သတင်းပဒေသာ

Yangon Globe – မီဒီယာနှင့်အရပ်ဘက်အဖွဲ့အစည်းတို့၏ လွတ်လပ်ခွင့် ထိန်းချုပ်ခံနေရဆဲဖြစ်ကြောင်း မင်းကိုနိုင်ပြောကြား

ရန်ကုန်၊ သြဂုတ်-၈၊ ၂၀၁၄

အစိုးရက အရပ်ဘက် နှင့်မီဒီယာအဖွဲ့အစည်းတို့အားရပ်တည်ခွင့်ပေးထားသော်လည်း ရှင်သန်ကြီးထွားခွင့်ကို ပိတ်ပင်ထားကြောင်း ယနေ့ကျရောက်သည့် ၂၆နှစ်မြောက်ရှစ်လေးလုံး အရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနားတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က ပြောကြားလိုက်သည်။

“အရပ်ဘက်အဖွဲ့ အစည်းတွေကို ရပ်တည်ခွင့်မပေးဘူးလား ဆိုတော့ ပေးတယ်၊ ရှင်သန်ကြီးထွားခွင့်ရှိလား ဆိုရင်တော့ မေးခွန်းထုတ်စရာတွေ ရှိလာပြီ။
မီဒီယာဆိုရင်လည်း သည်အတိုင်းပဲ၊ ရပ်တည်ခွင့်တော့ပေးတယ်။ ရှင်သန်ကြီးထွားခွင့်ကိုတော့ မပေးကြဘူး။
ဒါကိုကြည့်ရင် ကိုယ့်နိုင်ငံက လွတ်လပ်ခွင့်ကို ထင်သလောက် မပေးသေးတာပဲ” ဟု မင်းကိုနိုင်က ပြောသည်။

လက်ရှိအချိန်မှာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေမှ အစ သတင်းမီဒီယာအဆုံး ရသင့်သလောက် လွတ်လပ်ခွင့်မရကြောင်း၊ ထိန်းချုပ်မှုများ ရှိနေကြောင်း၊ သူတို့တွေ ရှင်သန်ကြီးထွားလာရင် ငါတို့ကိုအန္တရာယ် ပြုမယ်ဆိုသည့်အတွေးများ အာဏာပိုင်တို့ထံတွင် ယနေ့အချိန်ထိ ရှိနေသေးကြောင်း သူက ဆိုသည်။

၂၆ နှစ်ကြာခဲ့သည့်ရှစ်လေးလုံးအရေးတော်ပုံနေ့ကို အောက်မေ့တမ်းတသည့်အနေဖြင့် အရပ်ဘက်အဖွဲ့အစည်းများ ဦးဆောင်သည့် ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ ကျိုက္ကစံ ဓမ္မပိယသာသနာ့ရိပ်သာတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မင်းကိုနိုင်က “ကျွန်တော်တို့ခြေလှမ်းတိုင်းဟာ အမြဲတမ်းရှေ့တိုးနေပါတယ်။
ကျွန်တော်တို့ပြည်သူတွေငြိမ်နေရင် ပင့်ကူအိမ်တောင် ကျွန်တော်တို့ကိုဖမ်းချုပ်သွားပါလိမ့်မယ်။
ရုန်းထွက်ရင်သံကြိုးတွေကိုတောင် ဖြတ်နိုင်ပါတယ်။
၈ လေးလုံးအောင်စိတ်နဲ့ပဲ နောက်ထပ်ကျန်တဲ့သံကြိုးတွေကို ဖြတ်ဘို့တိုက်တွန်းပါတယ်။ ဖိတ်ခေါ်ပါတယ်။ အားလုံးကျန်ရှိနေတဲ့သံကြိုးတွေကို ၈လေးလုံးစိတ်ဓာတ်နဲ့ ဖြတ်ကြရပါမယ်”
ဟု တိုက်တွန်း အကြံပြုခဲ့သည်။

၂၆ ကြိမ်မြောက် ရှစ်လေးလုံး အရေးတော်ပုံကြီး နှစ်ပတ်လည် အခမ်းအနားကို ရန်ကုန်မြို့ရှိ မြို့တော်ခန်းမရှေ့တွင်လည်း ယနေ့ နံနက် ၈ နာရီက ပြုလုပ်ခဲ့သည်။
ပြည်နယ်နှင့်တိုင်းအသီးသီးရှိ ၈၈ မျိုးဆက်များ၊ ဒီမိုကရေစီအရေး လှုပ်ရှားသူများက သက်ဆိုင်ရာမြို့အလိုက် အမှတ်တရ အစီအစဉ်များကို ပြုလုပ်ခဲ့ကြသည်။

# #

ရန်ကုန် မြို့တော်ခန်းမရှေ့တွင် ယနေ့ ပြုလုပ်ခဲ့သည့် ရှစ်လေးလုံးအရေးတော်ပုံ နှစ်ပတ်လည်နေ့အခမ်းအနားတခု (ဓာတ်ပုံ- The Yangon Globe)

Photo: မီဒီယာနှင့်အရပ်ဘက်အဖွဲ့အစည်းတို့၏ လွတ်လပ်ခွင့် ထိန်းချုပ်ခံနေရဆဲဖြစ်ကြောင်း   မင်းကိုနိုင်ပြောကြား
========================================= 

ရန်ကုန်၊ သြဂုတ်-၈

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts