ခေတ်ပြိုင်အတွေ့အကြုံ ခေတ်ပြိုင်အတွေ့အကြုံ

လောကပါလ – မီဆို ဖိုးနီးယား တဲ့လား

လောကပါလ – မီဆို ဖိုးနီးယား တဲ့လား
(မိုးမခ) အောက်တိုဘာ ၂၇၊ ၂၀၁၅

ကျွန်တော့် ယောက်ဖတော်တစ်ယောက်သည် အမူအယာမသိမ်မွေ့သူတစ်ဦးဖြစ်၏။ အပြောကျယ်ကျယ်၊ အရယ်ကျယ်နှင့်၊ ခေါ်ကျယ်ချေကျယ်၊ အသန်းကျယ်၊ ကျယ်ငါးမျိုးကိုပယ်ရမည်ဟု စာထဲမှာတွေ့ဘူးရာ သူနှင့် ကျမှ ကျယ်ခြောက်ကျယ်ဟ ပြောရမလိုဖြစ်သည်။ သူက လေလည်လျှင်ပင် အသံကျယ်သောကြောင့်ဖြစ်၏။ ထိုအကြောင်းတွေကြောင့် သူနှင့်မျက်နှာခြင်းဆိုင်စကားစမြည်ပြောဘို့ဝန်လေးမိသလို အကြောင်းအားလျော်စွာ ပြောဖြစ်သည့်အခါတိုင်းမှာလည်း အနည်းနှင့်အများဆိုသလို မသက်မသာဖြစ်ရသည်။ ဒါတောင် သူသည် ကျွန်တော့်ထက်ငယ်ပြီး သာမန်အားဖြင့်ကျွန်တော့်ကိုလေးစားသူတစ်ဦးဖြစ်၏။ သူလေးစားစရာမလိုသော အခြားလူတွေရှေ့မှာ ဘယ်လိုနေမည်ကိုစဉ်းစားသာကြည့်တော့။

အစားအသောက်စားလျှင် ရှူးရှူးရှဲရှဲ ပြိုးပြိုးပျတ်ပျတ် အဟွတ်အဟမ်း နှင့် သံစုံမြည်အောင်စားသည်။ ရေနွေးကြမ်း ကြိုက်သူတစ်ဦးဖြစ်ရာ ထမင်းစားပြီးတိုင်း မတ်ခွက်ကြီးတစ်ခွက်စာ သောက်တတ်၏။ ခွက်တွင်းမှ ရေနွေးကိုမော့၍ ပလုပ် (အာလုပ်) ကျင်းပြီးမှ မျိုချလေ့ရှိ၏။ သည်မျှဆို သူ့စရိုက်ပေါ်လောက်ပြီ။ ခက်သည်မှာ သူနှင့်ကျွန်တော်သည် ဥပဒေအရအမျိုးတော်ခြင်း (in-laws) သာဖြစ်ပြီး ကျွန်တော့်သားချင်းမဟုတ်သဖြင့် သူ့ကို (ကောင်းစေချင်သည့်တိုင်) ဆုံးမနိုင်ခြင်းမရှိ။ ဆုံးမရမည့်အရွယ် ငယ်သူလည်းမဟုတ်။ လူလတ်ပိုင်း သားလူပျိုနှစ်ယောက်၏ဖခင်ဖြစ်၏။ အလွန်ဆုံး ကျွန်ေ တ်ာလုပ်နိုင်သည်မှာ သူနှင့် ထမင်းလက်ဆုံမစားမိဘို့ တတ်နိုင်သမျှ ရှောင်ရှားခြင်းသာဖြစ်လေသည်။

ကျွန်တော်တို့ငယ်ငယ်ကကျောင်းမှာ ဆရာဆရာမတွေက တစ်ကိုယ်ရေသန့်ရှင်းရေးမှသည် ကိုယ်အမူအယာ နှုတ်အမူအယာယဉ်ကျေးသိမ်မွေ့မှုကို ဘာသာရပ်တစ်ခုအဖြစ်သင်ကြားသည်။ မိဘနှင့်သားသမီး ဆရာနှင့် တပည့်တို့၏ ကျင့်ဝတ်လင်္ကာများသာမက ‘မိဦးဖဦး ဆရာ့ဦးကို ခူး၍အလျင် မစားနှင့်’ စသည်ကဲ့သို့သော သံပေါက်များဖြင့် သွန်သင်ကြသည်။ အိမ်မှာလည်း မိဘများက ဘယ်လိုနေဘယ်လိုထိုင်ဘယ်လိုစားဟု နိစ္စဓူဝ ဆိုဆုံးမလေ့ရှိသည်။ မဆဲမဆိုရ၊ စကားသံမကျယ်ရ၊ ခြေနင်းမကြမ်းရ၊ ထမင်းစားလျှင်မဖိတ်မစင်ရ၊ မပေကျံရ၊ အသံမမြည်ရ၊ စကားမပြောရ၊ ထမင်းစားသောလက်ဖြင့် ဇွန်းပန်းကန်ကိုမကိုင်ရ၊ ထမင်းစားစဉ် ရေမသောက်ရ စသည်ဖြင့်ဆူတန်ဆူခြောက်တန်ခြောက် ရိုက်တန်ရိုက် (ချော့တော့ မချော့တတ်) ကွပ်ညှပ်ခဲ့ ကြ၏။

ရှင်ပြုသည့်အချိန်ကျတော့ကျောင်းမှာ ဆရာတော်ကြီးက ဆွမ်းမစားမီတိုင်း ကိုရင်တွေအားလုံး လိင်ဆယ်ပါး ဒဏ်ဆယ်ပါး သေခိယ (၇၅) ပါးလင်္ကာများကို ရွတ်ဆိုစေ၏ (ရှင်မပြုခင်ကတည်းက ထိုစာတွေကို သင်္ကန်းတောင်းနှင့်တစ်ကွ ကျက်မှတ်ခဲ့ရသည်)။ “မြည်သံရှုပ်ရှုပ်၊ နှုတ်သပိတ်လက်၊ လျက်၍တစ်ခန်း၊ ဆွမ်းရှိလက်နှင့်၊ ရေခွက်ကိုင်ထွေ၊ ဆွမ်းရှိရေကို၊ သွန်လေအိမ်ကြား..” စသည်ဖြင့် ရွတ်ဆိုရုံမက လက်တွေ့စားသောက်ရာမှာလည်း လိုက်နာကြရသည်။ ဆရာတော်စည်းကမ်းက ဆွမ်းစားကျောင်းမှသည် ကုဋီအိမ်သာအထိ ကောင်းစွာသက်ရောက်လေရာ ဒုလ္လာဘကိုယ်ရင် ဟူ၍လည်း မသက်ညှာ။ ဖေါက်ဖျက်လျှင် ဒဏ်ကျ (ဒဏ်ပေးခံရ) သည်။ ရှင်လိင်ပြန်သည့် အချိန်မှာတော့ ထိုစည်းကမ်းအတော်များများ အလေ့အထ သဘွယ် (တစ်ချို့ရာသက်ပန်) ဖြစ်ကျန်ခဲ့သည်။

ဖခင်တစ်ဦးဖြစ်လာသည့်အခါ သားသမီးတွေကို အိမ်မှာ (ကျောင်းမှာသင်မသင်မသိ၊ မေးမြန်းသိရှိရသမျှ ကတော့ မသင်ဘို့များသည်) ကိုယ့်အတွေ့အကြုံနှင့်ယှဉ်ကာ ပြောဆိုသင်ကြားပေးသည်။ သူတို့တွေ  ကိုယ်နှုတ် အမူအယာ ပြောစရာဆိုစရာမဖြစ်အောင် ပျိုးထောင်ပေးခြင်းဖြစ်၏။ ‘ယဉ်ကျေးသောသူသည် အိမ်တံခါးတိုင်းကို ဖွင့်နိုင်သည့်သော့ကို ပိုင်ဆိုင်သောသူဖြစ်သည်’ ဟုလည်းအခွင့်ရတိုင်းနားလည်စေရ၏။ အငယ်နှစ်ယောက်က အများအပြား လိုက်နာကြသော်လည်း အကြီးဆုံးကအဆင်မပြေလှ။ အထူးသဖြင့် စားသောက်ရာမှာ ဇွန်းသံ ပန်းကန်သံ နှုတ်ခမ်းသံ မဆင်ခြင်။ ပြီးတော့ ခြေလှုပ်လက်လှုပ် ဒူးလှုပ်ပေါင်လှုပ်တွေပါ ပါလိုက်သေး။ ဘုန်းကြီး ကျောင်းထွက်ပြီပြီ ကျွန်တော်ကလည်း ထိုအသံတွေမခံချည့်မခံသာ ဖြစ်တတ်လေရာ မြင်တိုင်းပြောမိ တစ်ခါ တစ်ရံ ဆူပူကြိမ်းမောင်းမိသည်အထိဖြစ်ရ၏။ သူကလည်းပြော ပြောတုံးခဏ အကျင့်ကမဖျောက်လေရာ ကြာတော့ (အရိုးရင့်လာတော့) ကျွန်တော်က သူ့ကိုမမြင်ဟန်ဆောင်ရသလို သူကလည်းကျွန်တော့်ကိုရှောင် တော့သည်။

မနေ့တစ်နေ့က ဝေါစတြိ ဂျာနယ် (The world Street Journal) မှာ ဆောင်းပါးရှင် အဲလစ္စဘက်ဘန်းစတိန်း က စားတဲ့ဝါးတဲ့အသံ မခံနိုင်တာ သင့်ပြဿနာ ဆိုသော ခေါင်းစဉ်ဖြင့် ‘တစ်ယောက်ယောက် စားသောက်နေတဲ့ အသံကို ရှင်မခံနိုင်လို့ တစ်ခုခုပြောမယ် ဆိုပါတော့၊ စားနေတဲ့ သူ့ပါးစပ်ကိုပိတ်ခိုင်းမလား ဒါမှမဟုတ် ပြောမယ့် ရှင့်ပါးစပ်ကို ရှင်ပိတ်ခိုင်းမလား ဟုမေးထားသည်။ ပြီးမှ ကျွမ်းကျင်သူတွေကတော့ ရှင့်ပါးစပ်ကို ပိတ်ခိုင်းဘို့ပဲ ပြောပါတယ်ဟုဆိုသည်။ တစ်ချို့လူတွေမှာ အကျင့်ဆိုးတွေ ရှိတာမှန်ပါတယ် ဒါပေမယ့် ရှင့်ရဲ့နားထဲမှာ အနှောက်အယှက်ဖြစ်တာ တစ်ခုတည်းကြောင့် တစ်ခြားလူတစ်ယောက်ယောက်ရဲ့ စားသောက်တဲ့ အမူအကျင့် ကိုပြောင်းဘို့ရာမဖြစ်နိုင်ပါဘူးဟုဆိုသည်။ လူ့အခွင့်အရေးကို အလွန်တစ်ရာရှေ့တန်းတင်တတ်သူတွေမို့ သူ ပြောတော့လည်း ဟုတ်သလိုလိုဖြစ်နေသည်။

ဆောင်းပါးရှင်ကဆက်၍ ပီကေဝါးသံ စားသောက်သံ စသည့် ပါးစပ်ထဲမှ အသံများအပါအဝင် ခြေနင်းသံ ခေါက်သံ နှာမှုတ်သံ စသည့်အသံတစ်မျိုးမျိုးကို မခံနိုင်ခြင်းသည် မီဆိုဖိုးနီးယား (Misophonia) ခေါ် စိတ္တဇ တစ်မျိုးဖြစ်ပြီး သူတို့ (အမေရိကန်) လူဦးရေ၏ ၂၀% ခန့် ထိုစိတ္တဇဝေဒနာ ခံစားနေရသူတွေဖြစ်ကြသည် ဟုဆိုသည်။ မည်သို့မည်ပုံပတ်သက်သည်ကို အတိအကျမသိသော်လည်း လေ့လာမှုများက ထိုဝေဒနာသည် စိုးရိမ်ပူပန်ခြင်း၊ စိတ်ကျခြင်း၊ အလွန်အမင်းစိတ်မြန်ခြင်း လက္ခဏာများနှင့်ဆက်စပ်မှုရှိသည်ဟုဖေါ်ပြကြသည်။ ကျွမ်းကျင်သူတို့ အလိုအရ မီဆိုဖိုနီးယားသည် ဦးနှောက်အစိတ်အပိုင်းအချင်းချင်း အဆင့်မြင့် အာရုံကြော ဆက်သွယ်မှု များကြောင့် တစ်စိတ်တစ်ပိုင်းအားဖြင့် ဖြစ်ပေါ်ရသည်ဟု ဆိုကြ၏။ ဘာအစားအစာ ဘယ်စားသောက်ချိန်မှာ ဘယ်သူတွေက ဘာအသံနှင့် ဒုက္ခအပေးဆုံးဆိုသော အမြင်တွေကတော့ ကွဲပြားသည်။
အသံထွက်စားသောက်နေသူကိုရပ်ဘို့ ပြောခြင်းမှာ ကောင်းသောစိတ်ကူးမဟုတ်။ တစ်ခါက အသံဗလံမခံနိုင် သူတစ်ဦးက ရုပ်ရှင်ရုံထဲ ပြောင်းဖူးပေါက်ပေါက် တစ်ခြောက်ခြောက်ဝါးနေသည့် နောက်တန်းခုံမှပရိသတ် တစ်ဦး အား ကျေးဇူးပြု၍ တိုးတိုးဝါးပါရန် တောင်းပန်မိရာ မောင်မင်းကြီးသားကသူ့ကို “သွားစမ်းပါ” ဟု မဖွယ်မရာ အသုံးအနှုံးဖြင့်ပြန်ပြောရုံမက ပို၍ကျယ်လောင်စွာဝါးပြလိုက်သေးသည်။

ဆောင်းပါထဲမှာ အသားပေးဖေါ်ပြ ထားသောဖြစ်ရပ်က အမျိုးသမီးတစ်ဦး ဘဝဖေါ်ဖြစ်လာမည့်သူနှင့် ပထမဆုံးအကြိမ်ချိန်းဆိုခဲ့သည့် ညစာစားပွဲ အတွေ့အကြုံဖြစ်၏။ သူမလက်ရာ ပီဇာနှင့် ဝိုင်ပုလင်းဖွင့်လျက် ဖယောင်းတိုင်ထွန်းထားသောစားပွဲမှာ သတို့သား လောင်းက ဝိုင်ကိုမော့ကာ အာလုပ်ကျင်းပြီှးမြိုချ၊  ပီဇာကို တစ်ပျတ်ပျတ် ဝါးစားနေသည့်အသံကို တေးဂီတဖွင့် အသံကိုမြှင့်သည့်တိုင် မဖုံးနိုင်သည့်အဆုံး “ဖြေးဖြေးဝါးပြီး အရသာခံစားပါလားဟင်” ဟု ပြောမိတော့သည်။  ထိုအတွက်သူ၏တုံ့ပြန်ချက်က “ဝမ်းနည်းပါတယ် မင်းကိုသည်လောက် ရွံရှာစေမိတဲ့အတွက် တို့တစ်တွေ တစ်ခန်းထဲမှာတောင် အတူမနေသင့်တော့ပါဘူး” ဆိုကာ ထပြန် သွားခဲ့ခြင်းဖြစ်၏။

သူ့ပါးစပ်နှင့်သူ စားသူတွေကိုပြောမရလျှင် ထိုသူတွေကို ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်၊ မရှောင်နိုင်လျှင် ကိုယ့်နားကိုယ်ပိတ်ခြင်းသည် အဖြေတစ်ခုဖြစ်၏။ အထက်က ဖြစ်ရပ်နှစ်ခုတွင် ပထမလူက နောင် ရုပ်ရှင်ရုံထဲဝင် သည်နှင့်ပြောင်းဖူးပေါက်ပေါက်သမားကို အရင်ရှာပြီး လွတ်သည့်နေရာမှာထိုင်သည်။ လိုအပ်လျှင် သူကိုယ်တိုင် ပြောင်းဖူးပေါက်ပေါက်ဝါးပြီး အသံကိုအသံဖြင့်ကာသည့် စံနစ်ကိုသုံးသည်။ ဒုတိယအမျိုးသမီးဖြေရှင်းပုံက ပိုပြီး စိတ်ညွှတ်နူးစရာဖြစ်၏။ သူမစကားကို နာလုံးပေါက်ကာ ထပြန်သွားသော (ချစ်ပင်မချစ်ရသေးသည့်) ချစ်သူ နောက်သို့ အပြေးကလေးလိုက်ပြီး ‘ပြဿနာကရှင်မဟုတ်ပါဘူး ကျွန်မပါ’ ဆိုကာ တောင်းတောင်းပန်ပန် ပြန်ခေါ်ခဲ့သည်။ ယခုသူတို့ အိမ်ထောင်သက် အနှစ်နှစ်ဆယ်ရှိပြီ။ ထိုအတောအတွင်း သူမအနေနှင့် တေးဂီတ၊ နားကြပ်၊ ယုတ်စွအဆုံးကိုယ့်လက်ကိုယ်သုံး၍နားကိုပိတ်ထားခြင်းမှသည် (နံနက်စာအလွတ်ခံ၍) ထမင်းဝိုင်းထဲ ဝင်မစားဘဲ ရှောင်ရှားခြင်းအထိ နည်းမျိုးစုံသုံးကာ လင်တော်မောင်၏ ခံတွင်းသံတွေကို လျစ်လျူပြုခဲ့ရသည်။

ဆရာသမားကတော့ “ဒုက္ခိတတစ်ယောက်နဲ့ အတူနေရသလိုပါလားလို့ သံသယဖြစ်မိတယ်၊ အဘိုးတန်တဲ့ အချိန်ကို မိသားစုနဲ့အတူကုန်ချင်တော့လည်း ဒါကိုကျွန်တော်လက္ခံရမှာပေါ့။” ဟုပြောခဲ့၏။ ဒုက္ခိတဆိုသည်မှာ သူ့မိန်းမ မီဆိုဖိုးနီးယားဝေဒနာသည်ကို ဆိုလိုခြင်း ဖြစ်ဟန်တူသည်။

တစ်ချို့က အသံတွေကိုရှောင်မည့်အစား ရင်ဆိုင်ပြီးခံနိုင်ရည်ရှိအောင် တစ်ဖြည်းဖြည်းလေ့ကျင့်ယူသော နည်းကို အကြံပြုကြ၏။ သည်နည်းနှင့် မီဆိုဖိုးနီးယားသမားအများအပြား သက်သာရာရကြသည် ဟုဆိုသည်။

ဆောင်းပါးကို ကျွန်တော်သိပ်ဘဝင်မကျ။ စည်းမဲ့ကမ်းမဲ့စားသောက်သံကိုမခံနိုင်တိုင်း မီဆိုဖိုးနီးယားဟု တပ်အပ် သေချာပြော၍မရ။ ပြော၍ရသည်ထားဦး ထိုဝေဒနာကိုဆွပေးသည့် ကျင့်ဆိုးရှိသူကို ဆင်ခြင်ခိုင်းမည့်အစား မကြားချင်ရင်နားပိတ်ထားဒါမှမဟုတ် နားယဉ်သွားအောင် ကိုယ့်ဘာသာကိုယ်လုပ်ဟု ဝေဒနာသည်ကို ပြောခြင်း မှာ သဘာဝမကျ။ သူပြောသလိုဆို ကျွန်တော့်သားနှင့် သူ့ဦးလေးကို နေ့စဉ်အိမ်မှာ ထမင်းအတူစားစေပြီး  သင်းရို့နှစ်ယောက် စိတ်ရှိလက်ရှိ လက်လွတ်စပယ် “ဝါး”သံတွေကို နားခံကာ ကျွန်တော့်ရောဂါ (ဆိုပါတော့) ကျွန်တော် ပြန်ကုရမည့်ကိန်း။ ဒါတော့ ဖြစ်နိုင်မည်မထင်။

သည်ဆောင်းပါးကို အတော်များများစိတ်ဝင်စားကြပုံရသည်။ အောက်ခြေကွန်မင့် ၂၀၀ ကျော် (တိတိကျကျ ပြောရလျှင် ယ္ခုထိ ၂၃၀) တွေ့ရသောကြောင့်ဖြစ်၏။ ကွန်မင့်တို့၏ထုံးဆံ တစ်ချို့က ပြင်းပြင်းထန်ထန် တစ်ချို့က ပျော့ပျော့ပြောင်းပြောင်း တစ်ချို့ကရယ်ကာမောကာ မိမိတို့မြင်ရာကို ပြောဆို ထောက်ပြကြသည်။ ဆောင်းပါး ထဲမှ သူရဲကောင်းအိမ်ရှင်မကို ချီးမွမ်းသူရှိသလို ဂရုဏာသက်သူတွေရှိသည်။ ကျွန်တော့်လို ကိုယ့်သားသမီး ကိုယ်မနိုင်၍ လက်မှိုင်ချထားရသူက ဖွင့်ဟဝန်ခံတာမျိုးလည်း ပါဝင်သည်။ စားသောက်ပုံမယဉ်ကျေးသူကို သည်အတိုင်းကြည့်နေရမည်ဟု “ကျွမ်းကျင်သူတွေပြောကြသည်” ဆိုသည့်အချက်နှင့် ဝေဒနာကြောင့် အသံပလံတွေကို သည်းညည်းမခံနိုင်သည့်အခါ အသံရှင်က ဆင်ခြင်စရာမလို ဝေဒနာရှင်သာလျှင် ကိုယ့်အကြောင်းကိုယ် သိအောင်လုပ်ဘို့လိုသည်ဆိုသည့်တရားကိုယ်ကို တစ်ညီတညွတ်တည်း (ကျွန်တော့် ခန့်မှန်းချက်အရ ၉၅% ဝန်းကျင်) ကန့်ကွက်ကြသည်မှာတော့ စိတ်သက်သာဘွယ်ရာဖြစ်၏။ အနည်းဆုံး ကျွန်တော့်အတွက် တစ်ခါလာ ဘုန်းကြီးစာတွေပဲ ရွတ်ရွတ်ပြနေတဲ့ အဖေကြီးဟု သားသမီးတွေအမြင် မစောင်း အောင် ပြစရာအထောက်အထားတစ်ခု ရသွားသည်မို့ပင်။

(ရည်ညွှန်း။ Annoyed by Loud Chewing? The problem Is You:  by Elizabeth Bernstein, www. wsj.com 19/102015)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts