နေလင်းညီ – အိတ်ခ်ျအိုင်ဗွီ စွဲကပ်နေသော စွဲမက်ဖွယ် မိန်းမချော (သို့မဟုတ်) အတာသဘင်

အိတ်ခ်ျအိုင်ဗွီ စွဲကပ်နေသော စွဲမက်ဖွယ် မိန်းမချော (သို့မဟုတ်) အတာသဘင်
နေလင်းညီ
ဧပြီ ၁၀၊ ၂၀၁၄

၁၉၈၀ ဝန်းကျင် (အလယ်တန်းကျေင်းသားဘဝ၊ အထက်တန်းကျောင်းသားဘဝ) တွင် ကြုံတွေ့ခဲ့ရသော ရေသဘင်ပွဲသည် စာရေးသူအဖို့ မမေ့နိင်အောင် အမှတ်တရဖြစ်ရသည်။ မကြိုက်တာတွေ ရှိပေမဲ့၊ ကြိုက်တာတွေကပိုများနေပါသေး၏။အကြိုက်ဆုံးကတော့ သင်္ကြန်ဆိုင် ရာ အနုပညာများကို တဝကြီး ခံစားထိတွေ့ရခြင်း ဖြစ်သည်။နွေရာသီ ကျောင်းပိတ်ရက်ရှည်ကာလမို့ စာကျက်ဖို့လဲ မလို။သူများတွေက နေရပ်သို့ အလည်ပြန်သွားကြသော်လည်း အီဖေကိုတို့ ညီအကိုတွေကတော့ လမ်းစရိတ်မတတ်နိုင်လို့ မပြန်နိုင်။ ဇာတိချင်းတောင်ကို ပြန်ဖို့ဆိုတာ လမ်းစရိတ်များစွာကုန်သည့်အပြင်၊ ခက်ခဲကြန့်ကြာ၏။ ကြမ်းတမ်း၏။ ဘုန်းကြီးကျောင်းမှာပဲ ဝေယျာဝစ္စလုပ်ရင်း စာမျိုးစုံ ဖတ်ခွင့်ရသည်။ ပွဲကြိုက်သူဖြစ်ပေမဲ့ အခကြေးငွေပေးရသော ရုပ်ရှင်တွေ၊ဇာတ်သဘင်တွေကို အနားမကပ်နိုင်။ သင်္ကြန်မှာ အလကားကြည့် ရသော ရေသဘင်ပြိုင်ကားများ ဖျော်ဖြေမှုကိုမဏ္ဍပ်များ၌ တဝကြီး အားပေးရသည်။ အက၊ အလှ၊ သဘာဝ၊ ဟာသ၊ သံချပ်၊ အဆိုဟု အပိုင်းများ ပိုင်းထားကာ ဖျော်ဖြေတင်ဆက် ဆုပေးကြသည်။ သင်္ကြန်သီချင်းမျိုးစုံကို ပျော်ရွှင်မြူးတူးဖွယ်နားဆင်ရသည်။စာရေးသူသည် အနီးဆုံးမဏ္ဍပ်ဖြစ်သော အလုံ၊ ရေတွင်းလမ်းထိပ်၊ အောက်ကြည့်မြင်တိုင်လမ်းပေါ်ရှိ အေးမြမြဓါတ်ပုံတိုက်ကို နောက်ကျောထားကာ ဆောက်ထားသော မဏ္ဍပ်သို့ ခြေလျင်လျှောက်ကာ ရောက်သွားမြဲဖြစ်သည်။ သင်္ကြန်သီချင်း၊ သင်္ကြန်အကများကို အထူးပင် စွဲမက် မိပါသည်။ သံချပ်များက ခေတ်စံနစ်၏ အမြီးအမောက်မတည့်မှုများနှင့် အုပ်ချုပ်သူတို့၏ မတော်မတရားမှုများအပြင် ဝိသမလောဘ သမားများ၏ ဒုက္ခပေးမှုများကိုပါ စကားလုံးပြောင်ပြောင်၊ အမူအရာမိမိဖြင့် ဖေါ်ထုတ်ခဲ့ကြသည်။ ဟာသဇာတ်လမ်းများကလည်း  ထိထိမိမိဝေဖန်ထောက်ပြ သရော်မှုများပြုကြသည်။ အူနှိပ်ရလောက်အောင်  သဘောပေါက်ရယ်မောကြရသည်။ အားလုံးကိုခြုံကြည့်လျှင် သင်္ကြန်၏အနှစ်သာရသည် ပြောင်မြောက်သော အနုပညာဖြင့် ပြည်သူတွေကို ပျော်အောင်ဖျော်ဖြေလျှက် ပညာပေးခြင်းဖြစ်သလို၊ မတရား မှုများ  မှားယွင်းမှုများကို သက်ဆိုင်သူတို့သိအောင် ဖေါ်ထုတ်ပေးခြင်းဖြစ်သည်။ ထိုအချက်သည်သာ အနှစ်သာရဖြစ်ပြီး၊ ရေကစားမှုများ၊ ဘာသာရေး ထုံးတမ်းများမှာ အသွင်သဏ္ဍာန်သဘောဆောင်သော  သာမညကိစ္စများသာဖြစ်ပါသည်။

ဆရာတော်တစ်ပါးက ဟောခဲ့ဖူးပါသည်။ (သင်္ကြန်ဆိုတာ  မူရင်းအားဖြင့် ဟိန္ဒူဗြမဏရဲ့ အယူအဆ အလေ့အကျင့်ပါ။ ဗုဒ္ဓ္ဓသာသနာတော်နဲ့ ဘာမှမဆိုင်ပါဘူး။ ဗြမ္မာကြီးရဲ့ ဦးခေါင်း ကိုဖြတ်ပြီး ကိုင်ထားကြောင်း၊ တစ်နှစ်တစ်ခါ နတ်သမီးတွေက ပြောင်းကိုင် ထားကြရတယ်ဆိုတာလည်း မြတ်စွာဘုရားရဲ့ တရားတော်နဲ့မညီပါဘူး။ နတ်ဗြမ္မာဆိုတာ ဥပါတ်ပဋိသန္ဓေပဲ။ ခေါင်းဖြတ်သတ်လို့လဲ မရပါဘူး။ ရေဆေးလို့ နှစ်ဟောင်းက အညစ်အကြေးတွေ စင်ကြယ်တယ်ဆိုတာလဲ တရားဓမ္မနဲ့ မညီပါဘူး။ မြတ်စွာဘုရားက ရေအားဖြင့် စင်ကြယ်ရိုးဆိုရင် ရေထဲနေတဲ့ ငါးတွေ သူတော်ကောင်းဖြစ်ကုန်မှာပဲလို့ အတိအလင်း ဟောထားတာရှိပါတယ်။ လူဆိုတာကတော့ အပျော်အပါး မကင်းဘူးပေါ့။ ဒုက္ခရောက် ကိုယ်ကျိုးနည်းလောက်အောင်တော့ မပျော်သင့်ဘူး။ လောကလည်း မလစ်ဟင်းစေနဲ့။ ဓမ္မလည်း မချွတ်ယွင်းစေနဲ့တဲ့။ ဒါကြောင်. သင်္ကြန် ပွဲတော်မှာ ဥပုသ်စောင့်၊ တရားနာ၊ တရားအားထုတ်ခြင်းဟာ အကောင်းဆုံးပါ။ သို့သော် တရားစခန်းတွေမှာ ကြပ်ညှပ်ပိတ်ဆို့ အနေခက်လောက်အောင် စုပြုံနေတာမျိုးလည်း မဖြစ်သင့်ဘူး ထင်ပါတယ်။ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ဖြစ်စေ  ကောင်းမှု လုပ်ရင် ကောင်းကျိုးရမှာပါပဲ။ )

သင်္ကြန်ကာလရောက်ခါနီးတိုင်း ဖြုတ်ကနဲပျော်ရွှင်မိပေမဲ့ ကပျာကယာပဲ ပြန်လည်ဝမ်းနည်းသွားရမြဲ ဖြစ်၏။ ပျော်ချင်ပေမဲ့ မပျော်ရဲပါ ဆိုတာမျိုးပေါ့။ ရေသဘင်ပွဲသည်  ရိုးရာယဉ်ကျေးမှုပွဲတော်အဖြစ်မှ ရိုးရာ ရိုင်းစိုင်းမှု ပွဲတော်အဖြစ်သို့ လုံးလုံးလျားလျားနီးပါး  ပြောင်းလဲ သွားခဲ့ရပြီ ဖြစ်သည်။ ချင်းရိုးရာပုံပြင်တစ်ပုဒ်တွင် လူကောင်းပင်ဖြစ်စေကာမူ လူယောင်ဆောင်တတ်သော မကောင်းဆိုးဝါးသရဲကို ယုံစားမိ သူသည်  သရဲ၏ကိုက်ခဲခြင်းကိုခံရလျှင် သေတတ်သည်။ မသေပါမူ လူကောင်းက မကောင်းဆိုးဝါးအဖြစ်သို့ ကူးပြောင်းသွားတတ်သည်ဟု ဆို၏။

အတာသဘင်ပွဲသည်လည်း  မကောင်းဆိုးဝါး၏ ကိုက်ခဲခြင်းကိုခံရပြီး၊ အတာသဘင်ကိုယ်တိုင် မကောင်းဆိုးဝါးအဖြစ်သို့ ကျရောက်ခဲ့ရပြီဖြစ် သည်။ နိုင်ငံအုပ်ချုပ်သူတို့ကပါ တလွဲဆံပင်ကောင်းလျက် ၁၀ ရက်တိတိ ပိတ်ပေးလိုက်သောအခါ မီးလောင်ရာလေပင့်သကဲ့သို့ တိုင်း ပြည်နှင့်လူမျိုး၏ အကျိုးစီးပွါးကို ပိုမိုထိခိုက်စေပါတော့၏။

တကယ်တော့ ရေသဘင်ပွဲသည် ရှေးဦးမဆွကပင် ကောင်းကွက်ဆိုးကွက်များ ရောပြွမ်းလျက် ဖြစ်ပေါ်တည်ရှိခဲ့ခြင်းဖြစ်သည်။ ပုဂံခေတ်က တရုတ်ပြေးမင်း နရသီဟပတေ့သည် ရေသဘင်ပွဲတွင် မိဖရားစောလုံကို ရေမွန်းအောင် ပက်စေခဲ့သည်။ သေလုမြောပါးခံစားလိုက်ရသော စောလုံသည်  မင်းကြီးကို အဆိပ်ခပ်လျက် သေကြောင်းကြံလေတော့သည်။ မင်းကြီးကသိသွားသဖြင့် စောလုံကို သေဒဏ်ပေးသည်။ အမှန်တော့ မင်းကြီးက သေသင့်သည်။ ထိုသို့သေမည်ဆိုလျှင် ရေသဘင်၏ ဆိုးကွက်များကို ပိုမိုသက်သေပြစရာဖြစ်ပြီး၊ ကောင်းကွက် များက အားသာစရာအကြောင်းရှိသည်။ သို့သော် သမိုင်းကြောင်းက မကောင်းခဲ့ဟုဆိုရလောက်အောင် ရေသဘင်ကို ခုတုံးလုပ် သောင်း ကျန်းခဲ့သူက မသေပဲ၊ အနှိပ်စက်ခံရသူက သေသွား၏။

ယခုတိုင်အောင်ပင် ရေသဘင်ပွဲထုံးတမ်းစဉ်လာအရ ရိုင်းစိုင်းခွင့်လိုင်စင်ရထားသူများနှင့် ခါတော်မီ ဝိသမလောဘသမားများက ပြည်သူ တရပ်လုံးကို နှစ်စဉ်နှစ်တိုင်း အသွားပျက် အလာပျက်၊ အလုပ်ပျက် အကိုင်ပျက်၊ စီးပွားပျက်၊ အတိဒုက္ခရောက်၊ စိတ်ညစ်ရလေအောင် နှိပ်စက်ခဲ့လေပြီ။

အတာသဘင်ပွဲတော်နှင့်ပတ်သက်ပြီး ဘက်စုံထောင်.စုံမှ သုံးသပ်ဆန်းစစ်ရန်၊ ပြုပြင်သင့်သည်တို့ကို ပြုပြင်ရန် အချိန်တန်ပြီ ဖြစ်ပါသည်။အမြော်အမြင်ကြီးမားတော်မူကြသော ဆရာတော်များနှင့် သတင်းစာဆရာ၊ စာရေးဆရာများအပြင် လူကြီးသူမတို့က အလျဉ်းသင့်သလို ဟောပြော ရေးသား သတိပေးခဲ့ကြပါသည်။

ထို ဆန်းစစ်ချက်များကို စုံစုံလင်လင် စုစည်းထုတ်ဝေကာ၊ ထိုမှတဆင့် စုပေါင်းဆွေးနွေးဆုံးဖြတ်သော ရေသဘင်ဆိုင်ရာ ညီလာခံ ပြုလုပ်သင့်ပါသည်။ သို့မှသာ ခေတ်ကာလအခြေအနေနှင့် လိုက်လျောညီထွေမှုရှိသော၊ တိုင်းပြည်နှင့်လူမျိုးကို ထိခိုက်ပျက်ဆီးမှုနည်း စေ သော သင်္ကြန်ပွဲတော်ကို ပုံဖေါ်နိုင်မည်ဖြစ်ပါသည်။ အချို့က (ကောင်းပေမဲ့ လူတွေ လက်ခံမှဖြစ်မယ်။ လူအများစု ကန့်ကွက်ရင် ဘာမှ လုပ်လို့မရဘူး) ဟု ဆိုကြသည်။ ကောင်းတာကို လက်မခံလိုကြလျှင်မူ ကျန်စစ်သား၏ကယ်တင်ခြင်းကို ငြင်းပယ်သော စောလူးမင်းကဲ့သို့ ရန်သူ့လက်ဝယ် ခွေးသေဝက်သေ သေရဖို့သာရှိပါသည်။ သင်္ကြန်ပွဲတော်ကို အကောင်းဖက်သို့ မပြောင်းလဲလိုပါလျှင် သင်္ကြန်ကို ခုတုံးလုပ် သောင်းကျန်းသူများ၏ နှိပ်စက်မှုကြောင့် ပြည်သူတရပ်လုံး စီးပွါးရေးအခက်အခဲ၊ လူမှုရေးအခက်အခဲများဖြစ်ကာ ခွေးသေဝက်သေလို သေရဖို့သာရှိပါ၏။

စာရေးသူအနေဖြင့်သင်္ကြန်ပွဲသဘင်သည် အနုပညာရှုထောင့်မှကြည့်လျှင် စွဲမက်ဖွယ် မိန်းမချောလေးဖြစ်သည်။ သို့သော် သူ့ကို ဘဝကြင် ဖေါ် ထာဝရချစ်သူအဖြစ် လက်မတွဲရဲ။ အိတ်ခ်ျအိုင်ဗွီပိုး ရှိနေသောကြောင့် ဖြစ်သည်။ သင်္ကြန်ကာလဆိုးကျိုးများသည်  အိတ်ခ်ျအိုင်ဗွီပိုး များပင် မဟုတ်ပါလော။ ထိုပိုးများကို ကုသပျေက်ကင်းမည်ဆိုလျှင်တော့ လက်တွဲလိုပါ၏။ အောက်ပါဖေါ်ပြချက်များသည် ဖတ်ရှုကြားနာ မှတ်သားခဲ့ရသော သင်္ကြန်နှင့်ပတ်သက်လို့ ဝေဖန်သုံးသပ်ချက်များစွာထဲမှ မှတ်မိသမျှကို ဖေါက်သည်ချလိုက်ခြင်း ဖြစ်ပါသည်။

(၁) ဖန်ပြာခွက်နှင့် ကျောက်စက်ရေ၊ အမောပြေအောင်တိုက်ပါ့ မမလို့ ဆိုခဲ့ကြသတဲ့။ ရေဖလားထဲကို သပြေခက်နှစ်ပြီး ရေဖျန်းတာကမှ ရေသဘင်ပွဲ ဆင်နွှဲတာတဲ့။ ဒါတွေက စာထဲမှာပဲ ကျန်ခဲ့တာ ကြာလှပြီထင်ပါရဲ့။ ကျူပ် အသက် ၆၀ ပြည့်ခါနီးပြီ။ စာထဲကလို ယဉ်ယဉ် ကျေးကျေး ရေဖျန်း၊ ရေလောင်းတာ တခါမှ မတွေ့ဖူးပါဘူး။ နာကျင်အောင် အနေခက်အောင် အကြမ်းဆုံး၊ အရမ်းဆုံး ခွက်စောင်းခုတ်တာပဲ တွေ့နေရတာ။ မြို့ပတ်ရထားစီးနေတုံး မြောင်းပုတ်ရေ အပက်ခံရဘူးတယ်။ လမ်းလျှောက်နေတုံး ကားပေါ်ကနေ  မစင်နံ့ နံတဲ့ရေနဲ့ အပက် ခံရဘူးတယ်။ ဘာလဲ။ ယဉ်ကျေးတယ်ဆိုတာ။

(၂) ရေသဘင်ပွဲ ဆင်နွဲတဲ့ကာလဟာ ပူပြင်းပြီး ရေရှားတဲ့နွေရာသီနော်။ အဖိုးတန်ရေချို ဂါလံပေါင်းများစွာ ဖြုန်းတီးလေလွင့်တဲ့ပွဲပဲ။ ဆင်ခြင် သုံးသပ်ဖို့ လိုပါပြီ။

(၃) သင်္ကြန်ကာလပိတ်ရက်ကို လျှော့ချရမဲ့ အစား ၁၀ ရက်ထိတောင် တိုးလိုက်တယ်။ အမြှော်အမြင် မရှိမှန်း သိသာတယ်။ ဝန်ထမ်းတွေကို ရက်ရှည်ပိတ်ရက်ပေးရမယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ အားလုံးကို တပြိုင်နက် ပိတ်ပေးရမှာ မဟုတ်ဘူး။ အလှည့်ကျ ခွင့်ပေးရမှာ။ ဒါမှသာ ရုံးဌာနတွေရဲ့ လုပ်ငန်းဆောင်တာကိုလည်း မထိခိုက်ပဲ၊ ဝန်ထမ်းတွေလဲ ရသင့်တဲ့ခွင့်ကို ရမှာ။ တပြိုင်နက် နားခိုင်းတော့ ခရီးစရိတ်ဈေးကြီးတဲ့ သင်္ကြန်မှာ သွားလာလည်ပတ်ဖို့ အရမ်းကိုခက်ခဲသွားတယ်။ လုံးဝ အဓိပ္ပါယ် မရှိဘူး။

(၄) သင်္ကြန်ဆိုတာ အစဉ်အလာအားဖြင့် ဗမာ၊ မွန်၊ ရခိုင်တွေက ဆင်နွှဲလာခဲ့ကြတာ။ ကျန်တဲ့တိုင်းရင်းသားတွေရဲ့ ရိုးရာမဟုတ်ဘူး။ လူမျိုး တစ်မျိုးရဲ့ ထုံးတမ်းကို အခြားလူမျိုးတွေအား  အတင်းအကြပ် မကျင့်သုံးစေသင့်ဘူး။ ပြည်ထောင်စုနိုင်ငံမို့ တို့တတွေ အတူတူကျင့် သုံးကြရ အောင်လို့ ဆိုတတ်ကြတယ်။ ဒါဆိုရင် ချင်းတွေတန်ဖိုးထားတဲ့ လုံယူးပွဲ (နွားနောက်သတ် အလှူပွဲ) ကို ကျန်တဲ့ပြည်နယ်၊ တိုင်းတွေမှာ အတူတူကျင့်သုံးကြရအောင်လို့ပြောရင် သဘောတူကြမှာလား။

(၅) ဘာသာရေး ရှုထောင့်ကကြည့်ရင် သင်္ကြန်မှာ ကုသိုလ်ဖြစ်တာထက်၊ အကုသိုလ်ဖြစ်တာ ပိုများမနေဘူးလား။ သေရည် သေရက်တွေ သောက်စားမူးယစ်လိုက်ကြတာ။ အရက်ရောင်းရတဲ့ ပမာဏအရေအတွက်ကို ခန့်မှန်းလို့ရတယ်။ ၁၂ လမှာ ဧပြီလဟာ အရက် အရောင်းရ ဆုံးလပဲ။ မူးယစ်ရမ်းကား ရန်ဖြစ်လို့အချုပ်ထဲ ရောက်သူတွေ၊ သေဆုံးသူတွေလည်း ဧပြီလမှာ အများဆုံးပဲ။ ရန်ကုန်ဆေးရုံကြီး အရေးပေါ် ဌာနမှာလုပ်ခဲ့ဖူးတဲ့ ဆရာဝန်တွေ အသိဆုံးပါ။ ယာဉ်တိုက်မှုတွေလဲ မကြားချင် အဆုံး။

(၆) ယဉ်ကျေးမှုရှုထောင့်ကပဲ ကြည့်ကြည့်၊ ဘာသာရေးရှုထောင့်ကပဲ ကြည့်ကြည့်၊ လုံးဝမဖြစ်သင့်တာကတော့  ကာမေသု မိစ္ဆာဆာရကံ တွေ ကျုးလွန်နေကြခြင်းပဲ။ အဖော်အချွတ် အတို အနံ့တွေ၊ မလုံ့တလုံတွေ ဝတ်ကြတယ်။ အလှုပ်အခါ အကုန်းအကွ အမူအရာကလဲ စုံ တယ်။ ဒီတော့ စိတ်ရိုင်းဝင်စေသလိုလည်း ဖြစ်နေတာပေါ့။ သူတို့ ပြောနေကြတာပဲ။ ခရစ္စမတ်ပွဲတော်ကျရင် ……..မှာနေတဲ့ မိန်းခလေးတွေ သဘောကောင်းတယ်တဲ့။ သင်္ကြန်ကျရင်တော့  မြို့သူတွေ သဘောကောင်းတယ်တဲ့။ တည်းခိုခန်းမှာ အမြဲ လူစည်နေတာကိုပဲ ကြည့်ပါ တဲ့။ မဏ္ဍပ်တွေရဲ့ ဘေးမှာ (သို့မဟုတ်) နောက်မှာ VIP ခန်းလိုလို၊ စုံတွဲ နားနေခန်းလိုလို တည်းခိုခန်းလိုလို လုပ်လာခဲ့ကြတာ ကြာပြီ။ ဒီနှစ်တော့ ဒါတွေ စစ်ဆေးမယ် ကြားရတယ်။

(၇) သင်္ကြန်မှာ ရန်သူကို အငြိုးကြီးကြီးနဲ့ တိုက်ခိုက်နေသလို ရိုင်းစိုင်းရမ်းကားစွာ နာကျင်ခံခက်အောင် ပက်ကြတယ်။ ၁၉၉၃ လောက် ကတော့ သတင်းစာတွေထဲမှာတောင် ရမ်းကားကြလွန်းလို့ မျက်စိကန်းသူတွေ၊ နားပင်းသူတွေ ကျိုးပဲ့သူတွေအကြောင်း ဝေဝေဆာဆာ ဖတ်ရတယ်။ နောက်ပိုင်း သတင်းမထည့်ကြဘူး။ ဒါမျိုးတွေ များများထည့်သင့်တယ်။ ဆေးလိပ်သောက်လို့ ရောဂါဖြစ်ပြီး သေသူတွေကို များများတွေ့ရလေ၊ ကြောက်လေ ဖြစ်ရအောင် လုပ်သလိုမျိုးပေါ့။

(၈) သင်္ကြန်မှာ  ကျမတို့မိန်းခလေးတွေ  ကိုယ်အမူအရာနဲ့ရော နှုတ်အပြောအဆိုနဲ့ပါ မျိုးစုံအောင် အစော်ကား ခံရဖူးတယ်။ ဟိုတိုင် ဒီတိုင် တိုင်လည်း ရပ်ကွက်လူကြီးတွေက သင်္ကြန်ပဲ။ ဒီလောက်တော့ ရှိမှာပေါ့။ သည်းခံလိုက်ပါတဲ့။ တစ်ခါတုံးကတော့ ရဲစခန်းထိသွားတယ်။ ဘာမှ လာဘ်မထိုးနိုင်လို့နဲ့ တူတယ်။ ဟိုလိုလို ဒီလိုလို ဖြစ်သွားရော။ မျိုးစုံအောင် အမေးခံရတာပဲ အဖတ်တင်တယ်။ အမှု ပြန်မပတ်တာပဲ ကံကောင်းတဲ့။ သင်္ကြန်ဆိုတာ တရားဝင်မိုက်ရိုင်းခွင့်ပေးထားတဲ့ ခေတ်ပျက်ခေတ်ဆိုး ကာလလားလို့ စဉ်းစားမိတယ်။ ခုတော့သိပြီ။ သင်္ကြန်ဆိုရင် အပြင်ကို လုံးဝမသွားတော့ဘူး။

(၉) စင်ကာပူနိုင်ငံဆိုရင် တရုတ်လူဦးရေ ၇၅ ရာခိုင်နှုန်းကျော်ရှိတယ်။ ဒါပေမဲ့ တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်ဟာ  ၂ ရက်ထဲပဲ။ ဖွံ့ဖြိုးပြီး နိုင်ငံတောင် ၂ ရက်ပဲ ပိတ်တာ။ ဆင်းရဲတဲ့ တို့နိုင်ငံက ၁၀ ရက်ပိတ်တယ်။ ဆင်းရဲရတဲ့အကြောင်းရင်းထဲမှာ ဒါတွေလဲပါတယ်။ သင်္ကြန် ကာလမှာ ငွေရှိတဲ့လူက အကြောင်းမဟုတ်ပေမဲ့၊ လက်လုပ်လက်စားတွေ နေ့စားအလုပ်သမားတွေ သိပ်ဒုက္ခရောက်တယ်။

(၁၀) တချို့ကပြောတယ်။ အနောက်နိုင်ငံတွေမှာလည်း ခရစ္စမတ်ကာလမှာ မူးယစ်ရမ်းကားယာဉ်တိုက်မှုတွေကြောင့် လူများစွာသေကြတာ ပါပဲ။ မြန်မာတနိုင်ငံထဲ မဟုတ်ပါဘူးတဲ့။ မကောင်းတာကိုများ သွားပြီးအတုယူစရာလားဗျာ။ ကောင်းတာဆယ်မျိုးကို အတုမယူပဲ၊ မ ကောင်းတာ တစ်မျိုးကို အတုယူတယ်။ မိုက်ပ။ အ, ပ။

(၁၀) သင်္ကြန်ကာလမှာ မြို့တွင်းပို့ဆောင်ရေးလဲ ခက်ခဲတယ်။ အဝေးပြေးပို့ဆောင်ရေးလည်း ခက်ခဲတယ်။ မခက်ခဲအောင် ဖြေရှင်းပေးနေပါ တယ်ဆိုတာ လိမ်တာပဲ။ အာလူးပဲ။ ကားသမားတွေ၊ ကားပိုင်ရှင်တွေကလည်း ရေတွေပက်ကြ၊ မိုက်ရိုင်းကြနဲ့ ရှုတ်ရှက်ခတ်နေတဲ့ကာလမှာ ရေအပက်ခံ၊ ကားအနာခံပြီး ဆွဲရတော့ ငွေ ပိုမယူလို့ဖြစ်မလား။

(၁၁) မဏ္ဍပ်တွေမှာ ရေပက်ခဈေးနှုန်းတွေက ခေါင်ခိုက်နေတာပဲ။ ၄ ရက်စာကို ၅၀၀၀၀ ကျော်အထိ ရှိသတဲ့။   မဏ္ဍပ်လေလံအောင်တဲ့သူက လက်လွှဲရောင်းလိုက်တာတောင် အသားတင် သိန်း ၃၀၀ မြတ်သတဲ့။ဟိုတုန်းကတော့ ဓါတ်ဆီ၊ ဒီဇယ် လှောင်တဲ့သူတွေ မြိုးမြိုး မြက် မြက်ရကြတယ်။ ဆေးရုံတွေ၊ ရဲစခန်းတွေ၊ တရားရုံးတွေလည်း ဖောက်သည်တွေများများရကြတာပေါ့။ ရေပက်ခံကားခတွေလည်း ခေါင် ခိုက်ေ တတ်တာပါပဲ။ သင်္ကြန်နားနီးပြီဆိုရင် အထွေထွေကုန်ဈေးနှုန်းတွေ မသိမသာဖြစ်ဖြစ် သိသိသာသာဖြစ်ဖြစ် တက်လေ့ရှိတယ်။ သင်္ကြန်ပြီးသွားပေမဲ့ တက်နေတဲ့ ကိုယ်တော်ချောကုန်ဈေးနှုန်းက ပြန်မကျတော့ဘူး။ ကျက်သရေရှိတယ်ဆိုတဲ့ သင်္ကြန်က၊ ကျက်သရေ မရှိတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဖြစ်ပေါ်စေတော့တာပဲ။သင်္ကြန်မှာ ခါတော်မှီအချို့ ကောင်းစားတာကလွဲရင် ပြည်သူအများစု ဒုက္ခရောက် ပါတယ်။

(၁၂) နေရာ အနှံ့ရေပက်နေတော့ လူတွေ ကသီလင်တဖြစ်တယ်။ ဒါ့ကြောင့် သင့်တော်ရာ ဝင်းခြံဧရိယာတွေ (သို့မဟုတ်) နေရာ အဝိုင်း အဝန်းတွေ သတ်မှတ်ပြီး၊ အဲဒီမှာသာ ရေပက်စေသင့်ပါတယ်။ ကျန်တဲ့နေရာတွေမှာ လုံးဝ မပက်စေသင့်ပါ။ သင်္ကြန်ရေထိမှ ကျန်းမာတယ် ဆိုတာ အရူးစကားပါ။ ဘုရားဟော မဟုတ်ပါ။

 

(၁၃) သင်္ကြန်တွင်းမှာ အရေးပေါ်လူနာတွေ ၊ ကလေးမွေးတဲ့ ဗိုက်ကြီးသယ်တွေ ၄ ဆလေက် ငွေပိုကုန်ပြီး၊ ၄ ဆမက ဒုက္ခရောက်ကြပါ တယ်။ ကျန် လူမှုရေးအခက်အခဲတွေလဲ တသီတတန်းကြီးပါ။

 

(၁၄)  နေပူကြီးထဲတွင် ခရမ်းလွန်ရောင်ခြည် မြင့်မားမှုကြောင့် သင်္ကြန်ကာလတွင် အပြင်ထွက် ကဲမည့်သူများအတွက် အရေပြားကင်ဆာကို ဖိတ်ခေါ်ရာရောက်၏။ ဒါနှင့်ပတ်သက်ပြီး ပညာရှင်ဦးထွန်းလွင်က မကြာခဏ သတိပေးနေပါသည်။

 

(၁၅) ဆရာဝင်းဖေရဲ့ သင်္ကြန်အတွေး စာမူကို မိုးမခမှာ ဖတ်ရတယ်။ လူမှာ စိတ်ကောင်းရော စိတ်ညံ့ပါ ….ပါလာကြတယ်။ စိတ်ကောင်းကို ကျင့်သုံးဖို့လွယ်ပါသတဲ့။ စိတ်ညံ့ကိုကျတော့ အညောင်းပြေရလေအောင် သင်္ကြန်ကို ဆင်နွဲရတယ်လို့ ယူဆကြောင်းရေးခဲ့ပါတယ်။ သင်္ကြန် ကို လူရိုင်းပွဲတော်အဖြစ် အညောင်းပြေ ကျင်းပကြတယ်လို့ သဘောပေါက်မိပါတယ်။