ရသဆောင်းပါးစုံ

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) – မီးခိုး ကြွက်လျှောက်အတွေးများ (၂)


မီးခိုး ကြွက်လျှောက်အတွေးများ (၂)
မောင်မောင်လတ် (ရွှေအင်းလေးစာပေ)
ဧပြီ ၁၀၊ ၂၀၁၄

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာက နိုးလာတော့…လန်းလန်းဆန်းဆန်း…ကြည်ကြည်လင်လင်..။ ရာသီဥတုကို အကဲခတ်ကြည့်တော့… ထူးထူးခြားခြား နေရောင်တောက်တောက်…။ နာရီဖက်လှည့်ကြည့်တော့..အချိန်မှန် အချိန်ကိုက်ပါဘဲ။ ဒီနေ့လို  ဒီအချိန်အခါလိုမှာမှ..ပုံမှန်ထိုင်  ပုံမှန်တွေး  ပုံမှန်ရေးနေတဲ့ ကော်ဖီဆိုင် သွားဖို့  ပြင်ဆင်ရအုံးမှလေ။

ရေမိုးချိုး၊ အဝတ်အစားလှဲ၊ စာမူဖိုငိတွဲကိုင် အပြင်တံခါးဖွင့်အထွက် အား..ပါးပါး   ကောင်းလိုက်တဲ့ ရာသီဥတု။ အပြင်ထွက်တိုင်း ဆောင်း နေကြ သိုးမွေးဦးထုပ်မပါ…စီးနေကြ ရှူးဖိနပ်မစီး.. လွတ်လပ်ပေါ့ပါးစွာနဲ့ ခြေညှပ်ဖိနပ်စီး ထွက်လာသူတယောက်ကိုမှ…ဘော်တီမိုးရာသီ ဥတုက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနေပါရဲ့။

နေက မပြင်း၊ လေက ငြိမ်၊ တိမ်တိုက်တွေက မရွှေ့ လျား၊ လွတ်လပ် ပေါ့ပါး လန်းလန်းဆန်းဆန်း ထွက်လာသူတယောက်ကို … သာယာတဲ့ ဟင်းလင်းပြင်ထဲ  မြောက်တက်သွားစေသယောင်ယောင်.. ခန္ဓာကိုယ်က တိမ်တိုက်တွေကြား လွင့်မျော.. မြင်မြင်သမျှအရာတွေလဲ  အပြာ ရောင် မိုးသားပြင်နဲ့ အလှပြိုင်.. အတွေးတွေလဲ စိမ်းလန်းတဲ့ မြက်ခင်းနဲ့အတူ နုပျိုခဲ့ရတဲ့ ညနေခင်းလေး။

အရာအရာ လှပစေတဲ့ ဘော်တီမိုးညနေခင်းလေးရေး ..ကဗျာဆန်ဆန် နူးညံ့စေတဲ့ ဘော်တီ မိုးညနေခင်းလေးရေ ..အရာရာအတွက် အားလုံးအတွက် ကျေးဇူး …ကျေးဖူးပါပဲကွာ …။

အချိန်တိုင်း အေးစိမ့်နေတဲ့ အမြဲတမ်းလေအေးတွေတိုက်နေတဲ့ …တခဏတာအတွင်း အပူအအေး အပြောင်းအလဲ မြန်ဆန်လွန်းတဲ့ ဘော်တီမိုးမြို့ရဲ့ ညနေခင်းလေးက မကြာခင် ဖူးပွင့်လှပလာတော့မယ့် ချယ်ရီပန်း အဖူး အငုံလေးတွေအတွက်လား …။ တိတ်ဆိတ်ငြိမ်သက် နေတဲ့ တနင်္ဂနွေညနေခင်းနဲ့ အပြိုင် ရင်ခုန်သံစည်းချက်မှန်နေတဲ့ ချစ်သူတွေအတွက်လား ….။ အတွေးကြမ်း  အမြင်ကြမ်း အရေးကြမ်းတဲ့ လူသားသတယောက်အတွက်လား …။ ဝေခွဲမရ သရုပ်ခွဲမရ ..နွေးထွေးလှပမှုကလေးတွေ ကျေးဇူးပြုပြီး ခဏတော့ ရပ်တန့်ပေးပါလား …။

ကြုံတောင့်ကြုံခဲ့ နွေးထွေးသာယာမှုတွေ တပွေ့တပိုက်နဲ့ ကော်ဖီဆိုင်ကိုအလာ …ကားရှင်း၊ လူရှင်း၊ အတွေးရှင်းနဲ့ ခံစားချက် ရှင်းရှင်း တပတ်တာအလုပ်အတွက် မောပန်း သောက များခဲ့တာကို အနားယူတယ်လို့ဘဲ ပြောပြော ..လာမယ့် အပတ်အတွက် ကြိုတင်ပြင်ဆင် အနားပေးတယ်လို့ပဲ ဆိုဆို ဒီနေ့ပိတ်ရက် အနားယူ အိပ်စက်ခြင်းဟာ အနှောင့်အယှက် ကသိကအောက်မရှိ။ ဒီညနေခင်း နွေးထွေးသာယာ မှုက လွတ်လပ်ပေါ့ပါးစွာ အပြင်ထွက်နိုင်အောင် တွန်းအားပေးခဲ့ … တိတ်ဆိတ်ငြိမ်သက်ခင်းတွေကလည်း နူးညံ့သိမ်မွေ့တဲ့ အတွေးတွေ အဖြစ် ပြောင်းလဲပေးခဲ့ ..အရာရာ အကောင်းအတိုင်းချည်းမဟုတ်သလို အဆိုးအတိုင်း မဖြစ်ခဲ့တာလဲ သဘာဝ ..။

အချိန်ကိုလည်း ရပ်တန့်မရ၊ အတွေးအမြင်ကိုတွေကိုလည်း လိမ်ညာမရ၊ အခြေအနေမှန်ကိုလည်း ဖျောက်ကွယ်မရ၊ အတိတ်ကိုလည်း မေ့ထားမရ၊ လာမယ့်အနာဂတ်ကိုလည်း ရှောင်ပုန်းလို့မရ၊ အရှိကို အရှိအတိုင်း အမြင်ကို အမြင်အတိုင်း လက်ခံယုံမှတပါး ဒီလူသားတယောက်ရဲ့ အရိုးခံဆန္ဒတခုက အားလုံးကို စိတ်ချမ်းသာစေချင်သူ။

တခါ တခါ ကြုံဆုံခဲ့သမျှတွေ ဝေမျှပေးချင်ပါရဲ့ …။ ဖြတ်သန်းလာသမျှ မှတ်မှတ်ထင်ထင် အဖြစ်ကလေးတွေ ရေးပြချင်ပါရဲ့ ..။ ဖတ်ခဲ့ မှတ်ခဲ့ သမျှ ကောင်းနိုးရာရာတွေ ခွဲဝေခံစားစေချင်ပါရဲ့ ..။ ပေးကား ပေး၏။ မရတာထက် ရတာထက် ကိုယ်တိုင်လည်း ယူဦးမယ် ခံစားဦးမယ် … တခြား တခြားသော တင်ပြချက် အဖြစ်အပျက်သင်ခန်းစာအတွက်လည်း ကြိုဆိုနေဆဲ လက်ကမ်းနေဆဲ …။

ပေးမယ် ယူမယ်ဆိုတဲ့ အပေးအယူခေါင်းစဉ်အောက်က … ရင်ထဲ စွဲငြိ အမြစ်တွယ်နေခဲ့တဲ့ တချိန်က တခါက ဆောင်းပါးလေးတပုဒ်ကို မျှဝေ ဖွင့်ဟ ပါရစေလား ..။

စာရေးဆရာ အယ်ဒီတာ ခင်မောင်တိုး (မိုးမိတ်) ရဲ့ တကယ့်အဖြစ်အပျက်လေးတခု။ ဆောင်းပါးတပုဒ် စာမူတပုဒ်အတွက် ၁၀၀၀၊ ၁၅၀၀ ကျပ်သာ ပုံမှန်ကြေးသတ်မှတ်ရနေတဲ့အချိန်၊ တန်ဖိုးငွေ သိန်းဆယ်ချီမက လက်ဆောင်ချီးမြှင့်ခံရတဲ့ စာရေးဆရာ ခင်မောင်တိုး (မိုးမိတ်) ရဲ့ ကိုယ်တွေ့ တမျက်နှာ စာမူလေးတပုဒ်။ မမျှော်လင့်ပဲ တန်ဖိုးကြီးမားတဲ့ လက်ဆောင်ပမာဏကို လက်ခံရယူခဲ့တ့ စာရေးဆရာအပြင် နီးစပ်ရာ စာပေအသိုင်းအ၀ိုင်းကပါ တအံ့တသြဖြစ်ခဲ့ရတဲ့ ဇာတ်လမ်းလေး …။

အင်မတန် ရိုးစင်းလှပတဲ့ စာညွှန်းလို့ မပြည့်စုံနိုင်တဲ့ မိဘမေတ္တာ ဖော်ကြူးထားတဲ့ တက္ကသိုလ်အေးမောင်ရဲ့ ဘယ်ပန်းချီရေးလို့ မမှီ ဆိုတဲ့ သီချင်းတပုဒ်၊ ကလေးမလေးတယောက် … ဆိုကြမယ် ကကြမယ် ဆိုတဲ့အစီအစဉ်မှ ၀င်ဆိုတော့  နားထောင်နေတဲ့ ပရိသတ်အားလုံး အုံးအုံးကျွတ်ကျွတ် ပြစ်တင်အော်ဟစ် လှောင်ပြောင်ကြတယ်။ အခကြေးပေးကြည့်ကြသူတွေထဲက စာရေးသူအပါအဝင် ကလေးမလေးရဲ အသံက မကောင်း  …သီချင်းအဝင်အထွက်ကလည်း မှား….ကတုန်ကယင်နဲ့ သံစဉ်ကလည်း မမှန်.. သီချင်းကောင်းတပုဒ်ကို  ဖျက်ဆီး လိုက်လေခြင်း ဆိုရဲလိုက်လေခြင်းရယ်လို့ စာရေးသူမှ မချိတင်ကဲ ယူကြုံးမရ တသသ၊ အော်ဟစ်လှောင်ပြောင်သံ တသောသောကြားက သီချင်းလေး အပြီး …

ဒီသီချင်းလေးကို ငယ်ငယ်ကတည်းက ဆုံးပါးသွားခဲ့တဲ့ မိဘနှစ်ပါးအတွက် ရည်ရွယ်ပြီး ဘယ်လိုမှ မရနိုင်တော့တဲ့ မိဘမေတ္တာကို မှန်းဆ တမ်းတ ငတ်မွတ်လွန်းလို့ ဆိုရတာပါလို့ ကလေးမလေးက ရှင်းပြအပြီးမှာတော့ စာရေးသူ ခင်မောင်တိုး (မိုးမိတ်) ဦးခေါင်းတခုလုံး အစိတ် စိတ်အမွှာမွှာ ကွဲထွက် … ခန္ဓာကိုယ်တခုလုံး အပိုင်းပိုင်းပြတ်တောက်ပြီး ကမ္ဘာ့အပြင် အဝေးဆုံး အဝေးဆုံးကို လွင့်စင်သွားသလို …မိဘမေ တ္တာ … မိခင်မေတ္တာ ငတ်မွတ်တောင်းတနေတဲ့ သူတယောက်ကိုမှ လှောင်ပြောင်မိလေခြင်း .. ကဲ့ရဲ့ ရှုတ်ချမိလေခြင်းရလို့ ကြေကွဲ ရှက်စိတ် နောင်တတရားတွေနဲ့ ခေါင်းငိုက်စိုက်ချ အိမ်ပြန်လာခဲ့တယ်။

အဲဒီအဖြစ်အပျက်ဆိုးအတွက် နှစ်ရက် အိပ်မပျော် စားမ၀င် ခံစားပေးဆပ်ပြီးသကာလ အင်္ဂါနေ့ တကျော့ပြန်အစီအစဉ်အတွက် စာရေးသူ တယောက် အစောဆုံးရောက အရှေ့ဆုံးကနေ သီချင်းကို ပြန်နားထောင်ကြည့်တော့ ကလေးမလေးရဲ့ အသံက ကောင်းလွန်းနေ သံစဉ်အ တက်အကျကလည်း နားဝင်ချိုနေ ..မူရင်းအဆိုရှင်ထက်တောင် နားထောင်ကောင်းနေတော့ သီချင်းကလေး မပြီးပါစေနဲ့လို့တောင် တိတ် တိတ်ကလေး ဆုတောင်းနေရတဲ့ အဖြစ်အပျက်။

အဖြစ်အပျက်တခု၊ အကြောင်းအရာတခုအတွက် ကာယကံရှင်ရဲ့ ပကတိ ရင်ထဲက ခံစားချက်ကို သိခြင်း မသိခြင်းအပေါ် ခံစားဝေဖန် သုံးသပ်မှုတွေဟာ ဆန့်ကျင်ဘက် အနေအထားအဖြစ် ပြောင်းလဲခဲ့တာကို မီးမောင်းထိုးပြခဲ့တဲ့ ကိုယ်တွေ့တမျက်နှာ ၀တ္ထုတိုတပုဒ်ပါ။

မတော်တဆ ထိုခိုက်ဒဏ်ရာကြောင့် မသန်မစွမ်းဖြစ်နေတဲ့ ကုမ္ပဏီပိုင်ရှင် သူဌေးသားတယောက် စာရေးဆရာက အိမ်နံဘေးက အခကြေး ငွေပေးကြည့်ရတဲ့ အိမ်ကို တမိသားစုလုံး သွားကြည့်ပြီး ဖြစ်ပေါ်လာတဲ့ ဇာတ်လမ်းကို ရေးဖွဲ့ထားခြင်းအပေါ် စာမူဖော်ပြခဲ့တဲ့ ဂျာနယ်တိုက် ကို ဖုန်းဆက်မေးမြန်းခဲ့ပါတယ်။

ဖုန်းဆက်မေးမြန်းပြီး နောက်တနေ့ စာရေးဆရာ ခင်မောင်တိုး (မိုးမိတ်) နေထိုင်ရာ အိမ်ပေါ် အဆင်သင့် တီဗွီကြည့်နိုင်အောင် တီဗွီအပေါ် စက် အောက်စက်၊ ဘက္ထရီ၊ အင်ဗာတာ အစစ ရှိတာတွေ အပြည့်အစုံ အရောင်းဆိုင်မှ လာရောက်ပို့ဆောင် တပ်ဆင်ပေးတော့ စာရေးဆရာမှ တအံ့တသြ… ဂျာနယ်တိုက်ကို ပြန်ဖုန်းဆက်မေးမြန်းရတဲ့ အဖြစ်ကလေး ရှိခဲ့ဖူးတယ် ရှိခဲ့ပါတယ်။

အဲဒီအချိန် အဲဒီအခါ အသင့်အတင့် နာမည်ကြီးစာရေးဆရာတယောက် ဂျာနယ်စာမူခ ၁၀၀၀ .. ၁၅၀၀ ရနေချိန် ..သိန်းဆယ်ချီတန် လက်ဆောင် ချီးမြှင့်ခြင်းခံရတဲ့ တမျက်နှာ ၀တ္ထုတို ကိုယ်တွေ့အဖြစ်အပျက်လေးက တကယ့်ရိုးရိုးစင်းစင်း ရှင်းရှင်းလင်းလင်း ..။

တခါတလေ ..အရုံးဆုံးဟာ အဆန်းဆုံး အလှဆုံး ဆိုသလိုပါပဲ ….
တခါတလေ….မထင်မှတ်တာတွေလဲ  တအံ့တသြ ဖြစ်သွားတတ်သလိုပါဘဲ….
တခါတလေ…အကောင်းဆုံးဟာ  အဆိုးဆုံးဖြစ်သွားတတ်သလိုပါဘဲ…
တခါတလေ…အပြတ်သားဆုံးဟာ အနူးညံ့ဆုံး ဖြစ်သွားတတ်သလိုပါဘဲ….

(မီးခိုးကြွက်လျှောက်တွေးရင်းနဲ့ .. မူရင်းဆောင်းပါးရှင်..ခင်မောင်တိုး (မိုးမိတ်) ကိုခွင့်မတောင်းဖြစ်ဘဲ သူ့အဖြစ်အပျက်လေးကို ထပ်ဆင့် မျှဝေ ခံစားမိခြင်းပါ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts