ဝေဖန်ရေးရာ ငြိမ်းချမ်းအေး ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – ကျနော့်အိပ်မက်ကကြီးတယ်

ငြိမ်းချမ်းအေး – ကျနော့်အိပ်မက်ကကြီးတယ်
(မိုးမခ) စက်တင်ဘာ ၂၄၊ ၂၀၁၅

[ကိုရဲလွင်ကို ကြည်ညိုခြင်းက သူ ခရစ်ယာန်ကနေ ဗုဒ္ဓဘာသာ ကူးပြောင်းလာခဲ့လို့ မဟုတ်၊ စိုင်းခမ်းလိတ်ကို ကြည်ညိုခြင်းဟာ ရှမ်းဖြစ်လို့ မဟုတ်၊ ဆရာဝန် ဖြစ်လို့ မဟုတ်၊ ကိုနေဝင်း ကို လေးစားခြင်းက မြန်မာ ဖြစ်လို့မဟုတ်၊ ခင်ဝမ်းကို လွမ်းဆွတ် တမ်းတ တသသ ဖြစ်ရေခြင်းက သူ ဂျပန်ကပြား ဖြစ်လို့ မဟုတ်၊ ဆလိုင်းသွှအောင်ကို လေးစားအားကျခြင်းဟာ ချင်း-ခရစ်ယာန် ဖြစ်နေလို့မဟုတ်၊ သူတို့ရဲ့ ဂီတ၊ အနုပညာကြောင့်သာ ဖြစ်တယ်။

ဘာသာတရား ဆိုတာကလည်း မိရိုးဖလာ သဘော မွေးဖွားကြီးပြင်းရာ မိသားစု အလိုက် ကိုးကွယ်ဆည်းကပ် ကြတာမျိုးက အများစုနဲ့ လူသားတဦးရဲ့ ကိုယ်ယုံကြည်ရာကို လွတ်လပ်စွာရွေးချယ် ယုံကြည်ခွင့်ရှိတဲ့ ပုဂ္ဂလိက ဆန္ဒ၊ ရွေးချယ်မှု၊ တကိုယ်ရေ အခွင့်အရေးသာ ဖြစ်တယ်။

လူမျိုးဆိုတာက သဘာဝတရားရဲ့ ဖန်တီးချက်၊ မွေးရာပါ ပြဋ္ဌာန်းခံ၊ လူသားတဦး အတွက် ရွေးချယ်ခွင့် မရှိ။

လူသားတဦးရဲ့ ကောင်းမြတ်ခြင်း၊ ယုတ်ညံ့ခြင်း ဟာ နောက်ခံ ဘာသာ-လူမျိုး အပေါ်မှာ မတည်၊ အလုပ် အပေါ်မှာသာ တည်မှီတယ်။  ဒီအလုပ် အပေါ်မှာသာ အခြေပြုပြီး ပုဂ္ဂိုလ် တဦး၊ တယောက် ကို လေးစားကြည်ညို အားကျခြင်း၊ ထောက်ခံခြင်း၊ ဆန့်ကျင်ခြင်း ပြုလုပ်အပ်တယ်။

(ငြိမ်းချမ်းအေး ၏ “ဗမာပြည်ကို ရေကြည်ရာ မြက်နုရာ ဖြစ်အောင် လုပ်ပါ” ဧရာဝတီ ဆောင်းပါးကနေ ကောက်နှုတ်သည်။) ]

Facebook Trend ကို ကြည့်ပြီး အပြည့်အဝသုံးသပ်လို့ မရတာမှန်ပေသိ ကိုရဲလွင် ဗုဒ္ဓ ဘာသာဖြစ်ကြောင်း လူမှုကွန်ရက် အွန်လိုင်းမှာ ပြန်ရှင်းပြနေရပြီ ဆိုကတည်းက အဲဒီ လူ့အဖွဲ့အစည်းရဲ့ အတွေးအခေါ် အသိအမြင် ခံယူချက် ရေချိန် စိုးရိမ်ဖွယ် ကောင်းနေပြီ။

ဒီလိုနဲ့ ဒေါ်အောင်ဆန်းစုကြည် ဘုန်းကြီး ရှိခိုးတဲ့ ပုံတွေ များများတင်ပြကြမယ်..၊ သားရှင်ပြု ရုပ်သံမှတ်တမ်းတွေ ပြန် မျှဝေကြမယ်..။  ဒီမိုသာကီနဲ့ မဘသ သာကီ ဘာကွာကြမလဲ..။

တဖက်က အပုပ်ချနေတာကိုး အကြောင်းပြချင်ကြမယ်..။

ကျနော်တို့က အကုန်ရရင်ရ မရရင် ဘာ တခုမှ မလိုချင်ဘူး..။

ဘယ်သူ ဘယ်ဝါ ဘုန်းကြီး ရှိခိုး၊ သားရှင်ပြု၊ ဘာသာပြောင်း၊ ဘယ်သူနဲ့ အိပ် အိပ် ဘာလုပ်လုပ် အဲဒီကိစ္စက သူ့ရဲ့ နိုင်ငံရေး၊ လူမှုရေး၊ အနုပညာနဲ့ မသက်ဆိုင်ပါဘူး။

လူတယောက် မနက်အိပ်ရာထချိန် ဘယ်ဘုရားရှိခိုးမယ်၊ ဘယ်ဘုရားကို မရှိခိုးဘူး၊ ဘာသာမဲ့ အဖြစ်နေမယ်၊  ည အိပ်ရာဝင်ရင် ဘယ် ယောက်ျား၊ ဘယ် မိန်းမနဲ့ အိပ်မယ်၊ မိန်းမချင်း၊ ယောက်ျားချင်း အိပ်မယ်၊ ဘယ်လူမျိုး၊ ဘယ်ဘာသာနဲ့ လက်ထပ်မယ် အားလုံးဟာ ပုဂ္ဂလိကဘဝ ဆန္ဒ တကိုယ်ရေ ရွေးချယ်မှု သက်သက် အဖြစ် အမြဲ ခံယူ မြင်ကြည့်နိုင်ရပါမယ်..။

ဘုန်းကြီး ရှိခိုးခြင်း၊ မရှိခိုးခြင်း၊ ဘာသာတရား ယုံကြည်မှု ရှိခြင်း မရှိခြင်းကလည်း လူတယောက်ရဲ့ အကျင့်စာရိတ္တနဲ့ ဘာမှမဆိုင်ပါဘူး..။

ဘုန်းကြီး ဖင်ကုန်း ရှိခိုးပြီး လူသတ်၊ ခိုးဆိုး၊ ဓားပြအကြီးစား ဖြစ်နေတဲ့ လူတွေကြီးစိုးနေတဲ့ တိုင်းပြည်ကို မျက်မြင် မြင်နေရလျက် ဘာသာရေးကို ပြန်လည် ဗန်းပြ အကာအကွယ်ပြုလိုခြင်းက ရွေးကောက်ပွဲချိန်မို့ပါ၊  ဆေးမြီတို ပြန်ကု ပြန်တိုက်နေရတာပါ ဆိုရင်တောင် လက်သင့်ခံစရာ မလိုပါဘူး။

ပြန်ရှင်းချင်ရင် ဒေါ်အောင်ဆန်းစုကြည် မုတ်ဆိတ်နဲ့လူ မကလို့ တခြား ဂြိုဟ်ကမ္ဘာက လူသားနဲ့လည်း တွေ့လို့ရတယ်၊  မရိုသေ့စကား ခပ်ရိုင်းရိုင်း ဆိုရရင် သူဆန္ဒရှိရင် အိပ်လို့ လည်း ရတယ်။  ဒါတွေအားလုံးက သူ့ရဲ့ နိုင်ငံရေးမူဝါဒ၊ ရပ်တည်ချက်နဲ့ မဆိုင်ပါ။

ဒေါ်အောင်ဆန်းစုကြည်ကို အမှန်တကယ် ချစ်လို့ ကာကွယ်လိုရင် သူ့ရဲ့ နိုင်ငံရေး ရည်မှန်းချက်၊ အမျိုးသားအကျိုးစီးပွား ကာကွယ်ရေး မူဝဒါတွေ၊ အာဘော်တွေ၊ အမြင်တွေ ဒါတွေကို သူရေး စာအုပ်တွေ၊၊ သူပြောမိန့်ခွန်းတွေကနေ လေ့လာ ထုတ်နှုတ် ပြန်လည် ချပြပါ။

ကုလား လွှတ်တော်ထဲ ရောက်နေတာ ဘယ်သူ့ ပါတီကြောင့်လဲ ကြေးတမ်းပြန်မတိုက်နဲ့။  အဲဒီလောက် အတွေးအခေါ်နဲ့ ဒီမိုကရေစီ အမည်မခံပါနဲ့။  ဒီမိုကရေစီ သိက္ခာကျပါတယ်။

ကျနော်တို့က အကုန်ရရင်ရ မရရင် ဘာ တခုမှ မလိုချင်ဘူး..။

ကမ္ဘာမှာ ရှေ့တန်းရောက်နေတဲ့ ဥရောပတိုင်းပြည်ကြီးတွေ ဘာသာရေး ဘာသာရေး အဖွဲ့အစည်း၊ ခေါင်းဆောင်၊ ဘုန်းကြီးတွေက အရာရာ လွှမ်းမိုးလိုတဲ့ ဓလေ့ကို အလယ်ခေတ် (Medieval Period) ၅ ရာစု – ၁၅ ရာစု ခေတ်နောက်ပိုင်းကတည်း စွန့်လွှတ်ခဲ့ ထားခဲ့ပါပြီ။

ဒါကို အတုမယူနိုင်ဘဲ အခု ၂၁ ရာစု ရောက်မှ နိုင်ငံ့အရေးအရာတွေမှာ ဘာသာရေးက ဦးဆောင်လွှမ်းမိုးလိုခြင်း၊ ဘာသာရေးနဲ့ ချိန်ထိုး နှိုင်းယှဉ် စဉ်းစားလြိုခင်းဟာ ရာစုနှစ်များစွာ နောက်ပြန်ဆွဲစေအောင်ပြုလုပ်ခြင်း ဖြစ်သလို တိုင်းပြည်မှာ အစွန်းရောက်တရားတွေတိုး တကယ် ဘာသာ၊ သာသနာ အစစ်လည်း ထွန်းကားမှာ မဟုတ်ပါ။

လူမျိုး၊ ဘာသာ၊ လူမှုအလွှာ လူမှုပုံဖော်ချက်တွေနဲ့ သတ်မှတ်ထားတဲ့ လူသား အရည်အချင်း၊ ကောင်းမြတ်မှု ဂုဏ်ရည်ကို မလိုချင်ဘူး။

ကျနော်တို့က အကုန်ရရင်ရ မရရင် ဘာ တခုမှ မလိုချင်ဘူး..။

ခင်ဗျားတော့ မသိဘူး။  ကျနော့်မှာ အိပ်မက်အကြီးကြီး ရှိတယ်။  ကျနော့်အိပ်မက်က ကြီးတယ်။

လူရဲ့ အပေါ်ယံ အရေပြား အရောင် အသွေး သွင်ပြင် ကွဲပြား ခြားနားမှုတွေနဲ့  နောက်ခံ အမျိုး၊ ဘာသာ၊ လူမှု့ အလွှာ ကို မကြည့်ဘဲ လူတဦးချင်းရဲ့ အကျင့်စာရိတ္တ နဲ့  အရည်အချင်းရှိမှုကိုသာ  အဓိက စဉ်းစားပြီး ရှုမြင်ဆင်ခြင်သုံးသပ် နေရာပေးတတ်တဲ့ လွတ်လပ်၊ မျှတ၊ ဝါဒဖြူစင်တဲ့ အနာဂတ် ဗမာပြည်ရဲ့ ရခိုင် ရိုးမ၊ ပဲခူး ရိုးမ၊ ရှမ်းရိုးမ တောင်တန်းကြီးတွေရဲ့ကြား ဧရာဝတီ မြစ်ကမ်းပါးမှာ လူအများစု မြန်မာ-ဗုဒ္ဓ ဘာသာဝင်များ၊ အခြား လူနည်းစု လူမျိုး၊ ဘာသာစုံဟာ လူမျိုး/ဘာသာ မခွဲ သွေးစည်းချစ်ခင်ရင်းနှီးမှု ညီအကို၊ မောင်နှမ အရင်း စိတ်ဓာတ် ကောက်ပဲသီးနှံကို အရင်းတည်တဲ့ ငြိမ်းချမ်းရေးညစာကို အတူတကွ ချိုမြိန်စွာ သုံးဆောင်ရင်း ဖွံ့ဖြိုးတိုးတက်မှု အရသာ ခံစား၊ ဒီမိုကရေစီ လောက နိဗ္ဗာန် အမှန်တည်ဆောင်နိုင်ဖို့ပါပဲ..။

ငြိမ်းချမ်းအေး
စက်တင်ဘာ ၂၄၊ ၂၀၁၅
(ဆက်သွယ်ရန်နှင့် ပြန်လည်ဝေဖန်ရန် – nyeinchanaye81@gmail.com)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts