ခေတ်ပြိုင်အတွေ့အကြုံ

အေးကျော်ကျော် – ပူးပေါင်းဆောင်ရွက်တယ်ဆိုတာ

အေးကျော်ကျော် – ပူးပေါင်းဆောင်ရွက်တယ်ဆိုတာ
(မိုးမခ) ဇူလိုင် ၂၇၊ ၂၀၁၆
(သူ့ဖေ့စ်ဘွတ်က ကူးပါတယ်)

ကျွန်တော် ထိုင်းမှာအလုပ်လုပ်တုန်းက လျှပ်စစ်လုပ်ငန်းနယ်ပယ်မှာ နည်းပညာအပြင် ဝါသနာအလျောက် သူတို့တိုင်းပြည်ရဲ့ လျှပ်စစ်လုပ်ငန်းကြီးတစ်ခုလုံးကို ခြုံငုံလေ့လာမိအောင် တတ်နိုင်သမျှကြိုးစားခဲ့တယ်။ အဲဒီအထဲက သူတို့တိုင်းပြည်ရဲ့ အစိုးရဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြတာကို ဗဟုသုတအဖြစ် တင်ပြပါရစေ။

ဒီဇာတ်လမ်းမှာ မင်းသားတွေကတော့ (၁) အစိုးရ (၂) လျှပ်စစ်ဌာန (၃) စက်မှုဝန်ကြီးဌာန (၄) အကောက်ခွန်ဌာန (၅) ပြည်တွင်းလျှပ်စစ်ပစ္စည်း ထုတ်လုပ်သူများ တို့ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပါတ်သက်လို့

(၁) အစိုးရရဲ့တာဝန်ကတော့ လျှပ်စစ်မီးလုံလောက်ဖို့၊ ပြည်တွင်းလုပ်ငန်းရှင်များကို စနစ်တကျ အားပေးဖို့၊ ထိုက်သင့်တဲ့ အခွန်အခများ ရရှိဖို့ဖြစ်တယ်။

(၂) လျှပ်စစ်ဌာနကတော့ မီးမပျက်ဖို့၊ ယုံကြည်စိတ်ချရတဲ့ လျှပ်စစ်စနစ်ဖြစ်ဖို့၊ လုပ်ငန်းမှ အမြတ်အစွန်းရရှိဖို့၊

(၃) စက်မှုဝန်ကြီးဌာနကတော့ ပြည်တွင်းစက်မှုလုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်ဖို့၊ (ကျွန်တော်တို့ မြန်မာပြည်လို အရှုံးတွေထုတ်လုပ်နေတဲ့ Loss Making စက်ရုံတွေ သူတို့ မပိုင်ပါဘူး၊)

(၄) အကောက်ခွန်ဌာနက ထိုက်သင့်တဲ့ အခွန်အခ ရရှိဖို့၊

(၅) ပြည်တွင်းလျှပ်စစ်ပစ္စည်း ထုတ်လုပ်သူများက လျှပ်စစ်ဌာနက လက်ခံတဲ့ ပစ္စည်းတွေကို ထုတ်လုပ်ဖို့ တို့အသီးသီး ဖြစ်ကြပါတယ်။

ပထမဦးဆုံး . . . . . လျှပ်စစ်ဌာနက မိမိတို့ရည်ရွယ်ချက်တွေအပြင် အစိုးရ လမ်းညွှန်ချက်အရ ပြည်တွင်းဖြစ်ကို တတ်နိုင်သမျှ အားပေးရပါတယ်။ ဒါပေမယ့် မိမိတို့အဓိက တာဝန်ကို အထိခိုက်ခံပြီးတော့ ပြည်တွင်းဖြစ်ကို ဇွတ်မှိတ်အားပေးတာမျိုး မလုပ်ဘူး၊ အလတ်စားဗို့အား ပစ္စည်းများကို ပြည်တွင်းဖြစ်ကို အားပေးပါတယ်။
အမြင့်စား ဗို့အားပစ္စည်းများကိုတော့ (ချွင်းချက်ပစ္စည်းတစ်ချို့ကလွဲ၍) ဥရောပ၊ အမေရိကန်၊ ဂျပန် ပစ္စည်းတွေကိုသာ သုံးပါသည်။

ဒီအချက်ကို အစိုးရကို တင်ပြတယ်။ အစိုးရကလည်း လျှပ်စစ်ဌာနက ပညာရှင်တွေ အကျိုးသင့် အကြောင်းသင့် တင်ပြတာကို လက်ခံတယ်၊ ဇွတ်မခိုင်းဘူး၊ လျှပ်စစ်ကလည်း မိမိတို့အားပေးမယ့် ပြည်တွင်းလုပ်ငန်းရှင်တွေကို နိုင်ငံတကာ စံချိန်စံညွှန်း International Standard များအတိုင်း ထုတ်လုပ်ခိုင်းတယ်။ ကိုယ်လုပ်ချင်သလို စံချိန်စံညွှန်းမရှိဘာမရှိ မထုတ်လုပ်ခိုင်းဘူး၊ ဒီကိစ္စ အတွက် စက်မှုဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်တယ်။

စက်မှုဝန်ကြီးဌာနက လျှပ်စစ်ဖက်က သုံးမည့်ပြည်တွင်းဖြစ် ပစ္စည်းများအတွက် နိုင်ငံတကာ စံချိန်စံညွှန်း International Standard များကို ထိုင်းစက်မှု စံချိန်စံညွှန်း Thai Industrial Standard (TIS) များအဖြစ် မွေးစားခဲ့ပါတယ်။ လုပ်ငန်းရှင်များက ဤစံချိန်စံညွှန်းကို လိုက်နာရတယ်၊ ဤစံချိန်စံညွှန်းအတိုင်း လိုက်နာကြောင်း TIS Certificate တွေ လုပ်ထားရတယ်။ ဒါကို သူတို့က ကြီးကြပ်တယ်။

ဘန်ကောက် Rama 6 လမ်းမကြီးမှာ ရှိတဲ့ TIS Building ကြီးဟာ ကျွန်တော်တို့ ရန်ကုန်မှာရှိတဲ့ အယင်က ဆောက်လုပ်ရေး ရုံးချုပ်ကြီးလောက် ရှိပါတယ်။ အထဲမှာ International Standard တွေကို စာကြည့်တိုက်တစ်ခု အနေနဲ့ ထားရှိပါတယ်။ IEC, ANSI, IEEE, JIS အစရှိတဲ့ International Standard တွေမှာ Life Time Member ဝင်ထားတယ်။ ထွက်သမျှ Standard ကို Download လုပ်ပြီး လူတွေဖတ်နိုင်အောင် ထားထားတယ်။ ကော်ပီလိုချင် တစ်မျက်နှာ ဘတ်ငါးမူးနဲ့ ဆွဲပေးတယ်။ ကိုယ်လိုချင်တဲ့ Standard မရှိသေးယင် သူတို့ကို မှာထား၊ ကိုယ့်ဖုန်းပေးထား၊ သူတို့ Download လုပ်ပြီးယင် ရပြီဖြစ်ကြောင်း ဖုန်းဆက်ပေးတယ်။

လျှပ်စစ်ဌာနက လက်ခံတဲ့ ပြည်တွင်းဖြစ်ပစ္စည်းများ စာရင်းကို အစိုးရက ယူပြီး အကောက်ခွန်ဌာနကို ပေးထားတယ်။ အဲဒီပစ္စည်းတွေ နိုင်ငံခြားက ဝင်လာယင် အကောက်ခွန်က ၁၅% – ၂ဝ% ကောက်တယ်။

လျှပ်စစ်ဌာနက ပြည်ပပစ္စည်းကိုသာလက်ခံတယ်ဆိုတဲ့ အမြင့်စားဗို့အားတွေ ဝင်လာယင်တော့ အကောက်ခွန်က ၁% ပဲကောက်တယ်။
အဲဒါကြောင့် ကျွန်တော်တို့ နိုင်ငံခြားက ပစ္စည်းတွေသွင်းယင် သတိထားရတယ်။ အမြင့်စားဗို့အား ပစ္စည်းတွေဖြစ်ကြောင်း ခိုင်ခိုင်မာမာ ပြနိုင်အောင် ကက်တလောက်၊ သုံးမည့်ဌာနရဲ့ ထောက်ခံစာ စသည်ဖြင့် ပြင်ဆင်ထားရတယ်၊ နို့်မို့ ၁% ကနေ ၁၅% ဖြစ်သွားလိမ့်မယ်။

သတိထားရတဲ့ အဖြစ်တွေထဲက ပြောပြရယင်၊ သက္ကရာဇ် ၂ဝဝဝ ကျော်အထိ ထိုင်းက လျှပ်စစ်ဌာနတွေက အမြင့်စားဗို့အားလိုင်းတွေ 115, 230, 500 KV တွေမှာ ကြွေသီးဆိုယင် NGK Japan ရဲ့ Porcelain ကြွေသီးပဲသုံးတယ်၊ ပြည်တွင်းကြွေသီးထုတ်လုပ်သူတွေ ရှိပေမယ့် သူတို့ကို အလတ်စားဗို့အား အတွက်ပဲသုံးတယ်။ (အချို့ရှားရှားပါးပါး နေရာတစ်ချို့မှာ ချွင်းချက်အနေနဲ့ အခြားကြွေသီးသုံးတာတော့ ရှိတတ်ပါတယ်။) ကျွန်တော်တို့က NGK ကြွေသီးသွင်းယင် အကောက်ခွန်ရှင်းလင်းတဲ့ ကိုယ့်လူကို သေချာပြောထားရတယ်။ High Voltage သုံး ဖြစ်တယ်ဆိုတဲ့အကြောင်း၊ နို့်မို့ဆို Medium Voltage ကြွေသီးဆိုပြီး အကောက်ခွန်ကယူဆယင် ၁၅% နဲ့တွေ့မှာလေ။

သူတို့အကောက်ခွန်ကလည်း Record လုပ်ထားတယ်၊ ဒီကုမ္ပဏီကထုတ်တဲ့ပစ္စည်းတစ်ခါ နှစ်ခါသွင်းပြီးယင် နောက်ဆိုသိပ်ပြောစရာမလိုဘူး၊ သူတို့ Database ထဲမှာ ရှိတယ်။ အသစ်ဆိုယင်သာ သေချာတင်ပြရတယ်။ သည်လိုနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ အကျိုးကို အားလုံးခံစားကြရတယ်။

ဇာတ်လမ်းက မပြီးသေးပါ။ Globalization နိယာမအရ တိုင်းပြည်တွေဟာ Free Trade ဆိုတဲ့ အခွန်လျှော့/ကင်းလွတ်ခွင့်ပြုတယ်ဆိုတဲ့ သဘောတူညီချက်တွေကို အသီးသီး လက်မှတ်ထိုးလာကြတယ်။ ဒီအခါမှာ ထိုင်းအကောက်ခွန်ဌာနက Free Trade Agreement ထိုးထားတဲ့ တိုင်းပြည်က Medium Voltage ကြွေသီးတွေ၊ ဝါယာကြိုးတွေကို ၁၅% ကောက်လို့မရတော့ဘူး။

အဲဒီတော့ အကောက်ခွန်နဲ့ အစိုးရနဲ့တိုင်ပင်တယ်၊ ပြီးတော့ လျှပ်စစ်ဌာနနဲ့ ဆွေးနွေးတယ်၊ ဘယ်လို ကာကွယ်မလဲ၊ နောက်ဆုံးလျှပ်စစ်ဌာနတို့၊ အဆောက်အဦ စစ်ဆေးရေးဌာနတို့က သူတို့ စီမံကိန်းတွေမှာ သုံးမယ့်ပစ္စည်းတွေက TIS Certificate ရှိရမယ်လို့ တင်ဒါတွေ၊ Building Code တွေမှာ ထည့်ရေးလာကြတယ်။ သည်နည်းနဲ့ အကောက်ခွန်နှုန်းကို မထိပဲ ပြည်တွင်းလုပ်ငန်းရှင်တွေကို ကာကွယ်နိုင်ခဲ့တယ်။

အစိုးရ ဌာနအခြင်းခြင်း ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ အကျိုးတွေပါပဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts