ရသဆောင်းပါးစုံ

ညိုထက်ညို – Troy Davis ကို ပြောလိုက်ပါ


ညိုထက်ညို – Troy Davis ကို ပြောလိုက်ပါ
(မိုးမခ) သြဂုတ် ၅၊ ၂၀၁၅

ကျွန်တော် ငယ်စဉ်မှ စ၍ စာဖတ်ခဲ့ရာတွင် ဆရာ ရန်အောင်မောင်မောင် ၏ ‘ထောင့်တစ်သက် အတွေ့အကြုံ’ အပါအဝင် အခြား ထောင်မှူး စာရေးဆရာများ ရေးသားခဲ့ကြသည့် ထောင် နှင့် ပတ်သက်သည့် ကိုယ်တွေ့ ဆောင်းပါးဇာတ်လမ်း များ ကို စိတ်ဝင်စားစွာ ဖတ်ရှု ခဲ့ရပါသည်။
ထိုအထဲတွင် သေဒဏ် စီရင် ခံရသော အမှုများ အကြောင်း နှင့် (ဂဃနဏ ရေးသားထားခြင်း မရှိသော်လည်း) သေဒဏ် စီရင်ပုံ များလဲ ပါဝင်လေရာ သေဒဏ် စီရင်ခြင်း မပြုမီ ပြင်ဆင်ပုံများ နှင့် သေဒဏ်စီရင်ခြင်း အကြောင်း ဗဟုသုတ အတော်အတန် ရရှိခဲ့ပါသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံတွင် သေဒဏ်စီရင်ခြင်း ဟူသည် ကြိုးပေးခြင်း မျှသာ ဖြစ်လေရာ ကျွန်တော် ဖတ်ရှုရသမျှ စာအုပ်များ၊ ဆောင်းပါးများ မှ အထူးသဖြင့် အင်းစိန်ထောင်တွင်း ရှိ ကြိုးစင်ကြီး တည်ရှိပုံ နှင့်တကွ ကြိုးစင် သို့ မရောက်မီ တည်ထားသော စေတီလေး မှအစ ဒေါက်ဖြုတ်လိုက်ချိန်တွင် ဂျိုင်းခနဲ ပွင့်ကျသွားသော ကြိုးစင်ပေါ်မှ သံပြားကြီး အဆုံး စိတ်ဝင်စားစရာ အကြောင်းအရာ များကို သိခွင့်ရခဲ့ ပါသည်။
ထိုမှတစ်ဆင့် ကျွန်တော် လူလားမြောက်လာသော ၁၉၈၈ နောက်ပိုင်းတွင်မူ သေဒဏ် စီရင်ခြင်း ခံရသည့် ရာဇဝတ်သား များကို သေဒဏ်စီရင်သည့် သတင်းများ ကြားသိရခြင်း မရှိတော့ဘဲ ထောင်တွင်းတွင် ညှဉ်းပန်းနှိပ်စက်မှု ကြောင့် နိုင်ငံရေး အကျဉ်းသားများ အသက်ဆုံးရှုံး ရသည့် သတင်းများ ကိုသာ ကြားသိရပါတော့သည်။

နှစ်ပေါင်းများစွာ ကြာပြီးနောက် သက္ကရာဇ် ၂၀၀၀ ပြည့်လွန်နှစ်များ သို့ ရောက်မှ ၁၉၈၈ ခုနှစ် မှစ၍ မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် သေဒဏ်စီရင်ခြင်း မရှိတော့ကြောင်း နှင့် သေဒဏ်စီရင်ရာတွင် အတွေ့အကြုံ ရှိသည့် ထောင်မှူး ထောင်ပိုင် တို့ပင် အသက်အရွယ် ကြီးရင့်၍ ပင်စင်ယူကုန် ကြပြီ ဖြစ်သောကြောင့် လက်ရှိ မြန်မာနိုင်ငံတွင် သေဒဏ်စီရင်သည့် အတွေ့အကြုံ ရှိသူ ထောင်ဝန်ထမ်း တစ်ဦးတစ်ယောက်မျှ မကျန်တော့ပြီ ဖြစ်ကြောင်း သတင်းတစ်ပုဒ် တွင် ကျွန်တော် ဖတ်ရှုရပါတော့သည်။

ကျွန်တော်မှာ ဥပေဒ ပညာရှင် တစ်ဦး မဟုတ်သောကြောင့် ပြစ်ဒဏ် တစုံတရာ ကို ချမှတ်ပြီးသော်လည်း ထိုပြစ်ဒဏ် ကို အကောင်အထည် မဖော်ဘဲ နေခွင့် ရှိမရှိ မသိပါ။ သို့သော် ‘သေဒဏ်’ မှာမူ မြန်မာနိုင်ငံ ဥပဒေ မှ ကွယ်ပျောက်သွားခြင်း မရှိသေးဘဲ လက်ရှိ အာဏာတည်နေဆဲ သာ ဖြစ်ကြောင်း ရံဖန်ရံခါ သတင်း စာမျက်နှာ များမှ ဖတ်ရှုရသည့် သေဒဏ် ချမှတ်လိုက်သော သတင်းများအရ သိရပါသည်။
ဥပမာ အားဖြင့် လွန်ခဲ့သော လေးငါးခြောက်နှစ် ခန့်က ကျောက်ပန်းတောင်း တွင် ကမ္ဘာလှည့် ခရီးသည် ဂျပန် အမျိုးသမီး တစ်ဦး ကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူ အား သေဒဏ် ချမှတ်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ် တွင်လဲ ရခိုင်အမျိုးသမီးကလေး မသီတာထွေး အား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူ နှစ်ဦးအားလဲ သေဒဏ်ချမှတ် ခဲ့ကြောင်း ဖတ်ရှု ခဲ့ရပါသည်။

သို့သော် ကျွန်တော်တို့ မြန်မာနိုင်ငံ တွင် သတင်းဌာန များ၏ အားနည်းချက်ဟု ပြောရမလား၊ လွတ်လပ်စွာ ရေးသားခွင့် မရှိသောကြောင့်လား မသိ၊ သေဒဏ် ချမှတ်ခြင်း ခံရသော အမှုအခင်း များတွင် သေဒဏ်ချမှတ် လိုက်သည့် သတင်းများ ကိုသာ ဖတ်ရှုရပြီး ထို သေဒဏ် ကို တစ်ကယ် အကောင်အထည် ဖော်မဖော် ကိုမူ မည်သည့် အခါတွင်မျှ ဖတ်ရှုရခြင်း မရှိကြောင်း ကျွန်တော် သတိပြုမိပါသည်။

အကယ်စင်စစ် မြန်မာနိုင်ငံ သည် capital punishment ဟု ခေါ်သော သေဒဏ် အား ကမ္ဘာပေါ်ရှိ အချို့နိုင်ငံ များ ကဲ့သို့ ပယ်ဖျက်ထားခြင်း မရှိဘဲ ဥပဒေအရ ကျင့်သုံးသော နိုင်ငံ ဖြစ်ပါသည်။ မြန်မာနိုင်ငံ နည်းတူ အိမ်နီးချင်း များ ဖြစ်ကြသော တရုတ်နိုင်ငံ၊ အိန္ဒိယ နိုင်ငံ နှင့် အခြား နိုင်ငံများ သည်လည်းကောင်း၊ ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံကြီး ဖြစ်သည့် အမေရိကန် ပြည်ထောင်စု သည်လည်းကောင်း သေဒဏ် ကို တရားဝင် ကျင့်သုံးသော နိုင်ငံများသာ ဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံ နှင့် ကွာခြားသည်မှာ ထို နိုင်ငံ များတွင် သေဒဏ် သည် စာရွက် ပေါ်တွင်သာ ရှိနေခြင်း မဟုတ်ဘဲ လက်တွေ့လည်း အကောင်အထည် ဖော်ဆောင်နေကြောင်း သတင်းစာမျက်နှာ များမှတစ်ဆင့် ခိုင်လုံစွာ သိရှိရပါသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံ တွင်မူ ‘သေဒဏ်’ သည် (ကျွန်တော် ကြားသိရသမျှ မှန်ခဲ့သည် ဆိုလျှင်) အကောင်အထည် ဖော်ခြင်း မရှိတော့သည်မှာ ၁၉၈၈ ခုနှစ် မှ စ၍ ရေတွက်သော် ၂၇ နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် အလွန်တရာ လူ့အခွင့်အရေး ကို အလေးပေးပါသည် ဟု ကျော်ကြားသော အမေရိကန် ပြည်ထောင်စု တွင်ပင် သေဒဏ် ကျခံရသူ များအား အမှန်တကယ် သေဒဏ်စီရင်လျက် ရှိရာ လူ့အခွင့်အရေး အခြေအနေ ဆိုးရွားလှသော ကျွန်တော်တို့ မြန်မာနိုင်ငံ တွင်မူ ‘သေဒဏ်’ ကျခံရသူ များသည် တရားဥပဒေ ၏ အပြစ်ပေးခြင်းမှ ‘ထူးဆန်းစွာ’ လွတ်မြောက်နေပါသည်။

ထိုသို့ လွတ်မြောက်နေသည် ကိုပင် ရံဖန်ရံခါ မြန်မာ အစိုးရ အာဏာပိုင် များက ၁၉၈၈ နဝတ အစိုးရ စတက်သော အချိန်မှစ၍ လူသားခြင်း စာနာမှုအရ နိုင်ငံတော် အကြီးအကဲ က သေဒဏ်စီရင်ခြင်း မပြုတော့ကြောင်း ကြွားလုံးထုတ်တာ ဖတ်ရှုရဖူးပါသည်။ လူ့အခွင့်အရေး ကို အလွန် အလေးထားသော အမေရိကန် နိုင်ငံတွင်မူ လူသားခြင်း စာနာမှုအရ ဟု ဆိုကာ သေဒဏ်ကို ‘ဆိုင်းငံ့’ မထားဘဲ နာကျင်မှု ဝေဒနာ အသက်သာဆုံး နည်းလမ်း ဖြစ်သည့် lethal injection ဟု ခေါ်သော ‘ဆေးထိုးသတ်ခြင်း’ ဖြင့် အကောင်အထည် ဖော်နေသည် ကို တွေ့ရှိရပါသည်။
အမှန်စင်စစ် မည်သည့်အခါမျှ အကောင်အထည် မဖော်သော ဥပဒေ တစ်ရပ် ရှိနေခြင်း ထက် ထို ဥပဒေ မရှိခြင်း က ပို၍ ကောင်းမွန်ပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော အကောင်အထည် မဖော်သော ဥပဒေ တစ်ရပ် အား မည်သူကမျှ လေးစားခန့်ညား ကြောက်ရွံ့ နေမည် မဟုတ်ပါ။
မြန်မာနိုင်ငံတွင် ‘သေဒဏ်’ အား ဆက်လက် ကျင့်သုံး သင့်မသင့် ဟူသော ကိစ္စ သည် ဥပဒေ ပညာရှင်များ ဆွေးနွေးရမည့် အကြောင်းအရာ ဖြစ်ပါသည်။ ထိုသို့ ဆွေးနွေးရာတွင် လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေ အရပ်ရပ်အား ထည့်သွင်းတွက်ချက်၍ ဆွေးနွေးကြရမည် ဖြစ်ပါသည်။ သို့သော် ‘သေဒဏ်’ ကို ကျင့်သုံးရန် ပြဌာန်း ထားပါလျက် နှင့် အကောင်အထည် မဖော်ဘဲ မနေသင့်ပါ။

ကျွန်တော် ယခု စာရေးနေရင်း နှင့် ၂၀၁၁ ခုနှစ် က အမေရိကန် နိုင်ငံတွင် သေဒဏ် ကျခံခဲ့ရသော Troy Davis အား သတိရမိပါသည်။ Troy Davis ၏ အမှုမှာ ကမ္ဘာကျော် အမှု ဖြစ်၍ သူ့အား သေဒဏ် စီရင် သင့်မသင့် အငြင်းပွားမှုများ ဖြစ်ခဲ့ရသော အမှု ဖြစ်ပါသည်။ ၁၉၈၉ ခုနှစ် မှ စ ဖြစ်ခဲ့သော အမှု မှာ ၂၂ နှစ်အကြာ ၂၀၁၁ ခုနှစ် သူ့အား သေဒဏ်ချမှတ်လိုက်သော အချိန်မှ ပြီးပြတ်သွားခဲ့ ပါသည်။ ကျွန်တော် ဖတ်ရှုရသလောက် Troy Davis လူသတ်မှု ကျူးလွန်ခဲ့သည် ဟု ကျွန်တော် ယုံကြည်ပါသည်။ ကျွန်တော် ယုံကြည်သလို အမေရိကန် တရားသူကြီး များ နှင့်တကွ နောက်ဆုံး အမေရိကန် သမ္မတ အဆက်ဆက် (အိုဘာမား အပါအဝင်) ကပါ ယုံကြည်သောကြောင့် Amnesty International အပါအဝင် ကမ္ဘာပေါ်ရှိ ထင်ရှားကျော်ကြားသော သူများကပါ ဝိုင်းဝန်း ကန့်ကွက် နေသော်လည်း နောက်ဆုံး Troy Davis သေဒဏ် ကျခံခဲ့ရပါသည်။ Troy Davis ခမျာ သေဒဏ် ကျခံရမည် ကို ကြောက်ရွံ့သောကြောင့် အမျိုးမျိုး လွတ်ပေါက်ရှာ ခဲ့သော်လည်း အရာမထင်ဘဲ နောက်ဆုံး သေဒဏ် ကျခံ ခဲ့ရပါသည်။

အကယ်၍ Troy Davis အား ကျွန်တော် စကားပြောခွင့် ရခဲ့လျှင် ကျွန်တော် စကားတစ်ခွန်း ပြောချင်ပါသည်။ နောင်ဘဝတွင် လူပြန်ဖြစ်မည် ဆိုသော် လူ့အခွင့်အရေး ပြည့်ဝလှသော အမေရိကန် နိုင်ငံ အစား လူ့အခွင့်အရေး ချွတ်ခြုံကျလှသော မြန်မာနိုင်ငံတွင်သာ လူလာဖြစ်ပါ ဟု ပြောချင်ပါသည်။

မြန်မာနိုင်ငံတွင် Troy Davis ၂၂ နှစ်တိုင်တိုင် သေဒဏ်ကို ရှောင်လွှဲရန် ကြိုးစားစရာ မလိုဘဲ သေဒဏ် မှတစ်ဆင့် လွတ်ငြိမ်းချမ်းသာခွင့် တစ်ခုခုဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း သို့မဟုတ် ထောင်ဒဏ် အနှစ် ၂၀ သို့ ပြောင်းပြီး ဆယ့်သုံးလေးနှစ် ခန့်အကြာတွင် အကျဉ်းထောင်မှ လွတ်မြောက်နိုင်မည် ဖြစ်သောကြောင့် ဖြစ်ပါသည် ။   ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts