သီရိဘုန်းစံ – ငယ်ကျိုးငယ်နာ
သြဂုတ် ၁၅၊ ၂၀၁၄
သြော်… ဘာလိုလိုနဲ့ အသက်တွေကြီးလို့ သေဘက်တောင်နီးလာပါပေါ့လား … ။
ကိုသြရဲ့ အသက် (၅၀) ပြည့် မွေးနေ့ပွဲ…တဲ့။ သူ (၅၀) ဆို ကိုယ်လည်း (၅၀) ပဲလေ၊ ရက် (၄၀) ပဲ ကိုယ်ကငယ်တာ။ သက်တမ်းစေ့ နေရမယ်ဆိုရင်တောင် လက်ကျန်က နည်းနေပြီ။ ကုသိုလ်တွေ ကျေနပ်လောက်အောင် လုပ်ခဲ့ပြီးပြီလား… ကိုယ့်ကိုကိုယ် ပြန်သုံးသပ်နေတာပါ။
သက်တူရွယ်တူ ရင်းနှီးသူမို့ ကိုသြကို ကိုသြ…လို့ပဲခေါ်တာ နှုတ်ကျိုးနေပြီ။ ရင်းနှီးလွန်းတော့ ရေးစရာ ဂုဏ်ပုဒ်တွေကို ရှာမတွေ့တော့ဘူး။ ဓမ္မဘေရီဆရာတော်ကတော့ ရေးနည်းလေး ပေးပါတယ်၊ “ကိုသြသည် ကောင်းတာတစ်ခုမှလွဲ၍ ကျန်တာအကုန် ပြည့်စုံသူဖြစ်သည်။” ဆိုရင် အတိုဆုံးနဲ့ အကောင်းဆုံးဆောင်ပါး တစ်ပုဒ်ဖြစ်သွားမယ်တဲ့။ အဲလို ရေးရမလိုတောင် ဖြစ်နေပြီး အဟီး…။
ဟိုတုန်းက အလွန်ကျော်ကြားတဲ့ ဆရာတော်ကြီးတစ်ပါးကို တောရွာက အဖိုးကြီးတစ်ယောက် က မှတ်ချက်ပေးသလိုပေါ့
“ဟာ လေကွာ… (……) ဆရာတော် (…..) ဆရာတော်နဲ့ နာမည်ကြီးနေလို့ သွားကြည့်တာ ဘယ်သူများမှတ်တယ်၊ ဒို့ရွာက တက်ပုပါကွာ…”တဲ့။
အင်း… မျက်စိနဲ့ သိပ်နီးလွန်းလို့ မျက်တောင်တွေရဲ့အလှကို မမြင်နိုင်တော့သလို ကိုယ်လည်းဒီလို ဖြစ်နေတာများလား။
ကိုယ်က မမြင်တတ်လို့သာပါ၊ တကယ်တော့ ကိုသြမှာ သူများနဲ့မတူတဲ့ ကောင်းတဲ့အချက် တွေ အများကြီးရှိပါတယ်။ သူတပါးရဲ့ အခက်အခဲတွေကို စိတ်ရောကိုယ်ပါကူညီတတ်တာ ပေါင်းကြည့် တဲ့သူတိုင်းအသိ။ အဲ ချွင်းချက်အနေနဲ့ သူ့ကိုယ်သူတော့ ကောင်းချင်မှ ကောင်းမှာပေါ့လေ၊ ဒါကြောင့် လည်း ဓမ္မဘေရီဆရာတော်က ထပ်ပြောသေးတယ်…
“မောင်သြဟာ သူတပါးအပေါ်ကောင်းတာရဲ့ တစ်ဝက်လောက်သာ သူ့ကိုယ်သူကောင်းမယ်ဆိုရင် ရဟန္တာဖြစ်တာကြာပြီ…”တဲ့၊
ဟင်း ဟင်း ခက်တာ က ခုချိန်ထိကို အန္ဓပုထုဇဉ်ဘဝမှာပဲ သူကပျော်နေတုန်း (နောက်တာပါ)။
မောင်စံ နဲ့ ကိုသြ စတွေ့တာ မစိုးရိမ်မှာ၊ ၁၉၈၆ ခုနှစ်က။ မောင်စံတို့က ရောက်ကာစ သူက စီနီယာကျမ်းစွဲဆိုတော့ နေ့လည်ဆွမ်းစားပြီး အိပ်ချိန်အတွင်းမှာ မအိပ်ပဲ သီလက္ခန်အဋ္ဌကထာ အနက် တွေ (မြန်မာပြန်) တိုက်ပေးခဲ့ဘူးတယ်။ မစိုးရိမ်စာသင်သားတွေမှာ အဲဒါလေးတွေ ချစ်စရာကောင်း တာ၊ တစ်ကိုယ်ကောင်းအတ္တမဆန်ကြဘူး၊ စာသင်သားဟောင်းကြီးတွေက အသစ်အသစ်ရောက်လာ တဲ့ စာသင်သားငယ်တွေအတွက် ဝါတွင်းစာဝါကြီးတွေမတိုင်ခင် ပါဠိတော် အဋ္ဌကထာတွေကို အနက် တိုက်ထားပေးလေ့ရှိတယ်။ အင်း… ခုတော့ ဒါတွေမလိုတော့ဘူးနဲ့တူပါတယ်။ ကွန်ပျူတာခေတ်ဆို တော့ အနက်တွေကို တပါတည်းတွဲပြီးရိုက်နှိပ်ထားတဲ့ စာအုပ်တွေကို လွယ်လွယ်ကူကူ ရနေပြီဆိုပဲ။ မောင်စံတော့ မမြင်ဘူးသေးပါဘူး၊ စာမေးပွဲလောကနဲ့ ဝေးသွားတာလည်း အတော်ကြာပြီလေ။
မောင်စံတို့ကို အဲလိုအနက်တိုက်ပေးကြတဲ့ စီနီယာစာသင်သားကြီးတွေ တော်တော်များများ ရှိနေကြတာပဲ၊ ဒါပေမယ့် သူ့ကိုက ပိုမှတ်မိလွယ်တယ်။ လူကောင်ကလည်းကြီး၊ လေကလည်းကြီး၊ လပ်ယားလပ်ယားနဲ့ နေရာတကာ ပါတာဆိုတော့ ဘယ်မမှတ်မိဘဲနေမလဲ။ သူငယ်ချင်းတွေက သူ့ကို ခေါင်းကြီး ခေါင်းကြီးနဲ့ ချစ်စနိုးခေါ်ကြတယ်။
ရေးခဲ့ဘူးပါတယ် မောင်စံ အင်္ဂလိပ်စာ ဝါသနာပါတာကိုက သူ့ကိုအားကျလို့ဆိုတာ၊ သူ့ကို ဆရာတော် ဦးရာဇက အင်္ဂလိပ်စာခေါ်ခေါ်သင်ပေးတယ်လေ။ သူက လူကြီးချစ်ခံရတဲ့ဇာတာကို ပါတာ။ ဆရာတော်က စာချရင်း ထစ်အထစ်အဖြစ်နေတဲ့သူတွေကို ဖနောင့်နဲ့ပေါက်လေ့ရှိတယ်။ သူ့ခေါင်းကြီး က ဘယ်လိုရှောင်ရှောင် မလွတ်ဘူး၊ ပေါက်လည်းပေါက်ချင်စရာကြီးလေ ဟီးဟီး။ ဖနောင့်လို့သာ လွယ်လွယ်ပြောလိုက်တာပါ တကယ်တော့ ခြေဖဝါးပျော့ပျော့လေးပါ။ ဆရာတော်က တပည့်တွေ စာလည်းလုပ်ဖြစ်အောင် နာလည်းမနာအောင် ပြုံးပြုံးပြုံးပြုံးနဲ့ပေါက်တာ။ တိုက်ထဲမှာ ဖနောင့်ပေါက် ခံရသူအချင်းချင်း ဖနောင့်ချက်ရေအများဆုံး စံချိန်ကို သူ့ခေါင်းကြီးကပဲ ဆက်ထိန်းထားနိုင်ကြောင်း ရယ်ရယ်မောမော ပြောလေ့ရှိတယ်။ သူမှ တကယ့် ရွှေဖနောင့်ချစ်တဲ့သူ။
မစိုးရိမ်မှာ သူနဲ့အတူနေလိုက်ရတဲ့အချိန်က အများကြီးတော့ မကြာလိုက်ဘူး။ ဒါပေမယ့် အချိန်တိုအတွင်း အလွန်ရင်းနှီးသွားစေနိုင်တာကိုက သူ့ရဲ့ကွာလတီတစ်ခုပဲ။ သူက စကားပြောတတ် တယ်။ ချော့တတ်တယ် ခြောက်တတ်တယ်။ သူ့အပေါ် ဘယ်သူဘယ်လောက် စိတ်ဆိုးနေနေ ပြီးရင် ထိုင်ကန်တော့ချင်လောက်အောင် ပျော့ပြောင်းသွားစေရမယ်။ အဲဒီလို စွမ်းတာ။
သီတဂူမှာဆိုရင်လည်း ရပ်ဝေးကရောက်လာတဲ့ ဒကာဒကာမတွေကို မျက်စိထဲအချိုးမကျတာ တွေ့ရင် အော်ဟစ်ငေါက်ငမ်းပစ်တာ။ ဟိုက မျက်စိသူငယ် နားသူငယ်နဲ့ ကြောက်လန့်ထွက်ပြေးကုန် ကြ၊ တချို့လည်း စိတ်ဆိုးကြပေါ့။ ကိုယ်ကတော့ အားနာနေတာ။ အဲဗျာ… နောက်နေ့ကျတော့ သူမဟုတ်သလိုပဲ ဘယ်လိုဘယ်လို ပြန်ချော့လိုက်တယ်မသိဘူး သူငေါက်ငမ်းထားတဲ့ ဒကာဒကာမ တွေက သူ့မှသူပဲ၊ တမ်းတမ်းစွဲ။ အဲဒါကို မောင်စံအံ့သြတာ။
အချေးအငှားကလည်း ဝါသနာပါသလားမမေးနဲ့၊ အကြွေးမရှိရင် အိပ်မပျော်တဲ့သူ။ သူ့မှာ ငွေ ရှိနေရင် ရှိတဲ့ငွေတွေကို သူများပေးပြီး သူကတခြားသူဆီ ချေးငှားသုံးတာ။ အဲလောက်ထိ အနစ်နာခံ သဘောကောင်းတဲ့သူ။ အင်း… သဘောကောင်းတယ် ဆိုတာကလည်း ရတဲ့သူဘက်ကပြောတာပါ၊ ငွေချေးခံရတဲ့သူဘက်ကကြည့်ရင်တော့ တကယ့်ရိုက်ပေါက်။ ဘာလို့ဆို ချေးပြီးတဲ့ငွေကို ပြန်ပေးချင်မှ ပေးတာလေ၊ ဟင်းဟင်း။ မရှိရင်သာပါ၊ ရှိလို့ကတော့ မနေပါဘူး။ ခက်တာက မရှိတာများတယ်။ ဟဲ။
အနားကပ်မလာနဲ့ ချေးပစ်လိုက်မယ် ဘာမှတ်လဲ၊ စစ်ကိုင်းတစ်တောင်ရိုးလုံးမှာ ငွေအချေးမခံ ရတာဆိုလို့ မောင်စံတစ်ယောက်ပဲရှိမယ်။ ဘာလို့ဆို မောင်စံမှာက ချေးစရာငွေကို မရှိတာလေ။ သိပြီလား။ ဒီတော့ မောင်စံက သူ့ဆီက အရပဲရှိတာပေါ့။ ပိုင်တယ်နော်။ တချို့ဆို “ငါ့အကြွေးတော့ ဆုံးပါပြီ… နေပေ့စေတော့” ဆိုပြီး စိတ်ဒုန်းဒုန်းချထားပြီးမှ မမျှော်လင့်ပဲ ချေးထားတဲ့ငွေ နှစ်ဆ သုံးဆ ပြန်ရကြလို့ အံ့သြဝမ်းသာရတဲ့သူတွေလည်း မနည်းဘူး။ သူက အဲ့ဒီလို။
———
ပြန်တွေးတိုင်း ပြန်ပြောတိုင်း သူရှက်ရှက်နေတတ်တဲ့ အကြောင်းလေးတွေ နည်းနည်းလောက် ဖေါ်ကောင်လုပ်ဦးမယ်။
၁၉၉၉ ခုနှစ်ကဖြစ်မယ်။ ဟုတ်တယ် မောင်စံက အိန္ဒိယသွားဘို့ တာစူနေတဲ့အချိန်၊ ကိုသြက အိန္ဒိယကပြန်လာပြီး မကြာခင် အမေရိကသွားဘို့လုပ်နေတဲ့အချိန်ပေါ့။ ကိုယ့်ထက်လည်း စီနီယာကျ တယ်၊ နိုင်ငံခြားကလည်း မာစတာဘွဲ့တွေဘာတွေရခဲ့ပြီးပြီဆိုတော့ ဘာပဲပြောပြောအထင်ကြီးတာပေါ့။ မောင်စံတို့ အင်္ဂလိပ်လို အင်း အဲ ဖြစ်နေတဲ့အချိန်မှာ သူက ဒွတ်ဒွတ်ဒက်ဒက် နဲ့ စက်သေနပ်ပစ်သလို လုပ်နေပြီလေ။ ဘေးက အထင်ကြီးလေ သူကတွယ်လေပဲ။ အဲတုန်းကတော့ သူပြောတာ အမှန်ချည့်ပဲ ထင်နေတာ ဟင်း ဟင်း။
တစ်ရက်မှာ ရန်ကုန်မြို့ထဲ မောင်စံရယ် သူရယ် ဦးဣန္ဒကရယ် သုံဘီးတက္ကစီစီးပြီး ရွှေတောင် ကုန်းကျောင်းကိုသွားကြတယ်။ မှတ်မှတ်ရရ အော်စတင်က ဒေါက်တာဝင်းဗိုလ်ရဲ့သားလေး ရှင်ပြုတဲ့ ဆီကိုသွားကြတာ။ အဟဲ ကားသမားနဲ့ ကိုသြနဲ့ လေပေးတွေဖြောင့်…လို့ စကားတွေပြောသွားလိုက် ကြတာ ရွှန်းရွှန်းကိုဝေနေတာပဲ။ အင်္ဂလိပ်လိုလေးကလည်း ညှပ်ညှပ်ပြောသေးတယ်၊ အဲဒါကို မောင်စံ သဘောကျတာ။ အတော်လေး ခရီးပေါက်လာတော့ ကားသမားက တကယ်ပဲအထင်ကြီးလို့လား ဘာလားမသိပါဘူး မေးခွန်းတစ်ခုမေးလာတယ်။
“လူတွေဘယ်က စဖြစ်လာတာလဲ”တဲ့၊ “လူတွေရဲ့အစ ကမ္ဘာလောကကြီးရဲ့အစ ဖြစ်ပေါ်လာပုံကို သိချင်ပါတယ်”တဲ့။
မောင်စံလည်း စိတ်ဝင်စားသွားတယ်၊ ပညာရှိကြီး ဘယ်လိုဖြေမလဲပေါ့။ ကိုယ်လည်း တကယ် သိချင်တာလေ၊ အဲတုန်းက အဂ္ဂညသုတ်တို့ စူဠကမ္မဝိဘင်္ဂသုတ်တို့ဆိုတာတွေ မဖတ်ဘူးသေးတော့ ကိုယ့်ကိုမေးလာရင်လည်း ဖြေနိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် ဆရာကြီးက ဖြေတယ်ဗျာ… ဒီလို
“ဟေ့ကောင် မင်းက သုံးဘီးကားစုတ်မောင်းပြီး လူကို စစ်လားဆေးလား မေးလားမြန်းလားနဲ့၊ အိန္ဒိယနိုင်ငံက အမ်အေဘွဲ့ယူပြီးပြန်လာတာကွ၊ သာမန်ဘုန်းကြီးမဟုတ်ဘူး”
“သာမန်ဘုန်းကြီးမဟုတ်လို့ မေးတာပါဘုရား”
“ဟာ ပွဲတော့ကြမ်းလာပြီဟေ့၊ ခရီးက မဆုံးသေးဘူး” လို့ ဦးဣန္ဒကက ပြုံးပြီး မောင်စံကို ကပ်ပြောတယ်။
ဆရာကြီးလည်း မျက်နှာတွေနီနေတယ်။ အရှိုက်ထိုးခံလိုက်ရတဲ့သဘောပေါ့။ ဒါပေ မယ့် မလျှော့ဘူး ဒွတ်ဒွတ် ဒွတ်ဒွတ်နဲ့ ဘိုလိုလည်းမှုတ်လိုက်သေးတယ်။ ပြီးတော့
“မင်းကား ဒီမှာရပ်၊ ကားပြောင်းစီးမယ်၊ ကျက်သရေကို မရှိဘူး။ အဓိပ္ဗါယ်မရှိတာတွေ လျှောက် မေးနေတယ်၊ မင်းဒီလောက်သိချင်နေရင် —- ပါဠိတော်၊ — ကဏ္ဍ၊ စာမျက်နှာ ၅၄၉ မှာသွားဖတ်၊ ဒါပဲ”
ကားပြောင်းစီးပြီး ခရီးဆက်ခဲ့ကြတယ်။ ဆရာကြီးဒေါခီးနေလို့ အဲဒီနေ့က မမေးရဲဘူး၊ နောက် နေ့အေးအေးဆေးဆေးဖြစ်ပြီဆိုတော့မှ
“ကိုသြ… မနေ့က သုံးဘီးသမားကို အဖြေပေးလိုက်တာ ပိုင်တယ်ဗျာ… အကိုးအကား စာမျက် နှာတွေကို အတိအကျပဲ”
“ဟာ… မပြောစမ်းပါနဲ့မောင်စံရာ… မျက်နှာပူလွန်းလို့ပါ၊ ကိုယ့် ရှက်ရမ်းရမ်းပြီး ပြောမိပြေရာ တွေ စွတ်ပြောမိခဲ့တာ ဟားဟားဟား”
ကဲ … အဲလိုလူပါဆို။
ရှိသေးတယ် တစ်ခုပြောဦးမယ်၊ ရှေးဟောင်းဘုရား ကျောင်းကန်တွေကို အသစ်ပြန်လည်မွမ်းမံ တာကို အင်္ဂလိပ်လို Renovate ရီနိုဗိတ်လုပ်တယ်လို့ ပြောတယ်မလား။ အင်း အဲဒါပြောမလို့။ အဲတုန်း က သူက အမေရိကမှာ မောင်စံက စစ်ကိုင်းမှာ ဆရာတော်ရဲ့လက်ထောက်ပေါ့ ဆရာတော့်ကျောင်း စောင့် လုပ်နေတဲ့အချိန်။ သူ့ဆီက ဖုန်းလာတယ်။ သူနဲ့စကားပြောတဲ့အခါ မောင်စံ မသိသေးတဲ့ အင်္ဂလိပ်စကားလုံး အသစ်လေးတွေရရင် ထည့်ထည့်ပြောတတ်တယ်။
“မောင်စံရေ… ဟောင်း အာ ယူ”
“အိုင်မ် ဖိုင်း သိုင်းကြူး ကိုသြ၊ အင်ဒ် ယူ” ဒါကတော့ ပုံစံကျ ကျက်ထားတာဆိုတော့ အဆင် ကိုပြေနေတာပဲ။
“ဆရာတော်အတွက် အင်ဖေါ်မေးရှင်းပေးမလို့ မှတ်ထားလိုက်ဦး မောင်စံ”
“ပြော ကိုသြ”
“ဒေါက်တာဝင်းဗိုလ်ကပြောတယ်၊ ဆရာတော်ရဲ့ ဘဏ်အကောင့်က အိပ်စ်ပိုင်းယားဖြစ်နေလို့ ရီနိုဗိတ်လုပ်ရမယ်တဲ့၊ လျှောက်လိုက်ဦး”
“ဘယ်လို… ရီနိုဗိတ် ဟုတ်လား”
“အေး ဟုတ်တယ်၊ ရီနိုဗိတ်ဆိုတာ မသိဘူးလား၊ အကောင့်ကို အသက်ပြန်သွင်းတာပေါ့”
“အင်… Activate အက်တီဗိတ် ဟုတ်ဘူးလား”
“အော်… အေး အက်တီဗိတ် နဲ့တူတယ်၊ ဟား ဟား ဟား ရှက်လိုက်တာကွာ”
ကဲ အဲလိုချစ်စရာကောင်းတဲ့ ကိုသြပါဆို။ ရှိသေးတယ်အများကြီး တော်ပါပြီ ဒီလောက်ပဲ။ အဲဒါတွေကို ပြန်ပြောတိုင်း သူရှက်ရှက်နေတတ်လို့ မပြောတော့ပဲ ခုမှ စာရေးပြီးဖေါ်ကောင်လုပ်ရတာ။
— —
ဒါတွေပြောနေတာက ကိုသြကို ဒေါက်ဖြုတ်နေတာမဟုတ်ပါဘူး၊ သူ့ရဲ့ ရိုးသားပြီး ချစ်စရာ ကောင်းတဲ့အမူအယာလေးတွေကို သဘာဝအတိုင်းမြင်လာအောင်လို့။ သူ့ဘာသူလည်း အဲဒါတွေကို ရီစရာလုပ်ပြီး ပြန်ပြန်ပြောတတ်တယ်။ ဟန်ဆောင်မှုကင်းတယ်။
သူတပါးအပေါ်လည်း စေတနာထားတတ်တယ်၊ အထူးသဖြင့် မောင်စံအပေါ် အရမ်းကောင်း တယ်။ မောင်စံ ဒေါက်တာဘွဲ့ရအောင်လုပ်ဖြစ်သွားတာကိုက သူ့ရဲ့တွန်းအားတွေ အများကြီးပါတယ်။ မောင်စံ အိန္ဒိယကို ပညာသင်မသွားခင်က လက်ရှိလေးကိုခင်တွယ်ပြီး အင်တင်တင်လုပ်နေလို့ သူပြောခဲ့ဘူးတဲ့ စကားတစ်ခွန်းကို ခုထိမှတ်မိနေတယ်။
“မောင်စံ အဟောင်းမစွန့်နိုင်ရင် အသစ်မလာဘူး၊ ရဲရဲစွန့် ရဲရဲတက်၊ အထက်ရောက်တာနဲ့ အမျှ တစ်ခုစွန့်ခဲ့ရင် နှစ်ခုရမယ်၊ နှစ်ခုစွန့်ခဲ့ရင် လေးခုရမယ်” တဲ့၊ တကယ်မှန်တာပဲ။ မောင်စံ အမ်အေ ပြီးတဲ့အချိန်မှာ အတော်များများရနေပြီ။
အမ်အေပြီး ပီအိပ်ခ်ျဒီ လုပ်နေစဉ်အတွင်း မမျှော်လင့်တဲ့ပြဿနာတွေဝင်လာတာနဲ့ မလုပ် တော့ဘူးဆိုပြီး မြန်မာပြည်ပြန်လာခဲ့တယ်။ ဆရာတော်ကလည်း ပြီးအောင်မလုပ်ခဲ့ရမလားလို့ မဆူပါ ဘူး။ “ဖြစ်တတ်ပါတယ်ကွာ” တဲ့။ ဒီလိုနဲ့တက္ကသိုလ်မှာ ကိုယ်နိုင်တဲ့စာဝါလေးတွေကိုင်ပြီး နေလာလိုက် တာ တစ်နှစ်နီးပါးလောက်ကြာသွားတယ်။
အဲဒီမှာ ကိုသြက အားမရတော့ဘူး၊ မောင်စံကို ခြောက်လိုက်ချော့လိုက်နဲ့ ပီအိပ်ခ်ျဒီဆက်လုပ် ဘို့ အမျိုးမျိုးတိုက်တွန်းတော့တာပဲ။ ကြာတော့ မောင်စံလည်း အားတွေတက်လာပြီး ဆက်လုပ်ဘို့ ဆုံးဖြတ်လိုက်တယ်။
“အဲဒါဆို တပည့်တော်မှာ ကွန်ပျူတာမရှိဘူး၊ ကိုသြလက်ပတော့လေး ငှားလိုက်”
“ယူသွား ယူသွား မောင်စံ၊ ပြီးအောင်သာလုပ်ခဲ့”
မောင်စံလည်း ဦးဝေဠုကို အဖေါ်ခေါ်ပြီး အိန္ဒိယကိုထွက်လာခဲ့တယ်။ ဦးဝေဠုကလည်း အစစ အရာရာ အကူအညီပေးခဲ့ပါတယ်။ သူလည်းကျေးဇူးရှိတယ်။ ဖြစ်ချင်တော့ ကိုသြရဲ့ လက်ပတော့လေး က ကာလကတ္တားမှာ မိုးမိသွားလို့ ဘုံဘေရောက်တော့ လုံးဝကိုဖွင့်လို့မရတော့ဘူး။ အထဲမှာရှိတဲ့ ဒေတာတွေကိုတောင် ခဲရာခဲဆစ် ဟာ့ဒစ်ဖြုတ်ပြီးယူခဲ့ရတယ်။ ကွန်ပျူတာတွေ ဟိုကငှား ဒီကငှားနဲ့ တစ်နှစ်ကျော်လောက် ဒုက္ခခံလုပ်လိုက်တာ နောက်ဆုံးပြီးသွားတယ်ပေါ့။ ဒီနေရာမှာ ပြောချင်တာက ကိုသြရဲ့ အမြတ်နိုးဆုံးလက်ပတော့လေး ကိုယ့်ကြောင့်ပျက်စီးသွားတာကို အလျော်အစား ပြန်မတောင်းရှာဘူးလို့။ ကျောင်းတက်နေစဉ်အတွင်းမှာလည်း မုန့်ဘိုးပဲဘိုး ဒေါ်လာလေးတွေ ပို့ပေး သေးတယ်။ ဆိုးတယ်ဆိုးတယ်နဲ့ ပြောနေကြတာ မဆိုးပါဘူး ဒို့ကိုလှူသားပဲ၊ ဟင်းဟင်း။
အင်း… စာကလည်းရှည်သွားပြီ ပြောစရာတွေကလည်း အများကြီးကျန်သေးတယ်၊ တစ်ခု လောက်တော့ ပြောလိုက်ဦးမယ် နော်။ သူ့မှာ ကုလမစ္ဆရိယ မရှိတဲ့အကြောင်းလေးပါ။
လူပဲဖြစ်ဖြစ် သီလရှင်ပဲဖြစ်ဖြစ် ဘုန်းကြီးပဲဖြစ်ဖြစ် အများစုဟာ သူ့လူကိုယ့်လူ၊ သူ့ဒကာ ကိုယ့်ဒကာ သူ့ဘုန်းကြီး ငါ့ဘုန်းကြီး အစွဲလေးတွေရှိတတ်ကြတယ်။ ကိုယ့်လူဟာ ကိုယ်ကလွဲပြီး တခြားသူကို ရင်းနှီးသွားမှာ စိုးရိမ်တတ်ကြတယ်။ အဲဒါ ကုလမစ္ဆရိယပေါ့။
အဲလို မစ္ဆရိယမျိုး ကိုသြမှာမရှိဘူးဗျာ၊ ကြည်ညိုဘို့ကောင်းတာ။ သူ့ရဲ့ ဒကာဒကာမတွေ အိမ်အားလုံးလောက်နီးနီး မောင်စံကိုခေါ်သွားဘူးတယ်။ ရင်းရင်းနှီးနှီး မိတ်ဆက်ပေးတယ်။ အားလုံးက လည်း မောင်စံကိုခင်ကြပါတယ်။ အဲထဲမှာ အထူးသဖြင့် လမ်း (၅၀) က ရဟန်းမယ်တော်ကြီး ဒေါ်သန်းလှ မိသားစု နဲ့ လှည်းတန်းက ကျောင်းအမကြီး ဒေါ်စန်းမြင့် မိသားစုတို့ကဆိုရင် မောင်စံကို ကိုသြနဲ့မခြား သားအရင်းလို ချစ်ချစ်ခင်ခင်ရှိကြတယ်။ လှူကြတန်းကြ နွေးထွေးကြတယ်။ အဲဒါ နည်းနည်းလေးမှ ဝန်တိုမှုမဖြစ်ဘူးဗျာ…။ ဝမ်းတွေတောင် သာ…လို့။ ဒါတွေကြည်ညိုဘို့ကောင်းတာ။
ပြောခဲ့တယ်နော် မောင်စံက သူ့ဆီက အရပဲရှိတယ်လို့၊ မောင်စံဆီက သူရတာ ဘာမှမရှိဘူး။ ကိုယ်ကလည်း သူ့ကိုတစ်လှည့် ပြန်ပေးချင်တယ်။ အင်း… ခက်တာက ကိုယ့်မှာပေးစရာ သူ့လိုမှ မရှိတာ။ တော်တော်မွဲတဲ့ ငါပဲ။
အဲ… ပေးနိုင်တာတစ်ခုတော့ရှိတယ် စိတ်ဓာတ်ခွန်အားပဲ။ သူက လူကောင်ကြီး ကြီးနေပေမယ့် တစ်ခါတစ်လေ စိတ်အားငယ်တဲ့အခါ ကလေးလေးလိုဖြစ်သွားတတ်တယ်။ အပြောအဆို အလုပ် အကိုင်နဲ့ ဆုံးဖြတ်ချက်တွေလည်း အံမဝင်ခွင်မကျ ဖြစ်လာတတ်တယ်။ အဲဒီအခါ ကိုယ်က ခေါင်းအေးအေးနဲ့ ဆရာကြီးလုပ်ပြီး အကျိုးအကြောင်းတွေရှင်းပြ အားပေးစကားတွေပြောပြပေါ့။ ဒီတော့လည်း သူက ဝမ်းသာအားရ လက်ခံပြီး ကျေးဇူးတွေတင်တတ်တယ်။ အဲဒီလို သောဝစဿတာ ဂုဏ်နဲ့လည်း ပြည်စုံတာ ကိုသြက။
အခု မောင်စံ အမေရိကကို ရောက်လာပြန်တော့လည်း ဂရင်းကဒ်လျှောက်ဘို့အတွက်ကို အားသွန်ခွန်စိုက် လုပ်ပေးတယ်။ ပြောရရင် ကာယကံရှင် မိမိထက်တောင် သူကပိုပြီး စိတ်အားထက် သန်နေသေးတယ်လို့ ပြောလို့ရတယ်။ ဘယ်အရာမဆို သူကိုယ်တိုင်မလုပ်တတ်ပေမယ့် လုပ်တတ်တဲ့ သူကို ဘယ်လိုအကူအညီတောင်းရမယ်ဆိုတာ သိပ်သိတယ်။ ဒါကြောင့် ဘယ်အလုပ်မဆို သူအောင် မြင်အောင်လုပ်နိုင်တယ်။
အခုလည်း မောင်စံအတွက် ဂရင်းကဒ်ကို ဒကာကြီး ဒေါက်တာခင်မောင်ဦးနဲ့ပြောပေးပြီး လုပ် လိုက်တာ ဟော… လက်ဗွေတောင်နှိပ်ပြီးသွားပြီး။ မကြာခင် ကဒ်လေးရောက်လာဘို့ပဲ ရှိတော့တယ်။ ကဲ… အားလုံး အားလုံးအတွက် ကျေးဇူးပါ…လို့။
သီရိဘုန်းစံ
Aug. 12, 2014
Photo – http://www.001galerie.com/