ရသဆောင်းပါးစုံ အုန်းနိုင်

အုန်းနိုင် – စစ်အစိုးရလက်အောက်မှ ၁၉၉၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ (၁၂)

စစ်အစိုးရလက်အောက်မှ ၁၉၉၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ (၁၂)
အုန်းနိုင်
ဧပြီ ၁၀၊ ၂၀၁၄

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထူးအစည်းအဝေး
၁၉၉ဝ ပြည့်နှစ် ဇန်နဝါရီလကုန်ပိုင်းလောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထူးအစည်းအဝေးကို ရွှေဂုံတိုင်ဌာနချုပ်မှာ ကျင်းပပါ တယ်။ ဒါဟာ ပထမဆုံး နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးကြီးပါပဲ။ မြို့နယ်စည်းရုံးရေးအဖွဲ့ ကိုယ်စားလှယ်များ၊ တိုင်းနဲ့ ပြည်နယ် စည်းရုံးရေး အဖွဲ့ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ် (ဗဟို) ကိုယ်စားလှယ်များ၊ ဗဟိုလုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်များ၊ ဗဟို ဦးစီးအဖွဲ့ဝင် (cc) များနဲ့ ဗဟိုအလုပ်အမှုဆောင် (CEC) များ စုံညီတက်တဲ့ အစည်းအဝေးကြီးပါ။ နေရာ ကြပ်ကြပ်တည်းတည်းမှာ  ကျင်းပ တာဖြစ်လို့ အနေအထိုင်ဆင်းရဲပါတယ်..။ စားရေးသောက်ရေးစီစဉ်ပေးမှုမှာ သည်းညည်းခံပြီး စားသောက်ကြရတယ်။ ကျနော်ဆိုရင် အစည်းအဝေးသုံးရက်တက်အပြီးမှာ ဝမ်းလျှောနေလို့ ပေါင်းတည်မပြန်နိုင်ပဲ  ရန်ကုန်မှာ ရက်ကြာနေသေးတယ်။ ဒါပေမယ့် တစ်ပြည်လုံး က အဖွဲ့ချုပ်ဝင်တွေ အခုမှတွေ့ကြရတာမို့ အားရစရာပါပဲ။ တချို့ဆုံးဖြတ်ချက်တွေက နောက်ကြောင်းပြန်ဖြစ်နေတယ်..။ အဖွဲ့ချုပ်က  ကြေညာချက် အမှတ် (၃ဝ) ကို  ၁၉၈၉ ခု၊ စက်တင်ဘာလ (၂၅) ရက်နေ့ကထုတ်ပြန်ပြီး အဲဒီအထဲမှာ ရွေးကောက်ပွဲဝင်မယ်ဆိုတာ ဗဟိုက ဆုံးဖြတ်ပြီးဖြစ်ရက်နဲ့  အခုအစည်းအဝေးမှာမှ အတည်ပြုကြောင်း ဆုံးဖြတ်ချက်တွေ ပြန်ချရတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စား လှယ်လောင်း အဆိုပြုလွှာအပယ်ခံရတာကို အခုမှ ဗဟိုကော်မရှင်ကို တင်ပြဆဲရှိတယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲဝင်ဖို့ ဗဟိုက လက် ရဲ ဇက်ရဲဆုံးဖြတ်၊ ဒီဆုံးဖြတ်ချက်အရ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း အဆိုပြုလွှာတင်လိုက်တော့အား လုံးအပိုင်ဖြစ်သွားပြီးပြီမို့  အခုမှပြည်လုံးကျွတ်အစည်းအဝေးမှာ ဆုံးဖြတ်ချက်ပြန်ယူတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲအဆိုပြု လွှာကိစ္စကိုတော့  သာမာန် လုပ်ရိုးလုပ်စဉ်လောက်ပဲသဘောထားတယ်ဆိုတဲ့ သဘောရောက်နေတယ်။  ဒါကို အစည်းအဝေးလာတက်တဲ့ ကိုယ်စားလှယ်အချို့က တင်ပြကြပေမယ့်လည်း အခုအချိန်မှာတော့ ရွေးကောက်ပွဲဝင်ရေးလှိုင်းကြီးက သိပ်ကြီးနေပြီမို့ အရာရာဟာ ဒီလှိုင်း ကြီးအောက်မှာ ပျောက်သွားကြရပါတယ်။

ဒီအစည်းအဝေးမှာ  သဘာပတိ ဦးကြည်မောင်၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်တဲ့ ဦးခင်မောင်ဆွေ၊ ဦးကျော်မင်း (ဗိသုကာ)၊ ဦးချမ်းအေး၊ ဦးစိုးမြင့်တို့က အဆိုအသီးသီးကို တင်ပြဆွေးနွေးကြရာမှာ အဓိကအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဦးဆောင်မှု၊ ဒေါ်အောင်ဆန်း စုကြည်ရဲ့ သဘောထားကို ဆက်လက်ခံယူမှု၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်ဆိုတာတွေကိုပဲ အဓိက ဖော်ပြဆွေးနွေးကြတာပါပဲ။ ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည်ရဲ့  အမည်၊ ဓာတ်ပုံ၊ ဟောပြောချက်တွေ  အသုံးချပြီး ဝင်ကြမယ်ဆိုတာပါပဲ။

ဒုတိယနေ့မှာတော့ တိုင်းနဲ့ ပြည်နယ်နဲ့ မြို့နယ်အသီးသီးက ကိုယ်စားလှယ်တွေက ဆွေးနွေးကြတာပါပဲ။ ခြုံလိုက်ရင်တော့ တိုင်းနဲ့ ပြည်နယ် တွေက ရွေးကောက်ပွဲဝင်ရေးကို ထောက်ခံကြပြီး ခေါင်းဆောင်မှုကိုတော့ အားမရကြောင်း ဖော်ပြကြပါတယ်။ ကြေညာချက် (၃ဝ) ကို ထုတ်ပြီး ရွေးကောက်ပွဲဝင်မယ်လို့  ဆုံးဖြတ်တုန်းက ဗဟိုကအောက်ခြေကို မတိုင်ပင်ပဲ ဆုံးဖြတ်ပြီး အခုမှ အတည်ပြုချက်ယူနေတာကိုလည်း ထောက်ပြကြပါတယ်။ ပထမတော့ ဗဟိုအလုပ်အမှုဆောင်က မျိုးချစ်ကြီးတွေ ခပ်လျှိုလျှိုနေပေမယ့် ဒီကြေညာချက် (၃ဝ) ကိစ္စကျတော့ ဦးချစ်ခိုင်ကိုယ်တိုင် ပြန်လည်ရှင်းပြရပါတယ်။ သိပ်တော့ ဘဝင်မကျကြပါ။

(၃ဝ.၁.၉ဝ) မှာတော့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အချို့နဲ့ ပဲခူးတိုင်းမြို့နယ်ကိုယ်စားလှယ်များ သီးသန့်တွေ့ဆုံပွဲလုပ်ပါတယ်။ အဲဒီ အချိန်က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ မှာ …
၁။ ဦးအောင်ရွှေ
၂။ ဦးကြည်မောင်
၃။ ဦးချစ်ခိုင်
၎။ ဦးလွင်
၅။ ဦးရွှေ
၆။ ဦးခင်မောင်ဆွေ
၇။ ဦးချမ်းအေး (မောင်စူးစမ်း)
၈။ ဦးကျော်မင်း (ဗိသုကာ) တို့ ပါဝင်ပါတယ်..။ ဗဟိုအလုပ်အမှုဆောင်ကလည်း ပဲခူးတိုင်းကို ပြဿနာရှုပ်တဲ့တိုင်းလို့ ယူဆပါတယ်။ မှန် လည်း မှန်ပါတယ်။ ရန်ကုန်နဲ့ နီးတဲ့အပြင် တိုင်းရဲ့ အရှေ့ ခြမ်းနဲ့ အနောက်ခြမ်းက ရန်ကုန်ကိုခွနေတာဆိုတော့ ရန်ကုန်မှာရှိတဲ့ ဗဟိုကိုလည်း
အနီးကပ်လေ့လာနေတဲ့ တိုင်းပါ။

ပဲခူးမြို့ နယ်၊ ဒိုက်ဦးမြို့ နယ်၊ ပေါက်ခေါင်းမြို့ နယ်၊ သဲကုန်းမြို့နယ်နဲ့ ရွှေတောင်မြို့ နယ်တွေက ဒေါ်စုအဖမ်းခံရပြီး ဗဟိုမှာခေါင်းဆောင်မှု အားညီမျှဖို့နဲ့ ဗဟိုအဖွဲ့တွေမှာ တိုင်းနဲ့ ပြည်နယ်ကလူတွေကို ဖြည့်စွက်ဖွဲ့စည်းဖို့တွေ ပြောခဲ့ကြပါတယ်။ Balance of  Power  နဲ့ Balance  of  Leadership ကိစ္စတွေ တော်တော်ပြောကြတယ်။ အဓိကချုပ်လိုက်တော့ ဗဟိုမှာ မျိုးချစ်တွေကြီးစိုးနေတာကို သဘောသိပ်မကျ တဲ့ အနေအထားပါ။ အပြင်မှာ သတင်းဖြစ်နေတာတွေကလည်း လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်စိစစ်တဲ့နေရာမှာ မျိုးချစ်တွေက သူတို့လူတွေကို (စစ်ဗိုလ်ဟောင်းတွေကို) အတင်းချပေးနေတယ်ဆိုတဲ့သတင်း၊ တချို့နေရာတွေမှာ ရန်ပုံငွေတစ်သိန်းနဲ့  လွှတ်တော်ကိုယ် စားလှယ် နေရာပေးတဲ့သတင်းတွေ ထွက်နေတာပါ။ ကျနော်တို့မြို့ နယ်ကိုတောင် ဗဟိုက မျိုးချစ်ရဲဘော်ဟောင်းတစ်ယောက်ချပေးဖို့ လုပ်လို့ တော်တော်ပြဿနာတက်ပြီး  ပြောရဆိုရသေးတာပဲ။

ဒီတော့မှ ဦးအောင်ရွှေတို့  ဦးချစ်ခိုင်တို့က ရှင်းပါတယ်…။ မျိုးချစ်နဲ့ တတ်သိရယ်လို့ မကွဲပါဘူး..။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံ အောက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအရပဲ ဆက်သွယ်မယ် ဆိုတဲ့အကြောင်း၊ တကယ်တော့ မျိုးချစ်ရဲဘော်ဟောင်းဆိုတာ  ကျယ်ပြန့်တဲ့အဖွဲ့ အစည်းမဟုတ်ပဲ အသက်အရွယ်နဲ့ အရေအတွက် အကန့်အသတ်နဲ့သာရှိတာပါ..။ အများစုက   တတ်သိပညာရှင်တွေပါ။ အခုလည်း အင်အယ်ဒီကိုယ်စားလှယ်  ၄၅ဝ မှာ မျိုးချစ်က  ၅၆ ယောက်သာ ပါတာပါလို့ ပြောပါတယ်..။

ဒါလည်း  တကယ်တော့အချိုးအစားအရဆိုရင် သူတို့ယူတဲ့ဦးရေဟာ များနေတယ်လို့ ကျနော်တို့စိတ်ထဲ ယူဆပါတယ်။ ထုတ်တော့ မပြော တော့ပါ….။ နောက်ဆုံးတော့ ဦးကျော်မင်း (ဗိသုကာ) နဲ့   ဦးခင်မောင်ဆွေတို့ ကိုယ်တိုင်က  တစ်ဦးကို တစ်ဦး သံသယတွေ နည်းအောင်ကြိုး စားပါ၊ ယုံကြည်မှုထားပြီး လုပ်ကြပါ။ တတ်သိ၊ မျိုးချစ် မကွဲပါဘူးဆိုတာ ဝင်ရှင်းရပါတယ်။ ဦးကျော်မင်းတို့ ဦးခင်မောင်ဆွေတို့ကိုတော့ တတ်သိအုပ်စုလို့ အားလုံးကလက်ခံထားတာမို့ သူတို့ရှင်းလင်းချက်ကို လက်ခံကြပါတယ်။

အချို့နေရာများမှာ  ရန်ပုံငွေတစ်သိန်းယူပြီး ရောင်းစားတယ်ဆိုတာလည်း မဟုတ်ပါ။ မေယုခရိုင်လို့ခေါ်တဲ့  မူဆလင်ဘာသာဝင် အများစု ရှိတဲ့  ရခိုင်ပြည်နယ်ထဲက မြို့တချို့မှာ  အင်အယ်ဒီက အရွေးခံမယ့်သူမရှိလို့  အဲဒီက  မူဆလင်ဘာသာဝင်တချို့က  အင်အယ်ဒီအမည်ခံပြီး
အရွေးခံတာဖြစ်ကြောင်း၊ ရန်ပုံငွေက သူတို့ဘာသာလှူတာပါလို့ ဦးချစ်ခိုင်ကပဲ ရှင်းပြပါတယ်…။ တကယ်တော့ဒါလည်း  သိပ်မကောင်း လှပါ..။

အမှန်တော့  ရခိုင်ပြည်နယ်အင်အယ်ဒီကို  လွှဲပေးသင့်ပြီး ဒါမျိုးကို ဗဟိုက  မချုပ်ကိုင်သင့်ဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် အမှန်ပြောရရင်တော့  အဲဒီဘက်နယ်တွေအကြောင်း ကျနော်တို့ ကျကျနနသိတာမဟုတ်တော့လည်း အရမ်းဝင်မဆွေးနွေးရဲပါ…။  ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts