News Features အောင်ဒင်

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၄၂)

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၇၀၊ နိုဝင်ဘာလ ၇ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈) 

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၄၂)

အောင်ဒင်၊ နိုဝင်ဘာ ၈၊ ၂၀၁၃
အပိုင်း (၄၂ ) လွှတ်တော်နှင့် အကျိုးစီးပွါးပဋ္ဋိပက္ခ (Conflict of Interest) (ခ)

# အမေရိကန်အစိုးရ၏ အကျိုးစီးပွါးပဋ္ဋိပက္ခကာကွယ်ရေး
အကျိုးစီးပွါးပဋ္ဋိပက္ခများကို ကာကွယ်ရေးအတွက် အမေရိကန်အစိုးရက အစိုးရကျင့်ဝတ်ဆိုင်ရာဋ္ဌာန (United States Office of Government Ethics/ OGE) ကို ဖွဲ့စည်းတာဝန်ပေးပါတယ်၊ ဒီဋ္ဌာနရဲ့ ဆောင်ပုဒ် သို့မဟုတ် ပင်မတာဝန်က အမေရိကန်အစိုးရအမှုထမ်းများအကြား အကျိုးစီးပွါးပဋ္ဋိပက္ခများကို ကာကွယ်တားဆီးရေး (Preventing Conflicts of Interest in the Executive Branch) ဖြစ်ပါတယ်၊
၁၉၈၉ ခုနှစ်မှာ သမ္မတ ဘွတ်ရှ် (President George H.W Bush) က ဖွဲ့စည်းတာဝန်ပေးတဲ့ ပြည်ထောင်စုအစိုးရ ကျင့်ဝတ်ဆိုင်ရာဥပဒေ ပြင်ဆင်ရေးကော်မရှင် (President’s Commission on Federal Ethics Law Reform) ကနေ အမေရိကန်အစိုးရရဲ့ ဋ္ဌာနအသီးသီးဟာ ဋ္ဌာနအလိုက် သီးခြား ကျင့်ဝတ်စည်းကမ်းတွေကို မထုတ်ပြန်ပဲ အစိုးရဋ္ဌာနအားလုံး၊ ဝန်ထမ်းအားလုံးလိုက်နာရမည့် တစ်ခုတည်းသော ကျင့်ဝတ်စည်းကမ်းများက တပြေးညီ ပြဋ္ဌန်းဖို့ အကြံပေးခဲ့ပါတယ်၊ ဒီအကြံပြုချက်အရ သမ္မတဘွတ်ရှ် က ၁၉၈၉ ခု ဧပြီလ ၁၂ ရက်နေ့မှာ ပြည်ထောင်စုအစိုးရဝန်ထမ်းများအားလုံး လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များ ပြဋ္ဌန်းရာမှာ အခြေခံရမည့် မူ ၁၄ ချက်ကို သမ္မတအမိန့်အမှတ် (၁၂၆၇၄) (Executive Order 12674)  နဲ့ လက်မှတ်ရေးထိုးထုတ်ပြန်ပြီး အစိုးရကျင့်ဝတ်ဆိုင်ရာဋ္ဌာန (OGE) ကို တစ်ခုတည်းသော ကျင့်ဝတ်စည်းကမ်းများကို ရေးဆွဲဖို့ တာဝန်ပေးခဲ့ပါတယ်၊ ရလာဒ်ကတော့ ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ အတည်ပြု၊ အသက်ဝင်လာတဲ့ “ပြည်ထောင်စုအစိုးရဝန်ထမ်းများ လိုက်နာရမည့် စံပြကျင့်ဝတ်စည်းကမ်းများ” (The Standards of Ethical Conduct for Employees of the Executive Branch) ဖြစ်ပါတယ်၊ အပိုင်း ၉ ပိုင်း၊ စာမျက်နှာ ၈၄ မျက်နှာရှိတဲ့ ဒီကျင့်ဝတ်များကို အကျဉ်းချုံးပြီး ဖော်ပြပါ့မယ်၊
# အမေရိကန်ပြည်ထောင်စုအစိုးရဝန်ထမ်းများလိုက်နာရမည့် စံပြကျင့်ဝတ်များ အကျဉ်းချုပ်
အပိုင်း (၁) မှာ ကျင့်ဝတ်စည်းကမ်းများနဲ့ ပါတ်သက်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အခြေခံမူ ၁၄ ချက်နဲ့ ဝန်ထမ်းများအားလုံးကို မိမိတို့ရဲ့ ဆောင်ရွက်ချက်များမှာ အကျိုးစီးပွါးပဋ္ဋိပက္ခရှိမရှိဆိုတာကို သမာသမတ်ကျတဲ့ လူတစ်ယောက်ရဲ့ အမြင်မျိုးနဲ့ သက်ဆိုင်တဲ့အချက်အလက်တွေကို လေ့လာသုံးသတ်ပြီး ဆုံးဖြတ်နိုင်ကြဖို့ ညွှန်ကြားထားပါတယ်၊
အပိုင်း (၂) မှာ ဝန်ထမ်းများအားလုံး ၎င်းတို့ရဲ့ ဋ္ဌာနမှ လုပ်ငန်းကန်ထရိုက်၊ အမှာစာ စတဲ့ စီးပွါးရေးအခွင့်အလမ်းများရရှိဖို့ မျှော်လင့်နေ၊ ကြိုးစားနေကြတဲ့  ပြင်ပအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များထံမှ လက်ဆောင်ပစ္စည်းလက်ခံခွင့်၊ တောင်းယူခွင့်မပြုကြောင်း ကန့်သတ်ထားပါတယ်၊ ချွင်းချက်အနေနဲ့ အမှတ်တရပိုစ်ကဒ်များ၊ ကော်ဖီတစ်ခွက်၊ စတာမျိုးနဲ့ မိသားစုဝင်များ၊ သူငယ်ချင်းများကပေးတဲ့ တန်ဘိုးမများတဲ့လက်ဆောင်ကိုတော့ ခွင့်ပြုပါတယ်၊ 
အပိုင်း (၃) မှာ ဝန်ထမ်းများအားလုံး မိမိ၏အထက်အရာရှိအား လက်ဆောင်ပေးခြင်းနှင့် မိမိ၏လက်အောက်ငယ်သားများထံမှ လက်ဆောင်ရယူခြင်းများကို တားမြစ်ပါတယ်၊ မြန်မာနိုင်ငံမှာလို သီတင်းကျွတ်မှာ အထက်လူကြီးကို ပစ္စည်းထုတ်ကြီးနဲ့ ကန်တော့ပြီး မိမိကိုယ်တိုင်လည်း အောက်လူများရဲ့ ပစ္စည်းထုတ်များနဲ့ ကန်တော့ခြင်းကို လက်ခံလို့မရပါ၊
အပိုင်း (၄) မှာ ဝန်ထမ်းများအားလုံးဟာ ၎င်းတို့ရဲ့ လုပ်ငန်းတာဝန်ကို ထမ်းဆောင်ရာမှာ ၎င်းတို့ကိုယ်တိုင်ရဲ့ ငွေရေးကြေးရေးအကျိုးစီးပွါးနဲ့ တိုက်ရိုက်ပါတ်သက်နေရင်၊ သို့မဟုတ် ၎င်းတို့ရဲ့ အိမ်ထောင်ဘက်၊ အရွယ်မရောက်သေးတဲ့ ရင်သွေးများ၊ ၎င်းရဲ့ အထက်အရာရှိ၊ စသူများရဲ့  ငွေရေးကြေးရေးအကျိုးစီးပွါးနဲ့ ပါတ်သက်နေရင်၊ အဲဒီတာဝန်ကို ထမ်းဆောင်ခွင့်မရှိပါ၊ ဥပမာအားဖြင့် အစိုးရဋ္ဌာနတစ်ခုရဲ့ ပစ္စည်းဝယ်ယူရေးအရာရှိဟာ ဋ္ဌာနအတွက်လိုအပ်တဲ့ ပစ္စည်းများကို သူ့ဇနီးပိုင် ကုမ္ပဏီကနေ ဝယ်ယူခွင့်မရှိပါ၊ တကယ်လို့  အရည်အသွေးနဲ့ ဈေးနှုံးဆိုင်ရာ အားသာချက်များအရ ဒီကုမ္ပဏီကပဲ မလွဲမသွေဝယ်ယူရမည့် အခြေအနေဆိုရင် ဒီဝယ်ယူရေးတာဝန်ကို ကိုယ်တိုင်မလုပ်ပဲ အခြားအရာရှိတစ်ယောက်ကို လွှဲပြောင်းပေးရပါတယ်၊
အပိုင်း (၅) မှာ လုပ်ငန်းကန်ထရိုက်များချပေးခြင်း၊ ထောက်ပံ့ငွေများပေးခြင်း၊ စုံစမ်းစစ်ဆေးခြင်း စတဲ့ကိစ္စတွေမှာ သက်ဆိုင်ရာဝန်ထမ်းရဲ့ မိသားစုဝင်တစ်ယောက်ယောက်ရဲ့ အကျိုးစီးပွါးနဲ့ ပါတ်သက်နေမယ်ဆိုရင်၊ ဒါမှမဟုတ် သက်ဆိုင်ရာဝန်ထမ်းဟာ တစ်ဖက်က ကန်ထရိုက်ရမည့် လုပ်ငန်းရှင်၊ ထောက်ပံ့ငွေတောင်းခံသူ၊ စုံစမ်းစစ်ဆေးခံရသူများနဲ့ ပုဂ္ဂိုလ်ရေးရာပါတ်သက်မှုရှိနေရင် (အရင်က အလုပ်ရှင်ဟောင်း၊ မိသားစုဝင်တစ်ယောက်ရဲ့ အလုပ်ရှင်၊ ဝန်ထမ်းနဲ့ စီးပွါးရေး၊ ငွေရေးကြေးရေးဆက်နွယ်ပါတ်သက်သူ စသဖြင့်) အဲဒီဝန်ထမ်းကို အဲဒီအလုပ် (ကန်ထရိုက်ချပေးခြင်း၊ ထောက်ပံ့ငွေချပေးခြင်း၊ စုံစမ်းစစ်ဆေးခြင်း) ကို ဆောင်ရွက်ခွင့်မပြုပဲ အခြားတစ်ယောက်ကို တာဝန်ပေးအပ်ဖို့ ပြဋ္ဌန်းထားပါတယ်၊ နောက်တစ်မျိုးကတော့ ဝန်ထမ်းတစ်ဦးဟာ သူ့ရဲ့ အရင်အလုပ်ရှင်ဟောင်းတစ်ယောက်ထံက ဆုငွေအဖြစ် ငွေကြေးအမြောက်အများရရှိခဲ့ဘူးတယ်ဆိုရင် သူအစိုးရဝန်ထမ်းဖြစ်ချိန်မှာ အဲဒီအလုပ်ရှင်ဟောင်းရဲ့ အကျိုးစီးပွါးနဲ့ပါတ်သက်တဲ့ ကိစ္စမျိုးမှာ အနည်းဆုံး နှစ်နှစ်မပါဝင်ရလို့ ပြဋ္ဌန်းပါတယ်၊
အပိုင်း (၆) မှာ ဝန်ထမ်းတစ်ယောက်ဟာ ပုဂ္ဂလိကလုပ်ငန်းတစ်ခုကို ပြောင်းရွှေ့ဖို့ကြိုးစားနေချိန်မှာ သူအလုပ်လျှောက်ထားတဲ့ ကုမ္ပဏီရဲ့ အကျိုးစီးပွါးနဲ့ပါတ်သက်တဲ့ ကိစ္စတွေမှာ ပါဝင်ဆောင်ရွက်ခြင်းမပြုရလို့ ကန့်သတ်ထားပါတယ်၊
အပိုင်း (၇) မှာ ဝန်ထမ်းတွေ သူတို့ရဲ့ အခွင့်အာဏာကို အလွဲသုံးစားမလုပ်ကြဖို့ ကန့်သတ်ချက်တွေပါရှိပါတယ်၊ ဝန်ထမ်းများဟာ သူတို့တာဝန်ကျတဲ့ ရုံး၊ ဋ္ဌာနများကို အသုံးချပြီး ပြင်ပပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းရှင်များထံက သူတို့ကိုယ်တိုင်အတွက်ရော၊ သူတို့ရဲ့ မိသားစုဝင်များ၊ မိတ်ဆွေများအတွက်ရော အကျိုးစီးပွါးရယူတာမျိုးမလုပ်ရပါ၊ အစိုးရရုံး၊ ဋ္ဌာန၊ အဆောက်အအုံများကို အစိုးရလုပ်ငန်းများအတွက်ကလွဲလို့ ကိုယ်ရေးကိုယ်တာကိစ္စများအတွက် အသုံးမပြုရပါ၊ သတ်မှတ်ထားတဲ့ အလုပ်ချိန်အတွင်းမှာ ပေးအပ်ထားတဲ့ အစိုးရတာဝန်များကိုသာ ထမ်းဆောင်ရမှာဖြစ်ပြီး ကိုယ်ရေးကိုယ်တာနဲ့ ပြင်ပအလုပ်များလုပ်ကိုင်ခွင့်မရှိပါ၊ မိမိရဲ့ လက်အောင်ငယ်သားများကို ရုံးချိန်အတွင်း မိမိရဲ့ကိုယ်ရေးကိုယ်တာအတွက်၊ မိမိ ရဲ့ မိသားစုအတွက် ခိုင်းစေခြင်းမပြုရပါ၊
အပိုင်း (၈) မှာ ဝန်ထမ်းများရဲ့ အလုပ်ချိန်ပြင်ပလှုပ်ရှားမှုများနဲ့ ပါတ်သက်တဲ့ ကန့်သတ်ချက်များဖော်ပြထားပါတယ်၊ ဝန်ထမ်းများဟာ မိမိရဲ့ အစိုးရတာဝန်နဲ့ အကျိုးစီးပွါးပဋ္ဋိပက္ခဖြစ်နိုင်တဲ့ ပြင်ပလှုပ်ရှားမှုများကို မပြုလုပ်ရပါ၊ အချို့ပြင်ပလှုပ်ရှားမှုများအတွက် အဆင့်မြင့်အရာရှိများထံက ခွင့်ပြုချက်ကို ကြိုတင်တောင်းခံဖို့ လိုအပ်ပါတယ်၊ သမ္မတက တိုက်ရိုက်ခန့်အပ်တဲ့ ဝန်ထမ်းများနဲ့ အဆင့်မြင့်အရာရှိများဟာ ပြင်ပလှုပ်ရှားမှုများမှ ရရှိငွေကို လက်ခံခွင့်မရှိပါ၊ ဝန်ထမ်းများဟာ အစိုးရအတွက်ကလွဲရင် တရားရုံးအမှုတွေမှာ ကျွမ်းကျင်သူအဖြစ် သက်သေခံခွင့်မရှိပါ၊ သူတို့တာဝန်အရ ဟောပြောရတဲ့ စကားပြောပွဲများ၊ သင်ကြားပို့ချမှုများ၊ ဆောင်းပါးရေးသားခြင်းများမှ အခကြေးငွေ၊ ဂုဏ်ြပုငွေ လက်ခံခွင့်မရှိပါ၊ ဝန်ထမ်းများဟာ သူတို့ပေးဆောင်ရန်တာဝန်ရှိတဲ့ ဝင်ငွေခွန်နဲ့ အခြားအခွန်အခတွေကို မှန်မှန်ကန်ကန်ပေးဆောင်ဖို့ တာဝန်ရှိပါတယ်၊
အပိုင်း (၉) မှာတော့ ဝန်ထမ်းများ ၎င်းတို့ရဲ့ လုပ်ငန်းခွင်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများကို လေ့လာရာမှာ အကိုးအကားပြုရမည့် ကွန်ဂရက်လွှတ်တော်ကပြဋ္ဌန်းထားတဲ့ ဥပဒေများကို စာရင်းပြုစုတင်ပြထားပါတယ်၊
# အမေရိကန်ပြည်ထောင်စု တရားသူကြီးများလိုက်နာရန် ကျင့်ဝတ်များ
အမေရိကန်ပြည်ထောင်စုတရားသူကြီးများအားလုံးဟာလည်း ပြည်ထောင်စုတရားရုံးချုပ်ကချမှတ်ထားတဲ့ ကျင့်ဝတ်စည်းကမ်းများကို လိုက်နာရပါတယ်၊ ဒီစည်းမျဉ်းတွေအားလုံးကို ပြည်ထောင်စုတရားသူကြီးများရဲ့ ညီလာခံ (Judicial Conference of the United States) ကနေ ချမှတ်ခဲ့တာပါ၊ ဒီကျင့်ဝတ်စည်းကမ်းတွေက တရားသူကြီးများကို တရားစီရင်ရေးမှာ ဖြောင့်မတ်မှန်ကန်ဖို့၊ လွတ်လပ်ဖို့၊ ဘက်မလိုက်ဖို့၊ တာဝန်ကိုအပြည့်အဝကျေပြွန်အောင်ထမ်းဆောင်ဖို့ လမ်းညွှန်တာဖြစ်သလို ခွင့်ပြုနိုင်တဲ့ ပြင်ပလှုပ်ရှားမှုများနဲ့ မမှန်မကန်မပြုအောင်ရှောင်ကျဉ်ရမည့် အချက်အလက်များကို ပြဋ္ဌန်းထားတာပါ၊ တရားသူကြီးများအတွက်သာမကပါဘူး၊ တရားရုံးဝန်ထမ်းများ (Judicial Employee) ပါလိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများကိုလည်း သီးခြားပြဋ္ဌန်းထားပါတယ်၊ အချို့ကျင့်ဝတ်များကို အောက်ပါအတိုင်း အကျဉ်းချုံးတင်ပေချင်ပါတယ်၊
တရားသူကြီးများဟာ ၎င်းတို့ကိုယ်တိုင်ကိုယ်ကျ ပါဝင်တဲ့၊ သိမြင်တဲ့ အမှုအခင်းများကို ကြားနာခွင့်မရှိပါ၊ တရားသူကြီးမဖြစ်ခင်က ရှေ့နေတစ်ယောက်ဖြစ်ခဲ့ပြီး အဲဒီတုံးက ရှေ့နေအဖြစ်နဲ့ သူပါဝင်ပါတ်သက်ခဲ့တဲ့ အမှုအခင်းတွေနဲ့ပါတ်သက်ပြီး သူ တရားသူကြီးဖြစ်ချိန်မှာ ကြားနာခွင့်မရှိပါ၊ တရားသူကြီးများဟာ မည်သည့် လုပ်ငန်း၊ ကုမ္ပဏီ၊ ကော်ပိုရေးရှင်း၊ အဖွဲ့အစည်းများမှာမှ ပါဝင်ခြင်း၊ တာဝန်ထမ်းဆောင်ခြင်း မပြုရပါ၊ ၎င်းတို့ရဲ့ အမည်ကိုလည်း ပြင်ပလုပ်ငန်းအဖွဲ့အစည်းများမှာ အသုံးပြုခွင့်မပေးရပါ၊ ၎င်းတို့ရဲ့ တရားစီရင်မှုကို သံသယဖြစ်စေမည့် ပြင်ပကျွမ်းကျင်မှုလုပ်ငန်းများမှာ ပါဝင်ဆောင်ရွက်ခွင့်မရှိပါ၊ အထက်အဆင့်မြင့် တရားသူကြီးထံမှ ကြိုတင်ခွင့်ပြုချက်တောင်းခံခြင်း၊ ခွင့်ပြုခြင်းမရှိပဲ ပြင်ပတွင် သင်ကြားပို့ချခြင်းများမှ အခကြေးငွေရယူခြင်းမပြုရပါ၊ တရားသူကြီးများဟာ တရားစီရင်ရေးစနစ်ကို တိုးတက်စေမည့်၊ ပြည်သူတွေပိုမိုနားလည်ယုံကြည်အောင် ပညာပေးတဲ့ ပြင်ပလှုပ်ရှားမှုများ (စာရေးခြင်း၊ သင်ကြားပို့ချခြင်း၊ ဟောပြောခြင်း) ကို လုပ်ခွင့်ရှိပါတယ်၊ ဒါပေမည့် ၎င်းပြင်ပလှုပ်ရှားမှုများအားလုံးမှ ဥာဏ်ပူဇော်ခ ရယူခွင့်မရှိပါ၊ သို့သော်လည်း စာအုပ်ရေးသားလို့ ထုတ်ဝေရောင်းချရာမှ ရတဲ့ငွေ၊ အထက်တရားသူကြီးချုပ်၏ခွင့်ပြုချက်ဖြင့် တက္ကသိုလ်တစ်ခုခုတွင် အချိန်ပိုင်းသင်ကြားပို့ချခြင်းမှရတဲ့ ဝင်ငွေတွေကိုတော့ ခံစားခွင့်ရှိပါတယ်၊
တရားသူကြီးများဟာ မည်သူ့ထံကမှ လက်ဆောင်များလက်ခံခွင့်၊ တောင်းဆိုခွင့်မရှိပါ၊ လက်ဆောင်ဆိုတာကို “ငွေကြေး၊ ပစ္စည်း၊ အထူးအခွင့်အရေး၊ ပစ္စည်းတစ်ခုကို အထူး ဈေးလျှော့၍ရောင်းချခြင်း၊ ဧည့်ခံကျွေးမွေးပြုစုခြင်း၊ ခန်းနားစွာဧည့်ခံခြင်း၊ အခမဲ့ ခရီးသွားခွင့်ပေးခြင်း၊ ငွေချေးခြင်း၊ ပြန်လည်ပေးဆပ်ရမည့် ကြွေးမြီများအား ပယ်ဖျက်ပေးခြင်း သို့မဟုတ် ပြန်လည်ပေးဆပ်ရန်ရက်ကို ရွှေ့ဆိုင်းပေးခြင်း၊ အချိန်မီတင်သွင်းရမည့် အကြောင်းအရာတစ်ခုအတွက် ရက်တိုးပေးခြင်း၊များနဲ့ အလားတူ ငွေကြေးတန်ဘိုးရှိတဲ့ ပစ္စည်း၊ အခြေအနေအားလုံး” အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်၊ ချွင်းချက်အဖြစ် မိတ်ဆွေများ၊ ဆွေမျိုးများထံမှ ပေးအပ်တဲ့ ငွေကြေးတန်ဘိုးမမြင့်မားတဲ့ လက်ဆောင်အသေးစားများ၊ ကော်ဖီ၊ လက်ဘက်ရည်၊ အမှတ်တရကဒ် စတာတွေကို လက်ခံနိုင်ပါတယ်၊ ပြီးတော့ အများပြည်သူတပြေးညီခံစားခွင့်ရှိတဲ့ ဈေးလျှော့ရောင်းချခြင်းများ (Discount Sale)၊ ဘဏ် ချေးငွေများကိုလည်း ရယူခွင့်ရှိပါတယ်၊
# မြန်မာနိုင်ငံနှင့် အကျိုးစီးပွါးပဋ္ဋိပက္ခ

 
မြန်မာနိုင်ငံဟာ လာဘ်ပေးလာဘ်ယူမှုအများဆုံးနိုင်ငံတစ်ခုအဖြစ် နံမည်ဆိုးနဲ့ ကျော်ကြားနေတာ နှစ်ပေါင်းများစွာရှိနေပါပြီ၊ ၂၀၁၂ ခုနှစ်က နိုင်ငံတကာ လာဘ်ပေးလာဘ်ယူမှုများကို စောင့်ကြည့်လေ့လာတဲ့ အဖွဲ့ကြီး (Transparency International/TI) ရဲ့ ကမ္ဘာ့နိုင်ငံများရဲ့ လာဘ်ပေးလာဘ်ယူမှုအတိုင်းအတာကို အနည်းဆုံးကနေ အများဆုံးအထိ နှိုင်းယှဉ်တိုင်းတာတဲ့ စာရင်း (Corruption Perception Index) မှာ နိုင်ငံပေါင်း ၁၇၆ နိုင်ငံမှာ မြန်မာနိုင်ငံက အမှတ် ၁၇၂ မှာရှိနေပါတယ်၊ မြန်မာနိုင်ငံရဲ့ အာဏာပိုင်အဖွဲ့အစည်း သုံးခုစလုံးမှာ လာဘ်ပေးလာဘ်ယူမှုတွေ အလွန်မြင့်မားနေတာ အထင်အရှားပါ၊

မြန်မာနိုင်ငံမှာ အရိုးဆုံး လာဘ်ပေးလာဘ်ယူမှုကတော့ “ဂါရဝ” ပြုခြင်းလို့ ထင်ရှားပါတယ်၊ ဗုဒ္ဓဘာသာ မြန်မာတို့ထုံးစံ သီတင်းကျွတ်၊ တန်ဆောင်မုန်းလတွေမှာ မိဘ၊ ဆရာနဲ့ ကြီးသူတွေကို သား၊ သမီး၊ တပြည့်၊ ငယ်သူတွေက ဂါရဝပြုရတဲ့ ချစ်စရာကောင်းတဲ့အစဉ်အလာဟာ ခုတော့ အာဏာပိုင်အဖွဲ့အစည်းဝင်များ တရားဝင်လာဘ်ပေးလာဘ်ယူပြုနိုင်ကြအောင် အကာအကွယ်ပေးတဲ့ မျက်နှာဖုံးတစ်ခုဖြစ်နေပါပြီ၊ ဧရာဝတီသတင်းဋ္ဌာနက တင်ပြတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဋ္ဌာနဆိုင်ရာဝန်ထမ်းတွေဟာ တစ်နှစ်ကို အနည်းဆုံး လေးကြိမ်၊ ငါးကြိမ်လောက် သူတို့ရဲ့ အထက်အရာရှိတွေကို ဂါရဝပြုရတယ်လို့ ဆိုပါတယ်၊ လေး၊ ငါးကြိမ်ဆိုတော့ သီတင်းကျွတ်၊ တန်ဆောင်မုန်းတင်မကတော့ပဲ ဒီဇင်ဘာ ခရစ္စမတ်၊ ဇန်နဝါရီ နှစ်သစ်ကူးနဲ့ ဧပြီလ မြန်မာနှစ်သစ်ကူးတွေမှာပါ ဂါရဝပြုကြရတာပါ၊ ဂါရဝပြုတော့လည်း လက်အုပ်ချီကန်တော့ရုံနဲ့မရပါ၊ မပါမဖြစ်ပါရတဲ့ လက်ဆောင်ထုတ်ရဲ့ တန်ဘိုးက အနည်းဆုံး ကျပ် ခြောက်သောင်းကနေ ကျပ် ခြောက်သိန်း လောက်အထိ ရှိပါသတဲ့၊ လက်ဆောင်ထုတ်ရဲ့ တန်ဘိုးကြီးလေလေ ပြန်ရနိုင်မည့် အခွင့်အရေးကလည်း များလေလေဖြစ်ပါလိမ့်မယ်၊ အရာရှိကြီးတစ်ယောက်ဟာ သူ့ရဲ့ ရာထူး၊ ဋ္ဌာနန္တရ အခြေအနေကိုလိုက်ပြီး တစ်နှစ်ကို လက်ဆောင်ထုတ်ပေါင်း ၁၀၀ လောက် ရပါသတဲ့၊ သူကိုယ်တိုင်ကလည်း သူ့အထက်ကအရာရှိကို လက်ဆောင်ထုတ်ကြီးတွေနဲ့ “ဂါ” ရတာပါပဲ၊ ဒါမှပဲ သူ့ကို “ဂါ” ကြတဲ့ အောက်လူများကို ပြန်ပြီး အခွင့်အရေးတွေပေးနိုင်တဲ့ အာဏာ သူ့မှာ ဆက်ရှိမှာပါ၊
# ဒီအကျင့်ဆိုးတွေကို တိုက်ဖျက်ဖို့
လာဘ်ပေးလာဘ်ယူမှုတွေကို မတိုက်ဖျက်ပဲ သန့်ရှင်းသော အစိုးရမဖြစ်နိုင်ပါ၊ ပွင့်လင်းသောလူ့အဖွဲ့အစည်းမတည်ဆောက်နိုင်ပါ၊ ဒီမိုကရေစီစနစ် အခြေမခိုင်နိုင်ပါ၊ အစိုးရ၊ လွှတ်တော်၊ တရားစီရင်ရေး၊ စစ်တပ် အားလုံး မြင့်မားတဲ့ စာရိတ္တနဲ့ ကျင့်ဝတ်တွေကို ပြဋ္ဌန်းလိုက်နာပြီး တိုင်းပြည်နဲ့ လူထုအကျိုးစီးပွါးကို အခိုင်မာဆုံး၊ အစင်ကြယ်ဆုံး ရိုးသားသန့်ရှင်းမှုတွေနဲ့ ဆောင်ရွက်မှပဲ ဒီမိုကရေစီနိုင်ငံတော်သစ်ကို မှန်မှန်ကန်ကန်အုတ်မြစ်ချနိုင်မှာပါ၊
ဒီအကျင့်ဆိုးတွေကို တိုက်ဖျက်ဖို့ တာဝန်အရှိဆုံးက ပြည်ထောင်စုလွှတ်တော်ဖြစ်ပါတယ်၊ ပြည်ထောင်စုလွှတ်တော်ကနေ အကျိုးစီးပွါးပဋ္ဋိပက္ခများကို ကာကွယ်တိုက်ဖျက်ရေးအတွက် လိုအပ်တဲ့ ဥပဒေများကို လေးလေးနက်နက်ရေးဆွဲပြဋ္ဌန်းဖို့ လိုအပ်ပါတယ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လိုအပ်သလို ပြင်ဆင်ဖို့လိုအပ်ပါတယ်၊ အစိုးရ နဲ့ တရားစီရင်ရေးအဖွဲ့အစည်းများကို အကျိုးစီးပွါးပဋ္ဋိပက္ခကာကွယ်ရေးအတွက် ဝန်ထမ်းများလိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်စည်းကမ်းများကို ရေးဆွဲပြဋ္ဌန်းဖို့နဲ့ ဖောက်ဖျက်သူများကို ထိထိရောက်ရောက်အရေးယူဖို့ ညွှန်ကြားသင့်ပါတယ်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်တိုင်လည်း လွှတ်တော်ကိုယ်စားလှယ်များလိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းတွေ ပြဋ္ဌန်းပြီး အကျိုးစီးပွါးပဋ္ဋိပက္ခတွေကို ကာကွယ်တားဆီး ဖို့လိုအပ်ပါတယ်၊
လေးစားစွာ၊
အောင်ဒင်
အောက်တိုဘာလ ၂၅၊ ၂၀၁၃

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts