News Features

ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်ရရေးနှင့် တကသအဆောက်အအုံ ပြန်လည်တည်ဆောက်ရေး – Bo Thein

ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်ရရေးနှင့် တကသအဆောက်အအုံ ပြန်လည်တည်ဆောက်ရေး

ဘိုးသိမ်း၊ နိုဝင်ဘာ ၈၊ ၂၀၁၃

(ပြည်သူ့ခေတ်ဂျာနယ်တွင် ဖော်ပြပြီး၊ ပြန်လည်ကူးယူဖော်ပြပါသည်)
          ” ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွဲ့ဖြိုးရေးနှင့် တကသ အဆောက်အအုံပြန်လည်တည်ဆောက်ရေး အဖွဲ့” မှ အဖွဲ့ဝင်တစ်ဦး သူတို့အဖွဲ့က ဦးစီးပြီး ၂ဝ၁၂ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာ ကျင်းပပြုလုပ်မည့် ”စာတန်းဖတ်ပွဲ”တွင် စာရေးသူအား စာတမ်းတစ်ဆောင် ဖတ်ကြားပေးရန်အတွက် အကြောင်းကြားလာပါ တယ်။
          ကျွန်တော်လည်း အဲဒီစာတမ်း ဖတ်ပွဲအတွက် အချက်အလက်များ စဉ်းစားမှတ်သားထားပါတယ်။
          ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ယခုအချိန်ထိ စာတန်းဖတ်ပွဲကို မကျင်းပနိုင်သေးပါ။
          ဒါကြောင့် အဲဒီ စာတမ်းဖတ်ပွဲအတွက် စဉ်းစားမှတ်သားထားသညဲ့ ” ကျောင်းသားသမဂ္ဂဖွဲ့စည်း ခွင့်ရရေးနှင့် တကသ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေး” နဲ့ပတ်သက်တဲ့အ ချက်လေးများကို အများပြည်သူ များ သိရှိဖတ်ရှုနိုင်ပါရန် ဆောင်းပါးအဖြစ်ရေးသားလိုက်ပါတယ်။
           ”် ကျောင်းသားသမဂ္ဂဖွဲ့စည်း ခွင့်ရရေးနှင့် တကသ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေး” အကြောင်းကို ရေးရမယ်ဆိုရင် ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ၊ (၇) ရက်နေ့ ကျောင်းသားအရေးအခင်းအကြောင်း နည်းနည်းလောက်တော့ပြန်ပြော မှ ပြည့်စုံပါမယ်။
          ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၇)ရက် နေ့လည်ဘက်မှာ တင်းကျပ်တဲ့အဆောင် စည်းကမ်းတွေနဲ့ ပတ်သက်၍ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂက ဦးဆောင်ပြီး ကျောင်းသားထု ကန့်ကွက်ဆန္ဒပြပွဲ တခု ကို ပြုလုပ် ခဲ့ပါတယ်။
          တက္ကသိုလ်နယ်မြေထဲမှာ လှည့်လည်ဆန္ဒပြကြပြီး ဆန္ဒပြပွဲဟာ အေးအေးချမ်းချမ်းနဲ့ ပြီးဆုံးသွား ပါတယ်။
          ဆန္ဒပြပွဲ ပြီးဆုံးပြီးနောက် မကြာမီအချိန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အအုံကို လျှပ်တပြက် ဝင်ရောက်စည်းနင်းပြီး၊ ကျောင်းသားခေါင်းဆောင်တွေ ကို ဖမ်းပါတယ်။ ကျောင်းသားခေါင်းဆောင် (၃)ဦး အဖမ်းခံရပြီး ကျောင်းသားခေါင်းဆောင် အများစုဟာ လွတ်မြောက်သွား ကြပါတယ်။
          တကသ အဆောက်အအုံကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်းစည်းနင်းတာကို မြင်လိုက်ရတဲ့ ကျောင်းသားတခိျု့က အော်ဟစ်သတင်းပို့တဲ့အတွက် တကသ အဆောက်အအုံနဲ့ နီးတဲ့ ကျောင်းဆောင် တွေမှာ နေထိုင်တဲ့ ကျောင်းသားတွေဟာ အဆောင်ပေါ်က ပြေးဆင်း လာကြပြီး၊ တကသ အဆောက်အအုံ နဲ့ ကျောင်းသား ခေါင်းဆောင်တွေကို အကာအကွယ် ပေးကြပါတယ်။
          တဖြည်းဖြည်းနဲ့ ဗဟိုကျောင်းဆောင်ဘက်က ကျောင်းသားတွေလည်း ရောက်လာကြပြီး ကျောင်းသား အရေအတွက်များလာပါတယ်။
          အဲဒီလို အကာအကွယ်ပေးရင်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ တက္ကသိုလ်ကျောင်းသားတွေ ထိပ်တိုက် ရင်ဆိုင်ကြရပါတယ်။
          ညနေဘက်မှာတော့ လုံခြုံရေးတပ်ဖွဲ့တွေက သေနတ်ပစ်ခတ်တဲ့နည်းနဲ့ ဖြေရှင်းတဲ့အတွက် ကျောင်းသား အများအပြား သေဆုံးခဲ့ရပါတယ်။
          ဇူလိုင် (၈) ရက်နေ့ နံနက်စောစောမှာတော့ တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အအုံကြီးကို မိုင်းခွဲဖျက်ဆီးပစ်လိုက်ပါတယ်။
        ဒီအချက်တွေကတော့ အားလုံးသိပြီးဖြစ်ပါတယ်။
     ယခုနှစ် (၂ဝ၁၃)ခု၊ ဇူလိုင်လ (၈) ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) အဆောက် အအုံ ကို မိုင်းခွဲဖြိုချဖျက်ဆီးခံခဲ့ရတာ နှစ်ပေါင်း (၅၁) တိတိပြည့်မြောက်ပါတော့မယ်။
          ကျောင်းသားများဟာ ၁၉၆၂ ခုနှစ် ဇူလိုင်လ (၈) ရက်နေ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ  အဆောက်အအုံကို မိုင်းခွဲဖြိုချဖျက်ဆီးခံရချိန်ကစပြီး ”တကသအဆောက်အအုံကြီးကို ပြန်လည်တည်ဆောက် ပေးရမယ်၊ တကသကို တရားဝင်ပြန်လည်ဖွဲ့စည်းခွင့်ပေးရမယ်” ဆိုတဲ့ စိတ်ဓါတ်တွေကို စွဲကိုင်ထားပြီး လက်ဆင့်ကမ်း အမွေပေးခဲ့တာ ယနေ့မျိုးဆက်သစ်ကျောင်းသားတွေအထိ ဖြစ်ပါတယ်။ ယခုဆိုလျှင် လက်ဆင့် ကမ်းခဲ့တာ နှစ်ပေါင်း (၅၁) ပြည့်ပါပြီ။
          ကျောင်းသားများအနေနှင့် အဲဒီစိတ်ဓါတ်တွေကို တကသအဆောက်အအုံကြီး ပြန်လည်တည်ဆောက် မပေးမချင်း တသကကို တရားဝင်ပြန်လည်ဖွဲ့စည်းခွင့်မရမချင်း နောင်နှစ်ပေါင်းရာချီ ထောင်ချီအထိလည်း မျိုးဆက်တဆက်ချင်း တဆက်ချင်း ဆက်လက်လက်ဆင့်ကမ်းအမွေပေး လွှဲပြောင်းသွားမှာ ဖြစ်ပါတယ်။
          ‘တကသအဆောက်အအုံကြီးကို ပြန်လည်တည်ဆောက်ပေးရမယ်၊ တကသကို တရားဝင်ပြန်လည် ဖွဲ့စည်း ခွင့်ပေးရမယ်”ဆိုတဲ့အချက်ကို ကျောင်းသား မျိုးဆက်အသီးသီးကလည်း အခြေအနေပေးသလောက် တတ်နိုင်သလောက် ကြိုးစားအားထုတ်ခဲ့ကြပြီး ဖြစ်ပါတယ်။ နောက်ထပ်မျိုးဆက်သစ်တွေအနေနဲ့လည်း အဲဒီဆုံးရှုံး ခဲ့ရတဲ့အချက်တွေကို ပြန်လည်ရရှိတဲ့အထိ ဆက်လက် ကြိုးစားနေရမှာ ဖြစ်ပါတယ်။ ဒီနေ့ ”ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသ အဆောက်အအုံ ပြန်လည် တည်ဆောက်ရေးအဖွဲ့”က စည်းရုံးလှုပ်ရှားနေတာဟာ လည်း ဒီကြိုးစားအားထုတ်မှုတွေထဲက တခု ဖြစ်တယ်လို့ ခံယူပါတယ်။
          ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေးနဲ့ပတ်သက်ပြီး ၁၉၆၂ ခု ဇူလိုင်လ (၈)ရက်နေ့ ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီး မိုင်းခွဲဖြိုချဖျက်ဆီးခံရပြီး (၂၆)နှစ် အကြာ ၁၉၈၈ခုနှစ် သမ္မတ ဒေါက်တာမောင်မောင် လက်ထက်မှာ ” ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးကို ပြန်လည်တည်ဆောက်ပေးမယ်၊ အိုးစည်ဗုံမောင်းတွေနဲ့ အုတ်မြစ်ချမယ်”ဆိုတဲ့ အသံထွက်လာ ခဲ့ဘူးပါတယ်။
          ယခုနှစ်ပေါင်း (၅ဝ)ကြာတဲ့အချိန်မှာ သမ္မတဦးသိန်းစိန်ရဲ့ စီးပွားရေးအကြံပေးအဖွဲ့ ခေါင်းဆောင် ဦးမြင့်က သမ္မတထံပေးပို့တဲ့ အိတ်ဖွင့်ပေးစာထဲမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည် တည်ဆောက်ပေးရန်အတွက် ဖော်ပြအကြံပြုရေးသားထားပါတယ်။
          ဂျာနယ်တွေနဲ့ ပြည်သူတွေက အဲဒီအကြံပြုချက်ကို ထောက်ခံကြိုဆိုခဲ့ကြပါတယ်။
          နောက်မကြာမီအချိန်မှာပဲ၊ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုနိုင်က ”ဦးမြင့်ရဲ့ အိတ်ဖွင့်ပေးစာမှာ ယင်းက ပုဂ္ဂလိကဆန္ဒအလျောက် ရေးသားခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတရုံး အနေဖြင့် ကြိုတင်သိရှိခြင်းလည်းမရှိ။ နိုင်ငံတော်သမ္မတရုံး၏ သဘောထားတစ်စုံတစ်ရာ ထင်ဟပ်ခြင်း လည်းမရှိပါ ကြောင်း” သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ကြေညာခဲ့ပါတယ်။
          အဲဒီနောက်ပိုင်းမှာ ”ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်လည်တည်ဆောက် ရေး” အသံဟာလည်း ပြန်လည်အားပျော့သွားခဲ့ပါတယ်။
          ပြည်သူလူထုနှင့်ကျောင်းသားထုရဲ့ ”ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်လည် တည်ဆောက်ပေးရေး”မျှော်လင့်ချက် ရောင်ခြည်ဟာလည်း ပြန်လည်မှေးမှိန်သွားပါတယ်။
          နောက်တော့”ရန်ကုန်တက္ကသိုလ်ရှင်သန်ဖွံ့ဖြိုးရေးနှင့်တကသ အဆောက်အအုံပြန်လည် တည် ဆောက်ရေးအဖွဲ့” ဖွဲ့စည်းတဲ့အကြောင်း အစည်းအဝေးတွေ ကျင်းပပြုလုပ်နေတဲ့အကြောင်း ဂျာနယ်တွေမှာ ဖတ်ရပါတယ်။
          ယခုဆိုရင် ” ရန်ကုန်တက္ကသိုလ်ရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသ အဆောက်အအုံ ပြန်လည်တည် ဆောက်ရေးအဖွဲ့”အနေနဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ဆောက် ရေးအတွက် လုပ်ဆောင်နေတာ အချိန်တော်တော်ကြာခဲ့ပါပြီ။ ရံပုံငွေတွေလည်း အထိုက်အလျောက် ရရှိနေ လောက်ပြီ ထင်ပါတယ်။
          ကျွန်တော် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂမှာ တာဝန်ယူခဲ့တဲ့အချိန်တုန်းကတော့၊ တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အအုံဟာ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအမှုဆောင်အဖွဲ့ရဲ့ အုပ်ချုပ်မှု စီမံခန့်ခွဲမှုအောက်မှာ ရှိခဲ့ပါတယ်။ တက္ကသိုလ်အာဏာပိုင်တွေအနေနဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂအဆောက် အအုံနဲ့ပတ်သက်ပြီး ဘာမှဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိခဲ့ပါဘူး။
          ဒီနေရာမှာ ကျွန်တော့အနေနဲ့ မေးချင်တဲ့မေးခွန်းတစ်ခိျု့ရှိပါတယ်။
          ”ရန်ကုန်တက္ကသိုလ်ရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသအဆောက်အအုံ ပြန်လည်တည်ဆောက်ရေးအဖွဲ့” အနေနဲ့၊ ကျောင်းသားသမဂ္ဂအဆောက်အအုံကြီး ပြန်လည်တည်ဆောက်ပြီးလျှင်၊ အဲဒီကျောင်းသား သမဂ္ဂ အဆောက်အအုံကြီးကို ဘယ်သူ့ကိုလွှဲအပ်ပေးမယ်လို့များ စဉ်းစားထားပါသလဲ။
          ကျောင်းသားသမဂ္ဂအဆောက်အအုံကြီးရဲ့ စီမံခံခွဲမှုကိုရော ဘယ်သူ့ကိုများ စီမံခန့်ခွဲအုပ်ချုပ်ခိုင်းမယ် လို့ စီစဉ်ထားပါသလဲ။
          ကျောင်းသားသမဂ္ဂအဆောက်အအုံကြီး ပြန်လည်တည်ဆောက်ရန် သဘောတူခွင့်ပြုချက် ရရှိတဲ့ အချိန်မှာ အဲဒီ အချက်တွေကို ညှိနှိုင်းဆောင်ရွက်သဘောတူညီပြီး ဖြစ်ရပါမယ်။
          အမှန်မှာတော့ တရားဝင်တက္ကသိုလ်ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်မရသေးဘဲနဲ့ ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ပြန်လည်တည်ဆောက်တယ်ဆိုတာဟာ ဘာအဓိပ္ပါယ်မှ မရှိပါဘူး။ 
          တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်လည်တည်ဆောက်ပြီးစီးတဲ့အချိန်မှာ အဲဒီအသစ် ဆောက်လုပ်ထားတဲ့ ကျောင်းသားသမဂ္ဂအဆောက်အအုံကို တရားဝင်ပြန်လည်ဖွဲ့စည်းထားတဲ့ တက္ကသိုလ် ကျောင်း သားသမဂ္ဂလက်ထဲကို တရားဝင်လွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။
          တရားဝင်တက္ကသိုလ်ကျောင်းသားသမဂ္ဂမရှိသေးရင် အသစ်ပြန်လည်တည်ဆောက်ထားတဲ့ ကျောင်း သား သမဂ္ဂအဆောက်အအုံကို ဘယ်သူက တရားဝင်လွှဲပြောင်းလက်ခံယူမှာလဲ။
          တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အအုံအသစ်ကို တက္ကသိုလ်အာဏာပိုင်များက လွှဲပြောင်း လက်ခံရယူထားလို့တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။
          အသစ်တည်ဆောက်ပြီးစီးတဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အအုံကို တက္ကသိုလ် အာဏာ ပိုင်များက လွှဲပြောင်းလက်ခံရယူတယ်ဆိုရင် ”တက္ကသိုလ်ကျောင်းသားသမဂ္ဂ ပရဝဏ်ထဲမှာ ကျောင်းသား သမဂ္ဂအဆောက်အအုံအဖြစ် အမည်ခံပြီး ပြည်သူလူထုထည့်ဝင်သော အလှူငွေများနှင့် တက္ကသိုလ် အာဏာ ပိုင်များ လိုရာအသုံးပြုနိုင်ရန်အတွက် အဆောက်အအုံသစ်တစ်ခု” ဆောက်လုပ်ပေးတဲ့ သဘောမျိုးပဲ ဖြစ်သွားပါမယ်။တက္ကသိုလ်ကျောင်းသားသမဂ္ဂမရှိသေးတော့ တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အအုံ ဆိုတာ ဖြစ်မလာနိုင်ပါဘူး။
          ဒါကြောင့်မို့ တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်လည်တည်ဆောက်ရန်အတွက် ပြင်ဆင် နေတဲ့တစ်ချိန်ထဲမှာ တက္ကသိုလ်ကျောင်းသားသမဂ္ဂတရားဝင် ပြန်လည်ဖွဲ့စည်းခွင့်ရရှိရေးကိုပါ ဆောင်ရွက်ရန် အရေးကြီးပါတယ်။
          ကိုမင်းကိုနိုင်က ကျောင်းသားရှိရင် ကျောင်းသားသမဂ္ဂရှိရမယ်လို့ ခဏခဏပြောပါတယ်။ ဒါဟာ ယေဘူယျအနေဖြင့်တော့ မှန်ပါတယ်။ အဲဒါကို ပြောင်းပြန် ပြန်စဉ်းစားရင် ကျောင်းသားမရှိသေးပဲ ကျောင်းသား သမဂ္ဂဖွဲ့စည်းခွင့်ပေးတယ်ဆိုရင်လဲ ဘာမှအဓိပ္ပါယ်မရှိပါဘူး။ ဥပမာအနေနဲ့ပြောရရင် ယခု လက်ရှိအချိန်မှာ ရန်ကုန် တက္ကသိုလ်ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်ရရင်တောင် ဘယ်ကျောင်းသားတွေနဲ့ ကျောင်းသားသမဂ္ဂဖွဲ့မှာလဲ။
          ထို့အတူပါပဲ ကျောင်းသားသမဂ္ဂမရှိသေးရင် ကျောင်းသားသမဂ္ဂအဆောက်အဦး ဆောက်လုပ် ခွင့်ပြုတယ်  ဆိုတာဟာလဲ ဘာအဓိပ္ပါယ်မှ မရှိပါဘူး။
          အဲဒီလို ဆောက်ခွင့်ပြုတယ်ဆိုရင်လည်း ကျွန်တော့စိတ်ထဲမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ပရဝဏ်ကို နားလှည့်ပါးရိုက်လုပ်ပြီး လိမ်ညာယူချင်တဲ့ အကြံလို့ပဲ ထင်နေပါတယ်။
          ဒါကြောင့်မို့ ရန်ကုန်တက္ကသိုလ်နယ်မြေမှာ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေ ကျောင်းပြန် တက်ခွင့်ရပြီး၊ တက္ကသိုလ်နယ်မြေ စိုစိုပြေပြေဖြစ်လာအောင် ဆောင်ရွက်တဲ့လုပ်ငန်း၊
          တက္ကသိုလ်နယ်မြေမှာ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေ ပြန်လည်ရောက်ရှိလာရင် တက္ကသိုလ် ကျောင်းသားသမဂ္ဂတရားဝင် ဖွဲ့စည်းခွင့်ရရေးလုပ်ငန်း၊
          တတိယအနေနဲ့ ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်လည်တည်ဆောက်ရေးလုပ်ငန်း စသည့် လုပ်ငန်း သုံးခုကို အလေးထားဆောင်ရွက်ရန်လိုပါတယ်။
          အိုလံပစ်အမှတ်တံဆိပ်က ကွင်း(၅)ကွင်း တစ်ခုနဲ့တစ်ခု ဆက်နေသလို အထက်ကဖော်ပြခဲ့တဲ့ လုပ်ငန်း သုံးခုဟာလည်း တစ်ခုနဲ့တစ်ခုဆက်နေမှာ ဖြစ်ပါတယ်။
          ”ရန်ကုန်တက္ကသိုလ်ရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသအဆောက်အအုံ ပြန်လည်တည်ဆောက်ရေးအဖွဲ့” ရဲ့အမည်ကို ကြည့်ရတာ၊ အထက်က ကျွန်တော်ရှင်းပြခဲ့တဲ့ကွင်းဆက် သုံးခုမှာ အလယ်ကွင်းဆက်တစ်ခု ပြတ်နေ သလိုခံစားရပါတယ်။
          အဲဒီကွင်းဆက်သုံးဆက်မှာ အလယ်ကွင်းဆက်ဟာ ဘာကြောင့်ပြတ်နေသလဲဆိုတာကိုတော့ ကျွန်တော် စဉ်းစားလို့မရပါဘူး။
          အမှတ်တမဲ့ ကျန်နေတာလား၊ တမင်ချန်ထားခဲ့သလားဆိုတာကိုတော့ အဲဒီကော်မတီကို ဦးဆောင် ဖွဲ့စည်း တဲ့ပုဂ္ဂိုလ်တွေပဲ သိမှာပါ။
          တစ်ခိျု့ကလည်း ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်ဆိုတာ ဘယ်သူ့ဆီက အခွင့်တောင်းနေရမလဲ။ ကိုယ့်ဟာ ကိုယ်ဖွဲ့ရင်ရတာပဲဆိုတဲ့သဘောထားရှိချင် ရှိနေမှာပါ။
          ကျွန်တော်တို့တွေအနေနဲ့လည်း ၁၉၆၂ ခုနှစ် ဇူလိုင်လ (၇)ရက် နောက်ပိုင်းမှာ ကိုယ့်ဟာကိုဖွဲ့ပြီး လှုပ်ရှား ခဲ့ကြတာပဲ။
          ဒါပေမဲ့ ကျောင်းသားသမဂ္ဂတရားဝင်ဖွဲ့စည်းခွင့်ရနိုင်တဲ့ အခြေအနေရှိနေရင်တော့ ကျောင်းသား သမဂ္ဂ တရားဝင်ဖွဲ့စည်းခွင့်ကို တောင်းရမှာပါ။
          ကိုယ့်ဟာကိုယ်ဖွဲ့စည်းတဲ့ကျောင်းသားသမဂ္ဂနဲ့တရားဝင်ဖွဲ့စည်းခွင့်ရတဲ့ကျောင်းသားသမဂ္ဂတွေရဲ့ အခန်းကဏ္ဍတွေဟာအများကြီးကွာခြားပါတယ်။
          တရားဝင်ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်ရတာနဲ့ ကျောင်းသားသမဂ္ဂရွေးကောက်ပွဲတွေပြုလုပ်ပြီး တကယ့်ကျောင်းသားထုရဲ့ ကိုယ်စားလှယ်တွေရွေးချယ်တင်မြှောက်လို့ရပါတယ်။ ကျောင်းသား ကျောင်းသူ တွေရဲ့ တရားဝင် ရွေးချယ်တင်မြှောက်ခံထားရတဲ့၊ ကျောင်းသားသမဂ္ဂအမှုဆောင်အဖွဲ့ဖြစ်ရင်ကျောင်းသား ကျောင်းသူတွေရဲ့ တရား ဝင် ကိုယ်စားလှယ်အဖြစ်နဲ့ ပြောနိုင်ဆိုနိုင်ပြောခွင့်ဆိုခွင့်ပိုမိုလေးနက်ပါတယ်။
          တက္ကသိုလ်ကျောင်းသားသမဂ္ဂတရားဝင်ဖွဲ့စည်းခွင့်ရရှိရင် ကျောင်းသားသမဂ္ဂအဆောက်အအုံ မရှိ ပေမဲ့။ ယာယီအဆောက်အအုံဆောက်ပြီး ကျောင်းသားသမဂ္ဂလုပ်ငန်းတွေကို ဆောင်ရွက်လို့ရပါမယ်။
          ၁၉၆၃ ခုနှစ် ဧပြီလ (၁)ရက်နေ့မှာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကြေညာပြီးတဲ့အချိန် နောက်ပိုင်း တက္ကသိုလ်ကျောင်းသားခေါင်းဆောင်များတက္ကသိုလ်နယ်မြေမှာ ပြန်လည်ခြေချနိုင်တဲ့ အချိန်က စပြီး၊  ၁၉၆၃ ခုနှစ် နိုဝင်ဘာလ (၁၄) ရက်နေ့တော်လှန်ရေးကောင်စီက၊ ပြည်တွင်းငြိမ်းချမ်းရေး ဆွေနွေးပွဲ တွေ ဖျက်သိမ်းကြောင်း ကြေငြာတဲ့အထိ တကသဝန်းထဲမှာပဲ ထရံကာ၊ ဓနိမိုး၊ တကသယာယီ အဆောက် အအုံလေးတစ်ခု ဆောက်လုပ်ပြီး၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ လုပ်ငန်းတာဝန်များ ဆောင်ရွက် နိုင်ခဲ့ပါတယ်။
          တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အအုံသစ်ကြီး ပြန်လည်တည်ဆောက်ခွင့်ရသော်လည်း တရားဝင် ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်မရရှိရင် အဲဒီကျောင်းသားသမဂ္ဂ အမည်ခံ အဆောက်အအုံသစ် ကြီးဟာ၊ ကျောင်းသား သမဂ္ဂလုပ်ငန်းအတွက် အသုံးဝင်သည့် အဆောက်အအုံကြီး ဖြစ်မလာနိုင်ပါဘူး။
          ဒါကြောင့်မို့ ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးပြန်လည်အသစ်တည်ဆောက်ရေးအတွက် အရေးကြီးသလို တက္ကသိုလ်ကျောင်းသားသမဂ္ဂ တရားဝင်ပြန်လည် ဖွဲ့စည်းခွင့်ရရှိရေးကလည်း အရေးကြီး ပါတယ်။
          တက္ကသိုလ် ကျောင်းသားသမဂ္ဂတရားဝင်ပြန်လည်ဖွဲ့စည်းတဲ့အချိန်မှာလည်း ၁၉၆၂ ခုနှစ် ဇူလိုင် (၇)ရက် ကျောင်းသားအရေးအခင်းဖြစ်ပွားပြီးနောက်ပိုင်း တက္ကသိုလ်မှာအသင်းအဖွဲ့တွေ ဖွဲ့သလို ကျောင်းသားသမဂ္ဂ အမည်ခံရုံသက်သက်တက္ကသိုလ်အာဏာပိုင်များက၊ ဘယ်ကျောင်းဆရာက ဥက္ကဋ္ဌလုပ်၊ ဘယ်ကျောင်းသားက အတွင်းရေးမှူးလုပ်စသဖြင့် ဗဟိုဦးစီးစနစ်နဲ့ဖွဲ့စည်းပေးတဲ့ အမည်ခံကျောင်းသား သမဂ္ဂမျိုးကိုတော့ ကျောင်းသား ထုက လုံးဝလက်ခံမှာ မဟုတ်ပါဘူး။
          တက္ကသိုလ် ကျောင်းသားသမဂ္ဂပြန်လည်ဖွဲ့စည်းတဲ့အခါမှာ ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်က ရေးဆွဲ အတည်ပြုထားခဲ့ပြီး ၁၉၆၂ ခုနှစ် အထိလက်ကိုင်ထား အသုံးပြုခဲ့တဲ့ ” ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဖွဲ့စည်းပုံစည်းမျဉ်း” အတိုင်းတရားမျှတပြီး လွတ်လပ်တဲ့ မဲပေးစနစ်နဲ့ ကျောင်းသားထုက မဲပေးရွေးချယ် တင်မြောက် လိုက်တဲ့ကျောင်းသားထု ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ”တက္ကသိုလ်ကျောင်းသားသမဂ္ဂ ” ဖြစ်ရန်လိုအပ်ပါတယ်။
          နောက်အရေးကြီးတဲ့ အချက်က တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံကို အသစ်ပြန်လည် တည်ဆောက်ပြီးရင် အဲဒီအဆောက်အအုံကို ကျွန်တော်တို့ ကျောင်းသားသမဂ္ဂအမှုဆောင်အဖွဲ့မှာ တာဝန် ယူ ခဲ့စဉ်ကလို ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအမှုဆောင်အဖွဲ့က စီမံခန့်ခွဲအုပ်ချုပ်ခွင့် ရရှိရန်လိုအပ် ပါတယ်။
          တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အအုံဟာ၊ တက္ကသိုလ်နယ်မြေမှာ အခမဲ့မြေငှား ဆောက် ထားတဲ့ သဘောသာဖြစ်ပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအမှုဆောင်အဖွဲ့က တာဝန်ယူရပါတယ်။ တက္ကသိုလ် အာဏာပိုင်တွေအနေနဲ့ လုံးဝ ဝင်ရောက်စွက်ဖက်ခွင့်မရှိပါဘူး။
          ကျွန်တော်ဒါတွေကိုပြောနေတာက ကျွန်တော့စိတ်ထဲမှာ စိုးရိန်စိတ်တွေရှိနေလို့ပါ။
          တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အအုံကို ဆောက်ခွင့်ပြုတယ်၊ အုတ်မြစ်ချတယ်၊ အဆောက် အအုံ ဆောက်ကြ၊ ဖွင့်ပွဲလုပ်ကြ၊ နောက်အဆောက်အအုံကြီးပြီးတော့ တက္ကသိုလ်အာဏာပိုင်တွေက လွှဲပြောင်းလက်ခံ ယူသွားရင်၊ ကျွန်တော်တို့ရဲ့ ကျောင်းသားသမဂ္ဂ မြေကွက်ကြီးဆုံးရှုံးသွားတဲ့ သဘော ရောက်သွားပါမယ်။
          နားလှည့်ပါးရိုက်ခံရပြီး၊ မြေကွက်ဆုံးရှုံးသွားရတဲ့သဘောဖြစ်သွားနိုင်ပါတယ်။
          ဒါကြောင့်ကျွန်တော်အထက်ကပြောခဲ့တဲ့ ကွင်းဆက်သုံးဆက်ကို အပြတ်မခံဘို့ တိုက်တွန်းတာပါ။
          နောက်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အအုံနဲ့ပတ်သက်ပြီး ပြောစရာတစ်ခုရှိပါသေးတယ်။
          သမ္မတဦးသိန်းစိန်ထံ ပေးပို့တဲ့ ဦးမြင့်ရဲ့ အိပ်ဖွင့်ပေးစာထဲမှာ ပါတဲ့စိတ်ကူးနဲ့ တည်ဆောက်ထားတဲ့ ကျောင်းသားသမဂ္ဂအဆောက်အအုံးမှာ” ဧည့်ပညာရှင်တွေရဲ့ အခန်းတွေလည်းရှိရမယ် ”လို့ဖော်ပြထားတာ တွေ့ ရပါတယ်။
          ကျွန်တော့သဘောကို ပြောရရင် အသစ်ပြန်လည်တည်ဆောက်မည့် တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံသစ်မှာ”ဧည့်ပညာရှင်တွေအတွက်အခန်း ”တွေကို ထည့်သွင်းတည်ဆောက်ရန် မလိုပါဘူး။
          ဧည့်ပညာရှင်တွေရဲ့အခန်းကို တက္ကသိုလ်အာဏာပိုင်တွေက သီခြားစီစဉ်ပေးရမည့် တာဝန်ရှိပါ တယ်။ ဒီကိစ္စတွေဟာ ကျောင်းသားသမဂ္ဂနဲ့ မသက်ဆိုင်ပါဘူး။
          ကျောင်းသားသမဂ္ဂက အဆောက်အအုံမှာ ဧည့်ပညာရှင်တွေအတွက်အခန်းတွေပါ ထည့်သွင်းတည် ဆောက်ထားခဲ့ရင် ဧည့်ပညာရှင်တွေမလာရောက်တဲ့အချိန်မှာ တက္ကသိုလ်ဆရာမိသားစုတွေကို ခေတ္တနေထိုင် ခွင့်ပြုတဲ့ အခြေအနေတွေဖြစ်လာနိုင်ပါတယ်။ နောက်တဖြည်းဖြည်းနဲ့၊ ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဟာ တက္ကသိုလ် ဆရာများနေထိုင်ရာ အဆောက်အအုံတစ်ပိုင်း၊ ကျောင်းသားသမဂ္ဂတစ်ပိုင်း ဖြစ်လာနိုင်ပါ တယ်။ဒါကြောင့်မို့ ဧည့်ပညာရှင်တွေအတွက်အခန်းကို တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အအုံမှာ ထည့်သွင်း ဆောက်လုပ်ရန် မလိုအပ်ပါဘူး။
          တက္ကသိုလ်ကျောင်းသား သမဂ္ဂအဆောက်အအုံပြန်လည်တည်ဆောက်ခြင်း၏ အခြေခံဦးတည်ချက် သည် ကျောင်းသားများအတွက်သာဖြစ်ရပါမယ်။
          နိဂုံးချုပ်အနေနဲ့ပြောရရင် ”တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံပြန်လည်တည်ဆောက်ခွင့် ရရေး လှုပ်ရှားမှု”သည် ”တက္ကသိုလ်ကျောင်းသားသမဂ္ဂတရားဝင်ပြန်လည်ဖွဲ့စည်းခွင့်ရရေး တောင်းဆိုလှုပ်ရှားမှု” နဲ့ တွဲဖက် လှုပ်ရှားမှသာ အဓိပ္ပါယ်ပြည့်ဝသော လှုပ်ရှားမှုတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။
          ဘိုးသိမ်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts