News Features အောင်ဒင်

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၄၀)

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၆၈၊ အောက်တိုဘာလ ၂၄ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈)

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၄၀)


အောင်ဒင်၊ အောက်တိုဘာ ၂၇၊ ၂၀၁၃
အပိုင်း (၄၀) လွှတ်တော်နှင့် ပြည်သူများ၏ သိပိုင်ခွင့် (Right to Know) (ခ)
# သိခွင့်ရှိမှုရဲ့ အတိုင်းအတာ
အမေရိကန်ပြည်ထောင်စုရဲ့ “သတင်းအချက်အလက်လွတ်လပ်ခွင့်ဥပဒေ” အရ ပြည်သူတစ်ယောက်ရဲ့ သိပိုင်ခွင့်ဟာ အစိုးရဋ္ဌာနတိုင်းကိုသာမက ကွန်ဂရက်လွှတ်တော်က ဥပဒေပြဋ္ဌန်းဖွဲ့စည်းပြီး ဘဏ္ဏာငွေနှစ်စဉ်ထောက်ပံ့ပေးရတဲ့ “အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးတပ်ဖွဲ့များ” (United States Peace Corps) လို၊ လွတ်လပ်သောအာရှအသံရေဒီယိုအသံလွှင့်ဋ္ဌာန (Radio Free Asia) လို အစိုးရတစ်ပိုင်း (Semi-Government Office) အဖွဲ့အစည်းများအားလုံးကိုပါ သက်ရောက်မှုရှိပါတယ်၊ ဥပမာအနေနဲ့ ၂၀၁၂ ခုနှစ်မှာ အစိုးရဋ္ဌာန လေးခုက “သတင်းအချက်အလက်လွတ်လပ်ခွင့်ဥပဒေ” အရ ပြည်သူများသိခွင့်တောင်းခံတဲ့ မှတ်တမ်းများကို ဋ္ဌာနအလိုက် ဖြေရှင်းပေးပုံကို အောက်ပါဇယားမှာ ကြည့်ပါ၊
ဋ္ဌာန
၂၀၁၁ ခုနှစ် လက်ကျန်
အမှုပေါင်း
၂၀၁၂ ခုနှစ် လက်ခံရရှိ
အမှုပေါင်း
၂၀၁၂ ခုနှစ် ဖြေရှင်းပြီး
အမှုပေါင်း
၂၀၁၂ ခုနှစ် ကုန်လက်ကျန်အမှုပေါင်း
ပြည်ထောင်စုထောက်လှမ်းရေးဗျူရို (FBI) ၁,၃၉၅   ၁၂,၇၈၃   ၁၁,၈၈၂    ၂,၂၉၆
ဗဟိုထောက်လှမ်းရေး
အေဂျင်စီ (CIA )
၉၈၅   ၃,၇၄၅   ၃,၅၈၆    ၁,၁၄၄
ကာကွယ်ရေးဝန်ကြီးဋ္ဌာန
(Department of Defense)
၁၀,၀၂၅   ၆၆,၀၇၈    ၆၆,၆၅၁   
၉,၄၅၂
နိုင်ငံရေးခြားရေးဝန်ကြီးဋ္ဌာန
(Department of State)
၈,၆၁၁   ၁၈,၅၂၁    ၁၅,၃၄၃   
၁၁,၇၈၉
အခုဆိုရင် တိုင်းသူပြည်သားများရဲ့ သိပိုင်ခွင့် (Right to Know) ကို အာမခံတဲ့ ဥပဒေတွေကို ကမ္ဘာ့နိုင်ငံပေါင်း ၉၀ ကျော်မှာ ပုံစံအမျိုးမျိုးနဲ့ အတည်ပြု ပြဋ္ဌန်းအကောင်အထည်ဖော်နေကြပြီး စက်တင်ဘာလ (၂၈) ရက်နေ့ကို နိုင်ငံတကာ ပြည်သူများ၏ သိပိုင်ခွင့်နေ့ (International Right to Know Day) အဖြစ် ၂၀၀၂ ခုနှစ်ကစလို့ သတ်မှတ်ပြီး အထိန်းအမှတ်အခန်းအနားတွေ ကျင်းပကြပါတယ်၊ ပြည်သူများရဲ့ သိပိုင်ခွင့်ကို အာမခံတဲ့ နိုင်ငံတွေထဲမှာ အာရှတိုက်က မြန်မာ့အိမ်နီးချင်း နိုင်ငံများလည်းပါဝင်ကြပါတယ်၊ ထိုင်းနိုင်ငံမှာ “တရားဝင်သတင်းအချက်အလက်များဆိုင်ရာ ဥပဒေ” (Official Information Act 1997) ဆိုပြီး ၁၉၉၇ ခုနှစ်ကစလို့ တည်ရှိပါတယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ “သတင်းအချက်အလက်များသိခွင့်ဥပဒေ” (The Right to Information Act) ကို ၂၀၀၉ ခုနှစ်မှာ ပြဋ္ဌန်းပါတယ်၊ အိန္ဒိယနိုင်ငံမှာ အလားတူဥပဒေကို ၂၀၀၅ ခုနှစ်ကတည်းက ပြဋ္ဌန်းကျင့်သုံးပါတယ်၊ မလေးရှားနိုင်ငံမှာတော့ အတိုက်အခံပါတီက ကြီးစိုးတဲ့ ဆီလန်ဂေါပြည်နယ် (State of Selangor) နဲ့ ပီနန်ပြည်နယ် (State of Penang) တွေမှာ ပြည်နယ်အစိုးရရဲ့ သတင်းအချက်အလက်များကို ပြည်သူလူထုကို သိခွင့်ပေးတဲ့ ဥပဒေကို ၂၀၁၁ ခုနှစ်မှာ ပြဋ္ဌန်းခဲ့ပါတယ်၊
#ပွင့်လင်းသောအစိုးရ (Open Government)
အမေရိကန်ပြည်ထောင်စုရဲ့ “သတင်းအချက်အလက်လွတ်လပ်ခွင့်ဥပဒေ” ဟာ အစိုးရနဲ့သာ သက်ဆိုင်ပြီး အခြားအာဏာပိုင်အဖွဲ့အစည်းများဖြစ်ကြတဲ့ ကွန်ဂရက်လွှတ်တော်၊ ဗဟိုတရားရုံးချုပ်တို့နဲ့ မသက်ဆိုင်ဘူးဆိုပေမည့် ၎င်းအင်စတီကျူးရှင်းများကလဲ ပြည်သူလူထုအပေါ် ပွင့်လင်းမှုရှိကြပါတယ်၊
ကွန်ဂရက်လွှတ်တော်က ပြဋ္ဌန်းခဲ့တဲ့ ဥပဒေများ၊ အတည်ဖြစ်ဆဲဥပဒေများ၊ ဆွေးနွေးနေဆဲ ဥပဒေကြမ်းများ၊ နေ့စဉ်အစည်းအဝေးမှတ်တမ်းများ၊ ကြားနာပွဲများ၊ မဲပေးမှုမှတ်တမ်းများ အားလုံး (လွှတ်တော် ထောက်လှမ်းရေးကော်မီတီမှတ်တမ်းများမှအပ) ကို ကွန်ဂရက်လွှတ်တော်နဲ့ လွှတ်တော်ရေးရာကော်မီတီများရဲ့ ဝက်ဆိုက်မှာ အချိန်မရွေး ရှာဖွေလေ့လာနိုင်ပါတယ်၊ အထက်လွှတ်တော် နဲ့ အောက်လွှတ်တော်ရဲ့ ကြားနာပွဲတွေ၊ အခြေအတင်ဆွေးနွေးမှုတွေ၊ မဲခွဲတာတွေကိုလည်း C-Span လို့ခေါ်တဲ့ တီဗီလိုင်းတစ်ခုကနေ တိုက်ရိုက်ထုတ်လွှင့်ပါတယ်၊ ကွန်ဂရက်လွှတ်တော်နဲ့ပါတ်သက်တဲ့ မှတ်တမ်းတွေအားလုံးကို ကွန်ဂရက်လွှတ်တော်စာကြည့်တိုက် (Library of Congress) မှာ သိမ်းဆည်းထားပြီး အများပြည်သူလေ့လာခွင့်ရှိပါတယ်၊ 
လွှတ်တော်အမတ်တစ်ဦးချင်းမှာလည်း ကိုယ်ပိုင် ဝက်ဆိုက်တွေရှိပြီး သူတို့ရဲ့ ကိုယ်ရေးရာဇဝင်၊ ပိုင်ဆိုင်မှုက အစ လွှတ်တော်တွင်းသူတို့ရဲ့ လှုပ်ရှားမှုများ၊ အကြောင်းအရာအလိုက်ရပ်တည်မှုများ၊ ရွေးကောက်ပွဲရန်ပုံငွေစာရင်းရှင်းတမ်း၊ နှစ်စဉ်ဝင်ငွေခွန်နဲ့ အခြားအခွန်များပေးဆောင်မှု စတာတွေကို ပြည်သူလူထု အလွယ်တကူလေ့လာနိုင်ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဝန်ထမ်းများကလည်း သူတို့ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်နဲ့ ပါတ်သက်ပြီး ပြည်သူလူထုသိချင်သမျှကို ဖြေကြားပေးရပါတယ်၊
ပြည်ထောင်စုတရားရုံးချုပ်နဲ့ လက်အောက်ခံတရားရုံးများဟာလည်း ပွင့်လင်းမြင်သာမှုရှိကြပါတယ်၊ အမှုများကို အထူးခုံရုံးနဲ့ တံခါးပိတ်စစ်ဆေးတယ်ဆိုတာမရှိပါ၊ အများပြည်သူရှေ့မှောက်မှာပဲ စစ်ဆေးဆုံးဖြတ်ပါတယ်၊ တရားသူကြီးများရဲ့ ကိုယ်ရေးရာဇဝင်၊ ပိုင်ဆိုင်မှု၊ တရားစီရင်ရေးဆိုင်ရာအတွေးအခေါ် (Judicial Philosophy) နဲ့ စီရင်ဆုံးဖြတ်ခဲ့တဲ့ အမှုများကိုလည်း ပြည်သူလူထုအလွယ်တကူ လေ့လာနိုင်ပါတယ်၊
အစိုးရကိုယ်တိုင်ကလည်း ဋ္ဌာနအသီးသီးရဲ့ မှတ်တမ်းတွေကို အတတ်နိုင်ဆုံး ပြည်သူလူထုအလွယ်အကူသိရှိနိုင်အောင် ဋ္ဌာနအသီးသီးရဲ့ ဝက်ဆိုက်တွေမှာ ထုတ်ပြန်ပေးပါတယ်၊ သမ္မတအိမ်တော်ကို လာရောက်ပြီး သမ္မတ၊ ဒုသမ္မတအပါအဝင် အိမ်ဖြူတော်က ထိပ်တန်းအရာရှိများနဲ့ တွေ့ဆုံဆွေးနွေးသူများရဲ့ ဧည့်သည်မှတ်တမ်းကို တစ်လတစ်ကြိမ်ထုတ်ပြန်ပါတယ်၊ သမ္မတ၊ သမ္မတကတော်၊ ဒုသမ္မတ၊ ဒုသမ္မတကတော်များရဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်မှု၊ ဝင်ငွေခွန်နဲ့ အခြားအခွန်ပေးဆောင်မှုတွေကို တစ်နှစ်တစ်ခါ ထုတ်ပြန်ပါတယ်၊ သမ္မတရဲ့ ကျန်းမာရေးအခြေအနေနဲ့ ဆေးကုသမှုမှတ်တမ်းကိုလည်း ပုံမှန်ထုတ်ပြန်ပေးပါတယ်၊ အိမ်ဖြူတော်မှာ တာဝန်ယူကြတဲ့ သမ္မတရဲ့ အရာရှိချုပ် (Chief of Staff) ကစလို့ မီးဖိုချောင်ဝန်ထမ်းအထိ ဝန်ထမ်းအားလုံးရဲ့ အမည်၊ ရာထူးနဲ့ လစာငွေများစာရင်းကိုလည်း သိရှိနိုင်ပါတယ်၊ ဒါကြောင့် အစိုးရနဲ့ ပါတ်သက်တဲ့ သတင်းအချက်အလက်အတော်များများဟာ နိုင်ငံတော်လုံခြုံရေး၊ စစ်ရေးကြောင့် လျှို့ဝှက်ရတာမဟုတ်ရင် အများပြည်သူသိရှိအောင် ထုတ်ပြန်ထားပြီးဖြစ်လို့ “သတင်းအချက်အလက်လွတ်လပ်ခွင့်ဆိုင်ရာဥပဒေ” ကိုတောင် သိပ်ပြီး အသုံးချစရာမလိုလှပါ၊ သမ္မတ အိုဘားမားကပြောဘူးပါတယ်၊ “သံသယကို ပွင့်လင်းမှုက အနိုင်ရတယ်” (In the face of doubt, openness prevails.) တဲ့၊
#မပွင့်လင်းသေးတဲ့ မြန်မာနိုင်ငံ
ကျနော်တို့နိုင်ငံကို ပြန်လှည့်ကြည့်တော့ အာဏာပိုင်အဖွဲ့အစည်းများအားလုံးဟာ ပွင့်လင်းမြင်သာမှုမရှိသေးတာ တွေ့ရပါတယ်၊ ပြီးခဲ့တဲ့ စစ်အစိုးရထက်စာရင် အများကြီးပွင့်လင်းလာပါပြီလို့ ငြင်းချက်ထုတ်နိုင်ပါတယ်၊ ဒါပေမည့် ဒီမိုကရေစီနိုင်ငံတစ်ခုအတွက် လုံလောက်တဲ့ ပွင့်လင်းမှုမရှိပါ၊ သန့်ရှင်းပြီး ကောင်းမွန်တဲ့ အစိုးရ (Clean and Good Government)   ဖြစ်ဖို့ ပွင့်လင်းမြင်သာမှု (Transparency) က အရေးကြီးတဲ့ အခြေခံ လိုအပ်ချက်ပါ၊ ပြည်သူလူထုရဲ့ယုံကြည်မှုကိုရဖို့ ပြည်သူလူထုရဲ့ သိပိုင်ခွင့်ကို အာမခံရပါမယ်၊ ပြည်သူလူထုရဲ့ သံသယကို အစိုးရရဲ့ ပွင့်လင်းမြင်သာမှုနဲ့ ချေဖျက်ရမှာပါ၊
တလောလေးက သတင်းမီဒီယာမှာရော၊ လွှတ်တော်ထဲမှာပါ ဟိုးလေးတကြော်ဖြစ်သွားတဲ့ ဒေါ်လာ ၁၁ ဘီလျံ ကိစ္စဟာလည်း ပွင့်လင်းမှုမရှိလို့ ဖြစ်တာပါ၊ ဗဟိုဘဏ်အနေနဲ့ တိုင်းပြည်ရဲ့ ဘဏ္ဏာငွေကို ထိန်းသိမ်းစီမံခန့်ခွဲရတာဖြစ်လို့ နိုင်ငံတော်ရဲ့ ရရန်ရှိငွေ၊ ပေးရန်ရှိငွေ၊ အရန် နိုင်ငံခြားငွေပမာဏ၊ စုဆောင်းငွေ၊ အာမခံစာချုပ်များ၊ ပြည်တွင်းလည်ပါတ်ဖို့အတွက် ငွေစက္ကူပုံနှိပ်ထုတ်ဝေမှုများ၊ ကမ္ဘာ့ငွေကြေးဈေးကွက်မှာ ပါဝင်မှုများ၊ ရွှေနဲ့ အခြားရင်းနှီးမြှုတ်နှံမှုများ စတာတွေကို ပြည်သူလူထုသိရှိအောင် ပုံမှန်ထုတ်ပြန်ပေးသင့်ပါတယ်၊ နိုင်ငံခြားသားတစ်ယောက်က လာပြီးဖွတော့မှ အသည်းအသန်ဖြေရှင်းရတာမျိုး မဖြစ်သင့်ပါ၊
အစိုးရက ဘယ်လောက်ပွင့်လင်းပါသလဲ၊ သမ္မတဦးသိန်းစိန်အပါအဝင် အစိုးရအဖွဲ့ဝင်များရဲ့ အာဏာမရခင်အချိန်မှာရှိတဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုတွေကို ပြည်သူလူထုသိခွင့်မရပါ၊ ကားတွေ၊ အိမ်တွေရောင်းပြီး ငြိမ်းချမ်းရေးလုပ်နေရပါတယ်လို့ ဝန်ကြီးတစ်ယောက်က ကြွေးကြော်ပါတယ်၊ အဲဒီ ကားတွေ၊ အိမ်တွေ သူဘယ်လိုပိုင်ဆိုင်ခဲ့သလဲ၊ ရောင်းလို့ရတဲ့ ငွေတွေအပေါ်မှာရော ရောင်းဝယ်ခွန်ဆောင်ရဲ့လား၊ နောက်ထပ်ရော အိမ်တွေ၊ ကားတွေ၊ ခြံမြေတွေဘယ်လောက်ပိုင်သေးသလဲ၊ အဲဒီပိုင်ဆိုင်မှုတွေဟာ သန့်ရှင်းရဲ့လား၊စစ်အစိုးရလက်ထက်မှာ ပြည်သူလူထုရဲ့ မြေတွေကို အဓမ္မသိမ်းပိုက်ခဲ့တာတွေနဲ့ ဆက်နွယ်သလား၊ သမ္မတဦးသိန်းစိန်က နေပြည်တော်မှာ ဧက ၅၀၀ ကျယ်တဲ့ စံပြစိုက်ခင်းနဲ့ လယ်တောအိမ်ကြီး ပိုင်တယ်လို့ ကြားရပါတယ်၊ ဘယ်လိုပိုင်ခဲ့တာလည်း၊ ဘာတွေပိုင်သေးသလဲ၊ သမ္မတနဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ အဆင့်မြင့်အရာရှိကြီးတွေ ဝင်ငွေခွန်ဆောင်ကြပါရဲ့လား၊ 
အာဏာရှိသူ တစ်ယောက် အာဏာရှိတဲ့သက်တမ်းအတွင်း လာဘ်စားခြင်းရှိမရှိဆိုတာကို အကြမ်းဖျင်းအားဖြင့် အာဏာမရခင်မှာ သူကြေညာခဲ့တဲ့ ပိုင်ဆိုင်မှုနဲ့ အာဏာသက်တမ်းကုန်ဆုံးချိန်မှာ သူ့မှာရှိတဲ့ ပိုင်ဆိုင်မှုတွေနဲ့ နှိုင်းယှဉ်တိုင်းတာကြတာမို့ နိုင်ငံတော်ရဲ့ အဆင့်မြင့်တာဝန်ယူကြသူများအဖို့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို အများပြည်သူသိအောင်ထုတ်ပြန်ကြေငြာခြင်းဟာ သန့်ရှင်းသောအစိုးရဖြစ်ဖို့ အခြေခံလိုအပ်ချက်ဖြစ်ပါတယ်၊
ပွင့်လင်းမြင်သာမှုဆိုတာ ပြည်ထောင်စုလွှတ်တော်အပါအဝင် ပြည်နယ်၊ တိုင်းဒေသကြီးလွှတ်တော်များနဲ့ရော၊ ပြည်ထောင်စုတရားရုံးချုပ်အပါအဝင် လက်အောက်ခံတရားရုံးများအတွက်ရော သက်ဆိုင်ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ကိုယ်ရေးရာဇဝင်ကို ပြည်သူ့လွှတ်တော်ဝက်ဆိုက်မှာ ထုတ်ပြန်ကြေညာခြင်းမရှိပါ၊ အမျိုးသားလွှတ်တော်ဆိုရင် ဝက်ဆိုက်တောင်မရှိပါ၊ လွှတ်တော်ကိုယ်စားလှယ်အချို့က စည်ပင်ရိပ်သာမှာ လေးယောက်တစ်ခန်းမျှနေကြရပြီး အခန်းထဲမှာပဲ လျှပ်စစ်မီးဖိုကလေးနဲ့ ထမင်း၊ ဟင်းချက်စားလို့ ချို့ချို့တဲ့တဲ့နဲ့ လွှတ်တော်အစည်းအဝေးတက်နေကြတဲ့ အချိန်မှာ အင်မတန်ချမ်းသာတဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေရှိပါတယ်၊ နေပြည်တော်မှာ၊ အခြားမြို့ကြီးတွေမှာ နန်းတော်တမျှခန်းနားတဲ့ အိမ်ကြီးတွေပိုင်ဆိုင်ကြပြီး အကောင်းဆုံးကားကြီးတွေစီးလို့ ချွေရံသင်းပင်းများစွာရှိကြပါတယ်၊ သူတို့တွေ ဒီပစ္စည်းဥစ္စာတွေ ဘယ်လိုပိုင်ဆိုင်ခဲ့သလဲ၊ ဒီပိုင်ဆိုင်မှုတွေဟာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးမခံရခင်ကတည်းက ပိုင်တာလား၊ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီးမှ တိုးပွါးလာတာလား၊ အရင်ကတည်းကပိုင်တာဆိုရင် အဲဒီပိုင်ဆိုင်မှုတွေဟာ သန့်ရှင်းရဲ့လား၊ ဒီပိုင်ဆိုင်မှုတွေအပေါ်မှာရော၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ရတဲ့ လစာငွေအပေါ်မှာရော အခွန်ဆောင်ပါရဲ့လား၊ ဘယ်ကရတဲ့ ပိုက်ဆံတွေနဲ့ ဒီလို ခန်းနားတိုးတက်သွားတာလဲ၊ တစ်စုံတစ်ယောက်က၊ သို့မဟုတ် တစ်ယောက်မကတဲ့ လူတွေကလှူတာလား၊ ဒါဆိုရင် ဘာအကျိုးမျှော်ပြီးလှူသလဲ၊ အဲဒီပုဂ္ဂိုလ်ရေးအလှူကို လက်ခံခြင်းဟာ လာဘ်စားမှုမမြောက်ဘူးလား၊ ပြည်သူလူထုသိအောင် ရှင်းပြဖို့ တာဝန်ရှိပါတယ်၊
မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ဟာ ချိနဲ့နေဆဲ၊ ငွေများတရားနိုင်မှုတွေ ရှိနေဆဲလို့ ပြောကြပါတယ်၊ တရားစီရင်ရေးစနစ်မှာ လာဘ်ပေးလာဘ်ယူလုပ်တာတွေကို ဟန့်တားနိုင်ဖို့ အရေးကြီးတဲ့အချက်တစ်ခုက တရားသူကြီးများရဲ့ ပိုင်ဆိုင်မှုကို တစ်နှစ်တစ်ခါ ထုတ်ပြန်ကြေညာခြင်းဖြစ်ပါတယ်၊ တရားသူကြီးရဲ့ စီရင်ဆုံးဖြတ်ချက်ကိုလည်း အများပြည်သူသိခွင့်ရှိပါတယ်၊ တရားစီရင်မှုများဟာလည်း အများပြည်သူရှေ့မှောက်မှာ စစ်ဆေးဖို့လိုအပ်ပါတယ်၊
# လွှတ်တော်နှင့် အစိုးရ၏တာဝန်
ပြည်သူလူထုရဲ့ သိပိုင်ခွင့်ကို အာမခံချက်ပေးဖို့က ပြည်ထောင်စုလွှတ်တော်နဲ့ အစိုးရရဲ့ တာဝန်ဖြစ်ပါတယ်၊ ပြည်သူလူထုကို အစိုးရရဲ့ သတင်းမှတ်တမ်းတွေကို သိခွင့်ပေးတဲ့ ဥပဒေတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်က အမြန်ဆုံးပြဋ္ဌန်းပေးသင့်ပါတယ်၊ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနဲ့ တရားသူကြီးများရဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်မှု၊ ဝင်ငွေခွန်နဲ့ အခြားအခွန်ဆောင်မှုများကို တစ်နှစ်တစ်ခါ အများပြည်သူသိအောင် ထုတ်ပြန်ကြေညာဖို့ကိုလည်း ဒီဥပဒေမှာ ထည့်သွင်းပြဋ္ဌန်းသင့်ပါတယ်၊ အစိုးရကလည်း ပြည်သူလူထုရဲ့ သိပိုင်ခွင့်ကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးဖို့ တာဝန်ရှိပါတယ်၊ သန့်ရှင်းတဲ့အစိုးရ (Clean Government)၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှု (Good Governance ) အတွက် ပွင့်လင်းမြင်သာမှု (Openness and Transparency) ရှိရပါမယ်၊
လေးစားစွာ၊

အောင်ဒင်
အောက်တိုဘာလ ၁၁၊ ၂၀၁၃

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts