တက္ကသိုလ်ကျောင်းသားတွေ နယ်ပြန်ရောက်ကြချိန် (၆)
အုန်းနိုင်
ဇူလိုင် ၂၁၊ ၂၀၁၃
သမီးတွေ တူတူမတွေလည်း တက္ကသိုလ်တွေပိတ်လိုက်တော့ ဒီမှာ အကုန်ပြန်စုမိနေကြပြီ.။ ဟိုမြို့  ဒီမြို့ က သူတို့ သူငယ်ချင်းတွေကလည်း မကြာမကြာ ရောက်ရောက်လာတတ်တယ်.။ အငယ်ဆုံးသမီးတောင် ဆယ်တန်းစာမေးပွဲရွှေ့ လိုက်ပေမယ့် ခုတော့ ဖြေပြီးသွားပြီမို့ အောင် စာရင်းစောင့်နေတာ။ ဆယ်တန်းအထက်ကျောင်းသားတွေ အားလပ်ပြီး စုမိနေကြချိန်ပေါ့..။
ဒီတော့လည်း သူတို့က သူတို့ကြုံခဲ့တဲ့ ပူပူနွေးနွေး တက္ကသိုလ်ကအရေးအခင်းတွေကြောင့် စိတ်ဓါတ်တွေ တက်ကြွနေကြတယ်..။ ရန်ကုန် မှာတော့ အထက်တန်းကျောင်းသားတွေအထိ ပါနေကျပြီမို့ …ဒီမှာလည်း သူတို့တွေ အထက်တန်းကျောင်းကြီးဘက်ကို ခြေဦးလှည့်နေကြ တာပေါ့..။ အထက်တန်းကျောင်းမှာ အလုပ်ဝင်နေတဲ့အစ်မတယောက်ကလည်းရှိတော့ သူတို့အတွက် အကွက်ကောင်းပေါ့။
ကောင်စီရုံးမှာ နေ့လည် (၃) နာရီမှာဆုံကြတဲ့ လုံခြုံကွပ်ကဲဆိုတဲ့ အစည်းအဝေးမှာတော့ ..အထူးသဖြင့် ကုလား -ဗမာအရေးကို အာရုံစိုက်
ဆွေးနွေးကြတယ်..။ ကျောင်းစာသင်ခုံတွေထဲကရတဲ့ လှုံ့ဆော်စာတိုကလေးတွေကို လက်ဆင့်ကမ်းဖတ်ကြပြီး..တချို့က ရီစရာလို သဘော ထားကြတယ်..။ စာတိုကလေးတွေကလည်း သူတို့အချင်းချင်းဖြန့်ဝေတဲ့ စာတိုဆိုမှ တကယ့်စာတိုကလေးတွေပါ..။
ရန်ကုန်မှာ …ကျောင်းသားတွေကို သတ်ကုန်ကြပြီ..။
တို့ကျောင်းသားတွေအတွက် …တိုက်ပွဲဝင်ကြ..။
ကျောင်းသားသတ်တာ …စစ်အစိုးရ..။
စစ်အစိုးရကို ..မကြောက်ကြနဲ့..။
ဆရာတွေ..ခြောက်တိုင်း မကြောက်ကြနဲ့..။
စတာမျိုးလေးတွေ ပါ..။ ဒါပေမယ့် တဖြည်းဖြည်းတော့ စာတွေမှာ လေသံပြောင်းလာကြတယ်..။ ဒါကလည်း အခြေအနေတွေက ပြောင်း လာတာကိုး..။ ဦးနေ၀င်းရဲ့  အရေးပေါ်ပါတီညီလာခံက နန်းဆင်းမိန့်ခွန်းမှာ “ခုတလောဖြစ်တဲ့ ကျောင်းသားအရေးအခင်းများမှာ ကျနော့်မှာ လည်း တာဝန်အနဲနဲ့အများ ရှိနေပါတယ်..” ဆိုတဲ့စကားမျိုး..။ “ခင်ဗျားတို့ တစ်ပါတီစနစ် အစား..ပါတီစုံစနစ်ကိုကြိုက်လား..။ ဆန္ဒခံယူပွဲ လုပ်ပေးပါမယ်” ဆိုတဲ့စကားမျိုး ..။ နှစ်ဆယ့်ခြောက်နှစ်လုံးလုံး ရေငုံနှုတ်ပိတ်လုပ်နေတဲ့ “တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦ ကိုဖြိုခဲ့တာ ကျနော်မဟုတ်ပါဘူး..” ဆိုတဲ့စကားမျိုးတွေဟာ ပြည်သူတွေထဲမှာ ဆွေးနွေးစရာတွေ ဖြစ်လာပါတယ်..။ လူကြီးတွေ ဆွေးနွေး တော့ လူငယ်တွေက ကြားကြတယ်..။ တက္ကသိုလ်က ပြန်လာတဲ့ကျောင်းသားတွေကလည်း သူတို့မှာ အတွေ့အကြုံရှိခဲ့ရုံမက..။ သူတို့ လှုပ်ရှားမှုတွေကြောင့် ဦးနေ၀င်းကြီး ဖြုံသွားပြီလို့တွက်ကြပြီး သူတို့တွေပိုပြီး အားတက်လာကြတယ်..။ ဒီတော့ သူတို့လှုံ့ဆော်စာတိုတို ကလေးတွေမှာ ..
ပါတီစုံ စနစ်…လိုချင်တယ်..။
တစ်ပါတီ အာဏာရှင် စနစ်…အလိုမရှိ..။
ပါတီကောင်စီ…ဖျက်ပစ်..။
တက္ကသိုလ် ကျောင်းသားသမဂ္ဂကို
ဖျက်တာ…ဘယ်သူလဲ..။
စစ်အစိုးရ …နှုတ်ထွက်ပေး.။
ဒီမိုကရေစီ…ချက်ခြင်းပေး..။
တို့ကျောင်းသားတွေ မထိနဲ့…မီးပွင့်သွားမယ်..ဆိုတာမျိုးတွေအထိ တွေ့လာရပါတယ်..။
ကျောင်းက ဆရာဆရာမတွေကလည်း မနက်ဆို ကျောင်းကစာသင်ခုံတွေထဲကိုလိုက်ရှာ..။ သူတို့နဲ့နီးစပ်တဲ့ မြို့နယ်ကောင်စီဆီကိုပို့..။ ည နေ (၃) နာရီအစည်းအဝေးမှာ ဒီစာကလေးတွေကိုဖတ်..။ ဖတ်ရင်းနဲ့ ဖတ်တဲ့သူတွေထဲက ရပ်ကွက်ကောင်စီဥက္ကဌတချို့ကတောင် သ ဘောကျချင်သလိုလို ဖြစ်လာတယ်..။ တကယ်တော့ ဒါကို ဦးနေ၀င်းစပေးခဲ့တာပဲ..။ စာရွက်တိုကလေးတွေမှာ တချို့လက်ရေးတွေကျ မှတ် မိသလိုလို..။ မြင်ဖူးသလိုလို..။ ကျန်တဲ့ကောင်စီအဖွဲ့ ဝင်တချို့ကလည်း..“ဆရာကြီးသမီးတွေက ရန်ကုန်မှာ စင်မြင့်ပေါ်တက် တရားတွေ တောင်ဟောခဲ့တယ်..ဆို” စသဖြင့် မထိတထိ ပြောကြတယ်..။
“ဒါကတော့ ..ကျနော်လည်းကျောင်းသားတုန်းက လုပ်ခဲ့တာပဲ..။ ကျောင်းသားတုန်းက အတူတူလုပ်ခဲ့သူတွေထဲမှာ အဲဒီခေတ်က ၀န်ကြီး သားတွေတောင်ပါသေးတယ်..။ ဟုတ်တယ်လေ..။ ကျော်လှိုင်ဆိုရင် ၀န်ကြီးဦးညိုထွန်းရဲ့ သား..။ ကျော်သာထွန်းဆိုရင် ၀န်ကြီး ဦးအောင်ဇံ ဝေရဲ့ သားပဲ..။ သူကတော့ နိုင်ငံခြားထွက်သွားတယ်..။ ဒါဟာ သူ့မျိုးဆက်နဲ့သူ..။ သူ့တာဝန် ..သူလုပ်..။ ကိုယ့်တာဝန်..ကိုယ်လုပ်ပေါ့ ဗျာ..” လို့ ပြန်ပြောလိုက်မှ ငြိမ်သွားကြတယ်..။
ကိုယ့်တာဝန် ကိုယ်လုပ်လို့ဆိုရာမှာတော့ … ကိုယ့်တာဝန်ဟာ အစိုးရကိုမကျေနပ်လို့ ဆန္ဒပြတဲ့ကျောင်းသားတွေကို နှိမ်ဖို့ တာဝန်လို့တော့ မယူဆနိုင်ပါ..။ ကိုယ်ကိုယ်တိုင်ကတောင် ဦးတင်အောင်ဟိန်းတို့ ဦးလှတင်တို့လောက် အထက်ပိုင်းအခြေအနေတွေနဲ့ မဆက်စပ်မိပေမဲ့ ကိုယ်ထဲထဲဝင်ဝင် ရှိနေ လုပ်နေရတဲ့ မြို့ နယ်အဆင့်မှာ လုပ်ကိုင်နေပုံတွေကိုလည်း ကျေနပ်လှတာမှ မဟုတ်တာ..။
(အပိုင်း (၇) မဆလပါတီ အရေးပေါ်ညီလာခံဆုံးဖြတ်ချက်ကို ဆက်လက်တင်ဆက်ပါမယ်)