ဂျုနီယာဝင်း ရသဆောင်းပါးစုံ

ဂျူနီယာဝင်း – ကာတွန်းဘောက်စ်၏ နောက်ဆုံးထွက်သက်

ဂျူနီယာဝင်း – ကာတွန်းဘောက်စ်၏ နောက်ဆုံးထွက်သက်
သြဂုတ် ၁၅၊ ၂၀၁၄

Cartoon Box and His Story or Last Samurai

Junior Win’s Walking Through The Wonderland – ebook မှ Cartoon Box and his story or Last Samurai ဟူသော ဆောင်းပါးကို ကိုယ်တိုင် ဘာသာပြန်ထားသည်။

ကာတွန်းဘောက်စ်ဆိုတာဘာလဲ?

ကာတွန်းဘောက်စ် (Cartoon Box) ၏ မူလအစဆိုတာ တယ်လီဖုန်းရုံကလေးဖြစ်သည်။ သည်တော့သူ့ပုံစံမှာ စတုရန်းပုံသဏ္ဍာန် လေးဖက်လေးတန် မှန်လေးချပ် နှင့် ဘီဒိုပုံ ထောင်ရက် လေးဖြစ်ပါသည်။

အဲသည် ကာတွန်းဘောက်စ်လေးသည် ရန်ကုန်စက်မူတက္ကသိုလ်၏ အ၀င်ဝမှာ ရှိခဲ့ဖူးပါသည်။ ရန်ကုန်စက်မူတက္ကသိုလ်ကို အလည်ရောက်ဖူးသူတိုင်း အဲသည်ကာတွန်းဘောက်စ်ကို လွယ်ကူစွာတွေ့မြင်နိုင်ကြကာ စက်မူတက္ကသိုလ်ကျောင်းသား များရေးဆွဲထားသော ကာတွန်းများနှင့် စာတိုစာစ အပိုင်းအစများကို ထိုမှန်ချပ်မှာ သို့မဟုတ် နောက်ပိုင်းမှာတော့ ကာတွန်းဘောက်စ် ၏အတွင်းထဲမှာ စနစ်တကျဖြင့် ကာတွန်း စာတိုစာစများ ကပ်ထားတာတွေ တွေ့မြင်ဖူး၊ဖတ်ဖူး ကြပါလိမ့်မည်။ သူတို့ရေးသားထားတာတွေထဲမှာ သရော်စာတွေလည်းပါပါသည်။ ၀တ္ထုတိုလေးတွေလည်းပါသည်။ ကာတွန်းတွေလည်းပါ သည်။

ထိုကာတွန်း စာတိုစာစများသည် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများသာမက လာလည်သော ဧည့်သည်များကိုပါ ဆွဲဆောင်လျက်ရှိပါသည်။ သောကြာနေ့ ရောက်တိုင်း ကျောင်းသားကျောင်းသူများရော၊ ဆရာဆရာမများပါ စိတ်ဝင်တစား စောင့်ဖတ်ကြသည့်အကြောင်းတွေက ယခုတော့သမိုင်းဖြစ်ခဲ့ပါပြီ။

ရန်ကုန်စက်မူတက္ကသိုလ်၏ ရာဇ၀င်

အင်ဂျင်နီယာ ကောလိပ်ဟူရွှေ့ ပထမဦးဆုံး ပြည်လမ်းပေါ်က ဘီအိုစီ အဆောက်အဦမှာ ၁၉၅၀ ကနေ ၁၉၅၇ ကြားမှာ ဖွင့်လှစ်ခဲ့ပါသည်။ နောက်တော့ ပြည်လမ်းက လိပ်ခုံး(ယခုတော့ ဆေးတက္ကသိုလ်)  ဆီသို့ တစ်နှစ် ပြောင်းရွှေ့ခဲ့ပါသည်။ ထိုအချိန်မှာ အင်းစိန်က ရန်ကုန်စက်မူတက္ကသိုလ်ကြီုးကို ရုရှက အင်ဂျင်နီယာများ၏အကူအညီဖြင့် ဆောက်လုပ် လျက်ရှိနေပါသည်။ ၁၉၅၈ ခုနှစ်ကနေစလို့ အချိန်ကာလတစ်ခုတိုင် “ရန်ကုန်စက်မူတက္ကသိုလ်“ ‘Rangoon Institute of Technology’ ဟူရွှေ့ ထိုနေရာမှာ ပြောင်းရွှေ့ဖွင့်လာခဲ့တာ အဲသည်အချိန်မှာ ကာတွန်းဘောက်စ်ဆိုတာ ပေါ်လာတာဖြစ်ပါသည်။

 

ကာတွန်းဘောက်စ်၏ ရာဇ၀င်

ကာတွန်းဘောက်စ်ကို ၁၉ ၅၈ နှင့် ၁၉ ၆၀ ကြား စတင်ခဲ့သည်ဟု ဆိုနိုင်ပါသည်။ သူက သောကြာနေ့တိုင်း သောကြာနေ့တိုင်းမှာ အသစ်အသစ်များကို တင်ဆက်လျက်ရှိပါသည်။ မြန်မာပြည်က ကာတွန်းဆရာများ၊ စာရေးဆရာများ ကသူတို့၏ ကာတွန်းဘ၀၊ ရေးဆွဲမူဘ၀၊ ရေးသားမူဘ၀အစများကို အဲသည်ကာတွန်း ဘောက်စ်ကနေ နိဒါန်းပျိုးခဲ့ကြသည် ဟုဆိုနိုင်ပါသည်။

ကာတွန်းမြင့်ဖေ၊ ကာတွန်း အောင်မြင့် တို့ဆိုတာ ရန်ကုန်စက်မူတက္ကသိုလ်က ကျောင်းသားဟောင်းကြီးများဖြစ်ကာ ကာတွန်ုးဘောက်စ်၏ နံမယ်ကျော်ကာတွန်းဆရာ များဖြစ်လာကြပါသည်။ သူတို့ရေးဆွဲခဲ့သော နံမယ်ကျော်ဇာတ်ကောင်များကို ထုတ်နုတ်ပြရရင်တော့ ကြံ့ဗဟုံး၊ ပရော်ဖက်ဆာ ဦးဆိတ်ဖွား တို့ဖြစ်ပါသည်။ ကာတွန်းအော်ပီကျယ်တို့၊ စာရေးဆရာများဖြစ်သော နွမ်ဂျာသိုင်း၊ မောင်စိန်ဝင်း(ပုတီးကုန်း) တို့သည်လည်း ရန်ကုန်စက်မူတက္ကသိုလ် ကျောင်းဆင်းတွေဆိုတော့ ကာတွန်းဘောက်စ်နဲ့ ကင်းမှာမဟုတ် ဟုတွက်လို့ရပါသည်။ နောက်ပိုင်းတော့ ကာတွန်းမောင်ရစ်တို့ …  ဆိုတာ  ကာတွန်းဘောက်စ်က မွေးထုတ်ပေးခဲ့သော ကာတွန်းဆရာများ ဖြစ်သည်ဟု ဆိုရမည် ဖြစ်ပါသည်။ ကာတွန်းဘောက်စ်ကား အဲသည်လို ခေတ်အလိုက် ပင်သူ့နေရာရှိခဲ့ပေတော့သည်။

ကာတွန်းဘောက်စ်၏နောက်ဆုံးထွက်သက်

ထိုနံမယ်ကျော် လူသိများလှသော ကာတွန်းဘောက်စ်သည် ၁၉ ၉ ၁  ခုနှစ်ပန်ဝန်းကျင် လောက်မှာတော့ ၀မ်းနည်းဖွယ် အဆုံးသတ်ခဲ့ရပါသည်။ ရန်ကုန်စက်မူတက္ကသိုလ် ကျောင်းသားများ၏ ၀ိညာဉ်များ၊ သူ့ကို အားပေးနေသော ပရိသတ်များ မရှိတော့သည့် ကာတွန်းဘောက်စ်က ဘယ်လိုများ အသက်ဆက်ရှင်တော့မည်လဲ။

အဲသည်ကာတွန်းဘောက်စ်က ယခုအဲသည်အရင်နေရာမှာ ရှိနေဆဲလား။ ဒါမှမဟုတ် ရှိနေရင်လည်း ကာတွန်းဘောက်စ် အလွတ်ကြီးပဲလား။ နောက်ထပ်ကော သူက ကာတွန်း မျိုးဆက်သစ်တွေ မွေးထုတ်ပေးနေဦးမှာလား။  သေချာတာတစ်ခုကတော့ ကာတွန်းဘောက်စ်သည် ရန်ကုန်စက်မူတက္ကသိုလ် ‘Rangoon Institute of Technology’ ဟူသော အမှတ်သညာ များစီးဝင်နေသော မှတ်ဥာဏ်ဟောင်းတွေထဲမှာ နောက်ဆုံး ကျန်ရှိခဲ့သော တစ်ခုတည်းသော အမှတ်တရ ဖြစ်ပါသည်။

သူသာလျင် သည်နေရာမှန်ကို ပြသနေဆဲဖြစ်သော နောက်ဆုံးသက်သေ တစ်ခုပဲ ဖြစ်ပါတော့သည်။ သူ့ကို အသက်ပြန်သွင်းဖို့အတွက် သူသည် တချိန်တုန်းက သူချစ်သည့် ကာတွန်းဆရာများနှင့် ပရိသတ်ကြီးကို စောင့်နေမှာတော့ သေချာပါသည်။ သူသာ အသက်ရှိမယ်ဆိုပါရင် သူကမျက်ရည်တွေနှင့်များ ယခုလို ပြောမှာလား?

“ကျွန်တော့ကို ဘာဖြစ်လို့ အကြာကြီး မေ့ထားကြတာပါလဲ?“

မှတ်ချက်။ ။ ဆောင်းပါးအတွက် ကျွန်မ၏ဦးလေးဖြစ်သူ စက်မူတက္ကသိုလ်ကျောင်းသား ဟောင်း ယခုအခါ ကွန်ပြူတာတက္ကသို်လ်မှ အငြိမ်းစားဒုပါမောက္ခချူပ် ဦးစိုးမြင့် (ဘီအီး ၁၉၇၁) က သူတို့ခေတ်က ကာတွန်းဘောက်စ်အကြောင်း ပြောပြခဲ့သည့်အတွက် ဦးဦးကို ကျေးဇူးတင်ပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts