မှတ်စုမှတ်တမ်း အုန်းနိုင် အုန်းနိုင်

အုန်းနိုင် – ဂန္ဒီခန်းမ ကြေညာစာတမ်း (၅)

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဂန္ဒီခန်းမ ကြေညာစာတမ်း (၅)
အုန်းနိုင်
ဇူလိုင် ၁၄၊ ၂၀၁၄
 
 

● သဘာပတိ အဖွင့်မိန့်ခွန်း
သဘာပတိဦးကြည်မောင်က မိန့်ခွန်းပြောပါတယ်။

“၁၉၉၀ပြည့်နှစ်မေလ(၂၇)ရက်နေ့က တစ်ပြည်လုံးမှာ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ အနိုင်ရလာတဲ့ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေနဲ့ဒီအဖွဲ့ချုပ်ရဲ့ဗဟိုဦးစီးအဖွဲ့တို့တွေ့ဆုံပွဲပါ။ ဒီလောက်များများအရွေးခံထားရတဲ့ ကိုယ်စားလှယ်ကြီးတွေကို ကြည့်ပြီး… အော်… သူတို့ပါဒီအစည်းအဝေးကြီးမှာရှိနေရင် ဘယ်လောက် ကောင်းလိုက်မလဲ”…..လို့ ဆိုလိုက်တော့ ခန်းမထဲမှာလက်ခုပ်သံတဖြောင်းဖြောင်းဖြစ်သွားတယ်.။ ခန်းမထဲကလက်ခုပ်သံစဲပေမယ့် အပြင်လမ်းပေါ်က လူအုပ်ရဲ့ပိုမိုကျယ်လောင်တဲ့လက်ခုပ်သံက မစဲသေးပါဘူး..။

“ကျနော်တို့ အားလုံး မြန်မာပြည်ရဲ့ နိုင်ငံရေးသမိုင်းမှာအလွန်အရေးကြီးတဲ့ အခန်းကဏ္ဍ တစ်ခုကို စတင်ဆောင်ရွက်နေကြပါတယ်..။လွန်ခဲ့တဲ့လ နှစ်ဆယ်လောက်က နဝတအစိုးရကတာဝန်ယူဆောင်ရွက် ခဲ့တဲ့တာဝန် တစ်ရပ်ကို ဝိုင်းဝန်းကူညီ  အပြီးသတ်  နေကြတာလည်း ဖြစ်ပါတယ်..။ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ကျွန်တော် ရွေးကောက်ပွဲ ကျင်းပပေးမယ်..။ မယုံမကြည်မရှိပါနဲ့..။ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြပါ…။အင်အားအများစုအနိုင်ရတဲ့အဖွဲ့ကို အာဏာလွှဲပေးပါမယ်…။ ပြီးရင် ကိုယ်တို့တာဝန်ပြီးလို့ တပ်စခန်းပြန်ရုံပေါ့ဆိုတဲ့ တာဝန်ကို ကျွန်တော်တို့ ဝိုင်းဝန်းကူညီ အပြီးသတ် ပေးတာပါ။ဒါအဓိကအနှစ်သာရပါ..”

(လက်ခုပ်သံများ)(လမ်းပေါ်ကလက်ခုပ်သံများ)

“ကျနော်တို့နဲ့ နဝတ အကြား ဘာပြဿနာရှိသလဲ..။ကျနော်ရှာကြည့်တယ်..။ဘာပြဿနာမှ မရှိပါဘူး။ နဝတ က ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပတာဟာ ဒီမိုကရေစီတည်ဆောက်ချင်လို့ပါပဲ..။ကျနော်တို့ကလည်း ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်မယ်လို့ မူဝါဒချထားတယ်၊ အတူတူပါပဲ..”

(လက်ခုပ်သံများ)

“နဝတက တို့တာဝန် အရေးသုံးပါးလို့ဆိုတယ်..။ ကျနော်တို့ကလည်း ပြည်ထောင်စုမပြိုကွဲရေးပါပဲ…။တိုင်းရင်းသားအားလုံး သွေးစည်း ညီညွတ်ရေးပါပဲ..။ ပြည်သူ့ အချုပ်အခြာအာဏာတည်မြဲရေးပါပဲ..”

(လက်ခုပ်သံများ)(ဂန္ဒီခန်းမ  အပြင်ကလက်ခုပ်သံများ)

“ကျနော်တို့က ဒီမိုကရေစီထူထောင်ရေးမှာ မပါမဖြစ် ပြည်သူတို့ရဲ့လွတ်လပ်ခွင့်ကိုပါ ထည့်ထား လိုက်ပါ သေးတယ်..။ပြည်သူတွေရဲ့အချုပ်အခြာအာဏာကို တည်မြဲရအောင်က ပြည်သူ့လက်ထဲကို ဒီအာဏာ ပြန်ပေးပြီး…ပြည်သူက   ရွေးချယ်တဲ့သူကို အလှည့်ကျ အာဏာအပ် တဲ့နည်း..။  ဒါဟာ..ဒီမိုကရေစီ ရွေးကောက်နည်းပါ..။ ဒီရွေးကောက်ပွဲမှာ ပြည်သူကအာဏာအပ်ချင်တဲ့သူကို တခဲနက် ရွေးချယ်ခဲ့ပြီးပါပြီ။ ဒါဆက်လုပ်ဖို့မှာပြည်သူလူထုရဲ့ အထင်က တိုးတက်မှု နှေးကွေးနေတယ်..။ အင်မတန်မှ နှေးကွေးလွန်းတဲ့အပြင် ပြသနေတဲ့ အရိပ်ယောင်တွေကြောင့် ပြည်သူလူထုက အလွန်စိတ်ပူလာတယ်။ ကျနော်တို့ကိုလည်း အားမလိုအားမရဖြစ်နေကြတယ်..”

(လက်ခုပ်သံများ) (အပြင်မှလက်ခုပ်သံများ)

ဦးကြည်မောင်ရဲ့ မိန့်ခွန်းကိုနားထောင်ရင်း ကျနော့်စိတ်တွေတက်ကြွလာတယ်..။ဒီ ပဏာမညီလာခံကြီး မစခင် ဒေါ်အောင်ဆန်းစုကြည် မလွတ်သေးလို့ …တို့တတွေကိုရဲရဲတင်းတင်းနဲ့ မှန်မှန်ကန်ကန် ဦးဆောင်သွားနိုင်တဲ့သူ မှ …ရှိပါ့ မလားလို့ တထင့်ထင့်ဖြစ်နေတာတွေပြေလျော့သွားပါပြီ…။  ဦးကြည်မောင်ကို ကျနော်..ယုံကြည်သွားပါပြီ..။ဒီခန်းမထဲက ကိုယ်စားလှယ်   အတော်များများပဲ ဦးကြည်မောင်ရဲ့ ဦးဆောင်မှုကိုလက်ခံစ ပြုလာကြပြီလို့ ထင်ပါတယ်..။ အပြင်ဘက် လမ်းပေါ်ပရိသတ်ကလည်း ဒီလိုပဲရှိလိမ့်မယ်လို့ထင်ပါတယ်..။သူဆက်ပြီး ပြောပြတာတွေကတော့ နိုင်ငံတကာ အရေးအခင်းတွေပါ…။ဘာလင်တံတိုင်းကြီး ပြိုသွားတာ….၊ အာဏာရှင်နိုင်ငံတွေမှာ အာဏာရှင်စနစ် ပျက်စီးပုံတွေ.ဒီမိုကရေစီစနစ် ထွန်းကား  ပေါ်ပေါက်လာတာတွေပါပဲ။

နောက်ဆုံးမှာတော့ ..အဖွဲ့ချုပ်က တွေ့ဆုံ ဆွေးနွေးရေးကိုကိုင်စွဲထားတာပြောပါတယ်..။ ဒါပေမယ့် အခုက.. ကိုယ့်ဘက်ကပဲ ပြောနေရတာ..၊နှစ်ဖက်ဆွေးနွေးရတာ မဟုတ်တော့ အဖြေမထွက်ဖြစ်နေတယ်…လို့ ပြောပြီးသူ့ထုံးစံအတိုင်း ပြုံးပြုံးကြီး နဲ့ လက်တစ်ဖက် တည်း လက်ခုပ်တီးဟန်လုပ်ပြပါတယ်..။ ပြီးတော့မှ “ဘယ်မြည်မလဲဗျ ”…ဆိုတော့ အခန်းထဲက လူတွေက. ဝါးခနဲ ပွဲကျသွားပြီး လက်ခုပ် တွေ တီးကြပါတယ်..။အပြင်က …လူထုကဒါကိုမမြင်ရတော့ ..“ဘာပြောတာလဲ၊ ပြန်ပြောပါ”…လို့ အော်တဲ့ အသံတွေထွက်လာပါတယ်။ ဒီတော့သူက “လက်တစ်ဖက်တည်း  လက်ခုပ်တီးကြည့်တာဗျာ..။ ကျန်တဲ့လက်က လှုပ်မရလို့ အသံမမြည်ပဲ ဖြစ်နေတာ”လို့ပြောပါတယ်။ ဒီတော့မှ.. အပြင်က လူထု ဆီက.. လက်ခုပ်သံတွေ တခဲတနက် ထွက်လာပါတယ်။

သဘာပတိ မိန့်ခွန်းပြီးတော့ ခဏနားပြီး ဦးကြည်မောင်ကသံတမန်တွေနဲ့   ဧည့်သည်တော်တွေကို လိုက်နှုတ်ဆက်ပါတယ်..။ကျနော်တို့တွေလည်း  ခြေဆန့်လက်ဆန့်လုပ်ရင်းအပြင်ဘက် ကုန်သည်လမ်း တစ်ဖက် ပလက်ဖောင်းနဲ့   ဗိုလ်အောင်ကျော်လမ်းတစ်ဖက်ပလက်ဖောင်းပေါ်ကို လှမ်းကြည့်တော့ ပရိသတ်က လမ်းလယ်မှာ နေရာယူထားတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ လက်တစ်ကမ်း အထိ ရောက် နေပြီ….။ဂန္ဒီခန်းမအပေါ်က ကိုယ်စားလှယ်အချို့  ပြတင်းပေါက်ဆီ ထွက်သွားရင်  အောက်ကဝိုင်းပြီး လက်ခုပ်တီးနေကြလို့ အခမ်းအနားမှူး ဦးစိန်လှဦးက “ကိုယ်စားလှယ်များပြတင်းပေါက် ဘက် မသွားကြပါနဲ့”..လို့ တားနေရပါတယ်။

ဒီမှာ အစည်းအဝေး ခဏနားလို့ ထကြ၊ သွားကြ၊ လာကြ..။ အောက်ကပရိသတ်ကလည်း အားပေးတဲ့ လက်ခုပ်တွေ တီးနေ ကြတော့ …အောက်ဖက် ကမ်းနားလမ်းဆီက အဆောက်အဦးတစ်ခုရဲ့အမိုးပေါ်မှာလက်နက်အပြည့်အစုံနဲ့  စစ်သားတွေ အပြိုင်းအရိုင်း ထလာတာ တွေ့ရပါတယ်..။ အစကတော့သိုသိုဝှက်ဝှက်နေပုံပဲ။

“ကဲ-ကဲ-ကိုယ်စားလှယ်ကြီးများခင်ဗျား၊ ကိုယ့်နေရာကိုယ်ယူကြပါ၊အစည်းအဝေးပြန်စပါမယ်”…ဆိုတော့မှ နည်းနည်းငြိမ်ငြိမ်သက်သက်ပြန်ဖြစ်သွားတယ်..။ဒီတော..့အစည်းအဝေးပြန်ဆက်ပြီး အဲဒီအချိန်မှာရောက်ရှိလာတဲ့ သဝဏ်လွှာများကို အခမ်းအနားမှူးက  ကြေညာပြီး မှတ်တမ်းတင်ပါတယ်..။ နံပါတ်(၅)   အစီအစဉ်အရ ပဏာမ အစည်းအဝေးကြီးသို့ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ အစီရင်ခံစာကို ဗဟိုအလုပ် အမှုဆောင်ဦးချစ်ခိုင်က တင်သွင်း ပါတယ်။     ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts