ဇင်လင်း ရသဆောင်းပါးစုံ

ဇင်လင်း ● ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်နှင့် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု ဖြေလျှော့ရေး အလားအလာ

ဇင်လင်း ● ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်နှင့် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု ဖြေလျှော့ရေး အလားအလာ  
(မိုးမခ) စက်တင်ဘာ ၁၂၊ ၂၀၁၆

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လန်ဒန်မြို့ခရီးစဉ်၊ အမေရိကန်နိုင်ငံ တရားဝင်ခရီးစဉ်နှင့် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်ရန်အတွက် စက် တင်ဘာ ၁၀ ရက်က ရန်ကုန်မြို့မှ ထွက်ခွာခဲ့ပြီး၊ ဒေသစံတော်ချိန် ည (၇) နာရီ ၁၅ မိနစ်တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ ဟီ သရိုးလေဆိပ်သို့ ရောက်ရှိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မစ္စတာ အန်ဒရူး ပက်ထရစ်တို့က ဟီသရိုးလေဆိပ်၌ ကြိုဆိုခဲ့ကြသည်ဟု သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်  စက်တင်ဘာ ၁၁ ရက်နေ့နံနက် ဒေသစံတော်ချိန် ၁၀ နာရီ တွင် လန်ဒန်မြို့ရှိ ခေတ္တတည်းခိုသည့် မြန်မာသံရုံး၌  ဥရောပဒေသ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကဒေသတို့မှ မြန်မာသံ အမတ်ကြီး (၁၂) ဦးတို့နှင့် တွေ့ဆုံသည်ဟု ဆိုသည်။ သံအမတ်ကြီးများနှင့် တွေ့ဆုံစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော်၏ ရှေ့ဆက်သွားမည့် မူဝါဒနှင့်လမ်းစဉ်များ၊ ဦးစားပေးလုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံက ကျင့်သုံးနေသည့် နိုင်ငံခြား ရေးမူဝါဒများကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံအားလုံးနှင့် ချစ်ခင်ရင်းနှီးစွာဆက်ဆံပြီး ဘက်မ လိုက်သည့်မူဝါဒကို ကျင့်သုံးနေကြောင်း၊ သံတမန်ဝန်ထမ်းများအနေဖြင့် မိမိနိုင်ငံနှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ကာ ကွယ်စောင့်ရှောက်ကြရန် တိုက်တွန်းကြောင်း၊ မိမိတာဝန်ထမ်းဆောင်နေသည့် နိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသား များ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်လိုအပ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ကဏ္ဍများတွင် ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်နေသည့်အခြေအနေများကို  အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး သတင်းထုတ်ပြန်ချက်အရ သိရသည်။

လွန်ခဲ့သည့် စက်တင်ဘာ ၆ ရက်နေ့က အာဆီယံနှင့်ဆက်စပ် ထိပ်သီးအစည်းအဝေးများ တက်ရောက်ရန် လာအိုနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားကလည်း လာမည့်သီတင်းပတ်တွင် ဒေါ်အောင်ဆန်းစုကြည် ဝါရှင်တန်မြို့တော်ရှိ အိမ်ဖြူတော်သို့ ရောက်ရှိမည်ဟု အတည်ပြုပြောကြားခဲ့ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည် ၏ အမေရိကန် ခရီးစဉ်သည် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပမည့်အချိန် (စက်တင်ဘာ ၁၃ – ၂၆)နှင့်လည်း တိုက်ဆိုင်နေသည်။ စက်တင်ဘာလ ၁၄/၁၅ ရက်နေ့များတွင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်သို့ ရောက်ရှိ၍ သမ္မတ အိုဘားမား၊ ဒုတိယသမ္မတ ဂျိုး ဘိုင်ဒန်၊ အမေရိကန် ကွန်ဂရက်လွှတ်တော် ကိုယ်စားလှယ် များ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း စက်တင်ဘာ ၂ ရက်နေ့ Reuters သတင်းအရ သိရသည်။

Reuters သတင်းအရ သမ္မတ၏ အမျိုးသားလုံခြုံရေး လက်ထောက်အကြံပေးဖြစ်သူ Ben Rhodes က ယခု သီတင်းပတ် အတွင်း ကွန်ဂရက် လွှတ်တော် ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ လျှော့ချပေးရန် သို့မဟုတ် ပယ်ဖျက်ပေးရန် သမ္မတအိုဘားမားက စဉ်းစားနေကြောင်း အမည်မဖေါ်လိုသော အမေရိကန် အစိုးရအရာရှိများ က ပြောကြောင်း၊ သမ္မတ အိမ်ဖြူတော်ကမူ တစ်စုံတစ်ရာမှတ်ချက် ပေးရန်ငြင်းဆိုခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန် ပြည်ထောင်စုခရီးစဉ်နှင့်ပတ်သက်၍ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး လက် ထောက် အကြံပေးအရာရှိ Ben Rhodes က စက်တင်ဘာ ၆ ရက်နေ့က လာအိုနိုင်ငံ ဗီယက်ကျန်းမြို့တော်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲအတွင်း၌လည်း အတည်ပြု ပြောကြားခဲ့သည်ကို တွေ့ရသည်။

“ပထမဦးဆုံး အနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ၀ါရှင်တန်ကို လာရောက် ပြီးတော့ သမ္မတနဲ့ စက်တင်ဘာလ ၁၄ ရက်နေ့မှာ တွေ့ဆုံမှာဖြစ်ပါတယ်။ NLD အစိုးရ တက်လာပြီးတဲ့နောက် ကျနော်တို့ အနေနဲ့ ဘယ်လိုအကူအညီပေးနိုင်မလဲဆိုတာကို တိတိကျကျ လေ့လာခဲ့ပါတယ်။ တိုက်ရိုက် အကူအညီပေးတာမျိုးတွေ ရှိခဲ့ပြီး USAID ကတဆင့် အထောက်အကူတွေ သိသိသာသာ တိုးပေးခဲ့ပါတယ်။ အများအားဖြင့်တော့ ရင်းနှီးမြှုပ်နှံမှုမှာ ဆွဲဆောင်နိုင်အောင်၊ အခြေခံလူ့စွမ်းအား အရင်းအမြစ်တွေ မြှင့်တင်ပေးနိုင်အောင်၊ စီးပွားရေးဖွံဖြိုးဖို့အတွက် စည်းမျဉ်း ဥပဒေဘောင်တွေ ချမှတ်နိုင်အောင်၊ ပဋိပက္ခဖြေရှင်းရေး၊ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှု တိုက်ဖျက်ရေး တို့မှာလည်း အကူအညီတွေ ပေးခဲ့ပါတယ်။” ဟု Ben Rhodes က VOA သတင်းသို့ ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ (၁၄)ရက်နေ့တွင် သမ္မတအိုဘားမားနှင့် အိမ်ဖြူတော်၌ တွေ့ဆုံပြီးနောက် အမေရိကန် လွှတ်တော်ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံရန်ရှိသည်ဟုဆိုသည်။ု စက်တင်ဘာလ (၁၅)ရက်နေ့ ညနေ ပိုင်းတွင်ကျင်းပမည့် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ၏ ညစာ စားပွဲသို့လည်း တက်ရောက်မည်ဟု ဆိုသည်။

လတ်တလော အာရှဒေသဆိုင်ရာ နိုင်ငံရေးအခြေအနေများအရ အမေရိကန်အစိုးရက မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ပိုမို တိုးတက်ကောင်းမွန်ရန် ဆောင်ရွက်လာခြင်းသည် အာရှတွင် တရုတ်နိုင်ငံ၏ အင်အားသြဇာချဲ့ထွင်လာမှုကို တန်ပြန် ဟန့်တားလိုသော သဘောဖြစ်ပုံရသည်။ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့အကြားတွင် တည်ရှိနေသော မြန်မာနိုင်ငံသည် အာရှတိုက် ပထ၀ီဝင်နိုင်ငံရေးမြေပုံပေါ်တွင် နိုင်ငံရေးနှင့် စီးပွားရေးအရ အထူးအရေးပါသည့် အနေအထားသို့ ရောက်ရှိ နေခြင်းကြောင့်လည်း ဖြစ်သည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် နောက်ကျကျန်ရစ်နေခဲ့သည့် ဖွံ့ဖြိုးဆဲဈေးကွက်များ အနက် အလားအလာကောင်းမွန်သည့် ဈေးကွက်ဖြစ်သဖြင့် အမေရိကန် စီးပွားရေးကုမ္ပဏီကြီးများက အကျိုးအမြတ် ရယူရန် ရည်ရွယ်ချက်ရှိ၍ လည်းဖြစ်သည်။

သမ္မတအိုဘားမား၏ သမ္မတသက်တမ်း ၂ ဆက်ကာလအတွင်း မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကို ဖယ်ရှား၍  ဒီမိုက ရေစီစနစ် ပေါ်ထွန်းလာရေးအတွက် အမေရိကန်ပြည်ထောင်စုက အထူး ထောက်ခံအားပေးကူညီခဲ့သည်။ ယင်း သို့ အကူအညီပေးသည့်ကိစ္စသည် အမေရိကန်နိုင်ငံခြားရေးမူဝါဒ၏ အစိပ်အပိုင်းဖြစ်သဖြင့်  အဓိကအောင်မြင်မှုတရပ်လည်း ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံ၏ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို တရားမျှတပြီး၊ လွတ်လပ်သည့် ရွေးကောက်ပွဲ ဖြစ်မြောက်စေ ရန်၎င်း၊ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD အနိုင်ရရှိရေးနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ တိုးတက် ကောင်းမွန်စေရန် အမေရိကန်က တလျောက်လုံးအားပေးထောက်ခံလာခဲ့သည်။ ထို့ကြောင့်ဒီမိုကရေစီ အသွင်ကူးပြောင်း ရေး အောင်မြင်စေရန် အမေရိကန်က မည်သို့ကူညီဆောင်ရွက်ပေးနိုင်မည်ဆိုသည်ကို  ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်နိုင်ငံခရီးစဉ်အတွင်း အဓိက ဆွေးနွေးဖွယ်ရာရှိသည်ဟု Ben Rhodes က ဆိုသည်။

“လူ့အခွင့်အရေးတိုးတက်ဖို့ ကျနော်တို့ဘက်က အကောင်းဆုံး လုပ်ဆောင်ပေးနိုင်တာကတော့ အသွင်ကူး ပြောင်းရေး ကာလ မှာ အောင်မြင်မှုရစေဖို့ပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာ အခု ဆိုရင် မြန်မာနိုင်ငံမှာ ရွေးကောက်ခံ ခေါင်းဆောင်တွေဖြစ်လာကြပါပြီ။ ဒါကြောင့် မြန်မာလူထု အကျိုးကို သူတို့ သယ်ပိုးနိုင်ဖို့ ကျနော်တို့ ကူညီရမှာဖြစ်ပါတယ်။ ဒါကြောင့် စီးပွားရေး ဘယ်လို အားကောင်းအောင် လုပ်ဆောင်နိုင်မလဲ ဆိုတဲ့ နည်းတွေကို ကျနော်တို့က ရှင်းပြရာမှာ ဒဏ်ခတ် ပိတ်ဆို့မှုတွေ လျော့ချပေးခြင်းအားဖြင့် ဖြစ်နိုင်မလား၊ အမေရိကန်နဲ့ ကုန်သွယ်ရေး တိုးမြှင့် လုပ်ဆောင်ခြင်းအားဖြင့် ဖြစ်နိုင်မလား ဆိုတာတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၀ါရှင်တန်ခရီးစဉ်အတွင်းမှာ အဓိကထား ဆွေးနွေးသွားဖို့ရှိပါတယ်။” ဟု Ben Rhodes က ပြောသည်။

၎င်းအပြင် အသွင်ကူးပြောင်းရေးကာလ အတောအတွင်း မြန်မာနိုင်ငံ NLD အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများအပြားနှင့် ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးမှုများ ဆောင်ရွက်နေရသည်။ ရခိုင်ပြည်နယ် အခက်အခဲ အကျပ်အတည်းကို အဖြေရှာနိုင်ရန်လည်း ကြိုးစားနေရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအဖြေရရှိရေး ကြိုးစားအားထုတ်မှုများအား အမေရိကန်နိုင်ငံက ချီးကျူးမှုများ ရှိခဲ့သည်။ ယခု ခရီးစဉ်အတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ ကြိုးပမ်းမှုများ အောင်မြင် စေရန် အမေရိကန်က ကူညီသွားမည်ဖြစ်ကြောင်းလည်း Ben Rhodes ကပြောခဲ့သည်။

“အခြား အကဲစမ်းမှုတွေ ရှိပါတယ်။ တိုင်းရင်းသားအုပ်စုတွေနဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင်မှု ဒါမှမဟုတ် ရခိုင်ပြည်နယ်က အခြေအနေဖြစ်ပါတယ်။ ဒီကိစ္စနှစ်ခုစလုံးမှာ သူ့အနေနဲ့ မကြာသေးမှီက အစီအစဉ်တွေ လုပ်ဆောင်ခဲ့ ပါတယ်။ တိုင်းရင်း သားအုပ်စုတွေနဲ့ ငြိမ်းချမ်းရေးညီလာ ခံခေါ်ယူခဲ့သလို ရခိုင်ပြည်နယ်မှာ နိုင်ငံသားခံယူခွင့် စိစစ်ရေး၊ ရခိုင်ပြည်နယ် ပြဿနာကို အကြံပေးနိုင်ဖို့အတွက် ကော်မရှင်တရပ်ဖွဲ့ စည်းခဲ့တဲ့အပြင် အရေးကြီးတာက ကိုဖီအာနန်ကြီးမှူးတဲ့ နိုင်ငံတကာရဲ့ ပါဝင်မှုကို ဖိတ်ခေါ်ခဲ့ခြင်းပါပဲ။ သူ့အနေနဲ့ နိုင်ငံတွင်းမှာ အရေးကြီးတဲ့ ကိစ္စရပ်တွေကို ကြိုးစား ကိုင် တွယ်ဖြေ ရှင်းနေတာ ဖြစ်ပါတယ်။ သူရဲ့ အခုလို ကြိုးပမ်းမှုတွေ အောင်မြင်စေဖို့ ကျနော်တို့ လိုလားပါတယ်။ သူ့ရဲ့ ၀ါရှင်တန်ခရီးစဉ် အတွင်း ဒီကိစ္စ ရပ်တွေ အောင်မြင်စွာ ဆောင်ရွက်နိုင်ဖို့အရေးဟာ ကျနော်တို့ ဦး စားပေး ဆွေးနွေးသွား ရမယ့်အကြောင်း အရာတွေ အနက်တခုဖြစ်ပါတယ်။” Ben Rhodes က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ယခု အမေရိကန်ခရီးစဉ်နှင့်စပ်လျဉ်း၍ သမ္မတအိုဘားမားအစိုးရအနေဖြင့်  မြန်မာ့ ဒီမိုကရေစီ ရေးအား အစဉ်တစိုက် ထောက်ခံခဲ့သည့် အဓိက အမေရိကန် နိုင်ငံရေးပါတီကြီးနှစ်ခုစလုံးနှင့် ညှိုနှိုင်းဆောင်ရွက်ရန်ရှိ ကြောင်း Ben Rhodes ကသတင်းထောက်များအား ပြောခဲ့ကြောင်းသိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ လ (၁၀) ရက်နေ့တွင် မြန်မာနိုင်ငံမှ စတင်ထွက်ခွာမည်ဖြစ်သည်ဟု သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။ အမေရိကန် နိုင်ငံသို့ မရောက်မီ ဗြိတိန်နိုင်ငံသို့ ခရီးတထောက် ၀င်ရန်ရှိပြီး၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဥပရောပနိုင်ငံ အသီးသီးရှိ မြန်မာသံ အမတ်ကြီးများနှင့် လန်ဒန်မြို့တွင်တွေ့ဆုံရန်ရှိကြောင်းလည်း သိရသည်။

အမေရိကန်ပြည်ထောင်စုက ဦးသိန်းစိန် အစိုးရ လက်ထက်တွင်  ‘နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရေး’ ၊ ‘သုံးပွင့် ဆိုင် တွေ့ဆုံဆွေးနွေးရေး’ နှင့် ‘ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေသူများအား နိုင်ငံတကာက အကူအညီများ ထိရောက်စွာ ပေးပိုင်ခွင့်ရှိရေး’ စသည်တို့ကို ကန့်သတ်ချက်များအဖြစ် ရည်ညွှန်းကာ ဒဏ်ခတ်ပိတ်ဆို့မှုများ ဆက်လက် ထားရှိခဲ့သည်။ ဒဏ်ခတ် ပိတ်ဆို့မှုများအနက် မြန်မာအစိုးရ အသိုင်းအဝိုင်း၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း၊ ခရီးသွားလာ ခွင့် ဗီဇာပိတ်ပင်ခြင်းဖြစ်သည့် (Targeted Sanction) ၊ ကုန်သွယ်ရေး ပိတ်ဆို့မှု (Trade Sanction) နှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ပိတ်ဆို့မှု (Investment Sanction) တို့ ပါဝင်ခဲ့သည်။ ပိတ်ဆို့မှုများ(Sanctions) ၏ သက်တမ်းသည် ကန့်သတ်ချက် ၃ ရပ် မဆောင်ရွက်မချင်း ဆက်ရှိနေခဲ့ခြင်းဖြစ်သည်။ မြန်မာပြည်မှ ပစ္စည်းများ အမေရိကန်သို့ တင်သွင်း ခြင်း မပြုရန်နှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမှု မပြုလုပ်ရန်တို့ အတွက်မှာမူ တစ်နှစ်တစ်ခါ သက်တမ်းတိုးလေ့ရှိသည်။

မြန်မာပစ္စည်းများ မတင်သွင်းရေးနှင့် ပတ်သက်၍ လွှတ်တော်အာဏာဖြင့် တနှစ်တခါ သက်တမ်းတိုးရပြီး၊  ရင်းနှီးမြှုပ်နှံမှု ကိစ္စအတွက် သမ္မတအာဏာဖြင့် သက်တမ်းတိုးရသည်ဟု ဆိုသည်။ ရင်းနှီးမြှုပ်နှံမှု ပိတ်ဆို့ရေးကို ၂ဝ၁၁ မေ ၁၆ ရက်တွင် သမ္မတက လက်မှတ်ထိုးကာ သက်တမ်းတိုးခဲ့ပြီးဖြစ်သည်။ အမေရိကန်ပြည်ထောင်စုက မြန်မာ စစ်အစိုးရ၏ လူ့အခွင့် အရေး ချိုးဖောက်မှုများအတွက် ၁၉၉၃ ခုနှစ်တွင် လက်နက်တင်ပို့မှု စတင်ပိတ်ပင်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှု အသစ်များ မပြုလုပ်ရန် ပိတ်ပင်တားမြစ်ခဲ့သည်။ ၂ဝဝ၃ ခုနှစ်တွင် ပစ်မှတ်ထား ပိတ်ဆို့မှု (Targeted Sanction) စတင် ပြဋ္ဌာန်းခဲ့ကြောင်း သိရသည်။

၂ဝ၁၁ ဇွန် ၂၈ ရက်တွင်လည်း မြန်မာအစိုးရ အာဏာတည်မြဲရေးအတွက် မိသားစုဝင်များသဖွယ် စီးပွားရေးနှင့် နိုင်ငံရေး အရ အထောက်အပံ့ ပေးနေသည်ဟုဆိုကာ မင်းသား လွင်မိုး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးဖြစ်သူ နေရွှေသွေးအောင် အပါအဝင် ၄၂ ဦးကို စီးပွားရေးပိတ်ဆို့ရန် U.S. CAMPAIGN FOR BURMA (USCB) က အမေရိကန် ဘဏ္ဍာရေးဝန်ကြီး အား တောင်းဆိုခဲ့သည်။ အပိတ်ဆို့ခံ များ စာရင်းထဲတွင် စီးပွားရေးလုပ်ငန်းရှင်များသာမက အနုပညာရှင်များနှင့် စာပေ အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များလည်း ပါဝင် ခဲ့ကြောင်း ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ မဇ္ဈိမသတင်း၌ တွေ့ရသည်။ ပိတ်ဆို့မှုများ ဖယ်ရှားရန်အတွက် မြန်မာ အစိုးရက ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်ကြောင်းနှင့် ပြောင်းလဲမှု ရှိမှသာ ပိတ်ဆို့မှု ရုပ်သိမ်းသင့်ကြောင်း ထိုစဉ်က အတိုက်အခံ ပါတီ NLD က ဝေဖန် ပြောဆိုခဲ့ဖူးသည်။

ယခုအထိ ကျန်နေသေးသည့် အမေရိကန်နိုင်ငံ၏ အရေးယူပိတ်ဆို့မှု (Sanction) အများစုမှာ မြန်မာစစ်တပ်၏ ရင်းနှီးမြှုပ် နှံမှုဖြင့် လုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းများနှင့် ဆက်စပ်စီးပွားရေး မလုပ်ရန် တားမြစ်ထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှ ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာများတင်သွင်းခြင်းကို တားမြစ်ခြင်းနှင့် ကန့်သတ်ထားသည့် လူပုဂ္ဂိုလ် များဖော်ပြထား သော ‘အမည်ပျက်စာရင်း’ Specially Designated Nationals List (SDN) တို့လည်း အပါ အဝင်ဖြစ်သည်။ Global Witness မှ Juman Kubba ၏ အဆိုအရ မြန်မာ့ကျောက်စိမ်းထုတ်လုပ်မှုလုပ်ငန်းသည် အမေရိကန်ပြည်ထောင်စု ၏ နိုင်ငံခြား ရေးပေါ်လစီကို စိန်ခေါ်နေသည့် အရေးကြီးကိစ္စဖြစ်သည်ဟု ၂၀၁၅ အောက်တိုဘာ အတွင်းတွင် ပြောဖူးသည်။ အမေရိ ကန်ပြည်ထောင်စုက သယံဇာတထုတ်ယူမှု ပွင့်လင်းမြင်သာရှိရေးအဖွဲ့ (Extractive Industries Transparency Initiative – EITI) ကို ထောက်ခံအားပေးလျှက်ရှိပြီး၊ Global Witness အဖွဲ့က EITI တွင် ဘုတ်အဖွဲ့ဝင်ဖြစ်သည်။ မြန်မာနိုင်ငံကလည်း EITI တွင် အဖွဲ့ဝင်အဖြစ်လျှောက်ထားပြီးဖြစ်သည်။ ကျောက်စိမ်းလုပ်ငန်းကဏ္ဍတွင် ပြုပြင် ပြောင်းလဲမှု လုပ်ရန် မြန်မာ အစိုးရ အား EITI က ဖိအားပေးနေပြီး၊ ပြုပြင်ပြောင်းလဲမှု မလုပ်မီ ကျောက်စိမ်းကဏ္ဍ အရေးယူပိတ်ဆို့မှု ( Jade & Jam Sanction) ကို ဆက်လက်ထားရှိရန် EITI က တောင်းဆိုထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရဲအဖွဲ့ကလည်း တပ်မတော်၏ လက်အောက်ခံအဖွဲ့အစည်းဖြစ်နေပြီး၊ မြန်မာ့ ကျောက်စိမ်းထုတ်လုပ်မှုလုပ်ငန်းသည် တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းများနှင့် ဆက်စပ်ပတ်သက်နေသည်။ ထို့ကြောင့် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးတွင် အဓိကကျသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စကို တပ်မတော် က အစဉ်တစိုက် ဆန့်ကျင်နေသဖြင့်လည်း ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာများတင် သွင်းခြင်းကို တားမြစ်ခြင်း နှင့် ကန့်သတ်ထားသည့် လူပုဂ္ဂိုလ်များဖော်ပြထားသော ‘အမည်ပျက်စာရင်း’ (SDN) တို့လည်း ဆက်လက် တည်ရှိနေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရှစ်လေးအရေးတော်ပုံ ပြီးနောက်တွင်၎င်း၊ ၂၀၀၃ ခုနှစ် မေ ၃၀ ဒီပဲယင်းအရေးအခင်း ပြီးနောက်တွင်၎င်း၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃာ့အရေးတော်ပုံ ပြီးနောက်တွင်၎င်း အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ် အရေးယူမှုများ  ချမှတ်ခဲ့သည်။ အမေရိကန်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ဒဏ်ခတ်အရေးယူမှုများကို လျှော့ချပေး ရန်  စဉ်းစား နေချိန်တွင် နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့များက မြန်မာနိုင်ငံ၌ ဒီမိုကရေစီခိုင်မာမှု မရှိသေးဘဲ ဒဏ်ခတ်မှု  ရုပ်သိမ်းရန် မသင့်သေးကြောင်း ဝေဖန်မှုများ ရှိနေသည်။ ဒဏ်ခတ်မှုများကို အလျင်စလို ပြန်ရုပ်သိမ်းခြင်း မပြုရန် စက်တင်ဘာ ၂ ရက်နေ့စွဲဖြင့် Human Rights Watch အဖွဲ့က ကြေညာချက်ထုတ်ပြန်ကာ အမေရိကန် အစိုးရအား တိုက်တွန်းထားသည်။ HRW အဖွဲ့၏ အာရှရေးရာတာဝန်ခံ Brad Adams က အထူးသဖြင့် မြန်မာ့နိုင်ငံရေးတွင် ဆက်လက် သြဇာလွှမ်းမိုးနေသော စစ်တပ်ကို ဖိအားပေးနိုင်ရေးအတွက် ဒဏ်ခတ်မှုများ ဆက်ရှိသင့် သည်ဟု ဆိုသည်။

“ဒဏ်ခတ်မှု အများစုကို ပြန်ရုပ်သိမ်းဖို့ အချိန်မတန်သေးဘူးလို့ ကျနော်တို့က ယူဆပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ဒဏ်ခတ်မှု တွေ မရုပ်သင့်သေးဘူးလို့ ပြောခဲ့တာ သိပ်မကြာသေးပါဘူး။ နိုင်ငံခြားရေးဝန်ကြီး John Kerry ကလည်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် မပြီးမချင်း ဆက်ထားသင့်တယ်လို့ ပြောဖူးပါတယ်။ ထိလွယ်ရှလွယ် အခြေအနေမျိုး၊ ဒါမှမဟုတ် စတောင်မစရသေးတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ တပုံကြီး ကျန်သေးတဲ့အတွက် စောလွန်းသေးတယ်လို့ ထင်ပါတယ်။ ပြုပြင်ပြောင်းလဲရေးလမ်းအတိုင်း ဆက်လျှောက်ပြီး အတားအဆီးတွေ မလုပ်တော့ တဲ့အထိ ဒဏ်ခတ်မှုတွေကို စစ်တပ်နဲ့ စစ်တပ်ထဲက ချမ်းသာနေကြတဲ့ လက်ဝေခံလူတန်းစားကို ပစ်မှတ်ထား သင့်ပါတယ်။ အရပ်သားအစိုးရက အပြည့်အ၀ အုပ်ချုပ်ခွင့်ရတာမျိုး၊ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးတွေကို စစ်တပ်ကသာ ခန့်အပ်တာမျိုးတွေ မလုပ်ဖို့ ဖြစ်ပါတယ်။ စစ်တပ်အနေနဲ့ အရပ်သားအစိုးရ အုပ်ချုပ်မှုအောက်မှာသာ ရှိသင့်ပြီး၊ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းကို စစ်တပ်အတွက် သီးသန့်နေရာပေးထားတာကိုလည်း ပယ်ဖျက်ရမှာပါ။” ဟု Brad Adams က VOA သို့ပြောကြားခဲ့သည်။

ဝါရှင်တန်အခြေစိုက် Georgetown တက္ကသိုလ်မှ မြန်မာ့အရေးကျွမ်းကျင်သူ ဂုဏ်ထူးဆောင်ပါမောက္ခ David Steinberg ကမူ သမ္မတ အိုဘားမား အစိုးရ၏ နိုင်ငံခြားရေးရာ မူဝါဒများအနက် ‘မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံရေး မူဝါဒ’ သည်  အောင်မြင်မှုတခု ဖြစ်သည် ဟုဆိုသည်။ ထို့ကြောင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်ရန် ဒဏ်ခတ်မှု အများစုကို ပြန်လည်ရုပ်သိမ်းသင့်သည်ဟု ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်၏ မူဝါဒများအပေါ် ဒေါ်အောင်ဆန်းစုကြည် က နှစ်ပေါင်းများစွာ သြဇာညောင်းခဲ့သည်ဟု David Steinberg က ဆိုသည်။ လူ့အခွင့်ရေးအုပ်စုများ အနေဖြင့်  ဒဏ်ခတ်မှုကို အမြဲတမ်း လိုလားကြသည်။ သို့သော်လည်း ဒဏ်ခတ်မှုများနှင့် ဒီမိုကရေစီကို မရနိုင်သဖြင့် ဒဏ်ခတ်မှုများ ရုပ်သိမ်းသင့် သည်ဟု ယူဆကြောင်း၊ လက်နက်ရောင်းချမှု ပိတ်ပင်ခြင်း (Arms Embargo) မျှလောက်ကိုသာ ချန်ထားသင့် သည်ဟု David Steinberg က ဆိုပါသည်။ ဒေါ်အောင်ဆန်းစုကြည် ယခုလ ၁၄ ရက်နေ့တွင် ဝါရှင်တန်၌ သမ္မတ အိုဘားမား၊ ဒုတိ ယ သမ္မတ ဂျိုး ဘိုင်ဒန်၊ အမေရိကန် ကွန်ဂရက်လွှတ်တော်ကိုယ်စားလှယ်များ၊ စီးပွားရေး လုပ်ငန်းရှင်ကြီး များနှင့် တွေ့ဆုံ သည့်အခါ ‘အမည်ပျက်စာရင်း’(SDN) နှင့်တကွ ‘မြန်မာအပေါ် စီးပွားရေးဒဏ်ခတ်မှုများ’ (Sanctions) ကိစ္စတို့အား မည်သို့ ကိုင်တွယ်ဆောင်ရွက်မည်နည်း ဆိုသည်ကို ပြည်တွင်းပြည်ပမှ အထူးစိတ်ဝင်စားစွာ စောင့်ကြည့် နေကြပေသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts