုလျက် ကျနော့်အိမ်ရှိရာအရပ်ကို မှန်းဆပြီး.. အိမ်ပြန်မယ်.. အိမ်ပြန်မယ် .. ဟု အော်ဟစ်ငိုယို နေပါသည်။

ဆရာမများကလည်း အတွေ့အကြုံအရ ထင်ပါသည်…။ အော်ဟစ်ငိုယိုနေသော ကျနော်အား ချော့မော့မနေဘဲ အားရအောင် ငိုစမ်းဆိုသလို ဒီအတိုင်းလွှတ်ပေးထားကြပါသည်။ ထိုသို့ ကျနော် အော်ဟစ်ငိုယိုနေတုန်း သိပ်မကြာခင်တွင် ကျနော်နဲ့ သက်တူရွယ်တူကောင်မလေးနှစ်ယောက် စပ်စပ်စုစုနဲ့ ကျနော့်နဘေးသို့ရောက်လာကာ ကျနော့်ကိုထိုင်ကြည့်ရင်း.. ယော ကျာ်းလေးဆိုတာ မငိုရဘူးဟု .. ပြောလာပါသည်။

ထိုစဉ်ခန ကျနော်အငိုရပ်ပြီး သူတို့နှစ်ယောက်ကို ကြောင်စီစီငေးကြည့်နေမိသည် ထင်ပါသည်။ သူတို့နှစ်ယောက်စကား ကြောင့် စိတ်တိုပြီး ကျနော်ပိုငိုချင်လာမိပါသည်။ ထို့နောက် အိမ်ပြန်လမ်းဘက်ကို မျှော်ကြည့်ရင်း အိမ်ပြန်မယ်.. အိမ်ပြန်မယ် ဆိုပြီး ကျနော်ဆက်၍ အော်ငိုပါသည်။

နေ့ခင်းလောက်ကျ သူတို့နှစ်ယောက်နဲ့ ကျနော်သူငယ်ချင်းဖြစ်သွားပါသည်။ ကျနော်တို့ ကားစီးတိုင်း ကစားကြပါသည်။ တယောက်က ကားမောင်းလျှင် နောက်ကနှစ်ယောက်က တွန်းပေးကြပါသည်။ နောက်တနေ့များတွင် အမေနဲ့ အဖေ ကျောင်းလိုက်ပို့သည့်အခါ ကျနော်ငိုယိုပြီး ကျန်မနေရစ်ခဲ့တော့ပါ။
………..
………..

အားလပ်ရက်လည်းဖြစ် ရာသီဥတုကလည်းပူနွေး၍ ခြေခင်းလက်ခင်းသာသော ညနေခင်းများတွင်အိမ်နောက်ဘေး မြက် ခင်းပြင်ပေါ်တွင် စိတ်လွတ်ကိုယ်လွတ် ပက်လက်လှန်လဲလျောင်းကာ ခပ်လှမ်းလှမ်းတောအုပ်ပေါ်မှ တောင်ဘက်ဆီ ပျံသန်း သွားနေသည့် ငန်းရိုင်းများ… အရပ်တပါးဆီသို့ဦးတည်လွင့်မျောနေသော မိုးတိမ်များ… နှင့် ဥဒဟို မောင်းနှင်နေသော လေ ယာဉ်ပျံများမှ ထင်ကျန်ရစ်သော မီးခိုးငွေ့တန်းများအား ကျနော် တယောက်တည်း တိတ်ဆိတ်စွာ ငေးမောနေသည်ကို သူမ မြင်တွေ့လျှင်တော့ အိမ်ပြန်မယ်.. အိမ်ပြန်မယ်ဟု အော်ဟစ်ငိုယိုနေသော သူမ၏ ငယ်သူငယ်ချင်းချာတိတ် တယောက်အား သတိရသွားပုံပေါ်ပါသည်။ မြက်ခင်းပြင်ပေါ် တယောက်တည်း လဲလျောင်းငေးငိုင်နေသော ကျနော့်နဘေး လာထိုင်၍ ရယ် စရာမောစရာများကို ရှာကြံပြောဆို စကားလမ်းကြောင်းလွှဲရင်း ကျနော့်မျက်နှာရိပ် မျက်နှာကဲကို အကဲခတ်နေတတ်ပါသည်။

ယောက်ကျားဆိုတာ မငိုရဘူး …ဟူ၍လည်း သူမက မပြောတော့ပါ။

ဖြူစင်ကြည်လင်၍ ပျော်ရွှင်ဖွယ်ကောင်းသော ကျနော့်ငယ်ဘဝ၏ မျက်ရည်စီးကြောင်းများသည်လည်း ရွက်စုတ်ပြက္ခဒိန်လို ပါးလျားလာသော နေ့ရက်များအတွင်းက ဘဝပက်ကြားအက်များကြားသို့ စီးဆင်း ခြောက်သွေ့ ပျောက်ဆုံးသွားနှင့် ပြီးပြီလည်း ဖြစ်ပါသည်။

(ဆက်လက်ဖော်ပြပါမည်)
ဓာတ်ပုံ အောင်ထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts