အတွေးအမြင်

ကဗျာဆရာ ကိုလူလူလက်ျာရဲ့ သူ့ (အစွန်းရောက်အဆုံး) ကဗျာအပေါ် ရေးသားခဲ့တဲ့ကဗျာခံစားမှု မှတ်ချက်

ကမာပုလဲ
ဇန်န၀ါရီ ၂၊ ၂၀၁၃
ကြေးစည် ခန္ဓာမှာ ဆတ်ကော့မတ်ကော့ အရေပြားကြီးကပ်လို့ … ကြေးစည်ရဲ့ ရင်ခုန်သံဟာ နာနာကလေးထုရိုက်လိုက်မှ သူ့ငိုချင်းရှည် ဝေးသထက် ဝေးဝေးကို ထွက်ခွာသွား … မနက်ဖြန်ဟာ ကြွေးရှင်ရဲ့ မျက်နှာလို မာရေကြောရေ အပြည့် … အိမ်တိုင်ပဲ ချွတ်တော့မလို… သမီးပျိုပဲ သိမ်းတော့မလို … ဘိန်းရှုတဲ့ပြောင်းထဲမှာ မင်းရယ် … စိတ်ကူးစိတ်သန်းတွေရယ် … ဒီနေ့ဆိုတဲ့ ပစ္စက္ခတွေရယ် … လျှပ်ပေါ် လော်လည် မင်းခမ်းမင်းနားတွေရယ်… အနုပညာသည်လို့ မရှက်မကြောက်ကြွေးကြော် မျက်နှာပြောင်သူတွေရဲ့ အနုပညာအကြောင်း မသိသားဆိုးရွားခေါင်းပါးမှုတွေရယ် … ပေါက္ခရ၀ဿ ဒီမိုကရေစီ ရေစီးကမ်းပြိုမှုတွေရယ် … အနာမကျက်သေးဘူး … ဖိတ်စင်ကွဲလျှသွားတဲ့ ဒဏ်ရာအသစ်ချပ်ကျွတ်တွေရယ် … ၀င်လေလား … ထွက်လေလား … ၀င်သက်လား … ထွက်သက်လား … မီးပွိုင့်မှာ တက်လာတဲ့ လက်မှတ်စစ်ရဲ့ မျက်နှာကြောလို … အိုဘားမား နောက်ကလိုက်လာတဲ့ လုံခြုံရေးတွေ မေ့ကျန်ခဲ့သလား အဲဒီမျက်မှန် … အဲဒီမျက်မှန်ဟာ အစိမ်းရောင် မြင်သလား … အညိုရောင်ကို မြင်သလား … နေကို ကာတာလား … သူ့မရိုးသားမှုကိုကာတာလား … ဒဂုန်တာရာက တက္ကသိုလ်နေ၀င်း အိမ်မှာ နေတယ် … ပင်နီတိုက်ပုံကလေးကို ၁၉၃၈ အထိမ်းအမှတ် တမြတ်တနိုး သိမ်းလို့ … ဆည်းလို့ … ကောလိပ်ဂျင်နေ၀င်းက “ပယင်းရောင်” အရက်သမား ဘ၀သရုပ်ဖေါ် ရုပ်ရှင်ကားရဲ့ ဇာတ်ဝင်ခန်းတခုမှာ အဲဒီ ကိုဌေးမြိုင်ရဲ့ ပင်နီတိုက်ပုံကို မပြောမဆို ယူဝတ် … ဇာတ်ဝင်ခန်းထဲ သရုပ်ဆောင် … ကိုဌေးမြိုင်က အဲဒီပင်နီကလေး ပြန်မယူတော့ … ကောလိပ်ဂျင်ကို စိတ်လည်း မကောက်ပါဘူး … စိတ်လည်း မဆိုးခဲ့ပါဘူး … အဲဒီ ပင်နီအင်္ကျီကလေးကို … ရိုးမက ပြန်လာတယ် … ကဗျာဆရာ … စာရေးဆရာတွေ … ကောလိပ်ဂျင် အိမ်မှာ ဆရာ့ကို လာတွေ့ကြတယ် … ဦးခိုက်ကြတယ် … ရိုးမက ပြန်လာသူတွေ … ဘယ်လို ပြန်လာတာလဲ … ရိုးမကနေ အပြီးပြန်လာကြသူတွေ … အဲဒီ ရိုးမက ပြန်လာသူတွေထဲ ကဗျာဆရာတယောက်ဟာ ကိုဌေးမြိုင်ဆီ ခဏခဏလာတယ် … ဦးခိုက်တယ် … ကောလိပ်ဂျင်နေ၀င်းက အဲဒီ ကဗျာဆရာ … ရိုးမက မပြီးဘဲ … ရိုးမက အပြီးပြန်လာတဲ့ ကဗျာဆရာကို “ရိုးမက ပြန်လာတာလား ရဲဘော် ကြီး” တဲ့ … ဆုံတိုင်း … တွေ့တိုင်း ဒီစကားပဲပြောပြီး နှုတ်ဆက်သတဲ့ … အဲဒီ ကောလိပ်ဂျင်နေ၀င်းရဲ့ နှုတ်ဆက်စကားသံမှာ … ရွာပုန်း ရွာရှောင်တွေ ရှိတယ် … စစ်ပြေး ဒုက္ခသည်တွေ ရှိတယ် … မြေလှန်ဖျက်ဆီးခံလိုက်ရတဲ့ ရွာပျက်တွေ ရှိတယ် … အပျိုဖေါ်မ၀င်ရသေးဘဲ အပျိုရည်နဲ့ အသက်ပါ ပျက်စီးဆုံးရှုံးခဲ့ရမှုတွေ ရှိတယ် … မပြီးသေးတဲ့ ဆွဲလက်စ ပန်းချီကားတွေ ရှိတယ် … စစ်အာဏာရှင်ရဲ့ စစ်ဦးဘီလူးကို ရိုက်မချိုးနိုင်ပဲ … ဒူးထောက် အညံ့ခံလိုက်မှုကို အောင်ပွဲလို့ ထင်မှတ်မှားမှုတွေ ရှိတယ် … အမှိုက်ပုံထဲ စားစရာ စားကျွင်းစားကျန် ရှာဖွေနေတဲ့ ကလေးတယောက်ရဲ့ လက်ထဲ အဲဒီ လက်နက်ချထားတဲ့ အလိုရမ္မက်တွေ လက်ထဲပါလာတော့ ကလေးက ရွံသလို ရှာသလို မသတီစရာ ကြည့်ရင်း ကောက်လွှင့်ပစ်လိုက်တယ် … အဲဒီ အစာငတ် ကလေးငယ်ရဲ့ “ထွီ” ဆိုတဲ့ အားပေးချီးမြှင့်သံမှာ … အစွန်းအထင်းတွေနဲ့ … အစွန်းလည်း မရောက်ဘူး … အဆုံးနဲ့ အစလည်း မရှိတော့ဘူး … အစွမ်းအစလည်း မကျန်တော့ဘူး … လေထုထဲ ပက်လက်ရော မှောက်ခုံရော မျောလို့ … ခွေးတွေ … အဲဒီအနံ့တွေရတော့ … အောင်ပွဲသဘင်နဲ့ ၀မ်းပန်းတသာ အူနေကြ … ကဗျာဆရာ ကိုလူလူ လက်ျာ သည်လည်း အဲဒီ ခွေးအူသံတွေ သူ့နားထဲ မခံနိုင်လွန်းရှာလို့ သူ့ကဗျာနဲ့ ကြေးစည်ထဲ စိမ့်ကာ … စိမ့်ကာ စီးဝင်သွားပါတော့တယ် …။

မူရင်းကဗျာလင့်။   ။ http://www.facebook.com/notes/lululattyar-yar/%E1%80%A1%E1%80%85%E1%80%BC%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%9B%E1%80%AC%E1%80%80%E1%80%B9%E1%80%A1%E1%80%86%E1%80%B6%E1%80%AF%E1%80%B8/271813819607398

သရုပ်ဖော်ပန်းချီအား ဤနေရာမှ ရယူပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts