U Win Tin သူတို့အာဘော် ဟံသာဝတီ ဦးဝင်းတင် ဦးဝင်းတင်

ဟံသာဝတီဦးဝင်းတင် – အချိုးကျ ကိုယ်စားပြုမှုလား၊ အားကောင်းမောင်းသန် ကိုယ်စားပြုမှုလား

 

ဟံသာဝတီဦးဝင်းတင် – အချိုးကျ ကိုယ်စားပြုမှုလား၊ အားကောင်းမောင်းသန် ကိုယ်စားပြုမှုလား

ဒီလှိုင်း ၊ အတွဲ (၁) ၊ အမှတ် (၃၀) မှ ပြန်လည် ကူးယူဖော်ပြသည်

သြဂုတ် ၁၊ ၂၀၁၄ 

အရပ်ထဲ ဆူညံပူညံနဲ့ ဘာသံတွေတုန်းဗျ။

တစ်နေ့သား ကျုပ်လည်း ဟိုဟာကြား၊ ဒီဟာကြား နားပူလာတယ်။ နီးရာလူလူကို လက်တို့မေးကြည့်မိတယ်။ သူ့အဖြေက ဝါးတားတားပဲ။ ဘာတဲ့။ အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ဆိုလား ဘာလား မသိပါဘူး။ ဂဃဏနလေး ပြောစမ်းပါကိုယ့်လူရဲ့လို့ ကျွဲမြီးတိုသံနဲ့ ကျုပ်က မာန်မိတာပေါ့။ သူက ကျုပ်ကို ပြန်ငေါက်တယ်။

“ဟာ အဘကလည်း သူတို့ဟာကြီးက မရေမရာ၊ ဇဝေဇဝါ၊ ကလေကမာဗျ။ ကျွန်တော်လည်း ကြားသလောက် ပြန်ပြောရတာ”

“ဒါဇြင့် မင်းက ဘာလို့ ကလီကမာလို့ ပြောနိုင်ရတာလဲ”

“ဟာ အဘကလည်း နားပင်းကိုးကန်းလုပ်ပြန်ပါပြီ။ ကလီကမာမဟုတ်ပါဘူး။ ဇဝေဇဝါအရှိန်လွန်သွားလို့ ကလေကမာလို့ နဘေထပ်မိတာပါဗျ။ ဆောရီး၊ ဆောရီး” တဲ့။

ဒါနဲ့ ကျုပ်လည်း တွေးမိတွေးရာ လုပ်မိပြန်တာပေါ့။

ကျုပ်တို့ ဒီချုပ်မှာ ဒီကိစ္စကို လွန်ခဲ့တဲ့ နှစ်အစိတ်လောက်ကတည်းက စဉ်းစားခဲ့ကြဖူးသဗျ။ ဒီနေ့ အချိုးကျကြီးလို ကာလပေါ်ကိစ္စ မဟုတ်ဘူး။

၁၉၈၈ စက်တင်ဘာ ၂၇ မှာ ဒီချုပ်ဖွဲ့တယ်။ စက်တင်ဘာ ၃၀ မှာ ပါတီမှတ်ပုံတင်တယ်။ အောက်တိုဘာထဲမှာ ပါတီဗဟိုကော်မတီ ညီလာခံလုပ်တယ်။ ပါတီက အောင် – စု – တင် (ဗိုလ်မှုးချုပ် အောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်ကြီး တင်ဦး) သုံးဦးစပ်ဆိုတော့ တစ်ဖက် ၁၄ ယောက်စီနဲ့ ဗဟိုကော်မတီ ၄၂ ယောက်။ အဲဒီ ဗဟိုကော်မတီ ညီလာခံကို ဒီချုပ်အတွင်းရေးမှုးအဖွဲ့ဝင် ဗိုလ်မှုးကြီးကြည်ဟန်ရဲ့ အိမ်မှာကျင်းပတယ်။ အင်းလျားမြီုင်လမ်းမှာ။

ညီလာခံမှာ ဗိုလ်မှုးချုပ်အောင်ကြီးအုပ်စုက ဗိုလ်မှုးကြီးခင်ညိုက လာမယ့်ရွေးကောက်ပွဲမှာ အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ်သုံးဖို့ အဆိုတင်တယ်။ ကျုပ်တို့က ကန့်ကွက်တယ်။ ဒါနဲ့ PR ဆိုတာကြီး လျှောမွေးဖြစ်သွားတယ်။ ဗာရာဏသီ မချဲ့လိုက်နိုင်ဘူး။

ဒီနေ့ ဒီအသံတွေညံလာပြန်တယ်။ သဘောရိုးနဲ့လား၊ မနောဆိုးနဲ့လား။ အတွေးဥာဏ်နဲ့လား၊ အကွေးအကြံနဲ့လား။ လျှောမွေးဆရာတွေပဲ ပြောရေးသာပါလိမ့်မယ်ထင်ပ။

ဒီလို နိုင်ငံရေးပါတီတွေအကြား၊ မဲဆန္ဒရှင်ပြည်သူတွေအကြား မညီမညာဖြစ်လေမယ့် ပီအာရ်ဆိုတာကြီးက ဘယ်လိုတဲ့တုန်း။ ရှင်းပါဦးဟဲ့ လင်းပါဦးဟဲ့ လုပ်မနေကြနဲ့။ အင်တာနက်တက်ရှာ။ နည်းတွေ နာတွေ စနစ်တွေ ဇယားတွေကလည်း သဗ္ဗရနံပေါင်း သောင်းပြောင်းထွေလာပါပဲဗျာ။ ရှာသာဖတ်ကြပါတော့။

ဒီစနစ်ရဲ့ အချုပ်သဘောကတော့ တစ်မဲသာ တစ်ပွဲနိုင်စနစ် မကောင်းဘူးဗျို့။ အပိုအလျှံမဲနဲ့ အကြွင်းအကျန်ခဲတဲ့စနစ်ရယ်၊ စုပေါင်းစပ်ပေါင်း ရောသမမွှေ စနစ်ရယ်၊ နှစ်ကျော့ပြန်စနစ်ရယ်ဆိုတဲ့ စနစ်တွေ ကောင်းတယ်ဗျို့။

တစ်မဲသာ တစ်ပွဲနိုင်စနစ်က ပါတီကြီးစနစ်ကို တွန်းပို့တယ်။ ဒီမိုကရေစီ အာဏာရှင်စနစ်ကို ဖန်တီျးနိုင်တယ်တဲ့။

အချိုးကျ ကိုယ်စားပြုစနစ်ကတော့ အရွေးခံရသူကို မဲမပေးတဲ့ မဲဆန္ဒရှင်တွေရဲ့ လွှတ်တော်တွင်းကိုယ်စားပြုနေရာ ဖန်တီးနိုင်တယ်တဲ့။ လူနည်းစုတွေ၊ ပါတီငယ်တွေရဲ့ နိုင်ငံရေးပါဝင်မှုကို ဖန်တီးနိုင်တယ်တဲ့။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော် ဗမာ့နိုင်ငံရေးသမိုင်းမှာ အသံကျယ်ကျယ် မြည်ဟည်းခဲ့တဲ့ ပြဋ္ဌာန်းချက်တစ်ချက်ရှိခဲ့တယ်ဆိုတာ မမေ့စေချင်ဘူး။ အဲဒါက ပြည်သူလူထုရဲ့ အကျိုးစီးပွားကို သယ်ပိုးဆောင်ကြဉ်းချင်သလား။ ချင်တယ်ဆိုရင် နိုင်ငံရေးပါတီအဖွဲ့အစည်းကို အင်အားကြီးမားတောင့်တင်းအောင် လုပ်ရမယ်ဆိုတာ ဖြစ်ပါတယ်။ ပါတီအဖွဲ့အစည်းကြီးကြီးတွေကသာ တိုင်းပြည်ကို ခိုင်ခိုင်မာမာ သန်သန်စွမ်းစွမ်း ဦးဆောင်နိုင်မယ်ဆိုတာပဲ ဖြစ်ပါတယ်။ တစ်မျိုးပြောရမယ်ဆိုရင် ဗြုတ်စဗျင်းတောင်း ဖားလောင်းပါတီလေးတွေနဲ့ တိုင်းပြည်ကို ရှေ့တန်းအရောက် တွန်းမပို့နိုင်ဘူး။ ပြည်သူရဲ့ အကျိုးစီးပွားကိုလည်း ထိပ်တန်းအရောက် ထမ်းမတင်နိုင်ဘူး။

ကျုပ်တို့ ဒီချုပ်မှာ ဒီသဘောထားရှိခဲ့တယ်။ အဖွဲ့ချုပ် စတင်သန္ဓေတည်ကတည်းက ဆိုပါတော့။ ဘာကြောင့် ကျုပ်တို့ ဒီ သဘောထားကို ကိုင်စွဲခဲ့သလဲ။ ဗမာ့သမိုင်းကြောင်းကိုကြည့်။ ကမ္ဘာ့ဖြစ်စဉ်တွေ ဖြစ်ရပ်တွေကိုကြည့်။ အဖွဲ့ချုပ် ဖွဲ့ဦးစကာလမှာ ဒီသမိုင်းအမြင် ရှိသူရှိတယ်။ မရှိသူ မရှိဘူး။ အဖွဲ့ချုပ်က သုံးစု သုံးစပ်ထားတာ။ အဲဒီကာလ မျက်မှောက်ပြုနေကြရတာက စစ်တပ်ဗျ။ တိုင်းပြည်ကို သိမ်းပိုက်ထားတယ်။ စစ်တပ်ကြီးက ၁၉၅၈ အိမ်စောင့်အစိုးရလက်ထက်ကတည်းက ကြံ့ခိုင်ရေးအသင်းဆိုတာ ထောင်ခဲ့တယ်။ တစ်နေ့သောအခါ စစ်တပ်နဖားကြိုးဆွဲမယ့် နိုင်ငံရေးပါတီကြီးထောင်ဖို့ စိတ်ကူးရှိခဲ့တယ်။ ဒါကို ဒီချုပ်ခေါင်းဆောင်ကြီးတွေထဲက ဘောင်းဘီချွတ် ပုဂ္ဂိုလ်ကြီးတွေက နောကျေနေအောင်သိတယ်။

ကျုပ်တို့ကလည်း စစ်နိုင်ငံရေးရဲ့ ကင်ဆာရောဂါကိုသိတယ်။ အဲဒီအသိနဲ့အတူ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ အင်အားကိုမြင်တယ်။

ဒီတော့ တချို့ခေါင်းဆောင်တွေက ဒီချုပ်ကို စစ်နိုင်ငံရေးလောင်းရိပ် မိမှာပဲ။ ပါချည်ပါချဲ့ ပါတီပဲ့လေးအဖြစ်နဲ့ ပါတီစဉ်မီမှာ မဟုတ်ဘူးလို့မြင်။ ဒါ့ကြောင့် အနာဂတ်နိုင်ငံရေးမှာ အရိုးအရင်းကိုက်ဘဝကို မှန်းတယ်။ သူတို့အဖို့ အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ် အဖိုးတန်မှာပဲလို့ ထင်တယ်။

ခေါင်းဆောင်ပိုင်းတချို့ကတော့ ဒီမိုကရေစီ မိုးစင်စင်လင်းရင် ဒီချုပ်ဟာ အင်အားကြီးပါတီဖြစ်လာမယ်။ ပါတီကြီးအင်အားနဲ့ တိုင်းပြည်ကို ဦးဆောင်မယ်။ ပြည်သူကို အကျိုးပြုမယ်မှန်းတယ်။

ဒီလို မတူကွဲပြားတဲ့ နိုင်ငံရေး အမြော်အမြင်၊ နိုင်ငံရေးယုံကြည်ချက်၊ နိုင်ငံရေးလုပ်ငန်းစဉ်တွေရဲ့ အားပြိုင်ပွဲမှာ အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ် ‘နောက်ကောက်’ ကျခဲ့တယ်။

လာပြန်ပြီ ဒါကြီးက။ ဘယ်နှယ့် ဘယ်နှယ်။ မိုးသီးလိုကြွေ၊ မှိုတွေလိုပွင့်လာပြန်ရတာလဲ။ မိုးလေဝသတော့ မှန်ကြပါလေရဲ့နော်။ ၂၀၁၀ တုန်းကတောင် ဘာသံမကြား၊ ညာသံမကြား၊ ကြိတ်ဝါးမြိတ်ကစားနေခဲ့ကြတာ မဟုတ်လား။

စစ်စစ်မှန်မှန် ဒီမိုကရေစီနိုင်ငံရေးမှာ ပိစိညှက်ကွေး ပါတီသေးသေးတွေလည်း စားကျက်မပျောက်ပါဘူး။ လွှတ်တော်ပြင်ပနိုင်ငံရေးမှာ ကောင်းကောင်းကြီး ‘ပလေး’ (ပါဝင်လှုပ်ရှားကစား) နိုင်မှာပါ။

လွှတ်တော်ထဲ ဝင်ချင်သပဆိုရင်တော့လည်း ကိုယ့်အဖွဲ့ကိုယ် ဝဝဖြိုးဖြိုး အလှတိုးအောင် ကြိုးစားစည်းရုံးကြရမှာပေါ့လေ။

ငယ်သော်လှ၏ဆိုတဲ့ စကားရှိတယ်။ ငယ်ရင်လှတယ်တဲ့။ ကျုပ်ကတော့ ငယ်သော်လည်းလှ၏ လို့ စကားပြင်ချင်တယ်။ ငယ်ပေမဲ့လည်း လှတာပါပဲလို့ ဆိုလိုတာပါ။ မှန်ကန်တဲ့ ဒီမိုကရေစီလူ့ဘောင်မှာ မှန်ကန်တဲ့ နိုင်ငံရေးလုပ်တတ်ဖို့ပဲ လိုပါတယ်။ မှန်ကန်တဲ့ နိုင်ငံရေးနဲ့ ပြည်သူကို မှန်မှန်ကန်ကန် အလုပ်အကျွေးပြုနိုင်မှာပါပဲ။

ပြောစရာတွေ ကျန်သေးသဗျ။

ပါတီကြီးလွှမ်းမိုးမှာစိုးသတဲ့လား။ ဆန်းသလား။ ကြီးမှတော့ လွှမ်းမိုးပေလိမ့်မပေါ့ဗျာ။ အလွှမ်းမခံချင် ကိုယ့်ပါတီကိုယ် ကြီးအောင်ကြိုးစားကြပေါ့။ ပါတီဝင်စားကြပေါ့။ ပါတီကြီးထဲကို ခြေစုံပစ်ဝင်နိုင်ကြတယ်လေ။ ဒါမှမဟုတ်။ တပ်ပေါင်းစုဖွဲ့ပေါ့။ တပ်ဦးဖွဲ့ပေါ့။ မဟာမိတ်အင်အားစုဖွဲ့ပေါ့။ ဗိုလ်ချုပ်အောင်ဆန်းတို့လည်း ဒီလမ်းလိုက်ခဲ့တာပဲ။ ဒေါ်စုလည်း ဒီအကွက်ဖော်ခဲ့တာပဲ။

ပီအာရ်ပရောဟိတ်တွေကသာ လူနည်းစုတို့၊ တိုင်းရင်းသားတို့၊ အမျိုးသမီးတို့ကို မစားရဝခမန်း မြှုဆွယ်နေကြတာ။ တိုင်းရင်းသားပါတီတချို့က ခေါင်းခါနေကြပါပေါ့လား။

ဒီ ပီအာရ်ဆိုတဲ့ စနစ်က ကောက်သင်းကောက် ရွေးကောက်ပွဲစနစ်ဗျ။ ဒီတော့ ပါတီတွေ များများကြီးထောင်၊ တစ်ကောင်တစ်မဲဆိုသလို ပါတီပြောက်သောက်က မဲကြွင်းမဲကျန်တွေ စုပြီးကောက်သင်းကောက်လိုက်ရင် အမတ်တစ်ယောက်စာလောက်တော့ ရကောင်းရနိုင်မှာပေါ့။

ဒီတော့ ပါတီတွေ မှိုလိုပေါက်အောင် ဖွဲ့ကြလိမ့်မပေါ့။

– အမျိုအဆို့ သဲသဲမဲမဲညီတဲ့ ခရိုခရို့ရဲရဲနီနီပါတီ ဆိုတာမျိုးတွေ ပေါ်တော်မူကြလိမ့်မပေါ့။
– အုပ်ထုပ်ခိုးမယ့် ကျုပ်တို့အမျိုးပါတီ ဆိုတာမျိုးတွေ ပေါ်တော်မူကြလိမ့်မပေါ့။
– နေရာတကာ ပြည်ရွာမြေခွာတဲ့ ရွှေမသာပါတီ ဆိုတာမျိုးတွေ ပေါ်တော်မူကြလိမ့်မပေါ့။
– ဇွတ်ဝါးမယ့် ဖွတ်ကျားပါတီ ဆိုတာမျိုးတွေ ပေါ်တော်မူကြလိမ့်မပေါ့။
– မသတီစရာ ကလီကမာ၊ ဒီဗမာပါတီ ဆိုတာမျိုးတွေ ပေါ်တော်မူကြလိမ့်မပေါ့။

ကိုင်း …… ကိုင်း မကြားဝံ့မနာသာတွေ တော်တန်တိတ်ကြ။

ဒီလို မဖြစ်ညစ်ကျယ် စနစ်သစ်ဆိုတာရယ်တွေကို ဖယ်ကြကွဲ့၊ ဖယ်ကြ။ စောလွန်းသေးသကွဲ့။ အချိန်တန်တော့မှ နွားပိန်တွေ ကန်ကြပေါ့ကွယ်ရို့။

မအောင့်နိုင်ကြဘူးတဲ့လား။ မစောင့်နိုင်ကြတော့ဘူးတဲ့လား။ ဒီလိုဆို ကြိုတင်မဲဆိုတာတွေပိုင်တဲ့ မဲသူဌေးကြီးတွေဆီသွား၊ တစ်ပြားတစ်ချပ်ရလိုရငြား မဲ မာဒင်္ဂ လုပ်ချေကြကွဲ့။ ဒါမှမဟုတ်လည်း အမျိုးအမည်မမှန်တဲ့ အဖိုးပြည်တန် ၂၅ ရာခိုင်နှုန်းမဲတွေကို သိမ်းကျုံးပိုင်စိုးတ်ာမူတဲ့ ရဲဘော်ကြီးတွေထံ မဲ အလှုခံ ချီတက်ကြပေရော့ကွဲ့။ ။

ဟံသာဝတီ ဦးဝင်းတင်
ဒီလှိုင်း ၊ အတွဲ (၁) ၊ အမှတ် (၃၀)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts