မောင်စွမ်းရည် – “ဒို့ရွာဝန်းကျင် သစ်ပင်များ”
သြဂုတ် ၁၊ ၂၀၁၄
အညာကျေးလက်၊ ငါ့ကျေးလက်
ဆူးခက်ကာတဲ့ ရွာကလေး
မြို့ပြနဲ့ဝေး၊ မြစ်ချောင်းနဲ့ဝေး
ကျေးတောကျောက်ကုန်း၊ သဲကျောက်တုံး
ကျောက်ဖြုန်း၊ စရစ် ဖွေး။
ကျောက်စရစ်ကုန်းမို့
နှုန်းလဲမတင်၊ ရွှံ့လဲမတင်
ရှားစောင်း၊ မိုးနံ
ဇီး၊ ခံပင်
ဆူးလေ၊ ဆူးရစ်၊ ဆူးပုပ်ပင်
ပတတ်ကဝင်၊ ဖွတ်ကထွက်
နွားကျောင်းသား
ဝါးရင်းတုတ်နဲ့ နှက်။
မိုးခေါင်းရေရှား
တို့များရဲ့ရွာ
မိုးအကျမှ
ပျိုးရ စိုက်ရရှာ
ပဲ၊ ပြောင်းနဲ့နှမ်း၊ ဝါ
ယာရှိသူ ယာကိုစိုက်
ယာမရှိသူ အငှားလိုက်
မရှိလဲစိုက်၊ ရှိလဲစိုက်
မစိုက်လဲငတ်၊ စိုက်လဲငတ်
ထန်းပင်ရှိသူ၊ ထန်းပင်တတ်
အုန်းပင်ရှိသူ၊ အုန်းပင်တတ်
မရှိသူက ထန်းလျှော်ရက်
ထန်းဖူး ထန်းရွက်၊ တောင်းနဲ့ခွက်
အုန်းဖူး၊ အုန်းရွက်၊ အုန်းဖါရက်
အုန်းဖျားလဲရက်၊ တောင်းနဲ့ခွက်
ရွာအရှေ့ဘက် ညောင်ညိုပင်
တပင်နှစ်ပင်၊ သုံးလေးပင်
အုတ်ပလ္လင်နဲ့ ရေချမ်းစင်
ညောင်ပင်ရိပ်တွင် လူတွေနား
ညောင်သီး ကျေးငှက်စား
ရွာတောင်ဘက်က ကုန်းမိုမို
ဖြောင့်မတ်ဖြူဖွေး၊ ပင်ကုက္ကို
ကုက္ကိုရွက်နု- အချိုသုပ်
ပင်စည် ဆီဆုံလုပ်။
အညာတမာ၊ ဝါတာတာ
ခါးသက် ဖန်ဆိမ့် အရသာ
ရွာအဝင်လမ်း၊ တမာတန်း
ရွက်နု ဖူး၊ ဦးသူခူးစတမ်း
ရွာဦးကျောင်းက မန်ကျည်းပင်
ရွက်နုသီးနု ဟင်းအချဉ်
သီးမှည့်ခြောက်လျှင် လေကြွေကောက်
ဘုန်းကြီး ဖျော်ရည်သောက်။
ရွာမြောက်ဖက်က ခံတက်ပင်
နွေဦးပေါက်လျှင် ရွက်နုဝင်
တက်တည်ချဉ် သူ့အရွက်
ကျေးတောသူတို့ လျှာရင်းမျက်
ဘုန်းကြီးကျောင်းက ထနောင်းစု
စိမ်းလွင်းရွက်နု၊ ကိုရင်လု
ရွက်နုအသုပ် ဆွမ်းဟင်းခွက်
ဆရာတော်ကြီး အလွန်မက်။
(မောင်စွမ်းရည်သည် မိုးမခ၏ နာယကတဦး ဖြစ်ပါသည်)