ခေတ်ပြိုင်အတွေ့အကြုံ

ရောက်တတ်ရာရာအတိုအစများ

မောင်ရင်ငတေ
ဇန်န၀ါရီ ၂၊ ၂၀၁၂

● ပါရီနှစ်ကူးည
ဒီနှစ် နှစ်ကူးညမှာ မောင်ရင်ငတေ စိတ်ထွေထွေနဲ့ တယောက်တည်းအဖော်မပါ ပါရီတခွင်ကို လမ်းလျှောက်တလှည့် မြေအောက်ရထား တလှည့် ဘတ်စကားတလှည့်စီးပြီး လည်ဖြစ်ခဲ့ပါတယ်၊ မိတ်ဆွေတွေက လာအရက်သောက်လှည့်ပါ ဆိုပြီးဖိတ်ခေါ်ကြတာတောင် ဓါတ်ကြောင်ပြီး မသွား ဖြစ်ခဲ့ပါဘူး၊ ဒီလိုမျိုး တယောက်တည်း စိတ်လွှတ်ပြီး မသွားဖြစ်တာ တော်တော်တောင်ကြာခဲ့ပါပြီ၊ ဘတ်စကားခ မပေးရတာကလည်း တကြောင်းပေါ့၊ ပါရီမှာ ဒီလိုနေ့ကြီးအခါကြီးတွေမှာ လူတိုင်း လူတိုင်းကို မြေအောက်ရထားတွေ ဘတ်စကားတွေ အခမဲ့စီးခွင့်ပြုပါတယ်၊ မောင်ရင်ငတေမှာက လပေးလက်မှတ် ဝယ်ထားတာမရှိတော့ ဒီရက်မှာအလကားရတုန်း သွားလိုက်အုံးမဟဲ့ဆိုပြီးပေါ့ဗျာ၊

ပထမဆုံးရောက်သွားတာက Le pont Neuf (The new bridge) ပွန့်နဖ်ခေါ် တံတားသစ်ပေါ့၊ နာမည်ကသာ တံတားသစ်လို့ခေါ်ပေမဲ့ ဒီတံတားဟာ ပါရီမြို့ပေါ်ရှိ စဲန်းမြစ်ကူးတဲ့ တံတားထဲမှာ ရှေးဟောင်းအကျဆုံးတံတားပါ၊ ကျောက်တုံးတွေနဲ့ တည်ဆောက်ခဲ့တဲ့ တံတားတွေထဲမှာ ပထမ ဦးစွာ တည်ဆောက်ခဲ့တာကြောင့် တံတားသစ်လို့ အမည်တွင်ခဲ့တာပါတဲ့၊ အေဒီ ၁၆၀၇ ခုနှစ်မှာ တည်ဆောက်ပြီး ခဲ့တာပါ၊ ပါရီမြို့လည်အသဲနှလုံးနေရာမှာ တည်ရှိပြီး တံတားအရှည် ၂၃၈ မီတာ ရှိပါတယ်၊ ယခုထိပါရီမှာ တတိယအရှည်ဆုံးတံတား ဖြစ်ပါတယ်၊ နှစ်သစ်ကူးတဲ့ညမှာ တံတားသစ် ပေါ်ဖြတ်လျှောက်ချင်တဲ့ ဆန္ဒတွေနဲ့ သွားဖြစ်သွားတာပါ၊ နှစ်ကူးညရဲ့ မိုးသက်လေအေးအေးနဲ့ တံတားပေါ်မှာ တော်တော်ကြာအောင်နေပြီး အတွေးနယ်ချဲ့မိပါသေးတယ်၊

ဒီတံတားနဲ့မနီးမဝေး စဲန်းမြစ်ကမ်းနဘေးအတိုင်း လျှောက်သွားခဲ့ရင်တော့ နာမည်ကျော် Le quai de Conti, Le quai Malaquais, Le quai Voltaire ကိုရောက်ပါတယ်၊ ဒီလမ်းသုံးလမ်းက နာမည် အခေါ်သာ သုံးမျိုးဖြစ်နေပေမဲ့ တဆက်တည်းတည်ရှိနေတာပါ၊ သမိုင်းကြောင်း တွေကလည်း တဆက်တစပ်တည်းပါ၊

Le quai de Conti လမ်းမှာတော့ ၁၆၆၀ ကတည်ဆောက်ခဲ့တဲ့ Hôtel Sillery-Genlis၊ ၁၈၈၃ က စတင်ဖွင့်လှစ်ခဲ့တဲ့ ပိုက်ဆံအကြွေပြတိုက် Le Musée de la Monnaie de Paris၊ ၁၇၉၅ မှာ စတင် ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ပြင်သစ် စာပေ အနုပညာ နိုင်ငံရေး လူမှုရေး သိပ္ပံအကယ်ဒမီကျောင်း L’Institut de France ရှိပါတယ်၊

 

အဲဒီကနေ ဆက်လျှောက်သွားရင်တော့ Le quai Malaquais လို့ ခေါ်ပါတယ်၊ ဒီလမ်းပေါ်မှာတော့ L’École nationale supérieure des beaux-arts (Fine Arts) အနုပညာအကယ်ဒမီကျောင်းကို တွေ့ရမှာပါ၊ ဒီကျောင်းရဲ့ သက်တမ်းကတော့ ၁၆၄၈ မှာ စတင်ခဲ့တာဖြစ်ပါတယ်တဲ့၊

ဒီလို အဟောင်းအဟောင်းတွေရဲ့ အကြောင်းတွေကတော့ ဘယ်လိုမှလိုက်လို့ မကုန်နိုင်ပါဘူး၊ မောင်ရင်ငတေ စိတ်ဝင်စားရတာက ဒီလိုအဟောင်းတွေကို ဘယ်လိုလုပ်ပြီးကြာရှည်ခံအောင် ထိမ်းသိမ်းကြပါသလဲ ဆိုတာရယ်ပါ၊ မောင်ရင်ငတေတို့ တိုင်းပြည်မှာကြားကြား နေရတာတွေက ပြည်သူလူထုနဲ့ ဘာမှမပတ်သက်တဲ့ ဇိမ်ခံဟိုတယ်ကြီးတွေ လုပ်ပစ်မယ်လို့သာ ကြားနေရလို့ပါ၊ တံတားဟောင်းတွေ ဖျက်မပစ်ဘဲ တံတားအသစ်တွေသာ များများဆောက်စေချင်လို့ပါ ခင်ဗျာ၊ မောင်ရင်ငတေကတော့ အပေါ်ယံဘဲလိုက်ကြည့် ဓါတ်ပုံရိုက် မှတ်တမ်းတင်ရုံဘဲ တတ်နိုင်ပါတယ်၊ တော်ကြာ မင်းကရော ဘာတွေများဘယ်လောက် လုပ်ဖူးခဲ့လို့လဲလို့ ဆိုတဲ့မေးခွန်းတွေကိုတော့ မောင်ရင်ငတေ ကြောက်ပါတယ်ဗျာ၊ မောင်ရင်ငတေ လက်ကြောမတင်းကြောင်း ကြေညာထား ပြီးသားပါခင်ဗျာ၊ နှစ်သစ်ကူးညမှာ အဟောင်း အမြင်းတွေအကြောင်း ပေါက်တတ်ကရ ရေးနေလို့ စိတ်ညစ်နေကြပါအုံးမယ်၊

ဒီလို စဲန်းမြစ်ကမ်းနဘေးရဲ့ လမ်းတလျှောက်မှာ မတွေ့မဖြစ်တွေ့ရမှာကတော့ စာအုပ်စာတမ်း တံဆိပ်ခေါင်း ပို့စ်ကဒ် တိုလီမိုလီ ရှေးဟောင်းပစ္စည်းအဟောင်း ရောင်းတဲ့ဆိုင်ကလေးများဘဲ ဖြစ်ပါတယ်၊ Les bouquinistes ခေါ် အဟောင်းပစ္စည်း ဆိုင်ကလေးများဟာ ၁၆ ရာစုကတည်းက စတင်ခဲ့တယ်လို့ဆိုကြပြီး နှစ်ပေါင်းများစွာကြာလာတော့ ပါရီနဲ့ စဲန်းမြစ်ကမ်းရဲ့ သင်္ကေတတခု ဖြစ်လို့နေပါပြီ၊ မြစ်ရိုးတံတိုင်းပေါ်မှီတင်ထားတဲ့ အစိမ်းရင့်ရောင် သံသေတ္တာပုန်းတွေထဲ ထည့်ပြီးရောင်းချရတဲ့ ထူးခြားလှတဲ့ ဆိုင်ပုံစံလေးတွေပါဘဲ၊ ဘယ်အရပ်ဒေသမှာမှ မောင်ရင်ငတေ မတွေ့ဘူးကြောင်းပါ၊

Le quai Malaquais ပြီးရင်တော့ နာမည်ကျော် အတွေးအခေါ်ပညာရှင် Voltaire ဗော်တဲလ်ရ် မသေဆုံးခင် နောက်ဆုံးနေထိုင်သွားတဲ့ Le quai Voltaire ဗော်တဲလ်ရ်လမ်းရှိရာကို ရောက်ပါပြီ၊ ၃၀၈ မီတာအရှည်ရှိတဲ့ လမ်းအပိုင်းလေးမှာနေထိုင်သွားတဲ့ ဗော်တဲလ်ရ်သေဆုံးပြီးနောက် ၁၇၉၁ ခုနှစ်ကစလို့ သူ့ကိုဂုဏ်ပြုပြီး ဗော်တဲလ်ရ်လမ်းလို့ ပြောင်းလဲခေါ်ခဲ့တာပါ၊ လမ်းမျက်နှာချင်းဆိုင်မှာ တသွင်သွင်ငြိမ့်ညောင်းစွာစီးဆင်းနေတဲ့ စဲန်းမြစ်ရေပြင်ကိုကျော်ပြီးကြည့်လိုက်ရင် တွေ့ရမှာက တော့ ၁၂ ရာစုက ရဲတိုက်ခံတပ်ဟောင်းဖြစ်ခဲ့ပြီး ၁၆ ရာစုမှာတော့ နန်းတော်ဟောင်း ၁၈ ရာစုအရောက်မှာတော့ ဘုရင်အဆက်ဆက် စုဆောင်းထားခဲ့တဲ့ အနုပညာလက်ရာပေါင်းစုံကို ပြတိုက်အသွင်သို့ ပြောင်းလည်းပြသခဲ့တာပါ၊ ယနေ့ကာလမှာတော့ တနှစ်တနှစ် လာရောက် လည်ပတ်ကြည့်ရှု့သူပေါင်း ၁၄ သန်း ရှိတယ်ဆိုတဲ့ Le musée du Louvre နာမည်ကျော် လုဗ်နန်းတော်ပြတိုက်ကြီးကို တွေ့ရမှာပါ၊ ဒီနှစ်ကူးညမှာတော့ စဲန်းမြစ်ရေဟာ တော်တော်ကြီးကို တိုးလာတာကို တွေ့ရပါတယ်၊ မြစ်ကမ်းနဘေး လမ်းလျှောက်နေကြ ထိုင်နေကြနေရာတွေတောင်မှ မြစ်ရေရောက်နေတာ တွေ့ရပါတယ်၊ စဲန်းမြစ်ရေကြီးပြီး ပါရီမြို့ ရေလွှမ်းခံဖူးခဲ့ရတာကတော့ ၁၉၁၀ ခုနှစ်က အဆိုးဆုံးလို့ ဆိုကြပါတယ်၊

နာမည်ကျော် အတွေးအခေါ်ပညာရှင် သမိုင်းဆရာ စာရေးဆရာ ပါရီမြို့သား Voltaire ဗော်တဲလ်ရ် (၁၆၉၄-၁၇၇၈) ဟာသူ့ရဲ့နောက်ဆုံးနေ့ရက်များမတိုင်ခင် တိုက်နံပတ် ၂၇ ရှိ ဒီအိမ်ခန်းလေးမှာ နေထိုင်ရင်းကွယ်လွန်သွားပါတယ်တဲ့၊ ဒီအိမ်ခန်းပြူတင်းပေါက်ကနေ စဲန်းမြစ်ရေပြင်ကိုငေးမောရင်း စဉ်းစားရင်း တွေးခေါ်ရင်း စာကြီးပေကြီးတွေကို ဗော်တဲလ်ရ်ရေးသွားတာပါ၊ မောင်ရင်ငတေလည်း ဒီလိုနေရရင်တော့ စာကြီးပေကြီးတွေမရေးနိုင်ပါဘူးလို့ ဘယ်သူပြောနိုင်မှာလဲနော်၊ အဲဒီလမ်းထဲက အိမ်ခန်း တွေရဲ့ ယနေ့ကာလပေါက်ဈေးက တမီတာပတ်လည်ကို ယူရိုနှစ်သောင်းခွဲပေါက်ပါသတဲ့၊ ရန်ကုန်မြို့လယ် တိုက်ခန်းဈေးနဲ့ဆိုရင်တော့ ဘယ်ဟာကပိုဈေးကြီးမလဲတော့ ကိုယ်တိုင်သာတွက်  ကြည့်ကြပါတော့၊ မောင်ရင်ငတေ လက်ရှိနေတဲ့ မြို့စွန်ရပ်ကွက်က တိုက်ခန်းအိုကလေးရဲ့ ပေါက်ဈေးနဲ့ကတော့ ဈေးခြောက်ဆကျော် ကွာခြားကြောင်းပါ၊ ဗော်တဲလ်ရ်ရဲ့ အိမ်အောက်ထပ် မှာတော့ ဗော်တဲလ်ရ် စားတော်ဆက်ဆိုပြီး ဖွင့်ထားကြောင်းပါ၊ ဗော်တဲလ်ရ်နဲ့ အမျိုးတော်လား မတော်လား ဘယ်လိုပတ်သက်မှန်း မောင်ရင်ငတေ မသိပါဘူး၊ လာပြီးစားကြ သောက်ကြတဲ့ သူတွေကိုတော့ ဗော်တဲလ်ရ်နာမည် အသုံးပြုပြီး ဆွဲဆောင်ထားပါတယ်၊ ဈေးကွက်စီးပွားရေးခေတ် မဟုတ်ပါလား၊ ဒီဆိုင်ခန်းငှားခကတော့ အတော်ကိုဈေးကြီးမဲ့ စာရင်းထဲမှာ ပါလောက်ပါတယ်၊

မောင်ရင်ငတေလည်း တွေးမိတွေးရာတွေးရင်း အာခြောက်လာပါတယ်၊ ဗော်တဲလ်ရ်က ဗော်ဒဂါ Vodka သောက်မသောက် ကြိုက်မကြိုက် မောင်ရင်ငတေမသိပါဘူး၊ မောင်ရင်ငတေကတော့ ပါလာတဲ့ ရေဘူးထဲရောထည့်လာတဲ့ ဗော်ဒဂါကို ရေငတ်ပြေသောက်ရင်း မကြာခင်က ပါရီမြို့ကို အလည်လာသွားဖူးတဲ့ ကဗျာဆရာ ဆရာအေးကိုလည်း သတိရသွားမိပါတယ်၊ ဆက်စပ်စဉ်းစားမိ သွားရတာပါ၊ ကဗျာဆရာလာလည်စဉ်အခါက အတူသောက်ဖူးတဲ့ ဗော်ဒကာရယ် ဆက်လျှောက် လာရင်းရောက်လာတာက ဟိုတယ်ဒျူကေးဗော်တဲလ်ရ် တိုက်အောက်ကိုရောက်လာတာရယ် ကြောင့်ပါ၊ ဒီဟိုတယ်က မြန်မာခေတ်ပေါ် ကဗျာဆရာ ဆရာအေးရဲ့ အထူးလက်ရွေးစင်ဖေးဗရိတ် ပြင်သစ်ကဗျာဆရာကြီး နေသွားဖူးတဲ့ဟိုတယ်လေ၊ ပြင်သစ်ကဗျာဆရာ အက်ဆေးဆရာ ပါရီမြို့သား Charles-Pierre Baudelaire ရှားလ်ဘိုဒလဲလ်ရ် (၁၈၂၁-၁၈၆၇) နဲ့ အပေါင်းအဖေါ် ကဗျာဆရာတစုဟာ ဒီဟိုတယ်မှာ တည်းခိုနေထိုင်ရင်း ထင်ရှားခဲ့တဲ့ ကဗျာတွေ စာတွေကို ဖန်တီးသွားခဲ့ကြပါတယ်တဲ့၊ သူ့ရဲ့ Les Fleurs du mal (The Flowers of Evil) ဆိုတဲ့ ကဗျာရှည်ကြီးဟာ စာမျက်နှာ ၂၉၁ မျက်နှာရှိပါသတဲ့၊ မောင်ရင်ငတေ ဘာသာပြန်ချင်ပါသော် လည်းဘဲ တတ်မြောက်ထားတဲ့ ကဘောက်တိကဘောက်ခြာ ပြင်သစ်စာ အကျိုးအပျက်များနဲ့ ပြန်လို့ မဖြစ်လို့ ဒီကဗျာရှည်ကြီးကို ဘာသာပြန်တတ်သူများ ပေါ်ပေါက်လာမဲ့ အချိန်ကိုသာ စောင့်မျှော်နေမိပါကြောင်းပါ ခင်ဗျာ၊

poème de Baudelaire paru dans Les Fleurs du mal :
L’aurore grelottante en robe rose et verte
S’avancait lentement sur la Seine deserte,
Et le sombre Paris, en se frottant les yeux,
Empoignait ses outils, vieillard laborieux.
The dawn shivering in pink dress and green
Advanced slowly on the deserted Seine,
Paris and the dark, rubbing his eyes,
Grabbed his tools, old laborious.

(ပါရီနှစ်ကူးည ဒုတိယပိုင်း …….. ဆက်ရန်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts