သူတို့အာဘော် မောင်မိုးသူ

မောင်မိုးသူ – လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ခိုင်းဖတ်ပဲ နှင့် ဘကြီးမိုး

မောင်မိုးသူ – လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ခိုင်းဖတ်ပဲ နှင့် ဘကြီးမိုး
(မိုးမခ)     ဩဂုတ် ၅၊ ၂၀၁၅

ဩဂုတ်လ ၈ ရက်နေ့မှာ လွှတ်တော်ကိုယ်စားလှယ်များစာရင်း တင်သွင်းရမှာလို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားလေတော့ အင်န်အယ်လ်ဒီတို့၊ကြံ့ခိုင်ရေးတို့ တင်သွင်းထားတဲ့အကြောင်း ကိုယ်စားလှယ်လောင်းနာမည်နဲ့ မြို့နယ်စာရင်းတွေလည်း ထုတ်ပြန်လာတာတွေ့ရပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တို့ အမတ်တို့ ဆိုတာနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်ရဲ့ အထက်မြန်မာပြည်ခရီးစဉ်မှာ ပြောခဲ့ဆိုခဲ့ကြတာတွေကိုပြန်ပြီး သတိရမိပါတယ်။အဲသည်ခရီးစဉ်မှာ ဒေါ်စုတို့ ဘကြီးမိုးတို့က ဦးကပ်စေးရဲ့ ဒရိုင်ဘာနာမည် တိုက်ဂါးလို့ ပေးထားတဲ့ မောင်မျိုးသိမ်းကားကို စီးရပါတယ်။ ကားမောင်းသူက မောင်မျိုးသိမ်းဖြစ်ပြီး မောင်မျိုးသိမ်းရဲ့နံဘေးမှာ ထိုင်ရသူက ဘကြီးမိုးဖြစ်ပါတယ်။ ကားနောက်ခန်းမှာတော့ ဒေါ်စုနဲ့ သိင်္ဂီတို့ ထိုင်ကြပါတယ်။ မောင်မျိုးသိမ်းက ခရီးရှည်ကားမောင်းရသူ ဖြစ်လေတော့ သူ မအိပ်ချင်အောင် အချဉ်ထုပ်တို့ ၊သကြားလုံးတို့ ဘကြီးမိုးဆောင်ထားပြီး အချဉ်ထုပ်ကိုဖောက် မောင်မျိုးသိမ်းကိုကျွေး၊ပြီးတော့ အချဉ်ထုပ်ရဲ့ ပလပ်စတစ်အခွံလေးကို ရှေ့ခန်းရဲ့ကားမှန်ကိုချပြီး အပြင်ကို လွှင့်ပစ်မယ်လုပ်တော့ နောက်ခန်းက ဒေါ်စုက အပြင်ကိုမလွှင့်ပစ်ပါနဲ့၊ သည်မှာ အမှိုက်ပုံးလုပ်ထားပါတယ်လို့ပြောပြီး ဘကြီးမိုးလွှင့်ပစ်မယ့် ပလပ်စတစ်အခွံလေးကို ဒေါ်စုအသင့်လုပ်ထားတဲ့ နောက်ခန်းက ပလပ်စတစ်အိတ်လေးထဲထည့်ရပါတယ်။ ဒေါ်စုဟာ အဲသည်လို ဟိုင်းဝေးလမ်းမကြီးမှာ ကားမောင်းရင်း အမှိုက်ကို လမ်းဘေးလွှင့်ပစ်တာတောင် မကြိုက်တဲ့သူ ၊စည်းကမ်းရှိတဲ့သူ ဖြစ်ပါတယ်။

ခရီးရှည်ကြီးမှာ ကားတစီးတည်းအတူသွားရတဲ့ ဒေါ်စုနဲ့ ဘကြီးမိုးတို့ဟာ ထွေရာလေးပါး စကားတွေ ပြောဖြစ်ပါတယ်။ရောက်လေရာမြို့တွေမှာ အင်န်အယ်လ်ဒီတွေ ဥက္ကဋ္ဌနေရာလုကြတာတွေလည်း ပြောဖြစ်တာပေါ့။ အဲဒါနဲ့ ပတ်သက်ပြီး ဒေါ်စုပြောတာကတော့ ဒီမိုကရေစီဆိုတော့ နေရာတခုအတွက် ပြိုင်ရဆိုင်ရတာတွေရှိတယ်။ အဲသည်လို ပြိုင်ကြတဲ့နေရာမှာ နိုင်တဲ့သူကလည်း ရှုံးတဲ့သူကို ဖေးမဖို့၊ ရှုံးတဲ့သူကလည်းနောက်တကြိမ်မှာ အနိုင်ရဖို့ ပြင်ဆင်ဖို့ လိုအပ်ကြောင်းပြောပါတယ်။ ဒီမိုကရေစီစနစ်မှာ ငြင်းခုံတာ၊ ပြိုင်ဆိုင်ရတာဟာ ဒီမိုကရေစီပဲလို့ ပြောပါတယ်။ အဲသည် ခရီးစဉ်ကာလက ၉၀ ရွေးကောက်ပွဲမတိုင်သေးပါဘူး။ ဒါပေမဲ့ လွှတ်တော်ကိုယ်စားလှယ်တို့ အမတ်တို့ဆိုတဲ့ လူတွေနဲ့ပတ်သက်ပြီး ပါတီတွင်းကသူတွေ လွှတ်တော်ကိုယ်စားလှယ်နေရာ၊ အမတ်နေရာ လိုချင်ကြတဲ့အကြောင်း ပြောရာက လွှတ်တော်ကိုယ်စားလှယ်တို့ အမတ်တို့ဆိုတဲ့ နာမည်အစား ပြည်သူ့အစေခံ၊ ပြည်သူ့ခိုင်းဖတ်လို့ နာမည်ပြောင်းကြဖို့ ကောင်းတဲ့အကြောင်းတွေလည်း ပြောကြပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တို့ အမတ်တို့ဆိုတာ သူတို့အရွေးခံရတဲ့ မြို့နယ်က ပြည်သူလူထုက သူတို့ကိုယ်စားလွှတ်တော်ထဲမှာ ပြောဖို့ ဆိုဖို့ ရွေးချယ်တင်မြှောက်ထားကြသူတွေသာ ဖြစ်တယ်။သူတို့ဟာ သူတို့ မဲဆန္ဒနယ် ပြည်သူလူထုရဲ့ ခေါင်းဆောင်တွေမဟုတ်ဘူး။ ဆရာကြီးတွေ မဟုတ်ဘူး။ သူတို့မြို့နယ် ပြည်သူလူထုရဲ့ အခက်အခဲတွေ ၊ပြဿနာတွေ၊ လိုအပ်ချက်တွေကို တင်ပြတောင်းဆိုဖို့ စေလွှတ်ထားတဲ့ ကိုယ်စားလှယ်တွေသာ ဖြစ်ကြောင်း၊ သူတို့ရဲ့တာဝန်က သူတို့အရွေးခံကြတဲ့ မြို့နယ်လူထုရဲ့ လိုအပ်ချက်၊အခက်အခဲတွေကို အမြဲထိတွေ့လေ့လာပြီး လွှတ်တော်မှာတင်ပြတောင်းဆိုရမှာ ဖြစ်ကြောင်း ပြောဆိုဖြစ်ကြပါတယ်။

အခု ၂၀၁၅ အထွေထွေရွေးကောက်ပွဲဟာ နိုဝင်ဘာလ ၈ ရက်နေ့မှာ ပြုလုပ်ကျင်းပဖို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားပြီးဖြစ်တဲ့အပြင် ကိုယ်စားလှယ်လောင်းများရဲ့ စာရင်းကိုလည်း ဩဂုတ်လ ၈ ရက်နေ့မှ တင်သွင်းရမှာဖြစ်ပြီး စက်တင်ဘာလ ၈ ရက်နေ့မှာ ကော်မရှင်က အသိအမှတ်ပြုကြေညာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အဓိကပါတီကြီးနှစ်ခုဖြစ်တဲ့ ကြံ့ခိုင်ရေးနဲ့ အင်န်အယ်လ်ဒီတို့က သူတို့ရဲ့ ကိုယ်စားလှယ်လောင်းစာရင်းတွေ တင်သွင်းထားကြတာကို တွေ့ရပါတယ်။

ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်လောင်းထဲမှာ ဝန်ကြီးနှစ်ပါး ပါကြောင်း သတင်းထုတ်ပြန်တာကိုကြားလိုက်ရပါတယ်။ ဘကြီးမိုး နားကလောလှပါတယ်။ ဝန်ကြီးလည်း လူမဟုတ်လား။ ဝန်ကြီးနှစ်ယောက်၊ နှစ်ဦးလို့ မပြောဘဲနဲ့ ဝန်ကြီးဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ လူမဟုတ်သလို ဘုန်းတော်ကြီးများလိုလို ခေါ်ဝေါ်ဆက်ဆံတာဟာ လုံးဝအဓိပ္ပာယ်မရှိပါဘူး။

အင်န်အယ်လ်ဒီက ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ အင်န်အယ်လ်ဒီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ အင်န်အယ်လ်ဒီပါတီဝင်တွေ ဖြစ်စရာမလိုဘဲ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေ၊ပညာရှင်တွေ ပါဝင်ဖို့လိုကြောင်း ပြောဆိုပြီး ၈၈ပွင့်လင်းက လူငယ်ခေါင်းဆောင်များနဲ့ ပညာရှင်များကို အင်န်အယ်လ်ဒီရဲ့ ကိုယ်စားလှယ်လောင်းများအဖြစ်တင်ပြမယ်လို့ ဆိုလာတာပဲဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ အင်န်အယ်လ်ဒီရဲ့ လွှတ်တော်ကိုယ်စားလှယ်များဟာ မိမိတို့ ပိုင်ဆိုင်မှုကို ထုတ်ဖော်တင်ပြရမယ်လို့ဆိုပါတယ်။ ဒါကတော့ အင်န်အယ်လ်ဒီက ကြံ့ခိုင်ရေးကို သက်သက်အရှိုက်ထိုးတာပါပဲ။ ကြံ့ခိုင်ရေးရဲ့ ခေါင်းဆောင် ဝန်ကြီးများ မိမိတို့ ပိုင်ဆိုင်မှုများတင်ပြကြဖို့ လွှတ်တော်မှာ ပြောဆိုကြစဉ်ခါးခါးသီးသီး ငြင်းဆန်ခဲ့လို့ပါပဲ။

တိုင်းရင်းသားလူမျိုးစုပါတီများ၊ အဖွဲ့အစည်းများကလည်း သူတို့ရဲ့ ကိုယ်စားလှယ်စာရင်းများ တင်ပြနေကြပါပြီ။ အင်န်အယ်လ်ဒီက လူမျိုးစုပါတီတွေနဲ့ ညိနှိုင်းမယ်လို့လည်း ပြောဆိုထားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လွှတ်တော်ကိုယ်စားလှယ်စာရင်းတော့ တင်သွင်းလိုက်ကြရပါပြီ။

လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တာဝန်ဟာ ဘာပါလဲ။လွှတ်တော်ကိုယ်စားလှယ်တွေရဲ့တာဝန်က သူတို့အရွေးခံမယ့်နေရာက အများပြည်သူများရဲ့လိုအပ်ချက်၊တောင်းဆိုချက်၊နစ်နာမှုများကို ကြိုကြိုတင်တင် သိမြင်နားလည်ထားကြဖို့ မိမိတို့ရဲ့ မဲဆန္ဒနယ်မြေတွင်းကို အောက်ခြေအထိ ဝင်ရောက် လေ့လာထားဖို့ လိုပါတယ်။ မဲဆွယ်ဖို့ အပေါ်ကနေ အမိန့်ပေးဖို့၊ တရားဟောဖို့လောက် လာကြရမှာ မဟုတ်ပါဘူး။ မိမိတို့ ရွေးချယ်ခံရမယ့်နယ်မြေက အခက်အခဲများ၊ လိုအပ်ချက်များ၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးကအစ လိုအပ်ချက်၊အားနည်းချက်မှန်သမျှကို ထဲထဲဝင်ဝင် သိမြင်ထားကြမှသာ အဲသည် နယ်မြေကိုစားပြု ကိုယ်စားလှယ်များအဖြစ် လွှတ်တော်မှာ တင်ပြတောင်းဆိုကြရမှာ ဖြစ်ပါတယ်။ အဲသည်လို မိမိတို့နယ်မြေရဲ့ လိုအပ်ချက်များတောင်းဆိုကြပါမှ လွှတ်တော်အစိုးရက နိုင်င့တော်ဘတ်ဂျက်မှာ လွှတ်တော်အစိုးရက နိုင်င့တော်ဘတ်ဂျက်မှာ ခွဲဝေသုံးစွဲနိုင်မှာဖြစ်ကြသလို လိုအပ်တဲ့ စီမံကိန်းများ ရေးဆွဲနိုင်ကြမှာ ဖြစ်ပါတယ်။

စစ်အစိုးရအဆက်ဆက် စီမံအုပ်ချုပ်စီမံခန့်ခွဲမှုနေရာအားလုံးကို စစ်ဘက်က ပုဂ္ဂိုလ်များ မလုပ်တတ် မကိုင်တတ် တလွဲအမှားတွေ လုပ်ခဲ့ကြလို့ စီမံကိန်းအဝဝ မအောင်မြင်ခဲ့ကြတာကို သင်ခန်းစာ ရယူကြပြီး လွှတ်တော်ကိုယ်စားလှယ်များတာဝန်ကျေပွန်၊ပြည်သူရဲ့အစေခံ၊ပြည်သူရဲ့ခိုင်းဖတ်ဖြစ်အောင် ကြိုးစားဖို့လိုကြောင်းပါ။

လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ခိုင်းဖတ်ပါပဲ နှင့် ဘကြီးမိုးပါ။
(ပြည်တွင်း ဂျာနယ်၏ စာမူကို ကူးယူဖော်ပြခြင်း ဖြစ်ပါသည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “မောင်မိုးသူ – လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ခိုင်းဖတ်ပဲ နှင့် ဘကြီးမိုး
  1. thank you
    ဒီမိုကရေစီ ရှေ့ပြေး အင်ဒိုနီးရှား ကိုနမူနာယူနေဆဲပါ

Comments are closed.