(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၈၀၊ ဇန်နဝါရီလ ၁၆ ရက်၊ ၂၀၁၄၊ စာမျက်နှာ ၁၈)
မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် – ၅၀
အောင်ဒင်၊ ဇန်န၀ါရီ ၂၃၊ ၂၀၁၄
အပိုင်း (၅၀) လွှတ်တော်နှင့် ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ (က)
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ လူများစုပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်မြ (စစ်ကိုင်းတိုင်း၊ အမှတ် ၇ မဲဆန္ဒနယ်) က ဦးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရလက်ထက်က ပြဋ္ဌန်းခဲ့ပြီး ယနေ့အထိ တည်ဆဲဥပဒေဖြစ်တဲ့ “၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ” ကို ခေတ်နဲ့လျော်ညီအောင် ပြင်ဆင်ဖို့ အဆိုတင်သွင်းခဲ့ပါတယ်၊ အဲဒီအဆိုကို အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးက ကန့်ကွက်ဖြေရှင်းပြီး အခြားကိုယ်စားလှယ်များကလည်း ကန့်ကွက်ကြတာမို့ အဆိုအရေးနိမ့်ခဲ့ပါတယ်၊ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွါးခဲ့တဲ့ ပဋ္ဋိပက္ခများရဲ့ ရိုက်ခတ်မှုကြောင့် လူမျိုးရေးအခြေခံ မျိုးချစ်စိတ်တွေနဲ့ ကန့်ကွက်ကြတာဖြစ်ပါတယ်၊
အချို့ကလည်း ဒီ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေဟာ သက်ဆိုင်ရာ တာဝန်ရှိသူများနဲ့ ကျွမ်းကျင်သူဥပဒေပညာရှင်များက လူဦးရေ သန်းပေါင်း တစ်ထောင်ကျော်စီရှိတဲ့ တရုတ်နဲ့ အိန္ဒိယ နိုင်ငံကြီးနှစ်ခုကြားမှာတည်ရှိနေရတဲ့ မြန်မာနိုင်ငံ၊ လူဦးရေ သန်းတစ်ရာကျော်ရှိပြီး လူဦးရေသိပ်သည်းမှုမြင့်မားလှတဲ့ ဘင်္ဂလားဒေ့ခ်ျနိုင်ငံနဲ့ ကပ်လျက်တည်ရှိနေရတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံခြားသားများရဲ့ ဝါးမျိုခြင်းမခံရအောင်၊ လူမျိုးမပျောက်အောင် အမျိုးသားလုံခြုံရေးရှူထောင့်ကနေ သေသေချာချာစီစဉ်ရေးဆွဲခဲ့တာမို့ လုံးဝမပြင်ဆင်သင့်ကြောင်း ကန့်ကွက်ကြပါတယ်၊ ပြင်မယ်ဆိုရင်လည်း ဥပဒေမှာ သတ်မှတ်ထားတဲ့ ပြစ်ဒဏ်များကိုသာ ခေတ်နဲ့လျော်ညီအောင် ပြင်ဖို့ပဲရှိတယ်လို့ ဆိုသူများလည်း ရှိကြပါတယ်၊
တကယ်တော့ ဥပဒေတိုင်းဟာ ပြီးပြည့်စုံတယ်မရှိဘူးလို့ နိုင်ငံတကာဥပဒေပညာရှင်များအားလုံးက လက်ခံထားပြီးသားပါ၊ အထူးသဖြင့် မြန်မာနိုင်ငံမှာ ဆိုရှယ်လစ်ပါတီအစိုးရကစလို့ နဝတ၊ နအဖ အစိုးရများအထိ အာဏာရှင်အစိုးရများ ရေးဆွဲပြဋ္ဌန်းခဲ့တဲ့ ဥပဒေများမှာ ဥပဒေတစ်ခုချင်းအတွင်းမှာရော၊ ဥပဒေတစ်ခုနဲ့ နောက်တစ်ခုကြားမှာရော ဝိရောဓိဖြစ်တဲ့၊ ဆန့်ကျင်တဲ့၊ အဓိပ္ပာယ် နှစ်မျိုးသက်ရောက်တဲ့၊ လိုအပ်သလိုဘာသာပြန်လို့ရတဲ့ ပြဋ္ဌန်းချက်တွေအများကြီး ပါဝင်နေတာပါ၊ အာဏာရှင်စနစ်ကို အထောက်အပံ့ပြုဖို့ ရေးဆွဲပြဋ္ဌန်းခဲ့တဲ့ ဥပဒေများဖြစ်တဲ့အတိုင်း အစိုးရအာဏာတည်မြဲရေးနဲ့ နိုင်ငံတော်လုံခြုံရေးကိုသာ ဦးစားပေးရေးဆွဲခဲ့ကြပြီး နိုင်ငံသားများရဲ့ အခွင့်အရေးနဲ့ လူ့အခွင့်အရေးတွေကို မျက်ကွယ်ပြုခဲ့ကြ၊ ကန့်သတ်ခဲ့ကြတာပါ၊ ဒါကြောင့်မို့ ဒီ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်ရန်မလိုဘူးလို့ ငြင်းဆန်နေမည့်အစား ဘာတွေလိုအပ်သလဲ၊ မှားယွင်းသလဲ၊ လက်ရှိ ကျနော်တို့ ဖြတ်သန်းနေရတဲ့ ခေတ်ကြီး၊ ကမ္ဘာကြီးနဲ့ လိုက်လျောညီထွေရှိရဲ့လား၊ ဘယ်လိုပိုကောင်းအောင်၊ ပြည့်စုံအောင်လုပ်မလဲ ဆိုတာကို သေသေချာချာ လေ့လာသုံးသပ်သင့်ပါတယ်၊
#၂၀၀၈ ဖွဲ့စည်းပုံနှင့် ၁၉၈၂ နိုင်ငံသားဥပဒေတို့၏ ပဋ္ဋိပက္ခ
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေဟာ မြန်မာနိုင်ငံအတွင်းကို တရားမဝင် စိမ့်ဝင်လာကြတဲ့ နိုင်ငံခြားသားများရဲ့ အန္တရာယ်ကို ကာကွယ်ဖို့၊ မြန်မာနိုင်ငံဖွား တိုင်းရင်းသားလူမျိုးများရဲ့ အကျိုးစီးပွါးနဲ့ အခွင့်အရေးများကို ကာကွယ်ဖို့ သေသေချာချာ စနစ်တကျရေးဆွဲခဲ့တာလို့ ပြောကြပါတယ်၊ နိုင်ငံတကာမှာလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံသားဥပဒေဟာ အင်မတန်တင်းကြပ်တယ်လို့ နားလည်လက်ခံထားကြပါတယ်၊ ဒါပေမည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေပါ ပြဋ္ဌန်းချက်များက နိုင်ငံသားဥပဒေရဲ့ မူလရည်ရွယ်ချက်များနဲ့ ဆန့်ကျင်ဘက်၊ နိုင်ငံတကာကျင့်ထုံးများနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်၊
၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေမှာ နိုင်ငံသား၊ ဧည့်နိုင်ငံသား နဲ့ နိုင်ငံသားပြုခွင့်ရသူ ဆိုပြီး အဆင့်အတန်း သုံးမျိုးခွဲခြားထားပါတယ်၊ ပုဒ်မ (၂-ခ) အရ နိုင်ငံသားဆိုသည်မှာ “မြန်မာနိုင်ငံသား”၊ ပုဒ်မ (၂-ဂ) မှာ ဧည့်နိုင်ငံသားဆိုသည်မှာ “ဤဥပဒေအရ သတ်မှတ်သော ဧည့်နိုင်ငံသား”၊ ပုဒ်မ (၂-ဃ) မှာ နိုင်ငံသားပြုခွင့်ရသူဆိုသည်မှာ “ဤဥပဒေအရ သတ်မှတ်သော နိုင်ငံသားပြုခွင့်ရသူ” ဆိုပြီး အဓိပ္ပယ်ဖွင့်ဆိုထားပါတယ်၊
“နိုင်ငံသား” ဖြစ်မှုနဲ့ ပါတ်သက်ပြီး ပုဒ်မ (၃) အရ “နိုင်ငံတော်တွင်ပါဝင်သောနယ်မြေ တစ်ခုခု၌ မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ် မတိုင်မီကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့်တိုင်းရင်းသားများနှင့် မျိုးနွယ်စုများ”၊ ပုဒ်မ (၅) အရ “တိုင်းရင်းသားတိုင်းနဲ့ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူများ”၊ ပုဒ်မ (၆) အရ “ဤဥပဒေအာဏာတည်သည့်နေ့တွင် နိုင်ငံသားဖြစ်ပြီးသူများ၊ ပုဒ်မ (၇) ပုဒ်မခွဲ (က) (ခ) (ဂ) များအရ ” နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသူများ၊ နိုင်ငံသားနှင့် ဧည့်နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသူများ၊ နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ၊” အားလုံးဟာ “နိုင်ငံသား” များဖြစ်ကြပါတယ်၊
“ဧည့်နိုင်ငံသား” နဲ့ပါတ်သက်ပြီး ပုဒ်မ (၂၃) မှာ “၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအရ နိုင်ငံသားဖြစ်ရန် လျှောက်ထားသူများသည် သတ်မှတ်ချက်များနှင့် အရည်အချင်းများ ကိုက်ညီပါက ဧည့်နိုင်ငံသားအဖြစ် ဗဟိုအဖွဲ့က သတ်မှတ်နိုင်သည်” ဟု ပြဋ္ဌန်းထားပါတယ်၊
“နိုင်ငံသားပြုခွင့်ရသူ” နဲ့ပါတ်သက်ပြီး ပုဒ်မ (၄၂) အရ “၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအရ လျှောက်ထားရန်ကျန်ရှိနေသော ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မတိုင်မီကာလတွင် နိုင်ငံတော်အတွင်း၌ ရောက်ရှိနေထိုင်သူနှင့် ထိုသူတို့မှ နိုင်ငံတော်အတွင်း မွေးဖွားသည့် သားသမီးများ” ၊ ပုဒ်မ (၄၃) အရ “ဤဥပဒေအာဏာတည်သည့်နေ့မှစ၍ နိုင်ငံတော်အတွင်း၌ဖြစ်စေ၊ နိုင်ငံတော်ပြင်ပ၌ဖြစ်စေ မွေးဖွားသည့် (က) နိုင်ငံသားနှင့် နိုင်ငံခြားသားမိဘနှစ်ပါးမှ မွေးဖွားသူများ။ (ခ) ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှ မွေးဖွားသူများ၊ (ဂ) ဧည့်နိုင်ငံသားနှင့် နိုင်ငံခြားသား မိဘနှစ်ပါးမှ မွေးဖွားသူများ၊ (ဃ) နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ၊ (င) နိုင်ငံသားပြုခွင့်ရသူနှင့် နိုင်ငံခြားသားမိဘနှစ်ပါးမှ မွေးဖွားသူများ” သည် ဗဟိုအဖွဲ့သို့ “နိုင်ငံသားပြုခွင့်” ရရန် လျှောက်ထားနိုင်သည်လို့ ဆိုထားပါတယ်၊
ပုဒ်မ (၇)၊ ပုဒ်မခွဲ (ဃ) (င) (စ) များအရ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူများဟာ ၎င်းတို့ရဲ့ သက်တမ်းအတွင်းမှာ “နိုင်ငံသား” ဖြစ်လာခွင့်မရှိ၊ ၎င်းတို့ရဲ့ ဒုတိယမျိုးဆက်ဖြစ်တဲ့ သား၊သမီးများမှာလည်း “နိုင်ငံသား” ဖြစ်ခွင့်မရှိပဲ၊ ၎င်းတို့ရဲ့ တတိယမျိုးဆက်၊ မြေးများကျမှသာ “နိုင်ငံသား” ဖြစ်ခွင့်ရှိပါတယ်၊ ဒီပြဋ္ဌန်းချက်များအရ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူများဟာ နိုင်ငံသားများနဲ့ အဆင့်အတန်းမတူညီကြပါ၊ ဒါကြောင့် နိုင်ငံသားများနဲ့ တန်းတူညီမျှအခွင့်အရေး မရသင့်ပါ၊ အထူးသဖြင့် တိုင်းပြည်အတွက် အင်မတန်အရေးကြီးတဲ့ “နိုင်ငံရေးရာ ကိစ္စ” တွေမှာ ပါဝင်ခွင့် မရှိသင့်ပါ၊ ဒါပေမည့် ပုဒ် မ (၃၀)၊ ပုဒ်မခွဲ (ဂ) နဲ့ ပုဒ်မ (၅၃)၊ ပုဒ်မခွဲ (ဂ) တို့အရ ဧည့်နိုင်ငံသားများနဲ့ နိုင်ငံသားပြုခွင့်ရသူများဟာ နိုင်ငံတော်ကောင်စီ (အစိုးရ) က အခါအားလျော်စွာ သတ်မှတ်သော အခွင့်အရေးများမှ အပ နိုင်ငံတော်၏ ဥပဒေပါ နိုင်ငံသားအခွင့်အရေးများကို နိုင်ငံသားများနဲ့ တန်းတူ ခံစားခွင့်ရှိနေပါတယ်၊
အမေရိကန်ပြည်ထောင်စုမှာလည်း အခြေချနေထိုင်သူတွေကို အဆင့်အတန်း လေးမျိုးခွဲခြားထားပါတယ်၊ (က) အမေရိကန် နိုင်ငံသား၊ (ခ) အမြဲတမ်းနေထိုင်ခွင့်ရသူများ (Permanent Residents)၊ (ဂ) ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ရသူများ (Refugees)၊ (ဃ) အလုပ်အကိုင် သို့မဟုတ် ပညာသင်ကြားရေးနှင့် ပါတ်သက်ပြီး ယာယီနေထိုင်ခွင့်ပြုထားသူများ (Temporary Visa) စသည်ဖြင့် ခွဲခြားထားပါတယ်၊ ဒီအမျိုးအစားလေးမျိုးစလုံးဟာ အမေရိကန်နိုင်ငံအတွင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွါးရေးကိစ္စတွေအားလုံးမှာ တန်းတူညီမျှအခွင့်အရေးရကြပေမည့် နိုင်ငံရေးကိစ္စတွေမှာ တန်းတူမရှိပါ၊ အမြဲတမ်းနေထိုင်ခွင့်ရသူများ၊ ဒုက္ခသည်များ၊ ယာယီနေထိုင်ခွင့်ရသူများအားလုံးဟာ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံရေးနဲ့ အမျိုးသားလုံခြုံရေးကိစ္စတွေမှာ ပါဝင်ခွင့်မရှိပါ၊ နိုင်ငံရေးပါတီတည်ထောင်ခွင့်၊ နိုင်ငံရေးပါတီတစ်ခုခုမှာ အဖွဲ့ဝင်ဖြစ်ခွင့်၊ ရွေးကောက်ပွဲမှာ မဲပေးခွင့်၊ ကိုယ်စားလှယ်လောင်းတစ်ယောက်အတွက်၊ ပါတီတစ်ခုအတွက် မဲဆွယ်စည်းရုံးခွင့်မရှိပါ၊ အသက် ၁၈ နှစ်ပြည့်ပြီးသူများအဖို့ ဥပဒေအရ နှစ်နှစ် စစ်မှုထမ်းရတာကလွဲရင် အမြဲတမ်းနေထိုင်ခွင့်ရသူများ၊ ဒုက္ခသည်များဟာ ပြည်ထောင်စုအစိုးရဋ္ဌာနတွေမှာ အမှုထမ်းခွင့်မရှိပါ၊
အမေရိကန်ပြည်ထောင်စုဆိုတာ ရွှေ့ပြောင်းအခြေချသူများတည်ဆောက်ထားတဲ့ နိုင်ငံ (Immigrant Nation) ဖြစ်ပါတယ်၊ ကမ္ဘာတစ်ဝှမ်းက ရွှေ့ပြောင်းအခြေချနေထိုင်လိုသူများ၊ စစ်ပြေး၊ နိုင်ငံရေး ဒုက္ခသည်များကို နှစ်စဉ်နှစ်တိုင်း သောင်းနဲ့ချီပြီး ကြိုဆိုလက်ခံတဲ့ နိုင်ငံလည်းဖြစ်ပါတယ်၊ ဒီနိုင်ငံမှာတောင်မှ နိုင်ငံသားမဟုတ်သေးသူများကို တိုင်းပြည်ရဲ့ နိုင်ငံရေးကိစ္စများမှာ ပါဝင်ခွင့်မပြုပါ၊ ကျနော်တို့ မြန်မာနိုင်ငံမှာကျတော့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားမဟုတ်တဲ့ ဧည့်နိုင်ငံသားများ၊ နိုင်ငံသားပြုခွင့်ရသူများကို တိုင်းပြည်ရဲ့ နိုင်ငံရေးကိစ္စတွေမှာ ပါဝင်ခွင့်ပြုထားတာမို့ အံ့ဩမိပါတယ်၊
၂၀၀၈ ဖွဲ့စည်းပုံ၊ ပုဒ်မ (၃၉၁) ပုဒ်မခွဲ (က) အရ လွှတ်တော်များသို့ ပြည်သူ့ကိုယ်စားလှယ်များ ရွေးချယ်တင်မြှောက်ရာမှာ ရွေးကောက်ပွဲစတင်ကျင်းပသည့် နေ့ရက်၌ အသက် ၁၈ နှစ်ပြည့်ပြီး ဥပဒေအရ အရည်အချင်းပျက်ကွက်သူမဟုတ်သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားနှင့် “ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ” တိုင်းသည် ဆန္ဒမဲပေးခွင့်ရှိသည်လို့ ပြဋ္ဌန်းထားပါတယ်၊ အဲဒီ ပြဋ္ဌန်းချက်မှာ ပါဝင်တဲ့ “လွှတ်တော်များ” ဆိုတာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များ ဖြစ်ကြပြီး “ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ” ဆိုတာ ဧည့်နိုင်ငံသားများနှင့် နိုင်ငံသားပြုခွင့်ရသူများကို ဆိုလိုပါတယ်၊
၂၀၁၀ ခုနှစ် မတ်လ ၈ ရက်နေ့မှာ နအဖအစိုးရက ပြဋ္ဌန်းခဲ့ပြီး ယနေ့အထိ တည်ဆဲဖြစ်တဲ့ “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ”၊ ပုဒ်မ (၄) ပုဒ်မခွဲ (က) မှာ နိုင်ငံရေးပါတီတည်ထောင်လိုသူများသည် ” နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများ ဖြစ်ရမည်” လို့ ပြဋ္ဌန်းထားပါတယ်၊ ပုဒ်မ (၁၀) ပုဒ်မခွဲ (က) မှာလည်း ပါတီဝင်များစည်းရုံးရာမှာ “နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများ” ကိုသာ စည်းရုံးရမည်လို့ ဆိုထားပြန်ပါတယ်၊ ဒီဥပဒေအရ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများအားလုံးဟာ နိုင်ငံသားများနဲ့ တန်းတူ နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ နိုင်ငံရေးပါတီများမှာ ပါဝင်ခွင့်ရှိနေပါတယ်၊ တနည်းအားဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတဲ့ မြန်မာနိုင်ငံမှာ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများဟာ ပါတီစုံနိုင်ငံရေးလှုပ်ရှားမှုထဲ ပါဝင်ခွင့်ရနေပါတယ်၊
နအဖအစိုးရကပဲ ၂၀၁၀ ခုနှစ် မတ်လ (၈) ရက်နေ့မှာပဲ ပြဋ္ဌန်းခဲ့တဲ့ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေ များမှာလည်း ပုဒ်မ (၆)၊ ပုဒ်မခွဲ (က) မှာ “ရွေးကောက်ပွဲစတင် ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီး ဤဥပဒေပါပြဋ္ဌန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူ” များဟာ အမျိုးသား၊ အမျိုးသမီးမရွေး၊ ဘာသာမရွေး၊ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသည်လို့ ပြဋ္ဌန်းထားပါတယ်၊ ဒီဥပဒေများဟာလည်း ယနေ့အထိ တည်ဆဲဥပဒေများ ဖြစ်ကြပါတယ်၊ ဒီဥပဒေများအရ “ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူများ” ဟာ အသက် ၁၈ နှစ်ပြည့်ရင် ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခွင့်ရှိပါတယ်၊
အထက်ပါ ဖော်ပြချက်များကို ကြည့်ရင် “ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူ” များဟာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ “နိုင်ငံသားများ” မဟုတ်ကြပေမည့်၊ “နိုင်ငံသားဖြစ်ခွင့်” မရနိုင်ကြပေမည့် ၊ နိုင်ငံရေးပါတီများတည်ထောင်ခွင့်၊ နိုင်ငံရေးပါတီဝင်ဖြစ်ခွင့်၊ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခွင့်၊ ရွေးကောက်ပွဲမှာ ၎င်းတို့နှစ်သက်ရာ ကိုယ်စားလှယ်၊ ၎င်းတို့ကိုယ်စားပြုရာ ပါတီအတွက် မဲဆွယ်စည်းရုံးခွင့်တွေ ရှိနေပါတယ်၊ တနည်းအားဖြင့်ပြောမယ်ဆိုရင် “ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူ” များဟာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံခွင့်မရှိတာကလွဲလို့ မြန်မာနိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ရွေးကောက်ပွဲတွေမှာ၊ မြန်မာ့နိုင်ငံရေးမှာ တစ်စုံတစ်ရာဩဇာသက်ရောက်ခွင့် ရှိနေပါတယ်၊ ဒါဟာဖြင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေရဲ့ “အမျိုးသားလုံခြုံရေး” ရည်မှန်းချက်နဲ့ရော၊ နိုင်ငံတကာက အလေ့အကျင့်များနဲ့ပါ ဆန့်ကျင်နေပါတယ်၊
#ဖိနပ်နဲ့ ခြေထောက် ပြဿနာ
ဒီပြဿနာက ခြေထောက်က ဖိနပ်ထက်ပိုကြီးနေတဲ့ ပြဿနာမျိုးပါ၊ မတော်တဲ့ ဖိနပ်ကို အတင်းစွပ်နေရင် ခြေထောက်နာပါလိမ့်မယ်၊ ဖိနပ်လည်း ပျက်စီးနိုင်ပါတယ်၊ ဖိနပ်နဲ့ တော်အောင် ခြေထောက်ကို ဖြတ်ပစ်ဖို့တော့လည်း မသင့်ပါ၊ ခြေထောက်နဲ့တော်တဲ့ ဖိနပ်အသစ်ကိုပဲ ပြောင်းစီးမှ ဖြစ်မှာပါ၊
ဆက်လက်တင်ပြပါမယ်၊
လေးစားစွာ၊
အောင်ဒင်
ဇန်နဝါရီ ၉၊ ၂၀၁၄