မှတ်စုမှတ်တမ်း

ကိုမိုက်ခဲစိန် – သမိုင်းအသစ် ဖတ်စာအသစ်အတွက် ဉာဏ်စမ်းမေးခွန်းများ – ၁

Screen shot 2011-07-24 at 10.40.30 PMကိုမိုက်ခဲစိန် – သမိုင်းအသစ် ဖတ်စာအသစ်အတွက် ဉာဏ်စမ်းမေးခွန်းများ – ၁

(မိုးမခက ၈၈ – ၂၆ နှစ် ပြန်လည်ဆန်းသစ်ခြင်း)

သြဂုတ် ၂၅၊ ၂၀၀၉

ဒီတခေါက်ပြောမှာကတော့ အနှစ် ၂၀ လောက်ရှိပြီဖြစ်တဲ့ ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ သမိုင်းမှတ်တမ်းတွေနဲ့ ပတ်သက်ပြီး ပြောဆိုနေကြ၊ မှတ်တမ်းတင်နေကြတဲ့နေရာမှာ အခြေခံယေဘူယျအချက်တွေမှာ များသောအားဖြင့် တူညီဖို့၊ အမှန်အတိုင်း ရှိနေဖို့ ဖြစ်ပါတယ်။ အနှစ် ၂၀ လောက် ကြာခဲ့ပြီး ခေတ်သစ်နိုင်ငံရေးသုခမိန် ဆိုသူတွေက ကိုယ်လိုရာကို အင်္ဂလိပ်လို၊ မြန်မာလို၊ တရုတ်လို၊ ဘာသာပေါင်းစုံနဲ့ ရေးပြီး ပြောဆို မှတ်တမ်းတင်နေကြတော့ လူကြီးတွေကော၊ လူငယ်တွေမှာ ဘယ်အချက်အလက်ကို အမှန်အဖြစ် သတ်မှတ်ထားပြီး အခြေခံစဉ်းစားရမယ်ဆိုတာ မသိဘဲ ဖြစ်မှာ စိုးလို့ဖြစ်ပါတယ်။

ဥပမာ – “ခုခေတ်ကလေးတွေက မိုးသီးဇွန်ကို အဆိုတော်နံမယ်လား” လို့ မေးတယ် ဆိုတာမျိုးပေါ့။ နောက်ပြီးတော့ အောင်ဆန်းစုကြည်ကို အင်န်အယ်ဒီပါတီရဲ့ ဥက္ကဋ္ဌလို့ မှတ်ထားကြတာမျိုး၊ အဲတော်ကြာ … နောက်ကျရင် ယက်တောလိုလူမျိုးကို ဒေါ်စုကို ၀င်ပြီး ကယ်တင်သူလိုလို၊ မြန်မာပြည်ဒီမိုကရေစီရေးရဲ့ သူရဲကောင်းကြီးလိုလို အမှတ်မှားသွားကို စိုးမိလို့ပါခင်ဗျား။

အဲဒီအကြောင်းတွေကို မေးခွန်းတို၊ အဖြေတိုလေးတွေ ထုတ်ပြီး အိပ်ဆောင်စာအုပ်ဖြစ်ဖြစ်၊ အီးဘုတ်ကလေးဖြစ်ဖြစ် လုပ်ထားရ ကောင်းမလား စဉ်းစားမိပါတယ်။ ခရစ်သက္ကရာဇ်အလိုက်၊ ထူးခြားသော ဖြစ်ရပ်များအလိုက်၊ ထင်ရှားသော နံမယ်များအလိုက်၊ အမှတ်တရရှိသော အကြံအစည် အတွေးအခေါ် တင်ပြချက်များအလိုက် စီစဉ်ကြရင် ကောင်းမလားလို့ စဉ်းစားမိပါတယ်။ မိုက်ခဲတဦးတည်း လုပ်မှာတော့ မဟုတ်ဘူး။ အစလေးတွေ ဖော်ကြည့်ပြီးတော့ အားလုံးကနေ ၀ိုင်းဝန်း တင်ပြကြတာကို စီပြီး ကောက်နုတ်တင်ပြပေးမယ် ထင်မိတယ်။ မိုးမခဆီကို စာတွေ ၀ိုင်းရေးကြမယ် ဆိုရင်ပေါ့လေ။

အခုတော့ စဉ်းစားမိသမျှ မေးခွန်းကလေးတွေ၊ မှတ်စုခြစ်မိတာတွေကို ထုတ်ပြလိုက်ပါတယ်။

 

သမိုင်းနောက်ခံ

 

(၁) မြန်မာပြည်၏ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံနှင့် လွတ်လပ်ရေးရသည့် နေ့ကို ပြောပြပါ။

(၂) မြန်မာပြည် အာဇာနည်နေ့ဟူသည် အဘယ်နည်း၊ ထိုအာဇာနည်လူစာရင်းကို တင်ပြပါ။

(၃) မြန်မာပြည်တွင် အဓိကအခြေခံဥပဒေကြီး အကြောင်း အနည်းငယ် ပြောပြပါ။ ၁၉၄၇ နှင့် ၁၉၇၄ အခြေခံဥပဒေတို့ကို သင်သိပါသလား။

(၄) ပြည်တွင်းစစ်၊ တော်လှန်ရေးကောင်စီ၊ ကွန်မြူနစ်ပါတီ၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ စသည်တို့ကို ကြားဖူးပါသလား။ ကြားဖူးသလောက် ရေးပြပါ။

(၅) မဆလ တပါတီ အာဏာရှင်လက်အောက်က ကျောင်းသားအရေးအခင်းများအကြောင်း အနည်းငယ်စီ ရေးပြပါ။ ဆဲဗင်းဇူလိုင်၊ အလုပ်သမားအရေးအခင်း၊ ဦးသန့်အရေးအခင်း၊ စသည်တို့ကို ကြားဖူးပါသလား။

(၆) ကိုကိုးကျွန်းတိုက်ပွဲကို ကြားဖူးပါသလား။ မဆလတပါတီအာဏာရှင်လက်အောက်က အကျဉ်းချခံရသော စာနယ်ဇင်းသမားများကို သင်သိသလောက် ရေးချပြပါ။ မည်သည့်အချိန်က စာပေစစိစစ်ရေး ဆင်ဆာဘုတ်အဖွဲ့ကို စတင်ခဲ့ပါသနည်း။ မည်သူတို့က ဦးဆောင်ခဲ့ပါသနည်း။

(၇) မဆလတပါတီအာဏာရှင်လက်အောက်က မြန်မာလူနေမှုဘ၀ကို သင်မိသားစုအသိုင်းဝိုင်းက တဆင့် ကိုယ်တွေ့ အတွေ့အကြုံတို့ကို ကြားဖူး၊ သိဖူး၊ မေးဖူးပါသလား။ စာပိုဒ်အနည်းငယ်မျှဖြင့် ရေးပြပါ။

(၈) မဆလခေတ်က အာဏာရှင်များ၊ လက်ကိုင်တုတ်များ နံမယ် ၁၀ ခုကို ရေးပါ။ မဆလခေတ်က တော်လှန်ခဲ့သူ ပြည်သူ့ဖက်က ရပ်တည်သူဟု မိမိထင်မြင်သူ လူပုဂ္ဂိုလ်တို့၏ အမည် ၁၀ ဦးကို ချရေးပြပါ။

 

၁၉၈၈ အရေးအခင်း မတိုင်မီ

 

(၁) ငွေစက္ကူများကို အစိုးရက သိမ်းခဲ့ပါက ထိုသိမ်းခဲ့သည့် နှစ်များနှင့် အဖြစ်အပျက်များကို ပြောပါ။

(၂) အောင်ကြီး၏ ပေးစာများကို ကြားဖူးပါသလား။

(၃) ၁၉၈၈ မတ်လ ဖုန်းမော်အရေးအခင်း၊ တံတားနီနေ့တို့အကြောင်း အနည်းငယ်ရေးပြပါ။

(၄) ၁၉၈၈ ဇွန်လ မြေနီကုန်းအရေးအခင်းကို ကြားဖူးပါသလား။

(၅) ဦးနေ၀င်း၏ နာမည်ကျော် မိန့်ခွန်းအကြောင်းကို ပြောပြပါ။

(၆) ထိုအချိန်က ဘီဘီစီက ထုတ်လွှင့်သော မြန်မာပြည်အကြောင်း သတင်းများအကြောင်း သိပါသလား။ ဘာတေးလစ်တနာ၊ ခရစ်တိုဖာဂါးနစ်၊ စသည်အမည်များကို ကြားဖူးပါသလား။

(၇) ထိုအချိန်က ပြည်သူများကြားတွင် လူသိများသော ကျောင်းသားခေါင်းဆောင်များ အမည်ကို စာရင်းပြုစုပါ။ ယခု ၈၈ မျိုးဆက် ကျောင်းသားများ၏ စာရင်းကို သင် သိပါသလား။

(၈) ၈၈ အရေးအခင်းအစပျိုးနေသည့်အချိန်က မိမိသိသမျှ ထင်ရှားသည့် အဖြစ်အပျက်များကို ပြန်ရေးပါ။ မရှိပါက မိမိမိသားစုဝင်များထံက မေးပြီး ပြန်ရေးနိုင်ပါသလား။

(၉) ၁၉၈၈ သြဂုတ်လမတိုင်မီက သင်ကြားဖူးသော နိုင်ငံရေးလှုပ်ရှားသူများ အမည်စာရင်းကို ၅ ဦး မှ ၁၀ ဦးအထိ ရေးပြပါ။

(၁၀) ဦးနေ၀င်း၊ ဦးစန်းယု၊ ဦးစိန်လွင်၊ ဦးမောင်မောင်တို့ကို ကြားဖူးပါသလား။ ဦးတင်အောင်ဟိန်း ဟူသည့် တရားသူကြီးအမည်ကို သင်သိပါသလား။

 

၁၉၈၈ အရေးအခင်းကာလ

 

(၁) ၈၈ အရေးအခင်းကာလက ထင်ရှားသော နိုင်ငံရေးသမားများ၊ စာနယ်ဇင်းသမားများ၊ အနုပညာရှင်များနှင့် ကျောင်းသားလူငယ်ခေါင်းဆောင် အမည် ၁၀ ခုကို ရေးပါ။ ယခုအချိန်အထိ တက်ကြွစွာ လှုပ်ရှားဆဲ၊ သို့မဟုတ် ထောင်ကျနေဆဲ သူများ သင့်စာရင်းထဲမှာ ပါဝင်ပါသလား။

(၂) စစ်ကိုင်းတံတားတွင် စစ်တပ်က ပစ်သဖြင့် လူထုတို့ ကျဆုံးခဲ့ရသည်ကို ကြားဖူးပါသလား။ ထိုကဲ့သို့ အဖြစ်အပျက်များ ဘယ်နှခုကို သင်ကြားဖူး၊ သိဖူးပါသလဲ။

(၃) သင်ပါဝင်ခဲ့သော၊ သို့မဟုတ် သင့်မိသားစုတို့က ပါဝင်ခဲ့သော အရေးအခင်းကာလက အစည်းအရုံးတို့ အမည်ကို ချရေးပါ။ ခေါင်းဆောင်တို့ ယခုအချိန်အထိ ကျန်ရစ်သေးသလား။

(၄) စစ်အုပ်စုက ၈၈ ဒီမိုကရေစီအရေးတော်ပုံကို ဖြိုခွဲရန် မည်သို့ လုပ်ကြံခဲ့ပါသနည်း။ စစ်တပ်၊ ထောက်လှမ်းရေး၊ ရဲ၊ သတင်းပေးနှင့် အကြမ်းဖက်သမားများ သုံးစွဲခဲ့ပုံကို ရေးပြနိုင်ပါသလား။

(၅) ဒေါ်အောင်ဆန်းစုကြည်နှင့် ရွှေတိဂုံဘုရား လူထုအစည်းအဝေးအကြောင်း ပြောပြပါ။

(၆) သြဂုတ်လနှင့် စက်တင်ဘာလ ထင်ရှားသော ရက်စွဲများကို မှတ်မိသလောက် ရေးပြပါ။

(ရ) ဦးနု၏ စင်ပြိုင်အစိုးရအကြောင်း သင်သိပါသလား။

(၈) တပ်မတော်က အရေးတော်ပုံဖက်သို့ ပူးပေါင်းခဲ့ပါသလား။ မည်သူတို့က ပူးပေါင်းခဲ့သနည်း။

(၉) ၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့ ကို သိပါသလား။

(၁၀) စစ်တပ်က ပစ်ခတ်သဖြင့် ထိုအာဏာသိမ်းသည့်နေ့က လူထု မည်မျှ ကျဆုံးခဲ့ပါသနည်း။ လူ ၃၀၀၀ ကျဆုံးသည်ဟု ဖော်ပြထားသည်ကို တွေ့ဖူးပါသလား။

(၁၁) ထိုအချိန်က အထွေထွေသပိတ်ကြီး၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ကြားဖြတ်အစိုးရ၊ ပါတီစုံ ရွေးကောက်ပွဲ၊ အခြေခံဥပဒေ၊ မည်သည့်အရာ ဖြစ်သနည်း။

 

၁၉၉၀ ပါတီစုံ ရွေးကောက်ပွဲကာလ

 

(၁) ကျောင်းသားတပ်မတော် (အေဘီအက်စ်ဒီအက်ဖ်) အကြောင်း အနည်းငယ်ရေးပြပါ။

(၂) ဗကသနှင့် မကသ စသည့် ကျောင်းသားသမဂ္ဂ၊ လူ့ဘောင်သစ်၊ မနကလ၊ တပ်ပေါင်းစု စသည့် ပါတီအဖွဲ့အစည်းများ သင် သိမှတ်မိသလောက် ပြောနိုင်ပါသလား။ သံယသာမဂ္ဂီအကြောင်း ပြောပြပါ။

(၃) ဗိုလ်ချုပ်ခင်ညွန့်နှင့် ထောက်လှမ်းရေးတပ်ဖွဲ့များက ၁၉၉၀ ရွေးကောက်ပွဲမတိုင်မီ လှုပ်ရှားမှုများကို မည်သို့ နှိမ်နှင်းခဲ့ပါသလဲ။ စာအုပ် ဘယ်နှစ်အုပ် ထုတ်ပြီး သတင်းစာရှင်းလင်းပွဲများ လုပ်ခဲ့ပါသလဲ။

(၄) ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက ဘယ်အချိန်တွင် ဖမ်းဆီးခဲ့ပါသလဲ။ အကျယ်ချုပ်ခံခဲ့ရသည့် နိုင်ငံရေးသမားများကို မှတ်မိသလောက် ချရေးပါ။

(၅) အာဏာဖီဆန်ရေးလှုပ်ရှားမှုကို ကြားဖူးပါသလား၊ အနည်းငယ် ရေးပြပါ။

(၆) ကျောင်းသားညီလာခံများအကြောင်းကို ရေးပါ။

(၇) အလင်းဝင် ကျောင်းသားများ ကြိုဆိုရေးစခန်းများ၊ သတင်းစာရှင်းလင်းပွဲများအကြောင်း ရေးပါ။

(၈) စစ်အုပ်စုနှင့် ထောက်လှမ်းရေးတပ်ဖွဲ့များက ၎င်းတို့အတွက် ကျောင်းသားလူငယ်များကို မည်သို့ စည်းရုံးခဲ့ပါသလဲ။

(၉) စစ်အုပ်စုတို့ စတင်သည့် ဈေးကွက်စီးပွားရေးဖွင့်စဉ်က မည်သည့်စီးပွားရေးသမားများနှင့် အလုပ်လုပ်ခဲ့ပါသလဲ။

(၁၀) ကြားဖြတ်အစိုးရဖွဲ့စည်းရန် ထိုစဉ်က ကြိုးစားခဲ့ဖူးပါသလား။ ဘယ်အချိန်ကျမှ ၉၀ ရွေးကောက်ပွဲကို ၀င်ကြရန်၊ အင်န်အယ်ဒီပါတီကို အဓိက၀ိုင်းရံကြရန် ဆုံးဖြတ်ခဲ့ကြပါသလဲ။

(၁၁) ကျောင်းသားများ လက်နက်ကိုင်တိုက်ပွဲဝင်ရန် တောခိုခဲ့ကြသည့် နယ်စပ်ဒေသများကို ပြောပါ။ မည်သည့်လက်နက်ကိုင်အဖွဲ့များက ကူညီခဲ့ပါသလဲ။ မြန်မာပြည် အနောက်ပိုင်း၊ မြောက်ပိုင်းနှင့် တောင်ပိုင်းဟူ၍ ခွဲခြားပြီး ရှင်းပြနိုင်ပါသလား။ ထိုစဉ်က နယ်စပ်ဒေသတွင် ဖွဲ့စည်းခဲ့သော လက်နက်ကိုင်တပ်ပေါင်းစုအမည်ကို ဖော်ပြပါ။

(၁၂) စစ်အုပ်စုက မြန်မာပြည်ဒီမိုကရေစီအရေးတော်ပုံကို တိုက်ခိုက်နံမယ်ဖျက်ရာတွင် လက်ဝဲကွန်မြူနစ်များ၊ လက်ယာကိုလိုနီလက်သစ်ပုဆိန်ရိုးများဟူ၍ စွပ်စွဲခဲ့သည်တို့ကို သိပါသလား။ သင်သိသမျှနှင့် သင်စုံစမ်းမိသမျှ အတွေးအမြင်ကို ပြောပြပါ။

(၁၃) ထိုစဉ်က စစ်အုပ်စုအသုံးချခဲ့သည့် လက်ကိုင်တုတ် သတင်းစာများ၊ စာစောင်များ၊ စာနယ်ဇင်းသမားများ၊ ပညာရှင်ဆိုသူများနှင့် မှတ်မိ၊ ကြားမိသမျှ စာရင်းကို ရေးပြပါ။

(၁၄) ထိုစဉ်က စစ်အုပ်စု၏ ထင်ရှားသော စစ်ခေါင်းဆောင်များအမည်ကို ချရေးပြပါ။

(၁၅) ၁၉၉၀ ရွေးကောက်ပွဲပြီးလျင် စစ်တပ်က အာဏာကို လွှဲပြောင်းပေးမည်ဟု ပြောခဲ့ပါသလား။ ပြောခဲ့သူမှာ ထိုစဉ်က စစ်အုပ်စုခေါင်းဆောင် မည်သူက ပြောခဲ့ပါသလဲ။

 

ဆက်ရန် ရှိသေးသည်

အခု စာက အတော်ရှည်ပြီး တိုတိုထွာထွာ မေးခွန်းတွေ၊ ဉာဏ်စမ်းကလေးတွေလည်း ရှည်သွားပြီ။ နောက်တပုဒ်မှာမှ ဆက်ရေးပါဦးမည်။ စာဖတ်သူတွေက စိတ်ဝင်စားလို့ မေးခွန်းကလေးတွေ၊ မှတ်သားဖွယ်ရာ ခေါင်းစဉ်လေးတွေ ပေးပို့ အကြံဉာဏ်များပေးကြမယ်ဆိုရင် အထူးဝမ်းသာမိမှာ ဖြစ်ပါတယ်။ ဆောင်းပါးကိုလည်း အခမ်းဆက် ရေးဖို့ အချက်ရတာပေါ့ ခင်ဗျား။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts