ရသဆောင်းပါးစုံ

မေတ္တာနေခြည်အောက်က သောကနှင်းပေါက်ကလေးတွေ

အရှင်ဇ၀န (ကုန်းဇောင်း)
ဇန်န၀ါရီ ၂၊ ၂၀၁၂
 Artist: Eyvind Earle

ချမ်းမြေ့ပါစေ-ဆိုတဲ့ သူချင်းထဲက စာသားလေးတစ်ပုဒ်နှင့်ပတ်သက်ပြီး သီချင်းရေးဆရာက ပြောခဲ့ဘူး သော စကားလေးတစ်ခွန်းကို မှတ်မှတ်ရရ သတိရနေမိပါသည်။ “မေတ္တာနေခြည်အောက်မှာ သောကနှင်းပေါက် ပျောက်ကွယ်နိုင်စေ” ဟု မေတ္တာကို နေခြည်နှင့်နှိုင်းစာပြီး သောကကို နှင်းပေါက်ကလေးတွေနဲ့ တင်စားခဲ့မိတဲ့ အတွက် သူ့အနေနဲ့ အတော်လေးမှားယွင်းသွားခဲ့ပါတယ်-ဆိုတဲ့စကားပင် ဖြစ်ပါသည်။

စာရေးသူတို့ ယခုရောက်ရှိနေသော မင်နီဆိုးတားပြည်နယ်အတွက်ဆိုလျှင်တော့ သူတင်စားခဲ့သော မေတ္တာနေခြည် သောကနှင်းပေါက် ဆိုသောစကားက တကယ့်ကို မှန်ကန်သော စကားပင်ဖြစ်နေပါတော့သည်။ အဘယ့်ကြောင့်ပါနည်း စာရေးသူတို့ ယခုရောက်ရှိနေသော မင်နီဆိုးတားပြည်နယ် Minneapolis မြို့သည် အပူ ရှိန်က မိုင်းနတ် ၁၄ အထိ အလွန်အေးခဲသော နေရာဖြစ်သောကြောင့်ပင်။ မေတ္တာနေခြည်လေးများ၏ ဖြန်းပက် မှုကို ခံရတိုင်း အတိုင်းမသိကြည်နူးဝမ်းသာခဲ့ကြရပါသည်။ သောကနှင်းပေါက်ဆိုတဲ့အတိုင်း နှင်းမုန်တိုင်းများ ကျ ရောက်လာပြီဆိုရင်တော့ လူတိုင်းလူတိုင်း ပူပင်သောကတွေ ပင်လယ်ဝေနေကြရပါသည်။

ဒီနေ့တော့ စနိုးတွေကျမယ် တစ်ပေထိအောင်ရောက်မယ်၊ နှစ်ပေထိအောင်ရောက်မယ်-ဆိုတဲ့ ရာသီ ဥတုသတင်းတွေရရှိပြီဆိုသည်နှင့် လူတွေမှာ စိုးရိမ်သောကဖြစ်ကြရပါသည်။ စနိုးတွေကျလာရင် ကားမောင်းရ သည်မှာလည်း အတော်ပင် ခက်ခက်ခဲခဲ မောင်းနှင်နေကြရသည်။ တစ်နာရီ (၆၅)မိုင်ပေးထားသော လမ်းမပေါ် မှာ မိုင်(၄ဝ)ခန့်သာ ဖြည်းဖြည်းနှေးနှေးမောင်းနှင်ကာ ထူထူထဲထဲ ပိန်းပိတ်အောင် ဖွေးဖွေးလှုပ်ကျနေသော စနိုး ထုကြီးကို နှင်းခွဲမီးလုံးကြီးများကို အသုံးပြု၍ မောင်းနှင်နေကြရပါသည်။ စနိုးတွေကြောင့် ချော်နေသော လမ်းမ ကြီးတွေပေါ်မှာ အကြောင်းကြောင်းကြောင့် ကားဘရိတ်ကို နင်းရင်လည်း သတိထားပြီး ကြိုကြိုတင်တင် ဖြည်း ဖြည်းသာနင်းကြရပါသည်။ ဘရိတ်ကို ဆောင့်အုပ်လိုက်လျှင်တော့ ကားက စလစ်ဖြစ်ပြီး လည်ထွက်သွားနိုင်ပါ သည်၊ မှောက်သွားနိုင်ပါသည်။ အလွန်အန္တရာယ်များလှပါသည်။ ပြည်နယ်အစိုးရက ကားလမ်းမကြီးများပေါ်မှာ နှင်းများကျရောက်လာသည်နှင့် စနိုးကော်သော ကားကြီးများနှင့် အဆက်မပြတ်ထိုးကော်ကာ စနိုးတွေအရေ ပျော်ဆင်းသွားအောင် ဆားမှုန့်များကို ဖျန်းပေးကြရပါသည်။ ဆားမှုန့်ဖျန်းပေးမှ နောက်ထပ်နောက်ထပ် ကျလာ မည့် စနိုးများလည်း အရည်ပျော်ဆင်းသွားနိုင်ပါသည်။

စာရေးသူ ဖလော်ရီဒါကနေ ချီကာဂိုမြို့၊ ချီကာဂိုမြို့ကနေ မင်နီဆိုးတားသို့ လေယာဉ်နှစ်ဆင့်စီးရာတွင် ချီကာဂိုကနေ မင်နီဆိုးတားသို့ လေယာဉ်ထွက်ကာနီးတွင် လေယာဉ်အတောင်ပန်တွေကို ဆေးဖျန်းနေသည်ကို မကြုံစဖူးတွေ့ခဲ့ရပါသည်။ လေယာဉ်ပျံသန်းရာတွင် လည်းကောင်း လေယာဉ်ဆင်းသက်ရာတွင်လည်းကောင်း စနိုးများကြောင့် အတောင်ပံများလှုပ်ရှားမှု အနှောက်အယှက် အခက်အခဲမဖြစ် စေရန် ဆားရည်များ ဖျန်းထား သည်ဟုဆိုကြပါသည်။ ထိုနေ့သည်ကား ၂ဝ၁၂-ခုနှစ် ဒီဇင်ဘာ(၂၅)ရက် ခရစ်စမတ်နေ့ပင်ဖြစ်ပါသည်။

ထိုနေ့က ရာသီဥတုဆိုးဝါးမှုကြောင့် လေယာဉ်များDelay ဖြစ်နေခဲ့ပါသည်။ စာရေးသူ စီးနင်းလာသော လေယာဉ်ကြီးမှာ ချီကာဂိုလေဆိပ်သို့ ညနေ(၆)နာရီကျော်ကျော် ဆိုက်ရောက်လာသော်လည်း  လေယာဉ်ကြီး မှာ ချက်ချင်းမဆိုက်ကပ်နိုင်သေးဘဲ ပြေးလမ်းမပေါ်မှာပဲ ရပ်တန့်စောင့်ဆိုင်းနေရပါသည်။ ရှေ့ကဆင်းသက်ခဲ့ ကြသော လေယာဉ်များက Delay ဖြစ်နေသည့်အတွက် ပြန်လည်မထွက်ခွာကြသေးပါ။ ထို့ကြောင့် နောက် လေယာဉ်များကလည်း ဆိုက်ကပ်ရန် ဂိတ်မရှိသည့်အတွက်ကြောင့် စောင့်ဆိုင်း နေကြရပါသည်။ လေယာဉ် ဆိုက်ကပ်ပြီးသောအခါမှာလည်း မင်နီဆိုးတားသို့ ခရီးဆက်ရန် ချီကာဂို လေယာဉ်ဂိတ် ထဲမှာ(၂)နာရီ ကျော် ကျော် ထိုင်စောင့်ခဲ့ရပါသေးသည်။   ဆောင်းရာသီတွင် ရာသီဥတုဆိုးရွားချိန်မှာ သည်လိုပင် Flight Cancel ဖြစ်ခြင်း၊ Delay ဖြစ်ခြင်းကိစ္စများကာ သာမန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စများသာဖြစ်ပါသည်။ ဒီဇင်ဘာ (၂၇)ရက်နေ့က ဆိုလျှင် Flight Cancel ဖြစ်သော လေယာဉ်ပေါင်း (၁၄ဝဝ) အထိဖြစ်သွားခဲ့ပါသည်။

စာရေးသူ Minneapolic လေဆိပ်သို့ရောက်ရှိချိန်မှာပင် LA က ဦးနန္ဒိယကလည်း ရောက်နှင့်နေပြီးဖြစ် ၍ လာရောက်စောင့်ကြိုနေကြသော ဦးတိက္ခညာဏာလင်္ကာရနှင့် ဦးအနိရုဒ္ဒါလင်္ကာရတို့ကလည်း ရောက်နှင့်နေ ကြပါသည်။ လေဆိပ်အဆောက်အဦးကနေ ကားပါကင်ရှိရာသို့ သွားရောက်နေစဉ်မှာပင် မင်နီဆိုးတား၏ ရာသီ ဥတုက လက်ကမ်းကြိုဆိုနေသည့်အလား အေးစိမ့်စိမ့် ချမ်းတုံတုံရာသီဥတုက စတင်နှုတ်ဆက်ပါတော့သည်။ .

ဒီဇင်ဘာ(၂၆)ရက်နေ့မှာ သီတဂူသံဃဝိဟာရဆရာတော် ဒေါက်တာအရှင်စန္ဒာသီရိလည်း ရောက်ရှိ လာပါသည်။ ၎င်းနေ့ နေ့ဆွမ်းကို မင်နီဆိုးတား သီတဂူဓမ္မဝိဟာရကျောင်းတိုက် ဒါယကာ/ဒါယိကာမများက စုပေါင်းဆက်ကပ်လှူဒါန်းကြပါသည်။ ထိုနေ့  နေ့ဆွမ်းဘုန်း ပေးပြီးသောအခါ ကိုအောင်ဆန်းဦး၏ ချက်ပလက် ကားကြီးဖြင့် စာရေးသူတို့ သံဃာငါးပါး ချီကာဂိုမြို့သို့ အလည်သွား ခဲ့ကြပါသည်။

ချီကာဂိုမြို့သို့ မရောက်ခင်မှာ ဝက်စ်ကွန်ဆင်ပြည်နယ် မယ်ဝါ့ကီးမြို့ ဆရာတော်ဦးဇာဂရ(စာရေးဆရာ ကံထွန်းသစ်)ကျောင်းသို့ စတင်ရောက်ရှိခဲ့ကြပါသည်။ ဆရာတော်ဦးဇာဂရကျောင်းမှာပင် တစ်ညတာကျိန်းစက် ကြပြီး နံက်(၉)နာရီကျော်မှ ဆရာတော်အား နှုတ်ဆက်ကန်တော့ကြပြီး ခရီးဆက်ခဲ့ကြပါသည်။ လမ်းခရီးမှာ ပြည်နယ်သုံးခုကို တစ်ဆက်တည်း ဖြတ်သန်းနေသော မစ်ချီကန်ရေ ကန်ကြီးသို့ ရောက်ရှိခဲ့ကြပါသည်။ တွေ့ရ မြင်ရသော သဘာဝရှုခင်းများက စာရေးသူတို့ ဖလော်ရီပြည်နယ်လိုမဟုတ်ပါပဲ ဘယ်ကိုပဲကြည့် ကြည့် စနိုးတွေနှင့် ဖွေးဖွေးဖြူနေပါတော့သည်။ မစ္စစပီမြစ်ကြီးပင် ရေတွေခဲစပြုနေပါပြီ။ ရေကန်ကြီးများလည်း ရေခဲနေပြီး လမ်းတွေပေါ်မှာ လည်း စနိုးတွေ၊ အိမ်အမိုးတွေပေါ်မှာလည်း စနိုးတွေ၊ သစ်ပင်တွေပေါ်မှာလည်း စနိုးတွေ၊ ကားတွေရဲ့အပေါ်မှာလည်း စနိုးတွေနှင့် ပြည့်နေပါသည်။ နွေဦးရာသီ၊ နွေရာသီတုန်းက စိမ်းလန်းစိုပြည်ခဲ့သော သစ်ပင်များနှင့် မျက်ခင်းပြင်များမှာလည်း စနိုးများဖြင့် ဖွေးဖွေးလက်တောက်ပနေပါတော့သည်။ သစ်ပင်မျိုးစုံ တို့မှာလည်း အေးလွန်းသောကြောင့် သစ်ရွက်များကင်းပျောက် သစ်ကိုင်းချောက်ကြီးများဘဝသို့ ရောက်နေကြ ရရှာပါသည်။ မင်နီဆိုးတားပြည်နယ်၏ ရာသီလေးမျိုးမှာ မတူညီသော ရှုခင်းလေးမျိုးကို မြင်တွေ့ခံစားနိုင်ကြပါ သည်။ Spring နွေဦးရာသီတွင် ဆောင်းတွင်းတစ်တွင်းလုံး အအေးဒဏ်ကို အလူးအလဲခံခဲ့ကြရသော သစ်ပင်ပန်းပင်များ ပြန်လည်အသက်ဝင်ရှင်သန်ရုံးထ ရွက်ညွန့်များ စတင်ပေါက်ရောက်သောကာလ စိမ်းလန်း ကာစ ပုရစ်ဖူးအစီစီနှင့် အစိမ်းနုရောက်ရှုခင်းများကို မြင်တွေ့ခံစားနိုင်ကြပါသည်။ Summer နွေလည်ရာသီမှာ တော့ ဆောင်း တွင်းကာလမှာ ရိုးတန်ကိုင်းကိုင်း အပြိုင်းပြိုင်း ဖြစ်ခဲ့ကြသော သစ်ပင်မျိုးစုံတို့သည်လည်း ကောင်း၊ ခြောက်သွေ့ ညှိုးနွမ်းခဲ့သော မြက်ခင်းပြင်တို့သည်လည်းကောင်း စိမ်းစိမ်းလန်းလန်းစိုစိုပြေပြေ အလှ အပပေါင်းစုံတို့ဖြင့် ဖူးပွင့်ဝေဆာနေခဲ့ကြပါသည်။ Fall ရာသီမှာတော့ နွေအကုန်ဆောင်းအကူး သစ်ပင်မျိုးစုံ တို့က အရောင်အမျိုးစုံ ကွန့်မြူးနေကြသည်ကို မြင်တွေ့နိုင်ကြပါသည်။ အချို့သစ်ပင်များမှာ ပိတောက်ပန်းတွေ ပင်လုံးကျွတ်ပွင့်ဝေနေကြသလို ဝင်းဝါထိန်တောက်နေကြသည်။ ထိုမှတစ်ဆင့် တစ်ပင်လုံး ပတ္တမြားအရောင်သို့ ပြောင်းလည်းသွားပြီး ပင်လုံးကျွတ် ရဲရဲတောက်တောက်။ အချို့သစ်ပင်များမှာတော့ အရောင်မျိုးစုံတို့ ကူးလူး ယှက်နွယ် ပန်းမျိုးစုံတို့ တစ်တောလုံး တစ်တောင်လုံး အပြိုင်အဆိုင်ပွင့်ဝေနေသည့်နှယ် ရသေ့သူ တော်စင်များ ပင် ဈာန်လျှောလောက်သော သဘာဝအလှအပများကို ခံစားတွေ့မြင်နိုင်ကြပါသည်။ winter ဆောင်းရာသီမှာ တော့ ဘယ်နေရာ ကိုပဲကြည့်ကြည့် နေရာအနှံ့ ဖွေးဖွေးလက်လက်တောက်တောက်ပပ စနိုးတွေကိုသည် မြင်တွေ့ခံစားနိုင်ကြပါသည်။

စာရေးသူတို့ ချီကာဂိုမြို့အသွားလမ်းမှာ စနိုးတွေက ငွေမှုန်ကြဲသလို တစ်ဖွားဖွားနှင့် ကျရောက်နေ သည့်အတွက် ကားတွေအားလုံး အန္တရာယ်ကင်းစေဖို့ ဖြေးဖြေးနှေးနှေးသာ မောင်းနှင်နေကြရပါသည်။ စနိုးထိုး သော ကားကြီးများက စနိုးများကို စက်ကြီးများနှင့် ကြိုတင်ထိုးထားကြပြီး ဆားမှုန့်များ ပက်ဖျန်းထား၍သာ တော်ပေသေးသည်။ နို့မို့ဆိုရင် ကျလာသော စနိုးများ ကားလမ်းပေါ်မှာ မာခဲကုန်မှဖြင့် ကားတွေ စလစ်ဖြစ်ပြီး ဒုက္ခ ရောက်ရမည့် အခြေအနေပင်။ သည်ပြည်နယ်တွင် စနိုးရှင်းရုံတင်မက ဆားဖျန်းခြင်းကိုလည်း တစ်ပါတည်း ဆောင်ရွက်ကြရပါသည်။ ဆားဖျန်းထားမှ ကျလာသောစနိုးများ အရည်ပျော်ဆင်းပေမည်။

စာရေးသူတို့ ချီကာဂိုမြို့သို့ ရောက်ရောက်ချင်းပင် (Milleniun Park)သို့ သွားရောက်ခဲ့ကြပါသည်။ ချီကာဂိုမြို့ရဲ့ အထင်ကရဖြစ်သော ပဲနီစိသဏ္ဍာန် ပြဒါးလုံးကြီးနားသို့ သွားရောက်ဓာတ်ပုံရိုက်ကြပါသည်။ ထို နေရာတစ်ဝိုက်တွင် ထိုပြဒါးလုံး(ပြဒါးပြား)ကြီးကြောင့် လာရောက်လည်ပတ်ကြ ဓာတ်ပုံရိုက်ကြသူတွေက နေရာ အနှံ့။ စကိတ်ကွင်းကြီးထဲမှာ  စကိတ်စီးနေကြသူတွေကလည်း အများအပြားပင်။ အဲသည် ပဲနီစိပြဒါးလုံးလုံးပြား ပြားကြီးကို မည်သည့်သဘောဖြင့် တည်ဆောက်ထားသလဲဆိုသည်ကို စာရေးသူ မစပ်စုခဲ့တော့ပါ။ ဖွေးလက် တောက်ပသော စနိုးထုတွေ ဖုံးအုပ်နေသော Theatre မှာ အမှတ်တရ ဓာတ်ပုံရိုက်ပြီး ကားပါကင်သို့ ပြန်လာခဲ့ ကြပါသည်။

ကားပါကင်ရောက်တော့ ကားကမတွေ့ရတော့ပါ။ ကားပါကင်ရပ်ခပေးထားသော ငွေတန်ဘိုးထက် အချိန်အနည်းငယ် ကျော်လွန်သွားသည့်အတွက်ကြောင့် တိုးဆွဲသွားခြင်းဖြစ်ပါသည်။ စာရေးသူတို့အဖွဲ့ စိတ်ပူ နေသည်ကိုသိသော အမေရိကန် လင်မယားနှစ်ယောက်က တိုးCompanyသို့ဖုန်းဆက်ပေးပြီး ကားရွေးရမည့် နေရာဋ္ဌာန လမ်းညွှန်မြေပုံကိုလည်း ဖုန်းထဲမှာ ထည့်ပေးလိုက်ကြပါသည်။ အခက်အခဲကြုံလာရင် ကူညီဖေးမ တတ်သော သူတို့စိတ်ထားလေးတွေက တော်တော်ခင်မင်ဖို့ကောင်းပါသည်။

သို့သော် အချို့သော အမေရိကန်များကသာ ကူညီဖေးမတတ်သော်လည်း အချို့ကတော့ ကူညီဖို့ဝေး စွာ့ အမျိုးမျိုးလှည့်ပတ်ရစ်တတ်သော သူများကိုလည်း ကြုံတွေ့ခဲ့ရပါသည်။ စာရေးသူတို့အဖွဲ့ တိုးCompany နေရာသို့ ရောက်အောင် ဟိုမေးဒီစမ်းနဲ့ တော်တော်ဝေးဝေးလမ်းလျှောက်ပြီးမှ ဟော်တယ်ကြီးများရဲ့ အောက် ဆုံးထပ် Undergroundထဲမှာ တိုးကုမ်ပဏီကိုတွေ့ခဲ့ရပါသည်။ ကိုယ့်ကားကို ပြန်ရွေးပြီးရင်တော့ ကိုယ့်နေရာ ကိုယ်ပြန်ရ တော့မည့်အတွေးနဲ့ ပျော်နေလို့မဆုံးခင်မှာပဲ ကားRegistrationစာရွက် မပါလို့ မပေးနိုင်ဘူး-ဆိုပြီး ရစ်နေပြန်ပါသည်။ ကား insuranceလည်းပါသည်၊ ကားဝယ်ထားသော စာရွက်စာတမ်းများလည်းပါသည်၊ ကားနဲ့ပတ်သက်သော အခြားစာရွက်စာတမ်းများလည်းပါသည် ဒါကိုပင် သူတို့က လက်မခံပဲ ဒီစာရွက်ကိုသာ တွင်တွင်ကြီး တောင်းနေပါတော့သည်။ ဒီစာရွက်မပြနိုင်လျှင် မပေးနိုင်ဘူးဟူ၍သာ တွင်တွင်ကြီး ငြင်းနေပါ၏။ စာရေးသူတို့ အဖွဲ့လည်း ဝိုင်းပြီးတောင်းဆိုကြည့်ပါသေးသည် လုံးဝလက်မခံပါ။ နောက်ဆုံး ဒကာကြီး ဦးအောင်ကိုးဆီသို့ လှမ်းဆက်သွယ်ပြီး အကူအညီတောင်းကြည့်ကြပါသည်။ ထိုအခါကျမှ ကားဝယ်ထားသော စာချုပ် Title စာရွက်ကို ဖက်စ်ပို့ပေးနိုင်လျှင် ကားပြန်ပေးမည် – ဆိုသော အဖြေထွက်လာပါတော့သည်။ ထိုအခါမှ ကိုအောင်ဆန်းဦးက ကိုချစ်ဝင်းကိုလှမ်းဖုန်းဆက်၍ သူ့အိမ်မှာရှိသော Titleစာရွက်ကို ဖက်စ် ပို့ခိုင်း လိုက်ရပါသည်။ ဖက်စ် စာရွက်ထွက်လာသော အခါမှသာ ကားကိုပြန်ပေးလိုက်ပါသည်။

သူတို့ကတော့ သူတို့စည်းကမ်းချက်တွေ မူတွေဘောင်တွေထဲကနေ ကောင်းကောင်းကြီးကို ပညာပေး လိုက်ခြင်းဖြစ်ပါသည်။ အခေါက်ခေါက် အခါခါသွား၍ ကိုယ့်ကားပြန်ရဖို့ လုပ်ဆောင်နေရသူတွေမှာတော့ တော် တော်လေးကို စိတ်ဆင်းရဲကြရပါသည်။ ကိုယ့်ဘက်ကလည်း သူတို့တောင်းဆိုနေသော ကားRegistration စာရွက်ကလည်း မပြနိုင်တော့ ဒုက္ခရောက်ကြရတာပေါ့။ ကိုယ့်လိုပဲ ကားကို တိုးဆွဲခံရလို့ လာရွေးကြသူ တွေက လည်း တစ်သုတ်ပြီးတစ်သုတ်ရောက်ရောက်လာကြသည်ကို တွေ့ခဲ့ရပါသည်။ တစ်ချို့မှာတော့ အဆင် ပြေပြေ နှင့် ကိုယ့်ကားကိုယ် ရွေးပြီးပြန်ကြသည်ကို တွေ့ကြရသလို တစ်ချို့မှာတော့ သူတို့တောင်းသော စာရွက်  စာတမ်း မပြနိုင်လို့ ကားကိုပြန်ရွေးလို့ မရကြသူတွေကိုလည်း တွေ့ရှိခဲ့ရပါသည်။ စာရေးသူတို့တစ်တွေ ရရှိလိုက် သော ဘဝသင်္ခန်းစာများကတော့ ဘာမဆို ကိုယ့်ဘက်က လိုလေသေးမရှိအောင် ပြုလုပ်ထားဖို့နှင့် သူတို့စည်း ကမ်းနှင့်ပတ်သက်လို့ တစ်စွန်းတစ်မှ အမှားအယွင်းမရှိအောင်လုပ်ကိုင်ဆောင်ရွက်ဖို့လိုကြောင်းပင်ဖြစ်ပါသည်။ ချီကာဂို အသွားခရီးမှာ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ကြီးသွားခဲ့ကြပေမဲ့ အပြန်ခရီးမှာတော့ သောကနှင်း ပေါက်တွေနှင့်သာ။ ညပိုင်းသို့ရောက်ရှိနေသောကြောင့် မေတ္တာနေခြည်ကလည်း ကွယ်ပျောက်သွားပြီဖြစ်၍ သောကနှင်းပေါက် မပျောက်ကွယ်နိုင်ခဲ့ပါ။ သို့သော်လည်း စာရေးသူတို့အဖွဲ့ကတော့ ကားပြန်ရလာသည်နှင့် ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်နှင့် ပြန်လာခဲ့ကြပါသည်။ အပြန်ခရီးမှာ စနိုးတွေက တအားကြမ်းကျနေသည့် အတွက် ကားကို ဖြည်းဖြည်းလေးမောင်းလာခဲ့ကြပါသည်။ ထို့ကြောင့် မင်နီဆိုးတားကျောင်းသို့ ည(၂)နာရီထိုး မှ ပြန်ရောက်လာခဲ့ကြပါသည်။ မေတ္တာနေခြည်ကွယ်ပျောက်ချိန်မှာ သောကနှင်း ပေါက်တွေက ဒင်းကြမ်းပါပဲ။

ဘယ်နေရာ ဘယ်ဒေသပဲဖြစ်ဖြစ် သူ့နေရာနှင့်သူ သူ့အခက်အခဲလေးတွေနဲ့သူ ပူပင်သောက ဗျာပါဒ ကိုယ်စီရှိနေကြသည်သာဖြစ်ပါသည်။ တစ်ချို့တစ်ချို့မှာတော့ အေးချမ်းမှုကိုလိုလားတောင့်တနေကြသည်။ သို့ သော်ရရှိလာသည်က ပူပူလောင်လောင်။ တစ်ချို့တစ်ချို့မှာတော့ ပူပူလောင်လောင်(သို့)နွေးနွေးထွေးထွေးကို လိုလားတောင့်တကြသည်။ သို့သော်လည်း ရရှိလာသည်က အေးအေးစိမ့်စိမ့်။ အအေးရှား ပါးလှသော အရပ် ဒေသတွေက အေးချမ်းမှုကို လိုချင်ကြသည်။ ပူလောင်မှုကို မလိုချင်ကြပါ။ အပူရှားပါးလှသော အရပ်ဒေသများ က ပူပူနွေးနွေးကို လိုချင်ကြသည်။ အေးစက်မာကျောမှုကို မလိုချင်ကြပါ။ သို့သော်လည်း သူ့သဘာဝအတိုင်း ဖြစ်လာကြသည်မို့ ကိုယ့်အလို ဆန္ဒအတိုင်း ပြီးပြည့်စုံဖို့ဆိုသည်မှာ အလွန်မတန် ခဲယင်းလှပါ၏။

အသိအလိမ္မာ ညာဏ်ပညာရှိကြသော လူသားတို့က သဘာဝတရားကြီး အံတု၍ သဘာဝတရားကြီးကို လူသားများအတွက်အကျိုးရှိအောင် လိုအပ်သလို ဖန်တီး၍ အသုံးပြုကြပါသည်။ ဥပမာအားဖြင့်ဆိုရလျှင် အမေ ရိကန်နိုင်ငံမှာ အလွန်ရှည်လျှားလှသော မစ္စစပီမြစ်၊ ကိုရိုရာဒိုမြစ်ကဲ့သို့သောမြစ်ကြီးများရှိပါသည်။ ထိုမြစ်ကြီး များကို နှစ်စဉ်ရေကြီး ရေလျှံ ကမ်းပြိုခြင်းမရှိအောင် မြစ်ဖျားမှစ၍ မြစ်ရိုးတစ်လျှောက် ရေကာတာများပြုလုပ် ခြင်း၊ ကမ်းရိုးတန်းများ ခိုင်ခံ့အောင်ပြုလုပ်ခြင်း၊ ကမ်းရိုးတန်းသစ်ပင်များ စိုက်ပျိုးခြင်းများပြုလုပ်၍လည်းကောင်း ထိုမြစ်ကြီးများမှ စွမ်းအင်များထုတ်၍လည်းကောင်း မြစ်ကိုလူက လိုသလို ဖန်တီးကာ အသုံးချခဲ့ကြပါသည်။ သို့သော်လည်း တစ်ခါတစ်ရံမှာတော့ ရေကြီးရေလျှံသော ဘေးဒုက္ခကို ရင်ဆိုင်ကြရပါသည်။ သို့သော်လည်း သူတို့က ပြည်သူတွေ ဘေးကင်းရန်ကင်းဖြစ်စေဖို့ လိုအပ်သလို ကယ်ဆယ်ရေးပြုလုပ်ခြင်း၊ ကာကွယ်ရေး ပြု လုပ်ခြင်းကို အမြဲမပြတ်ဆောင်ရွက်လေ့ရှိပါသည်။

အလွန်းအေးခဲသော အရပ်ဒေသတွေမှာလည်း လူတွေနေလို့ဖြစ်အောင် အိမ်တိုင်းအိမ်တိုင်းမှာ Heater တွေတပ်ဆင်ခြင်း၊ အဆောက် အဦးတိုင်း ကားတိုင်းမှာလည်း အပူပေး Heater များတပ်ဆင်ခြင်းဖြင့် သဘာဝ တရားကို အံတုပြီး နေနိုင်အောင် ပြုလုပ်ပေးထားပါသည်။ မေတ္တာနေခြည်အောက်မှာ သောကနှင်းတို့ မပျောက် ကွယ်ပေမဲ့ သူတို့ စိတ်သောကမရောက်ကြပါ။ သောကနှင်းပေါက်တွေကို လူတွေဖန်တီးပြုလုပ် ထားသော စက်ယန္တရားကြီးများနှင့် ရှင်းလင်းဖယ်ရှားကာ ဆားဖျန်းပေးထားကြပါသည်။ စာရေးသူတို့ အပူပိုင်း ဒေသမှာ အပူဒီဂရီ ၄ဝ လောက်အထိ ကျဆင်းသွားလျှင် အေးလှချည်ရဲ့ဆိုပြီး ငြီးငြူနေကြသော်လည်း သူတို့ တစ်တွေ မှာတော့ မိုင်းနပ် ၁၄ ဆိုလျှင်တောင်မှ သိပ်မမှုကြတော့ပါ။

မည်သို့ပင်ဖြစ်စေ လူသားတိုင်း ပူပင်သောမှန်သမျှ ကင်းဝေးကြပါစေ။ မေတ္တာနေခြည်အောက်မှာ သောကနှင်းပေါက် ပျောက်ကွယ်နိုင်ကြပါ စေ။ ကောင်းကျိုးလိုရာ ဆန္ဒမှန်သမျှ ပြည့်ဝပါစေကြောင်း ကောင်း မြတ်သော ဆန္ဒဖြင့် ဆုမွန်ချွေရင်း…….။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts