ရသဆောင်းပါးစုံ မောင်ရင်ငတေ

မောင်ရင်ငတေ – ငါ့ရင်ထဲမှာ ဧရာဝတီ

ငါ့ရင်ထဲမှာ ဧရာဝတီ
+++++++
ရို င်းေ ရ စီး သံ (၁) 
မောင်ရင်ငတေ
ဧပြီ ၁၀၊ ၂၀၁၄

ဗန်မော်မြို့အနီးက ဧရာဝတီ (ဓါတ်ပုံ ဂူဂဲလ်)
ငါ့ ရင်ထဲမှာ ဧရာဝတီ ….. ဧရာဝတီဟာ ရှည်လျှားကွေ့ကောက်စွာ ဖြတ်သန်းစီးဆင်းနေတယ်။ နေ့နေ့ ညည လရှိရှိ မရှိရှိ နေထွက်ထွက် မထွက်ထွက် ရင်ထဲမှာ အော်နေတာ မည်နေတာ ဧရာဝတီရဲ့ ရေစီးသံတွေ၊ အခါတပါးက ငါမွေးဖွားလာခဲ့ရာ ငါ့ဇာတိချက်မြုပ်ရာကလည်း မင်းဆိုတဲ့ ဧရာကမ်းရဲ့ နဘေးနားမှာ၊ ငါမရောက်တာ အတော်ကြာခဲ့ပြီ။ ငါ့ကို ခွင့်မလွှတ်ချင်ပါနဲ့ ဧရာဝတီ မင်းငါ့ကို ခွင့်လွှတ်စရာ မလိုဘူး၊
ငါဟာ မင်းကို မချစ်လို့ စွန့်ခွာခဲ့တာ မဟုတ်ဘူး ဆိုတာတော့ မင်းသိပါတယ်။ စိန်းမြစ်ဘဲဖြစ်ဖြစ် သိမ်းမြစ်ဘဲဖြစ်ဖြစ် ရိုင်းတို့ မိုင်းတို့ ရွန်းတို့ ဒန်ညုတို့ဆိုတာ မင်းနဲ့ယှဉ်လိုက်ရင် အသေးအဖွဲပါကွာ။ အဲဒီ မြစ်ကလေးတွေ (မင်းနဲ့ယှဉ်ပြီးတော့ပေါ့ကွာ) နံဘေးနား သူတို့တတွေရဲ့ ရေးစီးသံတွေကို ငါသွားသွား နားထောင်မိတယ်ကွ။ သူတို့တတွေက မြို့ကြီးပြကြီးနားမှာမို့ ထင်တယ်။  သူတို့ရဲ့ အသံတွေက တိုးတိုးလေး တွေကွ။ ငါကတော့ မင်းရဲ့အသံကိုဘဲ ကြားယောင်တာပေါ့ကွာ။ မင်းရဲ့ သီချင်းညည်းသံတွေကို ကြားယောင်တာပေါ့။ မင်းရဲ့ တခါတခါ သဘောကောင်းပြီး စိတ်ကောင်းဝင်ချိန် ကျေးလက်သီချင်းနဲ့ တငြိမ့်ငြိမ့် အသံမျိုးတွေရော မင်းရဲ့ စိတ်တိုပြီး ဒေါသတကြီးအော်သံ တဝုန်းဝုန်း တဒိုင်းဒိုင်းသံဘဲဖြစ်ဖြစ် ဘာသံဘဲ ဖြစ်ဖြစ် ရေစီးသံဖြစ်ဖြစ် လှိုင်းပုတ်သံဖြစ်ဖြစ် ငါ လွမ်းတယ်ကွာ၊။
မင်းဟာ ဇရာထောင်းလာပြီး အိုမင်းလာပေမယ့် တက်ကြွနေတုန်းဘဲ ဆိုတာတော့ ငါသိတယ်ကွ။ ဒါပေမယ်ကွာ မင်းရဲ့အနားမှာ ရှိနေတဲ့ အတ္တအမားတချို့နဲ့ ဘနဖူးသိုက်တူးတတ်သူ တချို့ကြောင့် မင်းလည်း ယိုင်နဲ့နဲ့ ဖြစ်နေတယ်ကြားတော့ ငါ စိတ်မကောင်းဘူးကွာ။ ဒီလို ကောင်မျိုးတွေကို မင်းသတိထားပါ သူငယ်ချင်း။ ဒီကောင်တွေဟာ အပြောချိုချိုနဲ့ ရက်စက်တတ်တယ်ဆိုတာ မင်းက ငါ့ထက်နားလည်မှာ ပါကွာ။ သူတို့နဲ့ မင်းနဲ့က အမြဲတမ်း တွေ့နေကြတာ မဟုတ်လား။ မိချောင်းမင်းကို ရေခင်းပြတာ မဟုတ်ဘူးနော်။ မင်း ငါ့ထက် အသက်ကြီး တယ်ဆိုတာ ငါသိတာဘဲ။ ဒါပေမယ့် မင်းအသက် ဘယ်လောက်လည်း ငါမေးတော့ မင်းမဖြေခဲ့ဘူးလေကွာ။ ငါကတော့ ငယ်ငယ်ထဲက မင်းနဲ့ အတူ ကစားလာရတော့ မင်းက ငါ့သူငယ်ချင်းလို ဖြစ်ခဲ့ရလို့ပါကွာ။ ငါချစ်တာမင်းကွ မင်းနဲ့ပတ်သက်ပြီး မင်းတို့မောင်နှမတွေ ချင်းတွင်းတို့ စစ်တောင်းတို့ သံလွင်တို့ ကိုလည်း ငါချစ်တာဘဲ။ မင်းတို့နဲ့ အနေဝေးနေပေမယ့် မင်းတို့အကြောင်းတွေတော့ ငါ အမြဲ နားစွင့် နေတာပါ။ တော်ပြီကွာ နောက်များမှ ဆက်ရေးတော့မယ်။
ရိုင်းရဲ့အလှ သဘာဝ မကျတကျ (ဓါတ်ပုံ မရငတ)
 
ဘွန်း မြို့တော်ဟောင်းနားက ရိုင်းရဲ့အလှ (ဓါတ်ပုံ မရငတ)
ငါ ဒီစာကိုရေးနေတာ ရိုင်းမြစ်နဘေးနားမှာကွ။ သူကတောင် မင်း ကျန်းမာပါစေလို့ ဆုတောင်းပေးေ နသေးတယ်။ ဒါဘဲကွာ။
မင်းရဲ့ ထာဝရ …..၊ ။။။။။။ (မရငတ)
{လွန်ခဲ့တဲ့နှစ် ရိုင်းမြစ်ကမ်းဆီရောက်ခဲ့စဉ်က ရေးခြစ်ထားမိတာကို ဖြတ်ညှပ်ကပ်ပြီး တနှစ်ပြည့်နဲ့ ပြင်သစ်ပြည်ရောက်တာ ၁၃ နှစ်ပြည့် အမှတ်တရအဖြစ် တင်လိုက်ပါတယ်။ မရငတ ၀၇၀၄၂၀၁၄}

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts

One thought on “မောင်ရင်ငတေ – ငါ့ရင်ထဲမှာ ဧရာဝတီ
  1. { ရိုင်း = The Rhine river (Romansh: Rain; German: Rhein; French: Rhin; Dutch: Rijn) is a European river.}

Comments are closed.