Poems

မင်းကောင်းချစ် – အညာသီရံကျားရဲ့ ရင်ကွဲ အလွမ်းများ

အညာသီရံကျားရဲ့ ရင်ကွဲ အလွမ်းများ
မင်းကောင်းချစ်
ဧပြီ ၁၀၊ ၂၀၁၄
 

သီဟပူရမြို့တဲ့..လား။

င်္ခြသေ့တပိုင်း၊ငါးတစ်ပိုင်း

လူလုပ် ခြတောင်ပို့တွေ အပြိုင်းရိုင်းနဲ့

ကွန်ကရစ်တောကြီး ညို့ဆိုင်းနေတဲ့ မြို့။

အီကွေတာနဲ့ မလှမ်းမကမ်းမှာ

အရှေ့နဲ့အနောက် သမူဟ ပြု

ခေတ်ပြိုင်သောကတွေ စုစုပြီးပေါက်ကွဲ

ဘူဇွာ ဂလေဒီရေတာတွေ အလံလုတဲ့ပွဲမို့…..

သဲသဲမဲမဲ ရှင်သန်မှုအတွက်စစ်ခင်း

ဈေးကွက်စီးပွားရေးပြိုင်ကွင်း၊

ဒါဝင်ရဲ့စံနစ်တွင်းမှာ

အင်ဖော်မေးရှင်း ပွဲစား

ရှယ်ယာမုဆိုး

ဒေါ်လာကျွန်

အင်တာနက်ကုန်သည်

လူလည် လူကြွယ်တွေ ပေါတဲ့မြို့ ။

ဝဋ်နာလား….ကံနာလား

ကွဲကွဲပြားပြား ကျုပ်မသိ ။

တရိရိ ဆွေးမိတာက

ကိုယ့်နောက်မှ မွေးလာတဲ့ အဲ့ဒီမြို့မှာ…

မချိတင်ကဲ….

ကိုယ့်ကိုယ်ကို ရောင်းစား…….

အားတော့ အနာသား ။

ယုံပါ့မလား …..

အဆီတထပ် အသားတထပ် မနက်ဖြန်အတွက်

သဲတရှပ်ရှပ် ဖုံတသောသော

သူပိုင်တောကို စွန့်ခဲ့လို့ ….

အမျိုးပစ်ကျားဘဲ ခေါ်ခေါ် ….

ဒွေးတော်လွမ်းကျားလို့ဆိုဆို…..

ဆိုချင်သူ သဘောတိုင်းရှိစေ။

ဒါပေသိ——-

နာတာရှည် နှလုံးသားနဲ့

ဒီ အညတြကျားဟာ

ဇာတ်တူသား အမျှင်တဖတ် မစားခဲ့ ။

အနှစ် ၃၀လုံးလုံး

ပြုံးပြုံးကြီး ရှူခဲ့တဲ့ အောက်ဆီဂျင်တွေအတွက်

မှီဝဲဖူးတဲ့ မြေဆီတွေအတွက်

နှမ်းတလုံး သဲတပွင့်

ဖြစ်ခွင့်မကြုံလေသမျှ

ပ၀တ္တိသားတို့ ထုံးစံအရ

အများယိုတဲ့ချီး ကျုံးကျုံးပက်တဲ့ပြီး

ရှင်းခဲ့ရ …လင်းခဲ့ရ ။

ဟောဒီမှာ

၁၂ ရာသီပတ်လုံး

အသူရာနဲ့သိကြား နပန်းလုံး

ဒိန်းဒလိန်း ဒုံးသံညံ

ဂိမာန်နဲ့ ဟေမန္တ

တလွမ်းသသ မေ့မရဘူး ။

နိုးမန်းနီး …

နိုးဟန်းနီးတဲ့….

ဆိုရိုးစကား

ဒီမြို့သားတွေ နှုတ်ဖျားခိုနား

ဗြဟ္မစိုရ်တရား၊ လောကပါလတရား

ခင်ဗျားဘယ်မှာလဲ ။

သိမှာ မဟုတ်ဘူး

ဟောက်ပက်ကြီးဖြစ်နေတဲ့ ရင်ဘတ်

ထူးခတ်ထားတဲ့ သစ္စာ

အသက်မပါတဲ့ အသက်မွေးမှု

ပစ္စုပ္ပန် အတုတွေနဲ့

မိဝေး ဖဝေး

ဇနီးဝေး သမီးဝေး

ဧရာဝတီနဲ့ဝေး

ရိုးမတွေနဲ့ဝေး

မုန့်ဟင်းခါးနဲ့ဝေး

ငါးပိရည်ကျိုနဲ့ဝေး၊ အညာဘုရားပွဲနဲ့ ဝေး

ထုံးဖွေးဖွေးစေတီနဲ့ဝေး

ဝေးးးးးးဝေးးးးးးဝေးးးးးးး

ဝေးခြင်းများစွာ မွှမ်းထုံ

လွမ်းရုံသာ တတ်နိုင်ခဲ့ ။      ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts