ရောက်တတ်ရာရာ အတိုအစများ

မောင်ရင်ငတေ 
အောက်တိုဘာ ၂၅၊ ၂၀၁၂
• ယူရိုပီယမ် ရှန်ဂန်ဗီဇာ Schengen Visa

Schengen Visa လို့ အမည်ခေါ်တွင်ခဲ့ရတာကတော့ Les accords de schengen (Schengen Agreement) စာချုပ်ကို ဒီ Schengen ရွာကလေးမှာ လက်မှတ်လာထိုးကြတာနဲ့ဘဲ ဒီနာမည်ဟာ ကမ္ဘာပတ်ချင်သူများအတွင်းမှာ လူသိများထင်ရှားလာခဲ့တာပါ။ ရှန်ဂန်မြို့ဟာ ဂျာမဏီ ပြင်သစ် လူဇမ်ဘတ် သုံးနိုင်ငံ နယ်စပ်ဧရိယာအနီးမှာတည်ရှိတဲ့ လူဇမ်ဘတ်နယ်မြေထဲက တောမြို့လေးတမြို့ပါ။ ဒီသုံးနိုင်ငံကို ဖြတ်သန်းစီးဆင်းတဲ့ မိုဆယ်မြစ်ကလေးပေါ်က စပျစ်ခင်းတွေပေါများတဲ့ ဝိုင်ချက်လုပ်ရာ တောမြို့တကယ်ကတော့ ရွာသာသာပါ။ လူဦးရေ ၁၅၀၀ ကျော်ကျော်သာ နေပါတယ်။

 

ဒီရှန်ဂန်ရွာကလေးဟာ မူလရှေးရိုးရာဓလေ့မပျက် စပျစ်တွေစိုက်ပျိုး ဝိုင်တွေချက်နေရာကနေ ဒီစာချုပ်ကိုချုပ်ဆိုခဲ့ပြီးနောက်ပိုင်းမှာတော့ ရှန်ဂန်ဗီဇာဆိုပြီး လူသိများ ထင်ရှားလာခဲ့တာပါ။ ရှန်ဂန်ရွာကိုတော့ ရှိတယ်လို့တောင်သိတဲ့သူသိပ်ရှိမှာ မဟုတ်ဘူးထင်ပါတယ်။ ၁၉၈၅ မတိုင်ခင်မှာ ဥရောပဘူဇွာနိုင်ငံကြီး နှစ်နိုင်ငံဖြစ်ကြတဲ့ ပြင်သစ်ရယ် ဂျာမဏီရယ် BeNeLux လို့အမည်တွင်တဲ့ ဘယ်လ်ဂျီယမ် နယ်သာလန် လူဇမ်ဘတ် ငါးနိုင်ငံနဲ့ စတင်ဆွေးနွေးခဲ့ ကြပါတယ်။ ၁၉၈၅ မှာ Belgium, Netherlands, Luxembourg, France, Germany, Portugal and Spain ၇ နိုင်ငံနဲ့စတင်ခဲ့ပြီး ၂၀၀၇ မတိုင်ခင်မှာ Austria, Denmark, Finland, Iceland, Italy, Greece,  Norway, Sweden တိုးလာပြီး ၁၅ နိုင်ငံဖြစ်လာပါတယ်။ ၂၀၀၇ အကုန်မှာ Poland, Czech Republic, Slovakia, Hungary, Slovenia, Malta, Estonia, Latvia and Lithuania ၉ နိုင်ငံ၊ ၂၀၀၈ ကုန်မှာတော့ Switzerland နိုင်ငံ ပါဝင်လာခဲ့ပါတယ်။ ရှန်ဂန်ဧရိယာထဲမပါရှိတဲ့ နိုင်ငံကတော့ ဂရိတ် ဗြိတိန်ဘဲဖြစ်ပါတယ်။ ဒါကြောင့် အရင်လထဲကဆိုရင် မောင်ရင်ငတေဆီကိုလာလည်ချင်ကြတဲ့ ရွှေမိတ်ဆွေများခမျာ ဗီဇာလျှောက်ရတဲ့ အခက်ခဲကြောင့် မလာဖြစ်ခဲ့ကြပါဘူး၊ အဲဒီထဲမှာမှ ပြင်သစ်ရှန်ဂန်ဗီဇာက ပိုခက်ခဲပါသတဲ့။ ဒါကြောင့် ရှန်ဂန်ဗီဇာလျှောက်ချင်ရင် ပြင်သစ် သံရုံးမှာ မလျှောက်ဘဲနဲ့ ပိုမိုလွယ်ကူတဲ့ အီတလီသံရုံးတို့ ဘယ်လ်ဂျီယမ်တို့ကနေ လျှောက်ရင် ပိုမိုလွယ်ကူကြောင်း အတွေ့အကြုံရှိသူတွေက အကြံဉာဏ် ပေးကြကြောင်းပါ။ သေချာတာကတော့ အခုနှစ်ပိုင်းတွေမှာ အရင်နှစ်များထက်စာရင် ပိုပိုပြီးတော့ ခက်ခဲလာတာပါ။ ဦးသူ စားစတမ်ပေါ့နော်၊ အင်္ဂလန်ကနေ ဥရောပကုန်းမကြီးကိုလာဖို့ ရှန်ဂန်ဗီဇာလိုအပ်သလို ဥရောပရှန်ဂန်ဗီဇာရထားသူတွေလည်း အင်္ဂလိပ် ကျွန်းဘက်ကူးချင်ရင် ဗီဇာလိုပါတယ်။ ၂၀၀၃ ခုနှစ်မတိုင်မီက မောင်ရင်ငတေတို့လို  ပြင်သစ်ခရီးသွားလက်မှတ်ကိုင်ထားသူတွေအတွက် အင်္ဂလန်ဗီဇာ မလိုခဲ့ပါဘူး၊ မောင်ရင်ငတေလည်း သွားဖို့အခွင့်ရခဲ့တုံး သွားခဲ့လို့ ဘိလပ်ပြန်ဘွဲ့ ရခဲ့ဘူးပါတယ။် ငယ်စဉ်ထဲက နယ်ချဲ့ဗြိတိသျှ နေမဝင်အင်ပါယာကြီးရဲ့ မြို့တော်ကို ရောက်ဖူးချင်ခဲ့လို့ ပထမဆုံးခရီးအဖြစ် ရောက်အောင် သွားခဲ့တာပါ၊ အခုများတော့ ရရှိပြီးသား အခွင့် အရေးများလျှော့ချခံရပြီးတော့ အင်္ဂလန်ဗီဇာလျှောက်ဖို့ လိုအပ်လာပါတော့တယ်။

ဥရောပကို ရှန်ဂန်ဗီဇာလျှောက်ထားဖို့ လိုအပ်တဲ့နိုင်ငံတွေ အများအပြားရှိပါတယ်။ အနီရောင်စာအုပ်ကိုင်ဆောင်ကြတဲ့ မောင်ရင်ငတေတို့ရဲ့ မွေးရပ်ဌာနေသားများကတော့ ဘယ်မလိုဘဲရှိပါ့မလဲ လိုတာပေါ့နော်။ နောက်သိပ်မကြာခင်မှာတော့ ချမ်းသာပွင့်လင်းလူ့ဘောင် ဖြစ်လာ တော့မယ့် မြန်မာပြည်သားတွေအတွက်တော့ လိုအပ်ကောင်းမှ လိုတော့မှာပါနော်။ အဲဒီလို ဘာမှမလိုတော့တဲ့ခေတ် မောင်ရင်ငတေ မှီ လိုက်ချင်စမ်းပါဘိတယ်။ အခု လောလောဆယ်တော့ မလျှောက်မဖြစ် ဗီဇာလျှောက်ထားဖို့ လိုအပ်ပါတယ်။ မောင်ရင်ငတေတို့လို ခြေဗွေရာ ပါသူတွေအတွက်တော့ မဖြစ်မနေသိထားသင့်တဲ့ ဗီဇာလျှောက်ပုံလျှောက်နည်းတွေ ရှိပါတယ်။ အခြေအနေနဲ့ အချိန်အခါပေါ်မူတည်ပြီး တော့ အပြောင်းအလဲတွေရှိပါတယ်။ ဒါပေမဲ့ စိုင်ကော်လို့ ဥရောပရောက်လာတဲ့ မောင်ရင်ငတေအတွက်ကတော့ ဥရောပတလွှားကို ခြေ ဆန့်ခွင့် ရခဲ့တာဟာ ရှန်ဂန်ဗီဇာဧရိယာတွေကို ဗီဇာတောင်းစရာမလိုဘဲ အလွယ်တကူ သွားလို့လာလို့ရနေလို့ပါ။ အထင်မကြီးကြပါနဲ့ဗျာ။ မောင်ရင်ငတေတို့လို စပ်မိစပ်ရာ ဝါသနာပါမယ် ခြေဖဝါးမှာဗွေပါတယ်ဆိုရင်တော့ ဥရောပဟာ သိပ်သွားလို့ကောင်းတဲ့ မြေပြင်ကြီးပါ။ ဒီမြေပြင်ကြီးက သိပ်ပြီးတော့လည်း တမျှော်တခေါ်ကြီး ကျယ်တာလည်းမဟုတ်ဘူး တနိုင်ငံနဲ့တနိုင်ငံ တမြို့နဲ့တမြို့ သိပ်မဝေးလှဘူး၊ လမ်း ပန်းဆက်သွယ်ရေးကလည်း အရမ်းကောင်း၊ သွားလာစရိတ်ကလည်း ချွေတာတတ်ရင် သက်သာပါတယ်။ သုံးလေးနာရီသွားတာနဲ့ နိုင်ငံ ရပ်ခြားကို ရောက်သွားတာပေါ့။ ယူရိုပီယမ်ယူနီယံ တခုလုံးပေါင်းမှ အမေရိကန်အကျယ်လောက်ဘဲ ရှိတာမဟုတ်လား။ အမေရိကမှာဆို ရင်တော့ တနိုင်ငံထဲဘဲ ရောက်ဖူးတယ်ပြောလို့ရမယ်။ ဥရောပမှာတော့ နိုင်ငံအများကြီးရောက်ဖူးတယ်လို့ အများတကာအထင်ကြီးအောင် ပြောလို့ရတာပေါ့နော်။

ဒီ Schengen Agreement ဟာသူတို့အတွက် ယူရိုပီယမ်တွေအတွက် ဘာတွေဘယ်လောက်များ အကျိုးပိုထူးလာစေလဲလို့ မောင်ရင်ငတေ မလေ့လာချင် မစူးစမ်းချင်မိပါဘူးခင်ဗျာ။ သူတို့ကသူတို့ စစ်ရေးစီးပွားရေး မဟာဗျူဟာတွေ နည်းဗျူဟာတွေ ငပွကြီးဗျူဟာတွေ လုပ်ချင် လုပ်ချင် ဘာမှပြောစရာမရှိပါဘူး။ ဒါတွေကို ဒီနေရာကနေ ဝေဖန်ရေး လေကန်ရေးတွေလုပ်နေရင် ဘယ်သူဘယ်သူမှာမှ အကျိုးကျေးဇူး တွေရှိမှာ မဟုတ်တဲ့အတွက်ကြောင့် မလုပ်တော့ပါဘူးနော်။ ကိုယ့်ဇာတိချက်ကြွေ မွေးရပ်မြေမှာတောင် ကိုယ့်နိုင်ငံအကြောင်းကိုယ်ပြော ချင်တာတွေကို လက်ခံချင်တဲ့သူ တစတစ နဲပါးလာခဲ့ပြီ မဟုတ်ပါလား။ ကိုယ့်သားချင်းအရင်းတွေအထဲက နောက်ပေါက်ချွတ်တားလေးတွေကတောင်မှ ဒီဘဲကြီး ဘာမှမသိပါဘူးလို့ဖြစ်နေပြီကောမဟုတ်လား။ မောင်ရင်ငတေတို့အတွက်တော့ တနိုင်ငံကနေ တနိုင်ငံကို ချက်ပွိုင့် တွေ၊ ဘော်ဒါကွန်ထရိုးလ်တွေ၊ လဝကတွေ၊ ကူလီကူမာတွေ၊ ဘာတခုမှမရှိတော့တာကိုဘဲ အတော်ကြီးကို အကျိုးထူးလို့နေပါပြီ။ မောင်ရင် ငတေတို့ကိုင်ထားတာကလည်း ပတ်စ်ပို့စ်မဟုတ်တဲ့ ခရီးသွားလက်မှတ်ဘဲရှိတာမဟုတ်လား။ ဒီရှန်ဂန်သဘောတူညီချက်က ဆရာ့ ဆရာကြီးများအတွက်သာပင် အရေးကြီးတာမဟုတ်ဘဲ မောင်ရင်ငတေကဲ့သို့သော အခြေခံလူတန်းစားတွေအတွက်လည်း အစစ်ဆေး အမေးမြန်းတွေ မထူတော့ဘဲ ကိုယ်ရောက်ဖူး သွားဖူးချင်တဲ့နေရာတွေ ဒေသတွေကို သွားရေးလာရေး ပိုမိုလွယ်ကူ အစဉ်ပြေစေခဲ့ပါတယ်။ ဒါပေမဲ့ တခါတလေမှာတော့ အကောက်ခွန်ရဲတွေရဲ့ အစစ်ခံရတာတွေရှိပါတယ်။ ရိုးရိုးခရီးသွားတွေမဟုတ်ဘဲ ဒီလွတ်လပ်ခွင့်တွေကို အ ခွင့်ကောင်းယူနေသူတွေရှိနေတာကြောင့် မောင်ရင်ငတေလည်း အမေးခံ အစစ်ခံရတာတွေ ကြုံခဲ့ဖူးတာပေါ့။ အီတလီ စပိန် ပိုလန် ချက် နယ်ဘက်ကနေ ဒီဘက်အခြမ်းကို ပြန်ဝင်လာတဲ့အခါမှာ အစစ်ဆေး အမေးမြန်း ပိုထူပါတယ်။ ဘာလို့လည်းတော့မသိ မောင်ရင်ငတေ ရုပ်ကဘဲ အကြမ်းဖက်သမားပုံပေါက်နေလို့လား၊ ဆေးသမားရုပ်ထွက်နေလို့လားမသိ။ တခါတခါ ရထားပေါ်မှာ ကားပေါ်မှာ တယောက် တည်းကိုဘဲ စာအုပ်လာအစစ်ခံရတတ်ပါတယ်။ တောင်အမေရိကသားများဖြစ်ကြတဲ့ ကိုလံဘီယာတို့ ချီလီတို့ ပီရူးလို လူမျိုးရုပ်တွေကို ပိုပြီးအလေးထား အစစ်ဆေးများပါတယ်လို့ မိတ်ဆွေပြင်သစ်လူမျိုး အကောက်ခွန်ဝန်ထမ်းတယောက်က ပြောဖူးပါတယ်။ အကောက်ခွန်ဌာ နကတော့ နယ်စပ်ဂိတ်တွေမှာ လဝကအလုပ် လူအဝင်အထွက်စစ်ဆေးရေးအလုပ်တွေကိုပါ သူတဦးတည်း လုပ်ကိုင်နေရတဲ့ပုံစံပါဘဲ။

 

ဒီအပေါ်ပုံက Zollamt ဆိုတဲ့ နယ်စပ်အကောက်ခွန်ဂိတ်လေးတွေကို တခါတလေမှာ ဘယ်လို ဘယ်လိုဖြတ်သွားမှန်းတောင် သတိမထားမိ လိုက်ပါဘူး။ တချို့ဂိတ်တွေဆိုရင် ဆိုင်းဘုတ်တောင်မှ မတွေ့ရပါ။ အဓိက Autoroute လို့ခေါ်တဲ့ အမြန်လမ်းမကြီးတွေ ဖြတ်သန်းသွားတဲ့ နယ်စပ်ဂိတ် တချို့မှာတော့ လုံခြုံရေး တော်တော်များများ တွေ့မိရတတ်ပါတယ်။ ဒါပေမဲ့ တကယ့်တကယ် မဟုတ်တာလုပ်ဖို့ ရည်ရွယ်ချက် ထားတဲ့သူတွေအတွက်ကတော့ ရှောင်ကွင်းသွားနိုင်စရာ လမ်းသိမ်လမ်းမွှားတွေ အများကြီးရှိနေတာပါ။ လိုင်းကားသာ အစီးများတဲ့ မောင် ရင်ငတေတယောက်ကတော့ လိုင်းကားပေါ်မှာ တခါတရံ အစစ်ဆေးခံရပေမဲ့ သူငယ်ချင်းအသိမိတ်ဆွေတွေရဲ့ ကိုယ်ပိုင်ကားများနဲ့ သွားတဲ့ အခါများမှာတော့ တခါဖူးမျှ အစစ်ဆေးမခံရဘူးပါခင်ဗျာ။ စကားစပ်လို့ မောင်ရင်ငတေ ပြင်သစ်စာသင်တန်းတခုတုံးက ရင်းနှီးခဲ့ဖူးတဲ့ ရုရှ ခွဲထွက်တနိုင်ငံဖြစ်တဲ့ ဂျော်ဂျီယာသားတဦးကတော့ သူကတကယ်ဆိုရင်တော့ တူရကီလူမျိုးတဦးဖြစ်ပါတယ်တဲ့။ ဂျော်ဂျီယာမြေကို ငယ် ငယ်ကတဲကရောက်၊ ဂျော်ဂျီယာကျောင်းတက် ဂျော်ဂျီယာစကားတတ် ဂျော်ဂျီယာလူမျိုးဖြစ်လာပြီး အခုတော့ ပြင်သစ်မှာ ဂျော်ဂျီယာနိုင်ငံ ရေး ခိုလှုံခွင့်နဲ့နေတာပါတဲ့။ တဆွေလုံး တမျိုးလုံးနီးပါး ဒီမှာရောက်နေပါတယ်တဲ့။ ခုတော့ သူဒီမှာ ကားတစင်းဝယ်ပြီး တူရကီဘက်ကနေ ကုန်ပစ္စည်းတွေကို သယ်တဲ့အလုပ် လုပ်နေပါတယ်တဲ့။ မိတ်အင်တူရကီ Nike တို့ Adidas တို့ ပေါချောင်ကောင်း ရနိုင်ပါတယ်တဲ့ဗျာ။ အဲဒါ ရှန်ဂန်ရဲ့ကျေးဇူး ဘယ်ကင်းပါ့မလဲတဲ့။

ဒီလို ဒီလို ပုံပြင်တူတွေ အများကြီးရှိပါတယ်ဗျာ။ ဆက်ရေးရရင်တော့ မီးရထားနဲ့သွားရင်လည်း လိုင်ကားနဲ့သွားတာလောက် အစစ်ဆေး မရှိပါဘူး။ စရိတ်စကတော့ ပိုကုန်ပေမဲ့ သွားရတာ ပိုသက်တောင့်သက်သာရှိပြီး ပိုမြန်ဆန်ပါတယ်။ ကားနဲ့ဆို နှစ်ဆလောက် ပိုကြာပါတယ်။ ဒါပေမဲ့ သိပ်ပြီးတော့ ဝေးကွာလှတာမဟုတ်တဲ့ (မောင်ရင်ငတေ မှတ်မိသလောက်ဆိုရင် ၅၆ မိုင်ထင်ပါတယ်) မြင်းခြံ-မိတ္ထီလာ ကားလမ်း ခရီးလိုမျိုးကို ဟိုင်းလတ်ကားခေါင်မိုးပေါ်ကနေပြီး တရွာဝင်တရွာထွက် ကုန်တင်လိုက် ကုန်ချလိုက်နဲ့ နေပူပူ လေပူပူမှာ တနေကုန်နီးနီး မောင်းရတဲ့ ခရီးမျိုးတွေရယ် တခေတ်တခါက ခေတ္တရာမန်းလို ဗိုက်ပူဘတ်စကားအိုကြီးတွေမှာ ခြေချစရာမရှိ ခုံအောက် ပဲအိပ်နှမ်းအိတ် တွေအပြည့်နဲ့ အိပဲ့အိပဲ့ တနာရီတခါလောက် ကားပျက်လို့ပြင်ရတာရော ကားဆရာ နားချင်လို့နားတာရော ဟိုနားဒီရပ်နဲ့ ညလုံးပေါက် စီး လာခဲ့ဖူးတဲ့ မောင်ရင်ငတေအတွက်တော့ ဒီမှာစီးရတဲ့ ခရီးဝေးသွား ဘတ်စကားလောက်တော့ ဘယ်မှုပါ့မလဲ မဟုတ်ပါလား။ ဒီက လိုင်း ဘတ်စ်ကားတွေရဲ့အဆင့်အတန်းကလည်း ခုနေချိန်ခါမှာ သိပ်အဆင့်မြင့်ပါတယ်လို့တော့ ပြောမရတော့ပါဘူး။ ကားပေါ်က သန့်စင်အိမ်သာ တွေကလည်း မသန့်စင်တော့လို့လားမသိ။ အလုပ်မလုပ်ဘဲ ပိတ်ထားတာများပါတယ်။ တယ်လီဗေးရှင်းတွေပါပေမဲ့ ပျက်နေလို့လား ခိုးကူး ခွေ မဝယ်နိုင်လို့လား မသိပါဘူးဗျာ။ တခါမှဖွင့်တာလည်း မတွေ့မိရပါဘူး။ နားညည်းတော့လည်း သက်သာစေတာပေါ့။ ကားပေါ်မှာ များ သောအားဖြင့် ကားမောင်းသူတဦးသာ ပါပါတယ်။ ဘာအကျွေးအမွေး ဘာဖျော်ဖြေရေးမှမပါတော့လည်း အပိုဝန်ထမ်း ကိုကိုမမတွေ မလို ဘူးပေါ့ဗျာ။ နောက်ပြီးတော့ ခရီးသည်ဦးရေက ကားပေါ်ပါထိုင်ခုံဦးရေထက် နည်းနေတာ အမြဲလိုလိုဆိုတော့ မောင်ရင်ငတေ့အတွက်တော့ လွတ်တဲ့ခုံကို ပြောင်းထိုင်ပြီး လမ်းဘေးတွေ့သမျှကို မှတ်တမ်းတင်ဓါတ်ပုံတွေ ရိုက်နိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ အဓိကစိတ်ချမ်းသာရတဲ့ အချက် တခုကတော့ တခါတလေ ဘယ်လောက်လူများလူများ အလယ်ခုံ ကြားခုံမထိုးပါဘူး။ ကားမောင်းသူကလည်း သူ့လစာသူ လုံလောက်နေ လို့လားတော့ မသိပါဘူး။ အကြံအဖန် လမ်းလူတင်တာတို့ ကုန်ရှာတာတို့ တတ်ဟန်သိဟန် လေ့လာဖူးဟန် မတူပါဘူးဗျာ။ ဒီသင်တန်းတွေကို မောင်ရင်ငတေ ဦးဆောင်ပြီးပို့ချရရင်ဖြင့် ကမ္ဘာကျော် သန်းကြွယ်သူဌေး ဖြစ်နိုင်တာပေါ့နော်၊ သူတို့ကလည်း လုပ်မဲ့လုပ်ရင်တော့ ဒီလိုကြား ခုံထိုးတာလောက်တော့ ဘယ်လုပ်မလဲနော့။ အချီကြီးမှ စိတ်ဝင်စားတော့မယ်ထင်ပါရဲ့။ လိုင်းကားတွေအဆင့်က သိပ်မကွာပေမဲ့ လမ်းတွေ ကတော့ သိသိသာသာကို ကွာခြားလှပါတယ်။ ရွာလမ်းကလေးတွေ တောလမ်းကလေးတွေတောင်မှ သိသိသာသာ ကွာခြားလှပါတယ်။ ဒါပေမဲ့ ဒီတောကျေးလက်လမ်းကလေးတွေဟာ သန့်ရှင်းလွန်း သပ်ရပ်လွန်း ကောင်းလွန်းနေပြန်တော့လည်း ကြည့်ရှုလို့ ကောင်းတာမှန်ပေမဲ့ မူလသဘာဝ လမ်းအလှတွေ ပျက်ပြယ်သွားသလိုလို ဖြစ်ပေါ်ခံစားရကြောင်းပါ။ မောင်ရင်ငတေ ငယ်ငယ်ကျောင်းသားဘဝက ခေါက်တုန့် ခေါက်ပြန် အကြိမ်ကြိမ်အလီလီသွားခဲ့ဖူးတဲ့ ပုပ္ပားတောင်တဝိုက်က လမ်းဘေးဝဲယာ တဘက်တချက်က ထန်းပင်ထန်းတောတွေရယ် ဇီးပင် မကျည်းပင်တွေရယ် အခြား မောင်ရင်ငတေ အမည်မသိတဲ့ အပင်ကြီးမျိုးစုံတွေကြားထဲက မိတ်ကပ်လိမ်းမထားသလို တွေ့မြင်ခဲ့ရတဲ့ သဘာဝအညာလမ်း ခပ်ကြမ်းကြမ်းတွေကိုဘဲ ပြန်လည်လို့သတိရမိရပါတယ်ဗျာ။